← Chapters

အမာရွတ်ဗရပွနဲ့ကိုယ်

Vol. 16 Ch. 226

အမာရွတ်ဗရပွနဲ့ကိုယ်

Vol. 16 Ch. 226

Child of light (ကျန်းကုန်း)

Volume 9: Chapter 20 - Scarred Body

ကျုပ်လဲ ဝမ်းနည်းလွန်းလို့ ငိုပြီး သွေးတွေတောင် အံတဲ့အထိပဲ။

မြေခွေးလေး ကျုပ်ထပ်ပြီး သတိလစ်သွားတော့ စိုးရိမ်တကြီးနဲ့ ကျုပ်နာမည် အော်ခေါ်နေလေရဲ့။

......

“သခင်…. သခင်… “

မြေခွေးလေးရဲ့ ခေါ်သံ တိုးတိုး ကျုပ်နားထဲ ဝင်လာတယ်။

မျက်လုံးဖွင့်ကြည့်လိုက်တော့ စိတ်ပူပြီး ကျုပ်ကို ကြည့်နေတာ တွေ့လိုက်ရတယ်။ ကျုပ် သူ့ကို တွန်းဖယ်ပြီး..

“ဘာလို့ ငါ့ကို ကယ်လိုက်ရတာလဲ။ ဘာကြောင့်လဲ၊ ငါသေတဲ့အထိ ပစ်ထားလိုက်ရမှာလေ။ ဒီရုပ်ကြီးနဲ့ ဘယ်လိုလုပ် လူတောတိုးလို့ ရတော့မှာလဲ”

ကျုပ်မျက်နှာပြင်အပြည့် အမာရွတ်တွေ ထူလပြစ်ဖုံးထားတာ သိပြီး စိတ်ဓာတ်တွေ ပုံကျသွားတယ်။

ကျန်းမာရေး ပြန်ကောင်းလာရင်တောင် ဒီအမာရွတ်တွေ ပြန်ကောင်းလာနိုင်ပါ့မလား။ ကျုပ်ဆွေမျိုး သားချင်းတွေ၊ သူငယ်ချင်းတွေ၊ ချစ်ရတဲ့ မူကျီ၊ ဟိုင်ရှင်းတို့တွေကို ဘယ်လိုများ မျက်နှာပြရမတုန်း။

မြေခွေးလေး ကျုပ်ခန္ဓာကိုယ် အပေါ်ကနေ ကျုပ်လက်တွေကို ချုပ်ထားရင်းနဲ့..

“သခင်။ သခင်ခန္ဓာကိုယ်ကို အရင်ဆုံး ပြန်ကုသင့်တယ်။ ဒါဆို အားလုံး အဆင်ပြေသွားမှာ မဟုတ်ဘူးလား”

ကျုပ် သက်ပြင်းချရင်း..

“ပြီးပြီ။ အားလုံး ပြီးသွားပြီ”

“မဟုတ်သေးဘူး။ သခင် မယုံနိုင်အောင်ကို သန်မာတယ်လေ။ ဘယ်လိုလုပ် ဇာတ်သိမ်းမှာလဲလို့။ လုံးဝ မပြီးသေးဘူး”

ရှောင်ကျင်းနဲ့ လက်တွဲပြီး နတ်ဆိုးမျိုးနွယ်ရဲ့ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်နဲ့ တိုက်ပွဲဖြစ်တုန်းက သူတော်တော်ကို လေးစားသွားတာ ဖြစ်လိမ့်မယ်။

ကျုပ် သူ့ကိုကြည့်လိုက်တော့ သူ့ပုံစံက ချောမောပြီး ဆွဲဆောင်အား တအားကောင်း ပုံပေါ်နေပေမယ့် ကျုပ်အတွက် ပြောမပြတတ်လောက်အောင်ကို ဝမ်းသာပီတိတွေ ဖြစ်နေတဲ့ပုံပဲ။

“ကျေးဇူးတင်ပါတယ်။ နင့်ကြောင့်သာမဟုတ်ရင် ငါ့ကို နတ်ဆိုးသားရဲတွေ ကိုက်စားပြီးလောက်ပြီ။ ဒါပေမယ့် နင်ငါ့ကို ဘာလို့ကယ်ခဲ့တာတုန်း။ လုံးဝ မကယ်သင့်ဘူးလေ”

မြေခွေးမလေး မျက်နှာရဲသွားပြီး..

“သခင်။ သခင်ငါ့အတွက် ပေးခဲ့တာတွေက ကျေးဇူးကြီးလွန်းတယ်။ တစ်သက်လုံး သခင့်နောက် လိုက်ဖို့ ဆန္ဒရှိပါတယ်။ ငါအခုလောလောဆယ် (က)အဆင့် နတ်ဆိုးသားရဲဖြစ်နေပြီ။ ငါ့အစွမ်းက သိပ်မကောင်းသေးပေမယ့် သခင့်အတွက် ဝန်ထုပ် ဝန်ပိုး မဖြစ်စေရပါဘူး”

“နင် ဒီလောက်ထိ ပြန်ဆပ်နေရလောက်အောင် ငါဘာတွေများ ပေးထားခဲ့မိလို့တုန်း။ နင့်အသက် မနှမျှောဘူးလား”

“ဟင့်အင်း.. ဟင့်အင်း.. အဲဒါထက် ဘယ်ကမလဲ .. သခင် ဒီမှာကြည့်လိုက်..”

မြေခွေးမလေး သူ့မူလပုံစံဖြစ်တွဲ့ အမြီး(၆)ခု ပုံစံပြောင်းသွားတယ်။ ထင်မထားမိတာက အမြီး(၆)ခုအောက်မှာ အမြီးသေးသေးလေး (၃)ခုရှိနေတယ်။ ဟာ… အပြီး(၉)ခု မြေခွေးဖြစ်သွားပြီ။ သူအဆင့်တက်သွားတာပဲ။

မြေခွေးလေး မိန်းကလေးပုံစံပြန်ပြောင်းပြီး..

“ငါ အဆင့်တက်သွားပြီ။ သခင်မြင်တယ်မို့လား။ ငါဆင့်ကဲ ပြောင်းလဲသွားရတဲ့ အကြောင်းအရင်းက နတ်ဆိုးဧကရာဇ်ရဲ့ စွမ်းအားတွေကို တွန်းလှန်တဲ့အချိန် သခင့်ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ နတ်ဘုရားစွမ်းအား ပြင်းပြင်းတွေ စုပ်ယူနိုင်လိုက်လို့လေ။ ဒီကျေးဇူးကို ဘယ်လိုလုပ် ပြန်ဆပ်နိုင်မှာလဲ။ ကိုယ့်ဟာကိုယ်ဆို ဒီအဆင့်ကို ဘယ်လိုမှ ရောက်နိုင်မှာ မဟုတ်ဘူး”

“ဒါဆို ဂုဏ်ယူပါတယ်ကွာ။ နောက်ဆုံးတော့ မင်း အမြီး(၉)ခု မြေခွေး ဖြစ်သွားပြီပေါ့”

“ဟင့်အင်း.. ငါ အဲ့အဆင့်ထိ မရောက်သေးဘူး။ ဒီအဆင့်မှာပဲ ကျေနပ်နေပါပြီ”

“တခြား ဘာပုံစံတွေ ပြောင်းနိုင်သေးလဲ။ အမြီး(၁၂)ခုထိ မရှိနိုင်ဘူးလား”

“အဲ့လိုတော့ မဖြစ်နိုင်ဘူး။ ငါ့စွမ်းအားတွေ အဆင့်တစ်ခု တိုးလာရင် ခန္ဓာကိုယ်လဲ ပြောင်းလဲသွားလိမ့်မယ်။ ပြီးတော့ နတ်ဘုရားစွမ်းအား အထောက်အပံ့အောက်မှာတောင် ငါ့ခန္ဓာကိုယ် အခြေခံအုတ်မြစ် ခိုင်မာဖို့အတွက် အဝါရောင်သလင်းကျောက်နဲ့၊ ထိပ်တန်း ခရမ်းရောင်သလင်းကျောက်တွေနဲ့မှ မှော်စွမ်းအား တည်ငြိမ်နိုင်မှာ။ ပြီးတော့ ငါ့ဇီဝဖြစ်စဉ်နဲ့ ကိုယ်တွင်း အင်္ဂါတွေ ကာကွယ်နိုင်ဖို့အတွက် ပန်းသီးစိမ်းကျောက်မျက် ရတနာလိုဟာတွေ သုံးရမယ့်အပြင် နောက်ဆုံးပိတ် ကွဲအက်အရိုးမြက်တွေစားပြီး သားရဲမျိုးနွယ်က အရိုးမြက်တွေကို သန့်စင်ရအုံးမယ်။ အားလုံး သန့်စင်ပြီးမှ စိတ်တိုင်းကျ ပုံစံပြောင်းလို့ရမျာ။ ပြီးတော့ အဲ့ပုံစံကို ထာဝရ ထိန်းသိမ်းနိုင်တော့မှာ”

“တော်တော် အထင်ကြီးစရာပဲ။ အဲဒါ ပုံစံပြောင်းနိုင်တဲ့ အဆင့်တက်ခြင်းမျိုးပေါ့လေ”

“ဟုတ်တယ်။ နောက်ဆုံးတော့ ပုံစံပြောင်းတာက ငါ့စွမ်းအားတွေ တိုးမြှင့်ပေးနိုင်မှာ မဟုတ်ပေမယ့် ကိုယ့်ကိုကိုယ်တော့ လုံးဝပုံစံပြောင်းသွားနိုင်တဲ့ အစွမ်းရလာမှာလေ”

“မင်းက ဘယ်ပုံစံပြောင်းချင်နေတာတုန်း”

“ဖြစ်နိုင်ရင် လူသားပုံစံပေါ့။ ဒါမှ သခင့်နားမှာ ထာဝရ တာဝန်ထမ်းဆောင်ခွင့် ရမှာလေ။ သခင်က မသိသေးလို့ပါ။ ဒီမှာရှိတဲ့ နတ်ဆိုးသားရဲတွေဆိုတာ ဇာတ်မြင့် နတ်ဆိုးမျိုးနွယ်တွေနဲ့ သူတို့ကျွန်တွေအတွက် ကစားစရာ အရုပ်တစ်ခုထက်မပိုဘူး။ အမြဲတမ်း အနိုင်ကျင့်ခံကြရတာ”

အဲ့စကားပြောတော့ မြေခွေးလေး မျက်လုံးထဲမှာ နီဆွေးနေတယ်။

ကျုပ်လဲ သူ့ဆံနွယ်လေးကို သပ်ပေးရင်း..

“ငါ့ဆီမှာ ထာဝရ အစေခံအနေနဲ့ နေစရာမလိုပါဘူး။ ဒါပေမယ့် ငါ့အသက်ကို ကယ်ခဲ့တဲ့ အတွက်တော့ ကျေးဇူးပြန်ဆပ်မှာပါ။ မင်းပြောတဲ့ သလင်းကျောက်တွေ ငါ့မှာရှိတယ်။ သားရဲမျိုးနွယ်ကို သွားဖို့ အခွင့်အရေး ရရင် မင်းပြောတဲ့ ဆေးနဲ့ မြက်တွေ ယူလာပေးမယ်လေ”

မြေခွေးလေး မျက်ဝန်းတွေ တောက်ပသွားပြီး..

“တကယ်လား။ ဒါဆို တကယ်ကို ကျေးဇူးတင်ပါတယ် သခင်”

သူပြောပြီးတာနဲ့ ဒူးထောက်ချလိုက်တယ်။

ကျုပ်လဲ အလျှင်စလို သူ့ကို ပြန်ဆွဲထူပေးလိုက်ရတာပေါ့။

“အဲ့လိုတွေ လုပ်မနေနဲ့တော့။ အခုကစပြီး ငါ့ကို သခင်လို့လဲ မခေါ်နဲ့တော့။ နင့်နဲ့ငါ သခင်နဲ့ ကျွန် ဆက်ဆံရေး မဟုတ်ဘဲ သူငယ်ချင်းတွေ ဖြစ်သွားပြီ။ နင် နားလည်လား”

မြေခွေးလေး အံ့အားသင့်သွားပြီး..

“သူငယ်ချင်းလား… နင် ငါ့ကို သူငယ်ချင်းလို သဘောထားချင်တာလား”

“ငါ့ အခုပုံစံကြီး မြင်ရတာတောင် ရှောင်ထွက်မသွားဘဲ ရအောင်ကယ်ခဲ့သေးတယ်။ နင့်ကို သူငယ်ချင်း တော်ရတာ ဂုဏ်စရာတောင် ကောင်းသေး”

မြေခွေးလေး ဝမ်းသာလွန်းလို့ ကျုပ်ရင်ခွင်ထဲ ပစ်ဝင်ပြီး တရှုံ့ရှုံ့ ငိုနေပါရောလား။

ကျုပ် သူ့ကို ပြန်ပွတ်ပေးနေရင်း ခံစားချက်တွေ ထိန်းမနိုင်သိမ်းမနိုင် ဖြစ်သွားမိတယ်။ ကျုပ်ခန္ဓာကိုယ် အားနည်းနေတာ ကံကောင်းသွားတယ်။ မဟုတ်ရင် အဟင်း… မတွေးရဲစရာတွေ လုပ်မိမှာ။

ကျုပ်သူ့ကို အသာတွန်းလိုက်ပြီး..

“ငါဗိုက်ဆာလာပြီ။ တစ်ခုခု စားကြရအောင်”

ပြောရင်းနဲ့ ကျုပ်အိတ်ထဲက စားစရာတွေ ထုတ်ပြီး မြေခွေးလေးနဲ့ အတူတူ ထိုင်စားလိုက်ကြတယ်။ စားနေရင်းကနေ..

“ဟုတ်သားပဲ.. ငါနင့်ကို မြေခွေးလေးလို့ တချိန်လုံး ခေါ်နေလို့ မဖြစ်သေးဘူး။ ဒီတော့ နင့်ကို ဘယ်လိုနာမည် ပေးရင် ကောင်းမလဲ..”

မြေခွေးလေး ဝမ်းသာအားရနဲ့..

“အရမ်းကောင်းတယ်.”

နည်းနည်း စဉ်းစားပြီးမှ..

“ငါ နေမကောင်းတုန်းက မင်းအရမ်း နုညံ့ပြီး စာနာတတ်တယ်ဆိုတော့ နင့်နာမည်ကို ရှောင်ရို့ လို့ခေါ်မယ်။ နင့်နာမည် အပြည့်အစုံက ရှောင်ရို့အာ ပေါ့။ ဘယ့်နှယ့်လဲ..”

မြေခွေးမလေး ကျုပ်အပေါ် ခုန်တက်လာပြီး..

“ငါ့မှာ နာမည်တစ်ခု ရပြီ။ ငါ့မှာ နာမည်ရှိသွားပြီ။ ဒီနေ့ကစပြီး ငါ့နာမည် ရှောင်ရို့အာ ပဲ…”

သူပျော်နေတာကြည့်ပြီး ကျုပ်နှလုံးသားတွေတောင် သက်တောင့်သက်သာ ရှိသွားသလိုပဲ။

စားသောက်ပြီးတာနဲ့ ရှောင်ရို့ကို ကာကွယ်ခိုင်ပြီး ကျုပ်မှော်စွမ်းအားတွေ ပြန်ရအောင် လုပ်တော့တယ်။

(၁၀)ရက်လောက်ကြာတော့ ကျုပ်ခန္ဓာကိုယ် အပြည့်အဝ ပြန်ကောင်းလာပေမယ့် ပိန်မြဲ ပိန်နေတုန်းပဲ။ အသားက မည်းမည်း၊ အမာရွတ်တွေက ဗရပွနဲ့ပေါ့ဗျာ။ မှော်စွမ်းအားကတော့ အရင်တုန်းက အထွတ်အထိပ် အခြေအနေနဲ့ ယှဉ်ရင် (၃)ပုံ(၁)ပုံတော့ ပြန်ရလာပြီ။ ဘာဖြစ်လို့လဲဆိုတော့ ရွှေအမြူတေ (၁)ခုပဲ ရှိတော့လို့လေ။ အရင်တုန်းက ကျုပ် ပုံစံအတိုင်း ပြန်ရဖို့တော့ မလွယ်နိုင်ဘူးဆိုတာ ကျုပ်သိနေတယ်လေ။ အချိန်နဲ့ ဒီရေသည် လူကိုမစောင့်တဲ့။ အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေကို တတ်နိုင်သမျှ အမြန်ဆုံး သွားကယ်ချင်တာဆိုတော့ ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး။

အစက ရှောင်ရို့ကို ဒီမှာပဲ စောင့်နေစေချင်ပေမယ့် သူကလဲ စွတ်ပူဆာတာရယ်၊ ကျုပ်ကို ကောင်းကောင်း အကူအညီ ပေးနိုင်မှာရယ်ဆိုတော့ လိုက်ခဲ့ဖို့ သဘောတူလိုက်ရတယ်။

ရှောင်ရို့လဲ အမြီး(၉)ချောင်း မြေခွေးဖြစ်သွားပြီဆိုတော့ သူ့ကိုယ်သူ ကျုပ်အင်္ကျီကြားထဲ ဝင်ပုန်းလို့ရတဲ့ ရှည့်ပေါက်စအရွယ် မြေခွေးလေးအထိ ပုံစံပြောင်းလို့ရနေပြီလေ။

နောက်ဆုံးတော့ မြို့တော်က ဘယ်လိုပုံစံလဲဆိုတာ ကျုပ်မြင်ခွင့်ရလိုက်ပြီ။ အိုက်ရှားက မြို့ကြီးတွေထက် တော်တော်ကြီးတာပဲ။ နံရံတွေဆိုလဲ အမြင့်ကြီး အထူကြီးတွေ။ မြို့အဝင်ဝမှာကိုပဲ နတ်ဆိုး စုံတွဲ တစ်တွဲ ရှိနေတယ်။

ကျုပ် ခေါင်းငုံ့ လျှောက်သွားလိုက်တယ်။ နတ်ဆိုးမျိုးနွယ် စစ်သည် တစ်ယောက်က..

“ဟိုကောင် ဘာလို့ ခေါင်းငုံ့ထားတာလဲ..”

အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ထားတာဆိုတော့ ကျုပ်ခန္ဓာကိုယ်ပေါ်က အမာရွတ်တွေ သူမြင်နိုင်ဘူးလေ။

“ကျုပ်ကို ကြည့်မိရင် ကြောက်သွားနိုင်လို့ပါ”

“လျှာမရှည်နဲ့ ခေါင်းမော့စရာရှိတာ မော့ပြ”

မတတ်သာတော့တဲ့ အတူတူ ကျုပ်ခေါင်းမော့ပြလိုက်တာ ကျုပ်ရုပ်ကို ကြည့်ပြီး စစ်သားတွေရော နတ်ဆိုးတွေရော ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြပါလေရော။ ကျုပ်လဲ ခေါင်း ပြန်ငုံ့လိုက်ရတယ်။ စိတ်ထဲမှာ ငါတော့ သွားပြီ လို့ တွေးနေမိတာ။ ကျုပ်ရဲ မူလချောမောတဲ့ ရုပ်ရည် လုံးဝပျက်စီးသွားပုံပဲ။ ဒါပေမယ့်လဲ မူကျီတောင် ကျုပ်ကို မမှတ်မိနိုင်တော့တဲ့ အတူတူ ကျုပ်ကိုယ်ကျုပ် သိပ်ပြီး ဖုံးကွယ်နေစရာမလိုတော့ဘူးဆိုတော့ အဆိုးထဲက အကောင်းရှိသေးတယ်ပေါ့ဗျာ။

============= (*^*)=============

အပိုင်း( ၂၂၇ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters