← Chapters

အင်ပါယာ ထင်းတဲ

Vol. 16 Ch. 228

အင်ပါယာ ထင်းတဲ

Vol. 16 Ch. 228

Child of light (ကျန်းကုန်း)

Volume 9: Chapter 22 - Imperial Firewood House

နတ်ဆိုး စီမံသူ စာရင်းသွင်းလိုက်ပြီး..

“ကောင်းပြီ.. ဘယ်ဘက်မှာ သွားရပ်နေလိုက်။ ဥယျာဉ်ထဲ လိုက်ပို့ဖို့ တစ်ယောက်လာလိမ့်မယ်”

......****…..

နောက်ဆုံးတော့ ကျုပ်အလှည့်ရောက်လာပြီ။ ကျုပ် အလျှင်စလို ရှေ့တိုးပြီး..

“အရှင်နတ်ဆိုးစီမံသူ.. ကျုပ်နာမည် ‘ဆယ့်ရှစ် (၁၈)’ ပါ။ ထင်းခွဲရမယ့် တာဝန်ပါဗျ”

နတ်ဆိုးစီမံသူ ကျုပ်ကိုကြည့်ပြီး မျက်ခုံးပင့်လိုက်တယ်။

“ဒီလောက် ရုပ်ဆိုးတဲ့ကောင်ကို ခေါ်လာရလောက်အောင် လူသစ်စုတဲ့ကောင်တွေ မျက်စိများ ကန်းနေကြလားကွာ။ ဒါပေမယ့်လဲ မင်းကို ဘယ်သူမှ မြင်နိုင်မှာ မဟုတ်ဘူးဆိုတော့ ခွင့်ပြုလိုက်ပါ့မယ်။ နောက်နေ့ကစပြီး ဝီရိယစိုက်ပြီး ထင်းခွဲဖို့လုပ်၊ ကြားလား”

ကျုပ်လဲ အလျှင်စလိုနဲ့..

“ကျေးဇူးတင်ပါတယ် နတ်ဆိုးစီမံသူ။ သေချာပေါက် အစွမ်းကုန် ကြိုးစားပါ့မယ်”

“အင်း…”

အင်းတစ်လုံးနဲ့ ကျုပ်ကို ဘေးသွားရပ်ဖို့ မေးငေါ့ပြလိုက်တယ်။

လူသစ်တွေ အမည်စာရင်း မှတ်တမ်းတင်ပြီးမှ ဆိုင်ရာနေရာတွေကို ခေါ်သွားကြတယ်။ ဖက်တီးတစ်ယောက်နဲ့ ငပိန်တစ်ယောက် ကျုပ်ကို ခေါ်သွားတယ်။ အဆောက်အဦးကြီးတစ်ခုထိ ခေါ်သွားတာဗျ။

“ဒါ မီးဖိုချောင်ပဲ။ နောက်ကျရင်တော့ မင်းလဲ ဒီမှာ လုပ်ခွင့်ရချင်ရမှာပေါ့ကွာ။ လောလောဆယ် ရုပ်ဆိုးလွန်းတော့ မီးဖိုဆောင် နောက်ဖေးက ခြံထဲသွားလိုက်။ မင်းထင်းခွဲဖို့အတွက် အဲ့မှာ အဖော်တစ်ယောက်ရှိတယ်”

ကျုပ်လဲ ခေါင်းညိတ်ပြီး ချက်ချင်း နောက်ဖေးခြံထဲ ပြေးသွားလိုက်တယ်။

ခြံဝန်းက တော်တော်ကို ကျယ်တာပဲ။ လူတွေလဲ တစ်ချို့က ဟင်းရွက်တွေ ဆေးကြောနေကြတယ်။ တချို့ကလဲ အသားငါး ချက်ပြုတ်နေကြတော့ မီးဖိုဆောင်ထဲမှာ အရှုတ်အပွ နည်းသွားတာပေါ့ဗျာ။ အရှေ့မြောက်ထောင့်မှာ သစ်တုံးပုံကြီး တစ်ပုံရှိတယ်။ ကြည့်ရတာ ကျုပ် စတည်းချရမယ့်နေရာပေါ့။ လျှောက်သွားရင်းနဲ့ ထင်းခွဲနေတဲ့ ဆံဖြူအဘိုးကြီး တစ်ယောက် တွေ့လိုက်ရတယ်။

ကျုပ်လဲ လေးလေးစားစားနဲ့..

“မင်္ဂလာပါ ဆရာ..”

အဘိုးကြီး ခေါင်းမော့ကြည့်ရင်း..

“မင်းဘာလိုချင်လို့လဲ... တစ်ခုခု လိုလို့လား..”

မော်ကြွားတာ၊ နှိမ့်ချတာ မပါတဲ့ လေသံနဲ့ဗျ။ ကြည့်ရတာ ထင်းခွဲတာကလွဲပြီး ဘာမှ ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံနဲ့။

“ခင်ဗျားကို ကူပြီး ထင်းခွဲဖို့ တာဝန်ပေးလိုက်လို့ပါ”

“ဒါဆိုလဲ ထင်းတုံးတွေ သွားရှာချေ။ မီးဖိုဆောင်က လူတွေ ဇီဇာကြောင်ပြီး ကကြိုးကဂျောင် မလုပ်အောင် ညီညီညာညာ ခွဲဖို့ သတိထားအုံး”

ကျုပ် ခေါင်းညိတ်ပြီး ထိုင်လိုက်တယ်။ အဘိုးကြီးက ကျုပ်ဘေးနားပတ်လည်ကို ညွှန်ပြပြီး ပုစိန်ကို လွှတ်ချလိုက်တယ်။ ချက်ချင်း ထင်းတုံးတွေကို ပတ်ပတ်လည်မှာ နေရာချလိုက်တယ်။ ပြီးမှ မြို့ပတ်ရထား တစ်စီးလိုပဲ တစ်တုံးပြီးတစ်တုံး ခွန်အားသုံးပြီး ခွဲတော့တာပဲ။ အင်း… ကျုပ်မှော်ပညာနဲ့ တိုက်ပွဲစိတ်ဝိညာဉ် ထုတ်သုံးလို့ မဖြစ်တာ သနားစရာပဲ။ ခွန်အား သက်သက်နဲ့ သုံးရတော့မယ့်ပုံပဲ။

တနေလဲကုန်ရော ထင်တုံးအများကြီး မခွဲခဲ့ရတာတောင် ပင်ပန်းလွန်းချက်တော့ ခါးတွေတောင် နာတယ်။

ညရောက်တော့ အဘိုးကြီး အစားအသောက် နည်းနည်းဝယ်လာပြီး ကျုပ်ကို တစ်ဝက်ခွဲပေးတယ်။

“ထမင်းစားပြီး စောစောနား။ မနက်ဖြန်တော့ ဒီနေ့ရလတ်လောက်နဲ့ ဆက်သွားလို့ မရတော့ဘူး။ မင်း လက်ရှိ အနေအထားက ဒီအဘိုးကြီးနဲ့တောင် ယှဉ်မရတော့ သူတို့တွေ ကျေနပ်မှာ မဟုတ်ဘူး”

ကျုပ်လဲ သူပေးတဲ့ စားစရာယူရင်း..

“ခင်ဗျား ဒီမှာ ဘယ်လောက်ကြာပြီလဲ..”

အဘိုးကြီး နည်းနည်း မှင်တက်ပြီးမှ..

“မေ့တောင်နေပြီ။ နှစ်(၃၀)လောက်တာ့ ရှိရောပေါ့”

“ခင်ဗျား ဒီမှာ နှစ်(၃၀)လောက် ထင်းခွဲနေတယ်ပေါ့။ ဘာလို့ အလုပ်မပြောင်းတာလဲ”

အဘိုးကြီး ထအော်တော့တာပဲ..

“အပြင်မှာ ဘာကောင်းလို့လဲ။ ဒီနေရာမှာ နည်းနည်း ခက်ခဲတယ်ဆိုပေမယ့် လုံးဝ အငြိမ်ပဲလေ။ နေ့ခင်းဘက် ထင်းခွဲ၊ ညဘက် စားသောက် အိပ်။ အဲဒါ မကောင်းဘူးလား။ အာ.. ဟုတ်သားဘဲ။ မစားနဲ့အုံး ခနစောင့်..”

ပြောပြီးတာနဲ့ ထင်းတဲလေးဘက် လှည့်ပတ်ရှာနေတယ်။ ခနကြာတော့ ဘူးသီးခြောက်အိုတစ်လုံး ကိုင်ထားတယ်။ သူ့ကို ကြည့်ရတာ ဘူးသီးခြောက်သာ သူအချစ်ရဆုံးဆိုတဲ့ ပုံစံနဲ့ဗျ။

“ဒါ ရဖို့ လွယ်တာမဟုတ်ဘူး။ မင်း သောက်ချင်လား”

“အဲဒါ ဘာတွေလဲ..”

အဘိုးကြီး ဟက်ဟက်ပက်ပက် ပြုံးရင်း..

“အကောင်းစား ဝိုင်ပေါ့”

ကျုပ်လဲ အဲ့တော့မှ အရက်လို့ သဘောပေါက်သွားတယ်။ ကျုပ် လက်ခါပြီး..

“ကျုပ် လွန်သွားလိမ့်မယ်။ တစ်နေ့တာ ခွဲခဲ့တာလဲ နည်းသေးတယ်လေ။ ထမင်းစားပြီး ခနနားလိုက်မယ်။ ဒီထင်းတွေ အချိန်တော်တော်ယူပြီး ခွဲရအုံးမယ်”

အဘိုးကြီး ကျုပ်ကို တအံ့တဩကြည့်ရင်း..

“မင်းက ရုပ်ဆိုးပေမယ့် အလုပ်တော့ ကြိုးစားသားပဲ။ ဒီအဘိုးကြီးကတော့ ယဉ်ကျေးနေမှာ မဟုတ်ဘူးနော်။ ဟိုဘူတွေ မင်းကို ဘာလို့ခေါ်လာလဲ သိလား။ မင်း တွေးမိလောက်မျာပါ။ အသက်ကြီးလာတော့ ခွန်အားတွေ လျော့လာပြီ။ နောက်ဆို မီးဖိုဆောင် လိုအပ်ချက် ဖြည့်ပေးနိုင်မှာ မဟုတ်တော့ဘူး။ မင်းလဲ ငါ့ကို သိပ်ယဉ်ကျေး မနေပဲ အပိုတွေ သိပ်လုပ်နေစရာမလိုဘူး။ ဟိုထင်းက နှစ်ယောက်ပြိုင်ခွဲရင် အဆင်ပြေသွားမှာပါ။ ဟုတ်သားပဲ မင်းနာမည် ဘယ်လိုခေါ်လဲ”

သူ့စကားတွေက ကျုပ်နှလုံးသားထဲထိ နွေးသွားတယ်။

“ကျုပ်က ဆယ့်ရှစ်(၁၈) ပါ။ အဲလိုပဲခေါ်ပေါ့ဗျာ”

“မင်းလဲငါ့ကို ထင်းဆွေးတုံးကြီးလို့ ခေါ်ပေါ့ကွာ။ ငါ့နာမည် မေ့နေတာ ကြာပြီကွ”

ကျုပ် နည်းနည်း လန့်သွားပြီး..

“အာ.. ဘယ်လိုလုပ် သင့်တော်မှာလဲ။ ခင်ဗျားက ကျုပ်ထက် အသက်အများကြီး ကြီးတာကို ။ ဒီလိုဆိုရေင်ရော ဦးလေးထင်းတုံး လို့ပဲ ခေါ်တော့မယ်”

ထင်းတုံးကြီး စပျစ်ဝိုင် တစ်ငုံသောက်ပြီး..

“မင်းအတွက် ရသေးတယ်နော်။ တကယ် မသောက်ချင်ဘူးလား”

ကျုပ် အပြုံးနဲ့ပဲ ခေါင်းရမ်းပြလိုက်တယ်။

ညနက်လာတော့ ထင်းတုံးကြီး အိပ်ပျော်သွားပြီ။ ကျုပ်လဲ ပတ်ဝန်းကျင်ကို စစ်ကြည့်လိုက်တော့ အားလုံး ရှင်းနေတာ တွေ့လိုက်ရတယ်။ ကျုပ်မှော်စွမ်းအား နည်းနည်း ဖြန့်ပြီး လက်ကို အသာလေး လှုပ်ရှားလိုက်တယ်။ အလင်းဓားသွားလေးတွေ မရေတွက်နိုင်လောက်အောင် ပေါ်လာပြီး ထင်းတွေကို အစိတ်စိတ် အမွှာမွှာ ခွဲပစ်လိုက်တယ်။ နောက်တခါ လက်ကို လှုပ်ရှားလိုက်တော့ ခွဲပြီးသား ထင်းတွေ ထောင့်တနေရာမှာ စုပုံထားလိုက်တယ်။ ကျုပ်ကို ဖမ်းမိသွားတဲ့အချိန် စုက္ကရေးကို အသိမ်းခံလိုက်ရတာ နာတယ်ဗျာ။ အခု လက်ရှိ စွမ်းအားနဲ့ဆို ခယ်လွင်သောင်ကိုတောင် မတိုက်နိုင်သေးဘူး။

အားလုံးက တိတ်ဆိတ်နေတယ်။ နန်းတော်ကြီးက အရမ်းကြီးကျယ်ခန်းနားလွန်းတော့ သိပ်ဝေးဝေး မသွားဘဲ မီးဖိုစောင်နဲ့ မီတာ(၁၀၀) ဝန်းကျင်လောက်ကိုပဲ လှည့်ပတ် ကြည့်လိုက်တယ်။ ကင်လှည့်နေတဲ့ စစ်သည်တွေ ရံဖန်ရံခါ တွေ့နေရတော့ ဒီနေရာမှာ လုံခြုံရေး မပေါ့လျှော့တဲ့ ပုံပဲ။ ရောက်ခဲ့တဲ့ နေရာတစ်လျှောက်တော့ လမ်းကြောင်းတွေ မှတ်လာခဲ့လိုက်တယ်။ ထင်းတဲကို ပြန်ရောက်‌တော့ စာရွက်တစ်ရွက်မှာ ချဆွဲထားလိုက်တယ်။

(၁၀)ရက်လောက်နေတော့ နန်းတော်နဲ့ ပတ်သက်တဲ့ အချက်အလက် တစ်ချို့တဝက် ကျုပ်ရထားပြီ။ နတ်ဆိုး နန်းတော်ကို အတွင်းပိုင်း အပြင်ပိုင်း ဆိုပြီး ခွဲထားတယ်။ အပြင်ဘက်ပိုင်းက နန်းတော်တစ်ခုလုံးကို ဝိုင်းပြီး တည်းခိုဆောင်တွေ ဆောက်ထားတယ်။ နန်းတော်ထဲကိုတောင် တစ်ခါ ရောက်ခဲ့ဖူးလိုက်သေးတယ်။ ရှောင်ရို့ ရဲ့ လှုပ်ရှားမှုသေးသေး လေးတစ်ခုတောင် အစောင့်တွေကို သတိပေးသလို ဖြစ်လိုက်သေးတယ်။ မူကျီနဲ့ နတ်ဆိုး ဧကရာဇ် ဒီနေရာမှာ ရှိလောက်တယ်။

မှတ်တမ်းတွေကို အထပ်ထပ် စိစစ်ရင်း အတွေးတွေနဲ့ ပြည့်နေမိတယ်။ ဦးလေးထင်းတုံးက..

“ဆယ့်ရှစ် မင်းဘာတွေ တွေးနေတာလဲ”

ကျုပ်လဲ အတွေးထဲက ရုန်းထွက်ပြီး..

“ဘာမှ မဟုတ်ပါဘူးဗျာ…”

ဦးလေးထင်းတုံးကြီး ပြုံးနေပေမယ့် ဘာမှ ဆက်မမေးတော့ဘူး။ ဦးလေးထင်းတုံးကြီးကို ကြည့်ရတာ အမဲတမ်း မယုံချင်စရာကောင်းတယ်ဗျ။ သူ့ခန္ဓာကိုယ်ထဲမှာ မှော်စွမ်းအင် အငွေ့အသက် မှုံမှုံလေးတောင်မရှိပေမယ့် ခယ်လွင်သောင်နဲ့ တွေ့ပြီးတဲ့နောက်မှာ သူ့ကိုလဲ အရမ်းကို သတိထားနေမိခဲ့တယ်။ ညတိုင်း ညတိုင်း ကျုပ် ကင်းထောက်ထွက်ကာနီးဆို ဦိးလေး ထင်းတုံးကြီး အမြဲအိပ်ပျော်နေတာ သေချာတယ်။

ကျုပ် မှော်စွမ်းအား ပြန်ရတဲ့ နှုန်းက အရမ်းမြန်လို့ ဝမ်းသာနေမိတာ။ ရွှေအမြူတေက နောက်ထပ် ရွှေအမြူတေ တစ်ခု ထပ်မပွားပေမယ့် အလင်းမှော်နဲ့ စိတ်ဝိညာဉ် ပေါင်းစပ်မှော်ပညာက နုညံ့ပြီး စွမ်းအား ပြည့်လွန်းနေတယ်။ ကျုပ်ခေါင်းထဲမှာ တစ်ခုတည်းရှိတဲ့ ရွှေအမြူတေကို မသိမသာနဲ့ ခွဲခြမ်းသိမြင်နိုင်လာပြီး ကျုပ်ခန္ဓာကိုယ်က စွမ်းအားတွေနဲ့ ပြည့်နေတယ်။ အခုဆို ကျုပ်စွမ်းအားတွေ အရင်တုန်းက အထွတ်အထိပ် အခြေအနေဲ့ ထပ်တူ ပြန်ဖြစ်နေပြီ။

ရွှေအမြူတေတွေ ဆုံးရှုံးသွားတာတောင် စိတ်ဝိညာဉ်စွမ်းအား အများကြီး တိုးလာတာ ထူးဆန်းတယ်။ ဒါ ဘယ်လိုမှ နားမလည်နိုင်စရာပဲ။ အဲဒါတွေကို အာရုံစိုက်ဖို့လဲ ကျုပ်မှာ အချိန်က သိပ်မရှိဘူး။ ကျုပ် မှော်စွမ်းအား လေ့ကျင့်တဲ့အချိန် ကျုပ်ခန္ဓာကိုယ်ကနေ အလင်းတန်း မှိန်မှိန်တွေ ထွက်လာရင် မြင်သာနိုင်တာဆိုတော့ လေ့ကျင့်ဖို့အတွက် နေ့ခင်းပိုင်းကိုပဲ ရွေးထားရတယ်။ ထင်းတုံးခွဲတဲ့အလုပ်ကို ထပ်ကာထပ်ကာလုပ်ရင်းနဲ့ပဲ အလင်းဒြပ်စင်တွေ တိတ်တိတ်လေး စုဆောင်းနေရတယ်။

============= (*^*)=============

အပိုင်း( ၂၂၉ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters