← Chapters

နန်းတော်ထဲ ချောင်းကြည့်

Vol. 16 Ch. 229

နန်းတော်ထဲ ချောင်းကြည့်

Vol. 16 Ch. 229

Child of light (ကျန်းကုန်း)

Volume 9: Chapter 23 - Peeking Inside the Palace

ညအချိန် ရောက်လာပြန်ပြီ။ ကောင်းကင်မှာ လုံးဝမှောင်နေတဲ့အပြင် လလဲ မထွက်တော့ ကျုပ်အတွက် မဆိုးဘူး။ ဒါ ဂွင်ပဲ။ အချိန်ကောင်းဆိုတော့ ဒီည နန်းတော်ထဲ ဝင်ကြည့်ရမယ်။

သိုလှောင်အိတ်ထဲကနေ အမှောင်ဝတ်စုံထုတ်ဝတ်ပြီး ရှောင်ရို့ကို..

“မင်းဒီမှာ စောင့်နေ။ ဒီည ငါ့နောက် လိုက်စရာမလိုဘူး”

ရှောင်ရို့ ခေါင်းညိတ်လိုက်ပေမယ့် သူ့မျက်လုံးထဲမှာ စိုးရိမ်နေတဲ့ အရိပ်အယောင်တွေ မြင်လိုက်ရတယ်။

“စိတ်မပူပါနဲ့။ ငါသူတို့ကို အနိုင်မတိုက်နိုင်ရင်တောင် ထွက်ပြေးနိုင်တယ်လေ။ လောလောဆယ် အရင်တုန်းက ခံစားခဲ့ရတဲ့ အလွဲအမှားမခံနိုင်ဘူး။ နင် ငါ့ကို ဒီမှာ အသာစောင့်နေပြီး ဦးလေးထင်းတုန်းကြီးကို စောင့်ကြည့်ထားနော်။ သူ တစ်ခုခု လှုပ်ရှားရင် ငါပြန်လာတဲ့အချိန် ပြောပြအုံး”

သူ့ကို တာဝန်ပေးပြီးတာနဲ့ ကျုပ်မှော်စွမ်းအားတွေ ထုတ်ပြီး ကောင်းကင်ကို ခုန်တက်သွားလိုက်တယ်။ ညဝတ်စုံ မဲမဲကြီး ဝတ်ထားတာဆိုတော့ ကောင်ကင်ပေါ်က ကျုပ်ကို မြေပြင်ကနေ ဘယ်လိုမှကို မမြင်နိုင်ဘူး။ မီတာ(၁၀၀)အမြင့်လောက်ကနေ နန်းတော်ဘက်ကို လျှို့ဝှက် ပျံသွားလိုက်တယ်။ နန်းတော်ကြီးကတော့ တောက်ပနေတာပဲ။ နန်းတော် အတွင်းပိုင်း မှောင်မဲနေတဲ့ နေရာက အမှောင်နတ်ဆိုးနဂါး နေတဲ့ နေရာဖြစ်နိုင်တယ်။ အတွင်းပိုင်းမှာ အပြင်ပိုင်းထက် လုံခြုံရေးတွေ ပိုချထားတာဆိုတော့ တော်တော်လေး တင်းကြပ်တယ် ပြောရမှာပဲ။ ဖြစ်သမျှအကြောင်း အကောင်းပေါ့ဗျာ။ ကျုပ်ကိုယ်ကျုပ် ပုံဖျက်ဖို့ အကြီးဆုံး အဆောက်အဦးကို ရွေးပြီး ခေါင်မိုးပေါ်မှာ လှဲနေလိုက်တယ်။

ဒီမှာစောင့်ကြည့်နေတုန်း ရံဖန်ရံခါ ဆူဆူညံညံနဲ့ အော်သံဟစ်သံတွေ ထွက်လာတယ်ဗျ။ ကျုပ်ပုံစံကို ပုံဖျက်ဖုံးကွယ်ဖို့အတွက် တခြားအဆောက်အဦးတွေလဲ ရှိနေသေးတယ်ဆိုတော့ ထောင့်တနေရာကို ကိုယ်ဖော့သွားလိုက်တယ်။ ပြီးတော့ အမိုးကို နားနဲ့ကပ်ပြီး နားထောင်ကြည့်လိုက်တယ်။

အဆောက်အဦထဲကနေ ဖရိုဖရဲနဲ့ အသံတွေ ထါက်လာတယ်။ ကြားရသလောက်ဆို သူတို့တွေ ကိစ္စတစ်ခုခု တိုင်ပင်နေကြတဲ့ပုံပဲ။

“အရှင်မင်းကြီး.. တိုင်းပြည်ထဲမှာ စစ်သည်တော်တွေ စိတ်ဓာတ်တက်ကြနေကြပြီ။ လူသားမျိုးနွယ်ကို တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ပါ။ ကျေးဇူးပြုပြီး အမိန့်ချပေးပါ”

“အရှင်မင်းကြီး လျှပ်စီးခံတပ်ကို လူသားမျိုးနွယ် အုပ်ချုပ်နေတာ နှစ်ပေါင်း ရာချီနေပြီ”

တစ်ယောက်ပြီး တစ်ယောက် ပြောနေကြတာပဲ။

“ခပ်တပ်ကို ကာကွယ်ရေးအတွက် သေချာပြင်ဆင်ထားတာ။ ငါတို့သာ အခုချိန် သွားတိုက်ရင် ငါတို့တပ်တွေ အကြီးအကျယ် ဆုံးရှုံးနိုင်တာဆိုတော့ မာန်နတ်မင်းသား မင်းအကြံ ငါသဘောမတူနိုင်ဘူး”

နတ်ဆိုးဘုရင် ဒေါသသံနဲ့..

“ဟာရန်းချာ ငါလုပ်သမျှကို ဘာလို့ အမြဲ ကလန့်တိုက်နေရတာတုန်း။ မင်းစကားတခွန်းကြောင့် ငါတို့ စပြီးမတိုက်နိုင်ဘူးလေ။ ရဲရင့်တဲ့ ဧကရာဇ်နဲ့ ငါတို့ မျိုးနွယ် မဟာမိတ်တွေ အင်အား (၂၀၀၀၀၀)ကျော် ရှိလာပြီ။ ဒီလောက်ဆို သေဆုံးဒဏ်ရာရနိုင်မှာတွေကို ခံနိုင်ရည်ရှိလောက်ပြီလား”

ဒီတော့ စကားဝိုင်းမှာ ပထမဆုံးပြောတာ လူသားမျိုးနွယ်ကို တိုက်ခိုက်ချင်နေတဲ့ မာန်နတ်မင်းသား နတ်ဆိုး၊ ဒုတိယလူက ခယ်လွင်သောင်ရဲ့ အဖေ အကြံပေးကြီး ဟာရန်းချာ ပေါ့။

“မြင့်မြတ်သူ အရှင်။ တိုက်ခိုက်မှု နှောင့်နှေးအောင် အကြံဉာဏ်ပေးခဲ့တာ မဟုတ်ပါဘူး။ မလိုလားအပ်ဘဲ အသေအပျောက်တွေ ရှောင်ရှားပြီး ပိုကောင်းမယ့် အခွင့်အရေးရှာသင့်ပါတယ်”

“ပိုကောင်းတဲ့ အခွင့်အရေးတဲ့လား။ ဘယ်အခွင့်အရေးက ပိုကောင်းမှာလဲ။ မင်းအရင် စီစဉ်ထားတဲ့ အမှိုက်လို အစီအစဉ်ကရော။ ဆိုးဆိုးရွားရွား ပျက်ဆီးသွားတဲ့အပြင် ငါတို့ တိုင်းပြည့်ရဲ့ မရေတွက်နိုင်တဲ့ လက်ရွေးစင် စစ်သည်တော်တွေ သေဆုံးရတဲ့အထိ ဖြစ်သွားတယ် မဟုတ်ဘူးလား။ အရှင်မင်းကြီးက ဒီကိစ္စအတွက် မင်းကိုတောင် အပြစ်မတင်သေးခု။ အခု အခွင့်အရေးရှာပြီး ထပ်ပြောရဲရလောက်အောင် မင်းသတ္တိတွေ ကောင်းနေတုန်းပေါ့လေ”‌ေ

အဲ့အချိန်မှာ နုညံ့လွန်းတဲ့ အသံတစ်ခုထွက်လာတယ်။

“ဦးလေး။ အဲလို မပြောသင့်ဘူး။ အဲ့တုန်းက အမှားက ဆရာ့ကြောင့် မဟုတ်ပါဘူး”

ဒီအသံကြားတော့ ကျုပ်တစ်ကိုယ်လုံး တုန်ကနဲဖြစ်သွားပြီး ကျုပ်စိတ်တွေတောင် မိုးပေါ်ထိ ထိုးတက်သွားတယ်။ သူစိမ်းမှ မဟုတ်တာ။ ကျုပ်မှာဖြင့် နေ့လည်ဘက်တောင် အိပ်မက်ထဲ ထည့်မက်ရတဲ့အထိဖြစ်တဲ့ မူကျီလေဗျာ။ ကျုပ်သူ့ကို အရမ်းလွမ်းနေတာဗျ။ နောက်ထပ် ဘာဆက်လုပ်ရင်ကောင်းမလဲ စဉ်းစားနေတုန်း နတ်ဆိုးဧကရာဇ် အသံ ကျုပ်အောက်ဘက်က ပေါ်လာတယ်..

“ဘယ်သူလဲကွ။ ငါ့နတ်ဆိုးနန်းတော်ထဲအထိ ခိုးဝင်ရဲတယ်ပေါ့..”

အဲ့အသံနဲ့အတူ အရမ်းပြင်းထန်တဲ့ စွမ်းအားတစ်ခု ကျုပ်ဆီ တိုးဝင်လာတယ်။

ကျုပ်လဲ နောက်ထပ်ဘာမှ လှုပ်ရှားမှုတွေ ထပ်မပေါ်ခင် သတိပြန်ဝင်လာတယ်။

“အုန်း….”

အစောက ကျုပ်နေခဲ့တဲ့အနေရာမျာ ဖုန်တွေနဲ့ ပြည့်နှက်သွားတယ်။ မကောင်းတော့ဘူး။ ကျုပ်ကို သတိထားမိသွားပြီ။ ကျုပ် ထွက်မပြေးဘဲ တံစက်မြိတ်အောက် ဝင်ပုန်းနေလိုက်တယ်။

“စူး……”

အပေါက်ထဲကနေ ခေါင်မိုးပေါ်ကို လူတွေ ခုန်တက်လာကြတယ်။

နတ်ဆိုး ဧကရာဇ်က..

“ခယ်လွင်သောင်.. မင်းဘာတွေ လုပ်နေလဲ။ အလင်းကာကွယ်သူ ခေါင်းဆောင် အနေနဲ့ လုပ်ကြံရေးသမားတွေကို နန်းတော်ထဲအထိ ပေးဝင်လိုက်တယ်ပေါ့လေ။ လူဖြန့်ပြီး အမြန်ဆုံး ရှာကြစမ်း”

အဲ့လူကြီး သူ့အဖွဲ့ကို ဖရိုဖရဲဖြစ်ဖို့ အခွင့်အရေး သေးသေးလေးတောင် မပေးဘူးပဲ။

တဖြည်းဖြည်းအသံတွေ ပျောက်သွားမှ ခေါင်မိုးပေါ် ပက်လက်လှန်ပြီး သက်ပြင်းချလိုက်မိတယ်။ လွတ်ဖို့အတွက် နည်းလမ်းရှာနေတုန်း ကျုပ်ကို အလယ်မှာထားပြီး ဘေးတစ်ဖက်တစ်ချက်မှာ အရိပ်(၂)ခု ပေါ်လာတယ်။ ကျုပ်ရှေ့မှာက ခယ်လွင်သောင် ပြုံးနေလေရဲ့..

“မိတ်ဆွေ။ မင်း ဉာဏ်ကောင်းပေမယ့် ငါ့လက်က လွတ်ဖို့ မဖြစ်နိုင်ပါဘူးလေ”

ကျုပ်လဲ မချိပြုံးပြုံးပြီး ဒီကောင်တွေလက်ထဲက ဖောက်ထွက်ဖို့ စွမ်းအားတွေစုရင်း ပြင်ဆင်လိုက်တယ်။

“အစ်ကို ဝေလောင်၊ သူ့ကို မသတ်နဲ့ အရှင်ရအောင်ဖမ်း”

ခယ်လွင်သောင်ရဲ့ နာမည်အပြည့်အစုံက ခယ်လွင်သောင်ဝေလောင် ‌ဗျ။ လှမ်းပြောတဲ့သူက ကျုပ်နောက်ဖက်က မူကျီလေ။

ခယ်လွင်သောင် တလေးတစားနဲ့..

“မင်းဆန္ဒအတိုင်း ဖြစ်စေရမယ် သခင်မလေး”

ကျုပ်လွတ်ဖို့အတွက် လေဟာနယ် ရွှေ့ပြောင်းနိုင်ပေမယ့် အချိန်တိုင်း လွမ်းနေရတဲ့ မူကျီမျက်နှာလေး ကြည့်ချင်လို့ ထွက်မပြေးသေးဘူး။

မူကျီ ပြောင်းလဲမသွားဘူးဗျ။ လှမြဲ လှနေတုန်းဆိုပေမယ့် အရင်ကနဲ့စာရင် တော်တော်လေး ပိန်ပြိး နုညံ့သွားသလိုပဲ။ သူဝတ်ထားတဲ့ မင်းသမီးဝတ်ရုံနဲ့ဆိုတော့ ပိုတောင် ကျက်သရေရှိနေသေးတယ်။ အရမ်းလှတဲ့ မူကျီနဲ့ ခပ်ချောချော ခယ်လွင်သောင်တို့ အတူရပ်နေတော့ တော်တော်ကို လိုက်ဖက်တဲ့ စုံတွဲ တစ်တွဲလိုဖြစ်နေတယ်။ ကျုပ်မျက်နှာက အမာရွတ်ကို ပွတ်ကြည့်ရင်း ကျုပ်နှလုံးသားမှာ မဖော်ပြနိုင်လောက်တဲ့ နာကျင်မှုခံစားရပြီး အံတွေ ကြိတ်လိုက်မိတယ်။ ကျုပ်မျက်လုံးထဲမှာလဲ ရှုတ်ထွေးမှုတွေ အတိုင်းသားပေါ့ဗျာ။

မူကျီ တိုက်ဖို့လုပ်နေတဲ့ ခယ်လွင်သောင်ကို လှမ်းတားရင်းနဲ့ ကျုပ်ကို..

“နင်ဘယ်သူလဲ။ ဒီ လေဟာနယ် မှော်ပညာ၊ ဒီခံစားချက် အရမ်းရင်းနှီးနေတယ်။ နင်ဘယ်သူလဲ”

ကျုပ်လဲ ကျုပ်စိတ်တွေအားလုံး မျိုသိပ်ချိုးနှိမ်ပြီး လေဟာနယ်မှော်ပညာသုံး ရင်းနဲ့..

“ငါ ဘယ်သူလဲဆိုတာ မေးမနေနဲ့။ နင်ငါ့ကို ဖမ်းမိဖို့ဆိုတာ ဖြစ်ကို မဖြစ်နိုင်ဘူး”

နောက်ကနေ မူကျီ လှမ်းအော်သံ ကြားလိုက်ရတယ်။

“ရပ်နေစမ်း။ နင်ဘယ်သူလဲဆိုတာ သေချာရှင်းပြအုံး..”

သူကိုယ်တိုင်လဲ လေမှော်ပညာကိုသုံးရင်း ခယ်လွင်သောင်နဲ့အတူ ကျုပ်နောက်ကို လိုက်လာနေတယ်။

သူတို့တွေ ကျုပ်ကို ဘယ်လိုလုပ် မှီနိုင်မှာတုန်း။ တာတိုလေဟာနယ် ရွှေပြောင်းခြင်းကို အစွမ်းကုန်သုံးပြီး နန်တော် အပြင်စည်း ဥယျာဉ် တစ်ခုထဲရောက်တော့ သူ့တို့ မျက်ချေပြတ်သွားပြီ။ နာကျင်နေတဲ့ ရင်ဘတ်ကို လက်တစ်ဖက်နဲ့ ဖိရင် ထောင့်တနေရာမှာ အသာလေး ဝပ်နေလိုက်တယ်။ မိုးကောင်ကင် မူကျီနဲ့ ကျုပ်တွေ့ခွင့် ပေးပြီး ဘာလို့များ ဒီလောက် ရက်စက်ရတာတုန်း။ ကျုပ်တို့တွေ တစ်ကိုတစ်ယောက် မခွဲနိုင်အောင် လုပ်ထားတာလားဗျာ။ ဘာကြောင့်လဲ။ ဝမ်းနည်းလွန်းလို့ မျက်ရည်တွေ စီးကျပြီး ညဝတ်စုံတောင် ရွဲကုန်တယ်။ မူကျီကို မြင်လိုက်ရတာနဲ့တင် စိတ်ကျေနပ်မိလိမ့်မယ်လို့ အစက ထင်ထားတာဗျ။ ဒါပေမယ့် သူ့ကို တွေ့ပြီး ကျုပ်စိတ်တွေ မထိန်းနိုင်တော့ဘူး။ ကျုပ်သူ့ကို ထပ်ကာထပ်ကာ ခိုးကြည့်ချင်စိတ်တွေ မထိန်းနိုင်တော့ဘူး။

ဥယျာဉ်လေးထဲမှာ အငွေ့အသက်တွေ သိမ်းထားလိုက်တယ်။ မူကျီနဲ့ ခယ်လွင်သောင် ချက်ချင်း ထွက်မသွားသေးဘဲ စကားပြောနေကြတယ်။

“အရှင် မင်းသမီး။ အရှင်မင်းကြီး စောင့်နေတယ်လေ။ သူစိတ်မပူရအောင် ငါတို့ သွားသင့်ပြီ။ ဒီကောင့်ကိုတော့ အလင်းကာကွယ်သူတွေ ခိုင်းလိုက်ရင် အဆင်ပြေပါပြီ”

မူကျီ အမူအရာက ရှုတ်ထွေးနေပြီး..

“အဲ့လူ ဘာလို့ ဒီလောက်ထိ ရင်းနှီးနေတဲ့ ခံစားချက်တွေ ပေးနေပါလိမ့်။ အဲ့လူကို သေချာသိနေတယ်။ ဒါပေမယ့် သူဘယ်သူလဲ..”

ကျုပ်ရင်ထဲ ထိသွားတယ်။ ကြည့်ရတာ ကျုပ်ပင်ကိုယ် အငွေ့အသက်တွေကို သူခွဲနိုင်နေတာများလား။ ကျုပ်ပုံစံနဲ့ အသံတွေ ပြောင်းသွားတာတောင် ကျုပ် မသိလိုက်တာက ကျုပ်လေ့ကျင့်ခဲ့ရတဲ့ မှော်စွမ်းအား အငွေ့အသက်တွေက ပြောင်းမသွားဘူး မို့လား။ ကျုပ်ပြောလိုက်မိတဲ့ စကားထဲမှာလဲ သူနဲ့ ဒီလောက်ထိ ရင်းနှီးတဲ့ အငွေ့အသက်တွေပါတာ ဘယ်လိုလုပ် မေ့သွားနိုင်မှာတဲ့တုန်း။

============= (*^*)=============

အပိုင်း( ၂၃၀ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters