လွတ်မြောက်ရေး အဆောင်
Vol. 16 Ch. 236
Child of light (ကျန်းကုန်း)
Volume 9: Chapter 30 - Escape Scroll
ဦးလေးထင်းတုံးက..
“မကောင်းတော့ဘူးကွ… ဒီမှာရှိတဲ့ ကောင်တွေအားလုံး မာန်နတ်လက်အောက်က အဆင့်မြင့် ကျွမ်းကျင်သူတွေက။ လွှတ်ဖို့ တော်တော် ခက်လိမ့်မယ်”
“ကျုပ်တို့မှာမှ ရွေးစရာမရှိတာ ခင်ဗျားဘယ်သူဆိုတာ ဖွင့်ပြောလိုက်ပါလား။ မလိုအပ်ဘဲ ခက်ခက်ခဲခဲ လုပ်စရာမလိုတော့ဘူးပေါ့”
“လူမိုက်။ ငါဘယ်သူဆိုတာ သိသွားရင် ရန်သူနဲ့ ပူးပေါင်းတဲ့ ရာဇဝတ်ကောင်ဆိုပြီး ငါ့ကို ကင်ပွန်းတပ်တော့ မှာပေါ့ဟ”
ကျုပ်လဲ ရုတ်တရက် အစီအစဉ်တစ်ခု စဉ်းစားမိသွားပြီး..
“မင်းက ငါတို့ကို ဖမ်းချင်တယ်ပေါ့လေ။ နောက်ဘဝထိအောင် ဆုတောင်းနေလိုက်”
ဦးလေးထင်းတုံးရဲ့ တိုက်ပွဲစိတ်ဝိညာဉ် အကာအကွယ်အောက်မှာ သိုလှောင်အိတ်ထဲကနေ လွတ်မြောက်ရေး အဆောင်ကိုထုတ်ပြီး အသက်သွင်းလိုက်တယ်။ အလင်းရောင်တွေ တဖျတ်ဖျတ်လက်ပြီး ကျုပ်တို့နှစ်ယောက်လဲ ကျောက်တုံးအခန်းထဲကနေ ပျောက်သွားရော။
နတ်ဆိုးမာနတ်ဘုရင် ပထမတော့ အံ့ဩသွားပြီးမှ သူ့လူတွေကို ဒေါသတကြီးနဲ့..
“အမှိုက်တွေ။ ဘာလို့ မလိုက်သေးတာလဲ။ သိပ်ဝေးဝေး မရောက်နိုင်သေးဘူးလေ…”
ဟုတ်တာပေါ့။ ကျုပ်တို့တွေ အဝေးကြီးကို တည်နေရာရွှေ့ပြောင်း တာမှမဟုတ်တာ။ ဒါပေမယ့် ကောင်းကင် အကျဉ်းထောင်ကနေတော့ ထွက်လာခဲ့ပြီလေ။ နတ်ဆိုး ဧကရာဇ်ကိုယ်တိုင် ထွက်လာရင်တောင် ကျုပ်နဲ့ ဦးလေး ထင်းတုံးကြီးကို ဖမ်းဖို့ မဖြစ်နိုင်သေးဘူးရယ်။
ဒီလွတ်မြောက်ရေး အဆောင် တော်တော်အသုံးဝင်မယ်ဆိုတာ ကျုပ်သိတာပေါ့ဗျာ။ အရေးအကြီးဆုံးအချိန်မှာ ကျုပ်အသက်ကို ကယ်နိုင်လိုက်တယ်။ ကျုပ်ဆရာတွေ ကျုပ်အသက်ကို ခနခန ကယ်ပေးနေခဲ့တာပဲ။ ဒီကိစ္စတွေ ပြီးသွားရင်တော့ ဒီလို လွတ်မြောက်ရေးအဆောင် ဘယ်လိုလုပ်ရတယ်ဆိုတာ သေသေချာချာ လေ့လာဖို့ ဆုံးဖြတ်ထားလိုက်တယ်။
ထင်းတဲ ပြန်ရောက်မှာ ကျုပ်နဲ့ ဦးလေးထင်းတုံးကြီး သက်ပျင်းချနိုင်တော့တယ်။ သူကုတင်ပေါ်မှာ မှီပြီး..
“တော်တော်ကို အန္တရာယ်များလိုက်တာပဲကွ။ ငါတို့မှာသာ လွတ်မြောက်ရေး အဆောင်မရှိရင် အချိန်တော်တော် ကြာအောင်ကို ရင်ဆိုင်တိုက်ပွဲဖြစ်မှာကွ။ ငါတို့ လွတ်ရင်တောင် တော်တော်ကို ပေးဆပ်ရမှာ”
“ကျုပ်တို့ ကယ်ဆယ်ရေးလုပ်တာ သူတို့ ဘယ်လိုများ သိသွားပါလိမ့်။ သူတို့အနေနဲ့ဆို ကျုပ်သေသွားပြီလို့ပဲ မှတ်နေကြမှာပါ။ လူသားမျိုးနွယ်ထဲက တစ်ယောက်ယောက်များ ဝင်လာလို့လားမသိဘူး”
ဦးလေးထင်းတုံးကြီး ခေါင်းယမ်းရင်းနဲ့..
“ငါမှန်းတာသာ မမှားရင် ပြီးခဲ့တဲ့ (၂)ရက်က မြို့ရိုးကို တိုက်ခိုက်တဲ့ကိစ္စမှာ နတ်ဆိုးမျိုးနွယ်ရဲ့ အထင်ကရ မြို့ကြီးကို တိုက်ခိုက်ရဲတာ လူသားမျိုးနွယ်ပဲဆိုပြီး အာရုံစိုက်နေကြလောက်တယ်။ သုံ့ပန်းတွေကို ကယ်ဖို့ တစ်ယောက်ယောက် ရှိလိမ့်မယ်ဆိုပြီး သံသယရှိကြမှာ ပုံမှန်ပါပဲ။ မင်းမိတ်ဆွေတွေကလဲ ခပ်ညံ့ညံ့ကောင်မပါတော့ ကယ်ထုတ်ခံရမယ်ဆိုရင် ပြဿနာကြီးမှာလေကွာ။ မာနတ် တော်တော်ကို ယုတ်မာတဲ့ ကောင်ကွ။ သူ့ဦးလေး သွေးတောင် ရင်းရလုနီးနီးဖြစ်သွားတာ”
ရုပ်ကြီးက မကျေမနပ်ပြောနေသလိုနဲ့ သူ့အပြုံးတွေက မာနတ်ဘုရင်ရဲ့ လုပ်ရပ်ကို ကျေနပ်နေတယ်ဆိုတာ သိသာတယ်။
“အော်.. တော်တော် ကောင်းနေတယ်ပေါ့လေ။ ကျုပ်တို့သာ မိတ်မိသွားရင် ငိုချင်လို့တောင် ငိုချိန် ရလိုက်မှာမဟုတ်ဘူး။ အခု ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။ ကျုပ်မိတ်ဆွေတွေ ဘယ်မှာ ချုပ်ထားမှန်းတောင် မသိလိုက်ရဘူး”
“အခြေအနေတွေ တင်းမာနေတော့ နောက်ထပ်အခွင့်အရေးတစ်ခု စောင့်ရတော့မှာပေါ့။ စိတ်ပူပြီး တအားတွေ စိတ်မရှည် မဖြစ်နဲ့အုံး။ အသာလေးပဲ ဇာတ်မြုပ်နေအုံး”
လောလောဆယ် လုပ်နိုင်တာဆိုလို့ ဒါပဲရှိတာကို။
......*****…..
ကျုပ်လဲ ရွေးစရာမရှိတော့တဲ့အတူတူ အစ်ကိုကြီးကျန်းဟူတို့ တည်နေရာသိရအောင် နန်းတော် အပြင်စည်း ပတ်ပတ်လည်မှာ ရှောင်ရို့ကို လွှတ်ပြီး စုံစမ်းခိုင်းလိုက်ရတယ်။ ဒါတောင် သူတို့နဲ့ ပတ်သက်ပြီး ဘာသတင်း အစအနမှ မရသေးဘူးဖြစ်နေရော။
ညဘက် ထင်းခွဲ။ နေ့လည်ဘက် ထင်းတဲရှေ့မှိန်းနေလိုက်မိတယ်။ ဦးလေး ထင်းတုံးကြီး လျှောက်လာပြီး ကျုပ်နား ဝင်ထိုင်တယ်။
“(၁၈) ဘာတွေ တွေးနေတာလဲကွ။ မင်းမိတ်ဆွေတွေကို စိတ်ပူနေတာလား”
“အချိန်ကြာလာတာတောင် သူတို့သတင်း မရသေးဘူးလေ။ နတ်ဆိုး ဧကရာဇ်ကြောင့်များလား..”
“မဖြစ်နိုင်ဘူးကွ။ နတ်ဆိုး ဧကရာဇ်ရဲ့ ပင်ကိုယ်စရိုက် ငါကောင်းကောင်းသိတယ်။ သူ…”
ပြောနေတုန်းမှာပဲ ရှဉ့်ပုံစံပြောင်းထားတဲ့ ရှောင်ရို့ အမြန်ပြေးရောက်လာတယ်။ ကျုပ်မသိစိတ်ကနေ တစ်ခုခု ဖြစ်တော့မယ်မှန်း အလိုလို သိနေပြီ။
ထင်ထားသလိုပါပဲဗျာ။ ရှောင်ရို့ ကျုပ်ပုခုံးကို ဖက်ပြီး..
“သခင်။ တော်တော် ဆိုးသွားပြီ။ မနက်ဖြန် နေ့လည်ကျ ကျန်းဟူနဲ့ ကျန်တဲ့သူတွေကို ပြည်သူ့ရင်ပြင်မှာ ကွပ်မျက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုပြီး နတ်ဆိုးမျိုးနွယ် ကြောညာလိုက်တယ်”
အဲ့သတင်းက ဘယ်ကမှန်းမသိတဲ့ မြှားတစင်း ကျုပ်နှလုံးသားကို လာစိုက်သလို ခံစားလိုက်ရတယ်။
ဦးလေး ထင်းတုံးကြီးက..
“နတ်ဆိုး ဧကရာဇ် ဘာလို့များ ဒီလိုအမိန့် ထုတ်လိုက်ရတာပါလိမ့်။ သူလုပ်တာတော့ မဖြစ်နိုင်ဘူး။ မင်းမိတ်ဆွေတွေကို သတ်ချင်ရင် ဘာကြေညာစရာလိုလို့တုန်း။ ဒါလူသားမျိုးနွယ်ဝင်ကို ပစ်မှတ်ထားတာ သေချာတယ်”
ကျုပ်လဲ နည်းနည်း စိတ်လှုပ်ရှားတာ ငြိမ်သွားမှ ပြတ်ပြတ်သားသားနဲ့..
“ဘာပဲဖြစ်ဖြစ် သူတို့ကို ကယ်ရမှာပဲ”
အစ်ကိုကြီးကျန်းဟူနဲ့ ကျန်တဲ့သူတွေ ကျုပ်ကြောင့် နတ်ဆိုးမျိုးနွယ်ထဲ ရောက်လာကြတာလေ။ ရေခြားမြေခြားမှာ သေတာတော့ ထိုင်ကြည့်မနေနိုင်ပါဘူး။ ဒီအခြေအနေရောက်မှတော့ ကျုပ်အသက်နဲ့ လဲရမယ်ဆိုရင်တောင် ကျေကျေနပ်နပ်ကြီး လဲပစ်တော့မယ်။
“မင်း.. မင်း… သေဒဏ်ကွင်းထဲမှာ ကယ်ချင်နေတာလား။ မဖြစ်နိုင်ဘူးလေ”
ကျုပ် လေးလေးနက်နက်ကို ခေါင်းညိတ်ပြလိုက်တယ်။
“သေဒဏ်ကွင်းမှာ လုံခြုံရေးတွေ ဘယ်လောက်ထူနေမလဲဆိုတာ မင်းမသိလို့လား။ နတ်ဆိုးဧကရာဇ် မရှိရင်တောင် သေဒဏ်ကွင်းမှာ စောင့်ကြပ်ဖို့ ကျွမ်းကျင်သူတွေ အများကြီးလွှတ်ထားမှာ။ ပြီးတော့ မာနတ်ကလဲ မင်းပေါ်လာစေချင်လို့ ထောင်ချောက်ဆင်တာဖြစ်ဖို့ များတယ်။ မင်းက လူသားမျိုးနွယ်ဆိုပေမယ့် မင်းသေတွင်းထဲ ခုန်ချတာတော့ ငါခွင့်မပြုနိုင်ဘူး”
“ကျုပ်သေရမယ်ဆိုရင်တောင် သူတို့အတွက် ပျော်ပျော်ကြီး သေပစ်လိုက်မယ်”
ဦးလေးထင်းတုံးကြီး ကျုပ်လက်ကို ခပ်တင်းတင်းကိုင်ရင်း..
“မင်း ငါ့ကို ကတိတွေပေးထားတာ မမေ့သေးဘူးမို့လား။ မင်းသေရင် ဘယ်သူက အဲ့ကတိတွေကို ဖြည့်ဆည်းပေးမှာတုန်း”
သူ့စကားတွေကြောင့် ကျုပ်တုန်လှုပ်သွားပြီး..
“ခင်ဗျားကို ကတိပေးထားတယ် ဆိုပေမယ့် အစစ်အမှန် မိတ်ဆွေဖြစ်အောင် အရင်ဆုံး ကျုပ်မိတ်ဆွေတွေကို ကူပြီး ကယ်ပေးလေ။ အခု ကတိရဲ့ အခြေခံအကျဆုံးကိုတောင် ကျုပ်တို့မလုပ်နိုင်သေးဘူးလေ။ ဒီတော့ ကျုပ်က ခင်ဗျားကို ဘယ်လိုလုပ် ဖြည်ဆည်းပေးနိုင်မှာတုန်း”
ဦးလေးထင်းတုံးကြီး ဒေါသတွေထွက်ပြီး ဆတ်ဆတ် တုန်ပြီး နှုတ်ခမ်းမွှေးတွေတောင် ထောင်လာသလား မှတ်တာပဲ။ ကျုပ်ကို တစ်ခုခု လုပ်ချင်တဲ့ပုံ ပေါ်လာတုန်း ရှောင်ရို့က ဝင်ပြီး..
“ငြင်းမနေကြပါနဲ့တော့။ သခင် ဦးလေးထင်းတုံးက သခင့်အတွက် ပြောတာမို့ စိတ်လျော့လိုက်ပါအုံး”
အဲ့တော့မှ ဦးလေးထင်းတုံးကြီး နည်းနည်း ပုံမှန်ဖြစ်သွားပြီး..
“ဟွင့်… မင်းက မြေခွေးလောက်တောင် ဉာဏ်မရှိတဲ့ကောင်”
သူ့အတွေ့အကြုံနဲ့ စွမ်းအားကြောင့် ရှောင်ရို့ရဲ့ မူလဇာစ်မြစ် ကောင်းကောင်းသိနေတယ်လေ။
ကျုပ်လဲ စကားဆက်မပြောတော့ဘဲ ကောင်းကင်ကိုမော့ပြီး..
“တခြားဘာများ လုပ်နိုင်အုံးမှာလဲ။ သူတို့တွေ ဘယ်မှာရှိမှန်းတောင်မသိတာ ငါတို့ကို ဒီအခြေအနေထိ တွန်းပို့ နေတာလေ”
ဦးလေးထင်းတုံးကြီး ကျုပ်ပုခုံးကို ပုတ်ပြီး..
“ကောင်းကင်ဘုံကတော့ လမ်းဆုံးအောင် မလုပ်ပါဘူးကွာ။ နည်းလမ်း တစ်ခုခုတော့ ရှိအုံးမှာပါ။ အာ.. ဟုတ်သားပဲ.. မင်း ခရီးရှည်တည်နေရာရွှေ့ပြောင်းနိုင်တယ်မို့လား။ သူတို့ကို အဲ့နည်းနဲ့ ပို့လိုက်လို့ မရဘူးလား”
“ကျုပ်က နတ်ဘုရား မဟုတ်ဘူးလေ။ လေဟာနယ် မှော်ပညာနဲ့ တောင်တွေကိုရွှေ့ပြီး ပင်လယ်တွေ ပြောင်းပြန်လှန်နိုင်မယ်များ ထင်နေလား။ မဖြစ်နိုင်ဘူးဗျ”
“ဒါတို တာတို တည်နေရာရွှေ့ပြောင်း တာကိုရောကွာ”
ကျုပ်လဲ ဆရာကျန်းပေးထားတဲ့ စာအုပ်ထုတ်ပြီး အဆုံးထိ ပြန်လှန်ကြည့်လိုက်တယ်။
“မဖြစ်နိုင်တာ သေချာတယ်ဗျ။ တားမြစ် လေဟာနယ်မှော်ပညာနဲ့ လူတစ်ယောက်ကို အတိုင်းအတာတစ်ခုထိ ခနလေးပိတ်ထားပြီး လိုအပ်တဲ့အချိန်ကျမှ ပြန်ခေါ်ထုတ်လို့တော့ ရနိုင်တယ်”
“ဒါဆို အလုပ်မဖြစ်ဘူးလား။ ဒီနည်းလမ်းနဲ့ဆို မင်းမိတ်ဆွေတွေကို ကယ်နိုင်မှာသေချာတယ်”
ကျုပ်လဲ မချိပြုံး ပြုံးပြီး..
“ခက်တာက ကျုပ်မှာ မှော်စွမ်းအား အလုံအလောက် မရှိဘူး။ မခုခံတဲ့လူကို ချိပ်ပိတ်ဖို့ တတ်နိုင်ပေမယ့် လူဆယ်ယောက်လုံးကို တခါတည်း ချိပ်ပိတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”
============= (*^*)=============
အပိုင်း( ၂၃၇ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား