← Chapters

ကွပ်မျက်ပွဲအတွက် ပြင်ဆင်ခြင်း

Vol. 16 Ch. 237

ကွပ်မျက်ပွဲအတွက် ပြင်ဆင်ခြင်း

Vol. 16 Ch. 237

Child of light (ကျန်းကုန်း)

Volume 9: Chapter 31 - Preparing for the Execution

ဦးလေးထင်းတုံးကြီး ပြုံးရင်းနဲ့..

“ငါ့စွမ်းအားနဲ့ ပေါင်းရင်ရောကွာ..”

သူ့ပြောချင်တဲ့ စကားကို နားလည်သွားပြီး ကျုပ် တစ်ချက်တုန်လှုပ်သွားမိတယ်။

“ခင်ဗျား. ပြောချင်တာက….”

“မင်းခန္ဓာကိုယ်ထဲက စွမ်းအားတွေက မှော်ပညာစစ်စစ်မဟုတ်သလို တိုက်ပွဲစိတ်ဝိညာဉ်စွမ်းအားတွေလဲ မဟုတ်ဘဲ ပေါင်းစပ်စွမ်းအားတွေလေ။ မင်းမန္တန်ရွတ်တာနဲ့ မင်းခန္ဓာကိုယ်ထဲကို ငါ့နတ်ဘုရားအဆင့် တိုက်ပွဲစိတ်ဝိညာဉ်စွမ်းအားတွေ ထည့်ပေးလိုက်ရင် မင်းအနေနဲ့ မှော်စွမ်းအားကို ချက်ချင်းပြောင်းနိုင်တယ်။ အဲလိုဆို မင်းမိတ်ဆွေတွေကို ချိပ်ပိတ်ထားနိုင်လောက်မယ်”

သူ့စကားကြားတော့ ဆရာကျန်းအကူအညီနဲ့ တားမြစ်အလင်းမန္တန်သုံးခဲ့ဖူးတာ သွားသတိရမိတယ်။ ခေါင်းထဲမှာ ပေါ်လာတဲ့ အိမ်လွမ်းဝေဒနာကိုတောင် မကျော်နိုင်ဘူး ဖြစ်သွားတာ။

ဦးလေးထင်းတုံးကြီး ကျုပ်ကို လှမ်းဆွဲပြီး..

“အလုပ်မဖြစ်လောက်ဘူး ထင်လို့လား။ ငါ့ကို ပြောစမ်းပါအုံးဟ”

ကျုပ်လဲ အတွေးထဲက နိုးလာပြီး..

“ပုံမှန် အယူအဆအရဆိုရင် တိုက်ပွဲနတ်ဘုရားအဆင့်ဖြစ်တဲ့ ခင်ဗျားရဲ့ အကူအညီနဲ့ဆို ပြောင်းသွားမယ့် မှော်စွမ်းအားတွေက လုံလောက်နိုင်လောက်တယ်။ ဒါပေမယ့် တကယ့် လက်တွေ့မှာ ထပ်တူကျနိုင်ပါ့မလား မပြောတတ်သေးဘူး။ ကံတရားက ကျုပ်တို့ဘက်ရှိနေရင်တော့ (၅၀)ရာခိုင်နှုန်းလောက် အခွင့်အရေးရှိပါတယ်”

“အခွင့်အရေး (၅၀)ရာခိုင်နှုန်းလောက်ဆိုရင် ကြိုးစားရကျိုးနပ်ပါတယ်။ အဲ့အချိန် သူတို့ကို အာရုံလွှဲဖို့အတွက် ငါ့တိုက်ပွဲစိတ်ဝိညာဉ်ကို သုံးလိုက်မယ်။ မင်းက ချက်ချင်း မန္တန်အသက်သွင်းပေါ့။ နည်းနည်း စိတ်ရှုတ်စရာက ပြည်သူ့ရင်ပြင်က တော်တော်ကျယ်တဲ့အပြင် လူအုပ်ကြီးရှေ့မှာ အဲ့မန္တန်သုံးလိုက်ရင် သတိထားမိသွားဖို့ များတယ်။ ငါတို့ကိုသာ ဝိုင်းထားရင် တားမြစ်မန္တန်နဲ့တောင် လွတ်ဖို့ခက်မှာကွ”

တကယ့် ပြဿနာကြီးပါလား။

“ဒီကနေ ပြည်သူ့ရင်ပြင်အလယ်ကို ဘယ်လောက်ဝေးလဲ”

“(၅)ကီလိုမီတာလောက် ဝေးတယ်”

သူ့စကားကြားတော့ ဟိုင်ရှင်းကျူုပ်ကို ကယ်ခဲ့တဲ့ တည်နေရာရွှေ့ပြောင်း အဆောင်ကို သတိရလိုက်မိတယ်။ ကျုပ်သာလုပ်နိုင်ရင် ပိတ်မိမှာ မကြောက်ရတော့ဘူး။

“တားမြစ်မန္တန်သုံးပြီးသွားရင် ခင်ဗျားမှာ စွမ်းအား ဘယ်လောက်ကျန်လောက်မယ် ထင်လဲ”

ဦးလေးထင်းတုံးကြီး တွေးတွေးစစနဲ့..

“မင်း တားမြစ်မန္တန်က ဘယ်လောက်ထိ အစွမ်းထက်မလဲ၊ အဲဒါကို အသက်သွင်းဖို့ လိုအပ်ချက်အပေါ် မူတည်မှာဆိုတော့ ပြောရမှာခက်တယ်ကွ။ မန္တန်ကတော့ ငါတို့နှစ်ယောက်လုံး စွမ်းအားတွေသုံးရမယ်ဆိုရင် ငါ့စွမ်းအား အကုန်မကုန်လောက်ဘူး ထင်ရတာပဲ”

“ကောင်းပြီလေ။ ကျုပ်မိတ်ဆွေတွေကို ချိပ်ပိတ်ပြီး ခင်ဗျားနဲ့ကျုပ် အသက်ရှူနိုင်နေဖို့ပဲလိုတယ်။ ကျုပ် လွတ်မြောက်အဆောင်ဖွင့်နိုင်ရင် သူတို့ကို အောင်အောင်မြင်မြင်နဲ့ ကိုင်နိုင်မှာပဲ”

“ငါဒီလိုမျိုး စိတ်မလှုပ်ရှားရတာ နှစ်ပေါင်း တော်တော်တောင်ကြာသွားပြီ။ ငါ့ကို စိတ်ဝင်စားမှု အပြည့်အဝကို ပေးနိုင်တာပဲကွ”

“ဒါ တော်တော်ကို အန္တရာယ်များတဲ့အလုပ်နော်၊ ကလေးကစားနေတာမဟုတ်ဘူး”

ဒီအဘိုးကြီး ဒီရက်ပိုင်း တော်တော်ကို စိတ်ကြည်နေတဲ့ပုံပဲ။ ကျုပ်လွှမ်းမိုးမှုကြောင့်များလားပဲ။ အမယ် သူက..

“စိတ်မပူနဲ့။ မင်းအရင်ဆုံး အစမ်းလုပ်ကြည့်ချင်သေးလား”

“အချိန်မရတော့ဘူး။ အရင်ဆုံး အစမ်းလေ့ကျင့်ကြည့်ရင် အောင်မြင်နိုင်ချေ မြင့်လာမယ်ဆိုပေမယ့် ကျုပ်အထွတ်အထိပ် အနေအထားကို ပြန်မရောက်နိုင်ဘူး။ ပြီးတော့ ကျုပ်တို့ အသက်အန္တရာယ် ကာကွယ်ဖို့ လွတ်မြောက်ရေးအဆောင် လုပ်ထားရအောင် ကျုပ်အချိန်လိုသေးတယ်။ တော်ဝင်မိသားစု ကာကွယ်သူအားလုံးနဲ့တော့ မတိုက်ခိုက်နိုင်လောက်ဘူး မို့လား”

“မင်းပြောတာမှန်တယ်။ ငါတို့မှာ ရွေးစရာမရှိတော့ရင် အဲ့အဆောင်သုံးဖို့ လိုသေးတယ်။ ငါမင်းကို သတိပေးထားချင်တာ တစ်ခုတော့ရှိသေးတယ်”

“လူမသတ်မိစေနဲ့လို့တော့ ထပ်မပြောနဲ့နော်”

“ဟုတ်တယ်ကွ။ အဲဒါ တားမြစ်မလို့ပဲ”

“သူတို့တွေ ကျုပ်ကို ဝိုင်းသတ်ရင်ရော ဘယ်လိုလုပ်မလဲ။ အသတ်ခံဖို့တော့ ရပ်စောင့်မနေနိုင်ဘူးလေ။ နတ်ဆိုးမျိုးနွယ်ပဲ အသက်ရှိကြတာလား။ လူသားမျိုးနွယ်ကရော အသက်မရှိလို့လား။ လုပ်ငန်းကြီးကြီး လုပ်တဲ့အချိန်တိုင်း စွန့်လွှတ်အနစ်နာခံမှုတွေ ရှိစမြဲဆိုတာ မသိလို့လား”

ကျုပ်လဲ ဒေါသတကြီး ပြောလိုက်မိတော့တယ်။ ကျုပ်ကရော အလကားနေ ဘယ်သူ့ကို သတ်ချင်နေလို့တုန်း။ ဟိုကြောက် ဒီကြောက် ကြောက်နေရရင် တခြားလူတွေကို ကယ်ဖို့နေနေသာသာ ကျုပ်ကိုယ်တိုင်သော သေသွားနိုင်တယ်လေ။

ဦးလေးထင်းတုံးကြီး မျက်နှာပြင် စိမ်းနေတာကနေ တဖြည်းဖြည်းလျော့သွားတယ်။ အတော်ကြာမှ သက်ပြင်းချပြီး..

“ကောင်းပြီလေ။ အခြေအနေပေါ် မူတည်မှာပဲ။ ဒါပေမယ့် မင်းအနေနဲ့ နတ်ဆိုးမျိုးနွယ်အပေါ် ငဲ့ညှာဖို့ မျှော်လင့်ပါတယ်”

ကျုပ်လဲ အဲ့အဘိုးကြီးရုပ်ကြည့်ပြီး စိတ်တွေပျော့သွားတယ်။

“ကျုပ်က သတ်ရဖြတ်ရတာ ကြိုက်တဲ့သူမဟုတ်ဘူး။ ကျုပ်အသက် မထိခိုက်သရွေ့ ပေါ့ပေါ့တန်တန် လုပ်မှာ မဟုတ်ဘူး။ ပြင်းတော့ တားမြစ်မန္တန်သုံးပြီးရင် ကျုပ်မှာ လက်ကျန်စွမ်းအား နည်းနည်းလောက် ကျန်ပါအုံးမလားဆိုတာ ပြဿနာရှိနေတုန်းပဲ”

ရှောင်ရို့က..

“သခင်.. အချိန်မရှိတော့ဘူးနော်။ လွတ်မြောက်ရေးအဆောင် ပြီးအောင်ပဲ အမြန်ဆုံးလုပ်သင့်တယ်”

ကျုပ်လဲ ခေါင်းညိတ်ပြီး ထင်းတဲလေးထဲ ပြန်လာခဲ့လိုက်တယ်။ ဆရာကျန်းပေးထားတဲ့ စာအုပ်ထုတ်ပြီး သေချာ လေ့လာလိုက်တယ်။ ဦးလေးထင်းတုံးကြီးကတော့ ထင်းတုံးတွေ ခွဲရင်းနဲ့ ကျုပ်တို့အတွက် ကင်းစောင့်ပေးနေတယ်။

လွတ်မြောက်ရေးအဆောင် ဖန်တီးတဲ့ ပုံသေနည်းတွေ၊ အယူအဆတွေ လေ့လာပြီးတာနဲ့ ကျုပ်လဲ လုပ်ငန်းစတော့တာပဲ။ မအှောင်ခင်လေးမှာပဲ လွတ်မြောက်ရေး အဆောင်(၃)ခု လုပ်နိုင်ခဲ့လိုက်တယ်။ ဦးလေး ထင်းတုံးနဲ့ကျုပ် ညနက်ပိုင်းရောက်တော့ စုံစမ်းဖို့ အတွက် ပြည်သူ့ရင်ပြင်နေရာကို တိတ်တိတ်လေး သွားလိုက်တယ်။

“ဟိုမှာကြည့်လိုက်။ အဲဒါ သေဒဏ်ပေးတဲ့နေရာ ဖြစ်လိမ့်မယ်။ အဲ့အချိန်.. အာ ဟုတ်သားပဲ။ မင်းရဲ့ ခရီးတို တည်နေရာရွှေ့ပြောင်းခြင်းက အဝေးကနေ လုပ်လို့ရလား”

ကျုပ်လဲ စာအုပ်ထဲက အချက်အလက်တွေ ပြန်ပြောပြလိုက်တယ်။

“လူတစ်ယောက်ကို တံဆိပ်ခတ်နိုင်ဖို့ဆိုရင် မီတာ(၅၀)အကွာလောက် မှာ ရှိရမယ်။ မီတာ(၅၀၀)ဆိုရင်တောင် ကျုပ်တို့ ပေါင်းစပ်စွမ်းအားနဲ့ဆို မန္တန်အသက်သွင်းဖို့ ပြဿနာ မရှိလောက်ဘူး”

“ဒီနေရာကို ရင်းနှီးအောင် သေချာလုပ်ထား။ မနက်ဖြန်ကျ လူအုပ်ထဲရောက်ပြီး အခြေအနေအရ လှုပ်ရှားကြတာပေါ့”

ကျုပ်လဲ ခေါင်းညိတ်ပြပြီး လွတ်မြောက်ရေး အဆောင်လေး ထုတ်လိုက်တယ်။

“ကဲ ကျုပ်တို့တွေ ထင်းတဲကို အောင်အောင်မြင်မြင် ပြန်ရောက်နိုင်မလားဆိုတာ စမ်းကြည့်တာပေါ့”

ပြောပြီးတာနဲ့ ကျုပ်လဲ လွတ်မြောက်ရေး အဆောင်ကို အသက်သွင်းလိုက်တယ်။ အလင်းတဖျတ်ဖျတ်နဲ့အတူ ကျုပ်တို့ ချက်ချင်း ပျောက်သွားတာပေါ့။

….*****….

အာ.. နံလိုက်တာဗျာ။ ကျုပ်တို့ ဘယ်မှာပါလိမ့်။ နှာခေါင်းကို ပိတ်ပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်ပေမယ့် ဘာမှမမြင်ရဘူး။ ဦးလေးထင်းတုံးကြီး ကျုပ်ကို ရိုက်ရင်း..

“ငါတို့ကို ဘယ်နေရာပို့လိုက်တာတုန်း”

မကောင်းတော့ဘူး။ ဒီလွတ်မြောက်ရေး အဆောင် ကောင်းကောင်း အလုပ်မလုပ်ရင် ပြင်ဖို့ဆင်ဖို့လဲ အချိန်မရှိတော့ဘူး။ တွေးရင်းနဲ့ ပတ်ဝန်းကျင်ကို အလင်းရောင် နည်းနည်း ဖြန့်လိုက်တယ်။ ထင်ထားသလိုပဲ ကျုပ်တို့တွေ အိမ်သာတစ်ခုထဲ ရောက်နေတယ်ဆိုပေမယ့် မီးဖိုဆောင်ရဲ့ အိမ်သာဆိုတော့ ဦးလေးထင်းတုံးနဲ့ ကျုပ် တော်တော် ပျော်သွားတယ်။ ထင်းထဲကို နည်းနည်းပဲ လျှောက်လိုက်ရတယ်လေ။ ကျုပ်တည်နေရာ သတ်မှတ်တာ မတိကျလိုက်ပေမယ့် ဆိုးတော့ မဆိုးပါဘူး။

ဦးလေးထင်းတုံးနဲ့ ကျုပ် ထင်းတဲထဲ အသာပြန်ဝင်လိုက်တယ်။ ကျန်နေတဲ့ လွတ်မြောက်ရေးအဆောင်ကို ကိုင်ထားရင်း.. မနက်ဖြန် အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေရဲ့ သေခြင်းရှင်ခြင်းက ဒီအဆောင်တွေပေါ်မှာ မူတည်မှာပဲ။

......*****….

မနေ့က လူသားမျိုးနွယ် လုပ်ကြံရေးသမားတွေကို ကွပ်မျက်မယ်ဆိုပြီး နတ်ဆိုးဧကရာဇ် ကြေငြာထားတာဆိုတော့ လူတော်တော်များများ အလျှိုလျှိုထွက်လာပြီး ပြည်သူ့ရင်ပြင်မှာ စုလာကြတယ်။ နတ်ဆိုးတော်တော်များများက လူသားပုံစံ မမြင်ဖူးကြသေးဘူးဆိုတော့ မြင်ချင်ကြသေးတာလေ။ ဦးလေး ထင်းတုံးနဲ့ ကျုပ်လဲ လူအုပ်ထဲရောက်နေလိုက်တယ်။ ကျုပ်တို့ ပုံစံတွေကို နည်းနည်းလေး ရုပ်ဖျက်ထားတယ်လေ။ ကျုပ်တို့ အစွမ်းနဲ့ဆို လူစုလူဝေးနဲ့ ဝိုင်းအတိုက်ခံရမှာသေချာတယ်။ ဒီလိုနဲ့ ရင်ပြင် အလယ်ဗဟိုကနေ မီတာ(၅၀)အကွာကို အလွယ်တကူ ရောက်သွားပါလေရော။

============= (*^*)=============

အပိုင်း( ၂၃၈ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters