အမှောင်၏ တိုက်စားမှု
Vol. 15 Ch. 223
Child of light (ကျန်းကုန်း)
Volume 9: Chapter 17 - Darkness Corruption
နတ်ဆိုးဧကရာဇ်က..
“ကောင်းပြလေ.. မင်းရဲ့နဂါးလဲ ထွက်သွားပြီဆိုတော့ မင်းလဲ လက်နက်ချသင့်ပြီ..”
ကျန့်ရှန် သူ့ဓားကို တင်းတင်း ကိုင်ရင်း..
“ငါတို့တွေ ဘယ်တော့မှ အရှုံးမပေးဘူး။ ဇရှိရင် ငါတို့ကို လာသတ်လှည့်”
ကျုပ် သူ့ကို တားပြီး..
“မလိုအပ်ပဲ အသေအပျောက်တွေ မဖန်တီးစမ်းပါနဲ့ကွာ။ လောလောဆယ် လက်နက်ချလိုက်ကြတာပေါ့။ နောက်မှ ပြန်စဉ်းစားမယ်.. ကျန့်ရှန် ငါတို့တွေ ကိုယ့်ကတိကိုယ် ဖျက်လို့မရဘူး။ ငါ သူ့ကို တကယ်ရှုံးသွားတယ်လေ။ အရှုံးပေးလိုက်တာပေါ့”
ကျန့်ရှန် ကျုပ်ကိုကြည့်ပြီး စိတ်ရှုတ်သွားတဲ့ ပုံပေါ်လာတယ်။ သက်ပြင်းကြီးချပြီးမှ ဓားလွှတ်ချလိုက်တယ်။
နတ်ဆိုးဧကရာဇ် ဟက်ဟက်ပက်ပက် ရယ်မောရင်း..
“သူတို့ကို နတ်ဆိုးအကျဉ်းထောင် အောက်ဆုံးခန်းမှာ ချုပ်ပြီး သေချာပိတ်ထားလိုက်”
ကျုပ်တို့ကို ချည်တုတ်ပြီးတော့ ကျုပ်ဆီကို လျှောက်လာပြီး ပုခုံး(၂)ဖက်ပေါ် လက်တင်လိုက်တယ်။ ကျန့်ရှန်နဲ့ ကျန်တဲ့သူတွေကိုလဲ တိုက်ပွဲစိတ်ဝိညာဉ်တွေ ချိပ်ပိတ်လိုက်ပြီဆိုတာ ခံစားမိနေတော့ အဆင်ပြေပါသေးတယ်။ ဒါပေမယ့် နတ်ဆိုးဧကရာဇ် လက်ဝါးထဲကနေ အမှောင်စွမ်းအားတွေ ဝင်လာတာဆိုတော့ ကျုပ်ခန္ဓာကိုယ်ထဲက အလင်းစွမ်းအားတွေနဲ့ ပဋိပက္ခတွေဖြစ်ကုန်ရော။ ကျုပ်လဲ နာနာကျင်ကျင်အော်ရင်း မြေပေါ် လဲကျသွားတယ်။
နတ်ဆိုးဧကရာဇ် နည်းနည်း လန့်သွားပေမယ့် ပြန်စဉ်းစားပြီး အမှောင်စွမ်းအား (၇၀)ရာခိုင်နှုန်းလောက်ကို ကျုပ်ခန္ဓာကိုယ်ထဲကနေ ပြန်ထုတ်ပေးသွားတယ်။ ပြီးတော့ ခယ်လွင်သောင်ကို..
“သူတို့ကို သေချာစောင့်ကြည့်ဖို့ မင်းတပည့်တွေကို သေချာမှာထား။ မင်း ဒီတခါတော့ အကြိုးကြီးကြီး ဆောင်လိုက်ပြီ။ မင်းနဲ့ မူကျီတို့ လက်ထပ်ပွဲကို ငါတတ်နိုင်သမျှ စီစဉ်ပေးမယ်။ မင်းတော့ မသိလောက်သေးဘူး ဒီကောင် မူကျီကို ချစ်နေတာကွ”
နတ်ဆိုး ဧကရာဇ် သူ့ကို အိမ်ထောင်ချပေးတော့မယ် ဆိုတာကြားတော့ ကျုပ် မအောင့်နိုင်တော့ဘဲ သွေးတွေ အံမိလိုက်တယ်။ ကျုပ် ဒုတိယမြောက် သွေးအံတဲ့အချိန် မြေခွေးလေး ရုတ်တရက် ခုန်ထွက်သွားပြီး အစအနမကျန် ပျောက်သွားတယ်။ နတ်ဆိုးဧကရာဇ်ကတော့ ခေါင်းမော့ထားပေမယ့် ခယ်လွင်သောင်လဲ မြေခွေးလေး ထွက်ပြေးသွားတာကို ဘာကြောင့်မတားတာလဲဆိုတာ လျှို့ဝှက်ချက်တစ်ခုလို ဖြစ်နေတယ်။
ခယ်လွင်သောင်ကတော့ ကျုပ်ကိုကြည့်ပြီး ချက်ချင်းကို စိတ်ရှုတ်သွားတယ်။ ပြီးတော့ သူ့ငယ်သားတွေကို..
“မြို့ထဲ ခေါ်သွားလိုက်တော့..”
နတ်ဆိုးဧကရာဇ် ရုတ်တရက် သဘောပေါက်သွားတဲ့ ပုံနဲ့.
“အမိန့်ပေးလိုက်.. ဒီနေ့အဖြစ်အပျက်တွေကို ဘယ်သူမှ ပြန်ပြောရဘူး။ အထူးသဖြင့် မင်းသမီးနားထဲ မရောက်စေနဲ့။ ကျူးလွန်ရင် ဘယ်ကောင်ဖြစ်ဖြစ် စစ်ဥပဒေအတိုင်း အပြစ်ပေးခံရမယ်”
စစ်သည်တော် (၃၀၀၀)လုံးက တစ်ပြိုင်နက်တည်း..
“အမိန့်အတိုင်းပါ..”
အများကတော့ နတ်ဆိုးဧကရာဇ်ရဲ့ ဂုဏ်ပုတ်ကြီးနဲ့ အနိုင်ယူလိုက်တာဆိုတော့ နာမည်ပျက်မှာဆိုးလို့ လို့ထင်နေကြတာပေါ့။ ဒါကြောင့်မို့လဲ သူတို့ကိုယ်တိုင်ကိုက သတင်းမဖြန့်ချင်ကြဘူးလေ။ ခယ်လွင်သောင် တစ်ယောက်ပဲ နတ်ဆိုးဧကရာဇ်က မူကျီဆီနဲ့ ကျုပ်ရဲ့ ဆက်ဆံရေးအရ ကျုပ်ကို ပြန်လွှတ်ပေးဖို့ တောင်ဆိုမှာဆိုးလို့ သတင်းမရောက်စေချင်ဘူးဆိုတာ နာလည်တာ။ တော်ဝင်ထီးနတ်းဆက်ခံသူ မူကျီ ဆိုတာ အရမ်းအရေးကြီးတဲ့ တာဝန်တွေ အောင်မြင်ပြီးမှ နတ်ဆိုးဧကရာဇ်အရိုက်အရာ ဆက်ခံသူဆိုပြီး ဖြစ်လာတာလေ။ မူကျီနာ နတ်ဆိုးဧကရာဇ်နဲ့ ထိပ်တိုက်တွေ့ရင် နတ်ဆိုးဧကရာဇ် ဘာလုပ်လို့ လုပ်ရမှန်း သိမှာ မဟုတ်တော့ဘူး။
ဒါတွေ စဉ်းစားပြီး ခယ်လွင်သောင် ခေါင်းရမ်းလိုက်တယ်။ နတ်ဆိုးဧကရာဇ်လဲ သူစီးဖို့ မြင်တစ်ကောင်ရှာပြီး မြင့်မြတ်အလင်းမြို့တော်ဆီ တပ်တွေကို ဦးဆောင်ပြီး ပြန်ခဲ့လိုက်တော့တယ်။
......
ကျုပ်သတိရလာတော့ တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတာပဲ။ ကျုပ်တကိုယ်လုံးလဲ အေးစက်နေသလို ခံစားနေရတယ်။ အမှောင်စွမ်းအားရဲ့ တိုက်စားနိုင်ချက်ကတော့ ကျုပ်အသား သေးသေးလေးတွေအထိအောင်ကို ဖျက်စီးနေတော့တာ။ ကျုပ်နှလုံးသားထဲက အပူဓာတ်ကလေးကြောင့်သာမဟုတ်ရင် ဘဝကူးပြီးနေလောက်ပြီ။ ကျုပ်အသိစိတ် တဖြည်းဖြည်း ပြန်ကောင်းလာပြီး နတ်ဆိုးဧကရာဇ် ကျုပ်ကို ဖမ်းထားတယ်ဆိုတာ သတိရလာတယ်။ ကျုပ်ခန္ဓာကိုယ်ထဲမှာဆို ရင်ဘတ်ထဲက သန့်ရှင်းသောဓားစွမ်းအားကလွဲပြီ ကျန်တာတွေအကုန် အမှောင်စွမ်းအားတွေက တိုက်စားဖျက်စီးထားတာဆိုတော့ လက်ချောင်းလေးတောင် မလှုပ်နိုင်တော့ဘူး။
ဒီအခြေအနေကို ချိုးဖောက်ထွက်ဖို့ ကြိုးစားကြည့်ပေမယ့် မအောင်မြင်ပါဘူး။ ကျုပ်တစ်ကိုယ်လုံးမှာရှိတဲ့ အမြူတေတွေလဲ အမှောင်စွမ်းအား ဖျက်စီးလို့ ပျက်စီးကုန်ပြီ။ ကျုပ်ငယ်ငယ်ကလေးထဲက အလင်းမှော်ပညာ လေ့ကျင့်ခဲ့တဲ့ အကျိုးကျေးဇူးကြောင့်သာမဟုတ်ရင် ကျုပ်ကြောင့်သေသွားတဲ့ နတ်ဆိုးမျိုးနွယ်တွေလိုပဲ ပြာကျ ပျောက်ကွယ်သွားမှာ သေချာတယ်။
အမှောင်စွမ်းအားရဲ့ အေးစိမ့်မှုတွေက ကျုပ်အမြူတေတွေကို ကျုံ့သွားတဲ့အထိပဲ။ ဘယ်လောက်ထိ ဖြစ်သွားလဲ မကြည့်နိုင်ပေမယ့် တော်တော်ကြီးကို ကြီးကြီးမားမား ကွာခြားသွားလောက်ပြီဆိုတာ သိနေတယ်။ မူကျီနဲ့ အတူနေရဖို့ဆိုတာ ဇာတ်သိမ်းသွားပြီပေါ့။ နတ်ဆိုးဧကရာဇ် တော်တော်ကို ရက်စက်တာပဲ။ တကယ်ဆို နတ်ဆိုးဧကရာဇ်က ကျုပ်အပေါ်မှာ သူချိပ်ပိတ်လိုက်တဲ့အတွက် ကျုပ်ခန္ဓာကိုယ် အလွန်အကျွံ ထိခိုက်ပျက်စီး နိုင်တယ်ဆိုတာ သူမသိဘူးရယ်။
နာကျင်မှုလှိုင်းလုံးကြီး ထပ်ရောက်လာတဲ့အခါ ကျုပ်လဲ မခံနိုင်တော့ဘဲ မေ့သွားရော။ မေ့သွားတာလဲ ဆိုးတော့ မဆိုးပါဘူး။ နာကျင်မှုတွေ မခံစားရတော့ဘူးပေါ့။
ဟမ်… ကျုပ်အသိစိတ် အနက်ရှိုင်းဆုံးနေရာကို ရောက်သွားတဲ့ပုံပဲ။ ဒါပေမယ့် ကြယ်တွေ၊ မီကျားလီ၊ ကြင်နာတဲ့ အသံတွေ လုံးဝရှိမနေဘူး။ အမှောင်ထုကြီး တစ်ခုပဲ ရှိနေတယ်။ အဆုံးမရှိ မှောင်ထုကြီးထဲ လျှောက်သွားနေရသလိုပဲ။ ငရဲကနေ ဒေါသတကြီး ကျုပ်ကို ခေါ်နေတာပဲ။ ကျုပ်တော့ သေတော့မယ် ထင်တာပဲ။ ဆရာတိ၊ အဖေ၊ အမေ၊ ဟိုင်ရှင်း၊ မူကျီ တို့ရေ ငါတော့ သွားရတော့မယ်ထင်တယ်။ နောက်ဘဝမှ ပြန်တွေ့ကြတာပေါ့။
အမှောင်ထုထဲကို တစ်လှမ်းပြီးတစ်လှမ်း ကူကယ်ရာမဲ့ လျှောက်လာခဲ့ရတယ်။ အမှောင်ထုကြီးထဲ လုံးလုံး ကျတော့မယ့်အချိန် သန့်ရှင်းသောဓား သေးသေးလေးက ကျုပ်ရှေ့မှာ ပေါ်လာပြီး ကျုပ်ကို ပိတ်ထားတယ်။ ပြီးတော့ ငွေရောင်ဓားလေးကနေ မထင်မှတ်ဘဲ အသံတစ်ခုထွက်လာတယ်။
“ကျန်းကုန်းဝေ… မင်းဒီလိုပဲ လက်လျှော့လိုက်တော့မှာလား”
“ဖြစ်နိုင်သေးလို့လား။ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးမို့လား။ လက်ရှိ ငါ့အခြေအနေနဲ့ ဘာများ လုပ်နိုင်အုံးမှာလဲ။ မင်းလဲ ငါ့အနေအထားက ဇာတ်သိမ်းနေပြီ ဆိုတာ သိနေတာပဲ မို့လား”
ငွေရောင်ဓားလေး အသာခါရမ်းရင်း..
“မဟုတ်ဘူး။ မင်း အခုလို လက်မလျှော့လိုက်နဲ့။ နတ်ဘုရားဘုရင်ကို ပေးထားတဲ့ ကတိ မေ့သွားပြီလား”
“ငါ ဘယ်လိုလုပ် မေ့နိုင်မှာတုန်း။ ဒါပေမယ့် ဒီတာဝန်ကို ပြီးအောင် မလုပ်နိုင်တော့ဘူးလေ။ မင်းက သန့်ရှင်းသောဓား ဖြစ်နေတာတောင် စကားပြောနိုင်လိမ့်မယ် မထင်မိဘူး။ မင်းလဲ နတ်ဘုရား ဘုရင်ဆီပြန်ပြီး နောက်ထပ် အမွှေခံတစ်ယောက် ရှာသင့်တယ်။ အဲလိုဆို မကောင်းဘူးလား”
“မင်းခန္ဓာကိုယ်ထဲကနေ ငါထွက်သွားလို့မဖြစ်ဘူး။ ငါကာကွယ်ထားလို့ မင်းခန္ဓာကိုယ် လုံးဝ မပျက်စီးသေးဘူး။ မင်းသာလက်လျှော့လိုက်မယ်ဆိုရင် မိစ္ဆာဘုရင် စွမ်းအားပြန်ရမယ့်အချိန်က အရမ်းနီးနေပြီဆိုတော့ ကမ္ဘာကြီး တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ ကမ္ဘာကြီးတောင် ပျက်စီးမယ်ဆိုမှတော့ မင်းမိသားစု၊ မင်းမိတ်ဆွေတွေ၊ မင်းချစ်တဲ့သူတွေ အားလုံးသေမှာပဲ။ ကမ္ဘာကြီးတစ်ခုလုံး အမှောင်ထုနဲ့ သွေးကမ္ဘာကြီး ဖြစ်သွားတာ မင်း မမြင်ချင်ဘူးမို့လား”
“အဲ့လိုတော့ မမြင်ချင်ဘူးလေ။ ဒါပေမယ့် ငါဘာလုပ်နိုင်မှာတုန်း။ ငါ့ကို လွှတ်ပေးပြီး လူပြန်ဝင်စားခွင့် မပေးနိုင်ဘူးလား။ ငါ့မျှော်လင့်ချက်တွေ အကုန် ဆုံးရှုံးနေပြီလေ”
“မင်းအခုလို ထွက်ပြေးတာ သူရဲဘောကြောင်ရာ ကျလွန်းတယ်။ မင်းသေတာ အရေးမကြီးဘူး။ ဒါပေမယ့် အသက်တွေ သိန်းသန်းမက သေကြေကြရလိမ့်မယ်”
သူ့စကားကြားတော့ ကျုပ်ရုတ်တရက် အတွေးတစ်ခုရပြီး..
“မင်းပြောသလိုဆိုရင် တာဝန်ပြီးဖို့အတွက် အခွင့်အရေး တစ်ခုခု ရှိနေသေးတယ်ပေါ့”
“မင်းသာ ဇွဲမလျှော့ဘဲ အရှုံးမပေးသေးရင် ဖြစ်နိုင်သေးတယ်။ မင်းတကယ်ကို သေချင်နေပြီလား။ နောက်ထပ် ရက်လေး နည်းနည်းလောက် ဒုက္ခခံရမှာကို ကြောက်နေတာ မို့လား”
“ကောင်းပြီလေ။ ငါထပ်ကြိုးစားကြည့်မယ်လို့ ကတိပေးတယ်”
ဒီတော့မှ သန့်ရှင်းသောဓား စိတ်ကျေနပ်သွားပြီး ကျုပ်ဘက်ကို ဓားဦးညွှန်ပြီး ငွေရောင်အလင်းတန်း တစ်ခုအဖြစ် ကျုပ်ကို ဖုံးလွှမ်းသွားတယ်။ အမှောင်ထုကြီးလဲ ပျောက်သွားသလို၊ ငရဲတခါးပေါက်လဲ ပျောက်သွားတယ်။ ပြီးတော့ ကျုပ်လဲ သတိလစ်သွားရော။
......*****……
အရမ်းနာလိုက်တာဗျာ။ ဒီတော့ ကျုပ်မသေသေးဘူး ထင်တာပဲ။ လောလောဆယ် မျက်လုံးဖွင့်ဖို့တောင် အားလေး နည်းနည်းမှကို မရှိတာ။ အမှောင်စွမ်းအား တိုက်စားသွားတဲ့ ကျုပ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေက တိုးတိုးလာတယ်လေ။ သန့်ရှင်းသောဓာက ကျုပ်ကို စိတ်တင်းထားဖို့ ပြောခဲ့ပေမယ့် အခုတော့ ဘာများ လုပ်နိုင်အုံးမှာလဲဗျာ။
အဲ့အချိန်မှာပဲ သံကြိုးတွေ အသံထွက်လာပြီး အစောင့်တစ်ယောက်က..
“အရှင်မင်းကြီး.. ဒါ သူ့ကို ဒီထဲမှာ ချုပ်ထားတာပါ”
============= (*^*)=============
အပိုင်း( ၂၂၄ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား