တားမြစ်မန္တန်
Vol. 16 Ch. 238
Child of light (ကျန်းကုန်း)
Volume 9: Chapter 32 - Forbidden Seal
ဦးလေးထင်းတုံးကြီး ကျုပ်ကို အကြည့်တစ်ချက်နဲ့ အသင့်ပြင်ထားဖို့ အချက်ပေးတယ်။
အရင်က စင်ကို ဘယ်မှာမှန်း မသိခဲ့လိုက်ဘူး။ စင်မြင့်က (၃)မီတာလောက်မြင့်ပြီး (၃၃)မီတာလောက် ကျယ်တာပဲ။ အနားတဝိုက်မှာ သတ္ထုတွေနဲ့ ကာထားတဲ့အပြင် တော်ဝင် ကာကွယ်သူတွေနဲ့ ပြည့်နှက်နေလေရဲ့။
နတ်ဆိုး မာနတ်ဘုရင်ကတော့ စင်မြင့်အလယ်မှာ မိန့်မိန့်ကြီး ထိုင်နေတယ်။ ဘာလို့ အဲ့ဟာကြီးပဲ ဖြစ်နေတာတုန်းကွာ။ ကျုပ်များ သူ့ကို တစ်ခုခု အပြစ်လုပ်ခဲ့မိလို့လား။ အေးစက်စက် သူ့ပုံစံ ကြောင့် ကျုပ်မှာဖြင့် နားမလည်နိုင်လောက်အောင်ပဲ။ ဘာဖြစ်ဖြစ် နတ်ဆိုး ဧကရာဇ်ကိုယ်တိုင် လာပြီး ကြီးကြပ်တာမဟုတ်သရွေ့ ယုံကြည်ချက် ရှိတာပေါ့ဗျာ။ ဒါပေမယ့် မာနတ်ဘုရင်ဘေးက မူကျီကို ကြည့်ပြီး ကျုပ်နှလုံးသား တဆတ်ဆတ် တုန်သွားတယ်။ မူကျီ နည်းနည်းတော့ ဝိတ်ကျသွားတယ်ဗျ။ မျက်နှာကာလေး တပ်ထားပေမယ့် သူ့မျက်နှာ ဖြူရော်နေတာ မြင်လိုက်ရသေးတယ်။ သူ့တကိုယ်လုံးလဲ အစိမ်းရောင် ဝတ်စုံဝတ်ထားသေးတယ်။ သူဘာလို့ ဒီကို လာခဲ့တာပါလိမ့်။
ဦးလေးထင်းတုံးကြီး ကျုပ်ပုခုံးကို ပုတ်ပြီး..
“ကြည့်ရတာ ငါ့မြေးမလေးအပေါ် မင်းတော်တော်ကို လေးနက်တာပဲကွ။ မင်းစိတ်မင်း မထိန်းချုပ်နိုင်ရင်လဲ ကျန်တာတွေ ဘေးချိတ်ထားလိုက်ကွာ”
ဒါ ဆွဲဆောင်မှုကြီးတစ်ခုပဲ။ ဒါပေမယ့် မူကျီကို ကျုပ်ဘယ်လိုရင်ဆိုင်ရမှာလဲ။ မူကျီနဲ့ ပတ်သက်တဲ့ အတွေးအားလုံးကို ရှင်းပစ်ဖို့ ကျုပ်လဲ ခပ်ပြင်းပြင်းလေး ခေါင်းခါလိုက်တယ်။
အဲ့အချိန်မှာ နတ်ဆိုး မာနတ်ဘုရင်က..
“ရာဇဝတ်သားတွေ ခေါ်ထုတ်ခဲ့ဟေ့”
အစ်ကိုကြီး ကျန်းဟူနဲ့ ကျုပ်မတွေ့ရတာကြာပြီ။ လက်နှစ်ဖက် ခြေနှစ်ဖက်ကို သတ္ထုခြေထိပ် လက်ထိပ်တွေ ခတ်ထားတာတောင် အေးအေးဆေးဆေးနဲ့ စင်ပေါ်လျှောက်သွားလိုက်တယ်။ ဦးလေးထင်းတုံးက တိုးတိုးလေးနဲ့..
“အခွင့်အရေး တစ်ခုပေါ်လာရင်း စိတ်အေးအေးထားပြီး လှုပ်ရှားနော်”
ကျုပ်လဲ ခေါင်းပဲညိတ်ပြပေးလိုက်တယ်။
မာနတ်ဘုရင် အရှိန်အဝါတွေ လွှတ်ရင်း စင်မြင့်ရှေ့ကို လျှောက်သွားတယ်။
“မြင့်မြတ်အလင်းအင်ယာသားတို့… ငါတို့နိုင်ငံတော်နဲ့ ရဲရင့်သောမြူနှင်းအင်ပါယာက သမိုင်းတလျှောက် အပြင်းထန်ဆုံး ကျူးကျော်မှုအတွက် မဟာမိတ်ဖွဲ့ထားတယ်ဆိုတာ အားလုံးအသိပဲ။ ဒီတိုက်ပွဲအတွင်း နိမ့်ကျတဲ့ လူသားမျိုးနွယ်ဝင်တွေ ငါတို့ရဲ့ ရဲရင့်တဲ့စစ်သည်တော်တွေနဲ့ ထိပ်တိုက် မတိုက်ဝံ့ဘဲ၊ ငါတို့ရဲ့ မြင့်မြတ်တဲ့ အရှင်မင်းကြီး နတ်ဆိုးဧကရာဇ်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြတယ်။ ဒီရာဇဝတ်သားတွေက တရားခံတွေပဲပေါ့။ အခု ငါတို့တွေအနေနဲ့ သူတို့ကို ဘာလုပ်သင့်လဲ”
ပြောရင်းနဲ့ အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေကို လက်ညှိုးထိုးပြလိုက်တယ်။
ကွင်းထဲက နတ်ဆိုးတွေအားလုံး ထရပ်ပြီး..
“သတ်ပစ်… သတ်ပစ်…”
မာနတ် ခေါင်းညိတ်ပြီး..
“အားလုံးပြောတာမှန်တယ်။ ဒီလိုနိမ့်ကျတဲ့ အမှိုက်တွေနဲ့ တွေ့ရမယ်ဆိုရင် သတ်သာသတ်ပစ်လိုက်။ ဘာလုပ်ရမလဲ.. သတ်… သတ်… သတ်..”
ပြောပြီးတာနဲ့ သူ့ပုံစံက စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေတာဖြင့် တကယ့်ကို လူယုတ်မာကြီးတစ်ယောက်ကို ကြည့်နေရတဲ့အတိုင်းပဲဗျာ။
သူ ကြေငြာချက်ထုတ်နေတုန်း ကျန်းဟူနဲ့ ကျန်တဲ့သူတွေကို ကျုပ်ပြောထားတယ်။ ဘာဖြစ်ဖြစ် သူတို့စိတ်တွေ ဖြေလျော့ထားမှ ရမယ်လေ။ မဟုတ်ရင် ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။ ရုန်းကန်တဲ့ အရိပ်အယောင်တွေသာ ပြလိုက်ရင် ကျုပ်အတွက်တော့ ဖိအားတွေ တော်တော်ကြီးသွားမှာ သေချာတယ်။
ကျုပ်သတိမထားမိလိုက်တာတစ်ခုက အဲလို အသိပေးနေတဲ့အချိန် မာနတ်ရဲ့ နားရွတ်တွေ လှုပ်ပြီး သူ့မျက်နှာမှာ လျှို့ဝှက်အပြုံးတစ်ခု မသိမသာ ပေါ်လာတာဗျ။
“အချိန်ကောင်းပဲ အသင့်ပြင်တော့”
ဦးလေးထင်းတုံးကြီး မြေပေါ်ကို ခပ်ပြင်းပြင်း ခြေစောင့်ချလိုက်ပြီး ဘယ်ဘက်အခြမ်းမှာ အားကောင်းတဲ့ စွမ်းအင် လှိုင်းလုံးတစ်ခု ဖန်တီးလိုက်တယ်။ ဦးလေး ထင်းတုံးကြီးက..
“စလိုက်ကြစို့..”
သူ့လက်ကို ကျုပ်နောက်ကျောပေါ် တင်လိုက်တဲ့အချိန် ပြင်းထန်ဖြူစင်လါန်းတဲ့ တိုက်ပွဲစိတ်ဝိညာဉ်တွေ ကျုပ်ရင်ထဲ တိုးဝင်လာတယ်။ ကျုပ်လဲ အာရုံစိုက်ပြီး ရွှေအမြူတေ(၃)ခုကို အမြန်လှည့်ပတ်ပြီး အဆုံးမဲ့ တိုက်ပွဲစိတ်ဝိညာဉ်တွေကို မှော်စွမ်းအားတွေအဖြစ် ပြောင်းလဲ ပစ်လိုက်တယ်။
“လေဟာနယ်ကို ပြောင်းလဲပြီး ပမာဏသေးသေးထိအောင် ထိန်းချုပ်နိုင်တဲ့ လေဟာနယ်ရှင်။ ကျွန်ုပ်သတ်မှတ်ချက်အတိုင်း သတ္တဝါတွေကို ဖုံးအုပ်ပြီး ရန်သူများလက်မှကာကွယ်ရန် သင်၏ အဆုံးမဲ့ နတ်ဘုရားစွမ်းအားကို သုံးပေးဖို့ တောင်းပန်အပ်ပါတယ်။ ကျေးဇူးပြုပြီး ကျုပ်ရဲ့ တောင်ဆိုချက်ကို ဖြည့်ဆည်းပေးပါ။ တားမြစ်လေဟာနယ်အထူးမန္တန်”
အဲဒါ ဆရာကျန်းပေးထားတဲ့ စာအုပ်ထဲမှာပါတဲ့ တစ်ခုတည်းသော တားမြစ်မန္တန်ဗျ။ ဆရာကျန်း ပြောပုံအရဆို ဒီဟာကို သူအရင်က မသုံးဖူးသေးတဲ့ ရှေးမန္တန်တစ်ခုတဲ့။ မန္တန်ကိုသုံးဖို့ကလဲ နည်းပညာ တွေရှိသေးတယ်။ ပထမဆုံးတစ်ချက်က ရန်သူတွေကို ချေမှုန်းဖို့အတွက် အကုန်လုံး စုပ်ယူနိုင်တဲ့ လေဟာနယ် အက်ကွဲကြောင်းကြီးတစ်ခု ကိုမျဉ်းစောင်း ပုံစံအတိုင်း ပစ်လွှတ်တဲ့နည်းပေါ့။ ဒုတိယ တစ်မျိုး ချိပ်ပိတ်တာက ပစ်မှတ်ကို အချိန်အတိုင်းအတာတစ်ခုအထိ ချိပ်ပိတ်ထားပြီး နောက်မှ ပြန်လွှတ်ပေးဖို့ပေါ့ဗျာ။ သုံးတဲ့သူရဲ့ အရည်အချင်းအပေါ် မူတည်ပြီး ချိပ်ပိတ်ထားနိုင်တဲ့ ကြာချိန် ကွာခြားသွားတာပေါ့။ အကယ်၍ ကျုပ်သာ မှော်ဘိုးဘေးအဆင့်ကို တကယ်ကြီး ရောက်နေမယ်ဆို ဒါတွေကို ထာဝရ ချိပ်ပိတ်ထားဖို့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူးရယ်။ လောလောဆယ်တော့ အချိန်အတိုင်းအတာ တိုတိုလေး တစ်ခုထိပဲ ချိပ်ပိတ် ထားနိုင်သေးတာပေါ့ဗျာ။ လုံခြုံတဲ့နေရာရောက်မှာ သူတို့ကို လွှတ်ပေးမှာလေ။ ဒါပေမယ့် ချိပ်မှုထားနိုင်မှု ကြာချိန်နဲ့ မန္တန်ကို ထိန်းသိမ်းထားဖို့အတွက် ကျုပ်ကန့်သတ်ချက်ထက် ကျော်သွားမယ်ဆိုရင် ချိပ်ပိတ်ခံထားရတဲ့ သူတွေကတော့ လေဟာနယ် အက်ကွဲကြောင်းကြီးတစ်ခုထဲမှာ ထာဝရ ပိတ်မိသွားမှာပေါ့။
မန္တန်ရွတ်ပြီးသွားတာနဲ့ ပြည်သူ့ရင်ပြင် ဘယ်ဘက်ခြမ်းက အဆောက်အဦတစ်ခု ရုတ်တရက် ပေါက်ကွဲသွားတယ်။ ကျယ်လွန်းတဲ့ အသံကြောင့် လူတွေအားလုံး အာရုံရောက်သွားကြတယ်။ အဲဒါ ဦးလေးထင်းတုံးကြီး လက်ချက်ဆိုတာ ကျုပ်သိနေတယ်လေ။
မန္တန်ရွတ်ပြီးသွားတဲ့အချိန် ကျုပ်ပတ်ပတ်လည်က လေဟာနယ်ဒြပ်စင်တွေ အရူးအမူးလှည့်ပတ်လာပြီး ပရိတ်သတ်တွေကို (၁၀)မီတာအကွာထိ တွန်းထုတ်ပစ်လိုက်တယ်။ ကျုပ်နောက်မှာရှိတဲ့ ဦးလေးထင်းတုံးကြီး အနေနဲ့တော့ ကျုပ်က အဆုံးမရှိတဲ့ တွင်းနက်ကြီးတစ်ခုလိုမျိုး သူ့တိုက်ပွဲစိတ်ဝိညာဉ်တွေကို အရူးအမူး စုပ်ယူနေတာ ခံလိုက်ရတော့တာပဲ။ (၆)မြှောင့် ဝင်္ကပါကြီးတစ်ခု ကျုပ်အောက်မှာပေါ်လာပြီး လက်တွေကို အလိုအလျှောက် မြှောက်လိုက်မိတယ်။ နတ်ဘုရားလက်နက်ကို သုံးတဲ့အချိန်တုန်းကနဲ့ တူတဲ့ နတ်ဘုရားစွမ်းအားအလင်းတွေ ကျုပ်ခန္ဓာကိုယ်ကနေ ထွက်လာတယ်။ ကျုပ်ဆံပင်လဲ ရွှေရောင်ပြောင်းသွားပြီး အလင်းအတောင်ပံ (၆)ခု နောက်ကျောဘက်မှာ ပေါ်လာတယ်။ ရွှေအမြူတေ(၃)ခုကလဲ စိတ်ကြိုက်လည်နေလိုက်တာ ကန့်သတ်ချက်ထက်ကို ကျော်နေကြပြီ။
မာနတ်လဲ ပေါက်ကွဲတဲ့ဘက်ကနေ ကျုပ်ဘက်ကို စိတ်လည်လာပြီး မန္တန်ကို မြင်လိုက်ရတဲ့အချိန် သူ့အတွေ့ အကြုံအရ ချက်ချင်းသဘောပေါက်သွားပြီး..
“သူ့ကို အမြန်တားလိုက်။ ဒီကောင် တားမြစ်မန္တန်သုံးနေတယ်..”
နတ်ဆိုးတွေ တခနတွင်းချင်း ဗရမ်းဗတာတွေ ဖြစ်ကုန်ပြီး ပြည်သူ့ရင်ပြင်ကနေ အမြန်ထွက်နိုင်ဖို့ ကြိုးစားနေကြရော။
သူအော်လိုက်တဲ့အချိန်မှာ ကျုပ်က မန္တန်ရွတ်ပြီးနေပြီဆိုတော့ အချိန်နှောင်းသွားပြီလေ။ ကျုပ်ကို တိုက်ခိုက်ချင်တဲ့ တော်ဝင်ကာကွယ်သူတွေကို ဓားသွားလို ဖြစ်နေတဲ့ လေဟာနယ် သေးသေးလေးတွေကြောင့် အဝေးလွင့်ထွက်ကုန်ကြတယ်။
ကျုပ်မျက်လုံးဖွင့်ပြီး..
“အထူးလေဟာနယ်”
ကျုပ်ခန္ဓာကိုယ်ကနေ စူရှတောက်ပတဲ့ အလင်းရောင်တွေ ထိုးထွက်လာလိုက်တာ လူအုပ်ကြီးတောင် အမြင်အာရုံတွေ ပျောက်ကုန်ကြတယ်။ ရင်ပြင်အလယ်တည့်တည့်မှာ လေဟာနယ် အက်ကွဲကြောင်းကြီးတစ်ခု ပေါ်လာပြီး ဆွဲအားကြီးတစ်ခု ဖန်တီးလိုက်တယ်။
ကျန်းဟူအပါအဝင် (၁၁)ယောက်ကို အဲ့ဒီ လေဟာနယ် အက်ကွဲကြောင်းကြီးထဲ ဆွဲခေါ်သွားတယ်။
ကောင်းကင်ပေါ်က လေဟာနယ် အက်ကွဲကြောင်းကြီးကို ကြောက်ရွံတကြီး ကြည့်ရင်း မာနတ်ရဲ့ ခန္ဓာကိုယ်ကနေ တိုက်ပွဲစိတ်ဝိညာဉ် အပြင်းအထန်ထွက်က်လာပြီး မူကျီနဲ့သူ ခန္ဓာကိုယ်ကို ကာကွယ်ထားလိုက်တယ်။
ချေမှုန်းရေးမန္တန်သာသုံးခဲ့ရင် သူဘယ်ခံနိုင်လိမ့်မတုန်း။ အခုက ကျုပ်ရဲဘော်တွေ ကယ်ဖို့ပဲသုံးလိုက်တာလေ။ ကျုပ်ရဲ့ ပစ်မှတ်မဟုတ်တဲ့အတွက် လေဟာနယ်ထဲကို မစုပ်ယူလိုက်ဘူးလေ။
ကျုပ်လဲ လက်မြှောက်ရင်း..
“ချိပ်ပိတ်…”
ကျုပ်လက်ထဲကနေ ရွှေရောင်အလင်း နှစ်ခုကနေ လေဟာနယ် အက်ကွဲကြောင်းကြီးကို အတင်းပြန်ပိတ် ပစ်လိုက်တယ်။
အဲ့အလင်းတန်းတွေကြောင့် ကျုပ်ခန္ဓာကိုယ် တော်တော် အားပျော့သွားတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ပေါင်းစပ် စွမ်းအားတွေ အကုန်သုံးမိလိုက်လု နီးနီးပဲ။ ဦိးလေး ထင်းတုန်းကြီး ကျုပ်ကို တွဲပေးထားရင်း..
“ဘယ်လိုလဲ..”
“ကျုပ်တို့ အောင်မြင်သွားတယ်။ ဒီနေရာက ထွက်ကြရအောင်..”
ကျုပ်လဲ လွတ်မြောက်ရေး အဆောင်ထုတ်ပြီး မှော်စွမ်းအားတွေ ထည့်လိုက်တယ်။
အဲ့အချိန်မှာ နတ်ဆိုး မာနတ်ဘုရင် အရင်ဆုံးသတိဝင်လာပြီး.
“မင်း ထွက်ပြေးချင်တာလား။ ထာဝရ အမှောင် နယ်မြေ…”
============= (*^*)=============
အပိုင်း( ၂၃၉ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား