← Chapters

ရှောင်ကျင်းရဲ့စကား

Vol. 16 Ch. 239

ရှောင်ကျင်းရဲ့စကား

Vol. 16 Ch. 239

Child of light (ကျန်းကုန်း)

Volume 9: Chapter 33 - Xiao Jin Speaks

လွတ်မြောက်အစောင်ရဲ့ အလင်းတန်းတွေ ဦးလေးထင်းတုံးနဲ့ ကျုပ်ကို ဖုံးအုပ်ထားတဲ့အချိန် ရင်ပြင်ရဲ့ အလယ်ကို ဝိုင်းပတ်ပြီး အမှောင်မှော်စွမ်းအားတွေ အင်တိုက်အားတိုက် ဝိုင်းပတ်လာတယ်။ သာမန်လူတွေတော့ ဦးတည်ရာ ထွက်ပြေးနေကြတယ်။ ကျုပ်တို့ကို တိုက်ခိုက်ဖို့ လာတဲ့ မှော်ဆရာတွေကလဲ ပြေးဝင်လာနေကြတယ်။ သူတို့တွေအားလုံး အသံတိုးတိုးရွတ်ရင်း ရင်ပြင်ကြီးတစ်ခုလုံးကို အမှောင်နယ်မြေကြီးအဖြစ် အမြန်ဆုံး ပိတ်ဆို့ထားလိုက်ကြတယ်။

အလင်းရောင်တစ်ချက် လက်ပြီးသွားတာတောင် ကျုပ်တို့တွေ နဂိုနေရာမှာပဲ ရှိနေသေးတယ်ဆိုတော့ စီစဉ်ထားသလိုမျိုး နန်းတော်ထဲ မပို့နိုင်လိုက်ဘူး။

ဦးလေးထင်းတုံးကြီး နည်းနည်း လန့်သွားပြီး..

“ဘာမှော်ပညာလဲဟ။ ဘာလို့ တည်နေရာ မပြောင်းတာလဲ”

ကျုပ်လဲ မချိပြုံး ပြုံးပြီး..

“ကျုပ်လဲ မသိပေမယ့် ဒါ တော်တော် ဆိုးသွားပြီ..”

ဦးလေးထင်းတုံးကြီးမှာတော့ တိုက်ပွဲစိတ်ဝိညာဉ် (၃၀)ရာခိုင်နှုန်းလောက် ကျန်သေးတယ်။ ဒီလို အနေအထားမှာ ပိတ်မိနေရာကနေ ကျုပ်ဘယ်လိုများ ဖောက်ထွက်နိုင်မှာလဲ။ ကျုပ်တော့ ဒီနေရာမှာ သေရတော့မယ် ထင်ပါတယ်ဗျာ။

တော်ဝင်ကာကွယ်သူတယ် ကျုပ်တို့ကို ဝိုင်းထားတဲ့အချိန် နတ်ဆိုးမာနတ်ဘုရင် ဟက်ဟက်ပက်ပက် ရယ်နေရင်း..

“ဟိုနေ့က မင်းနည်းလမ်းနဲ့ လွှတ်သွားတော့ နောက်တစ်ခါ ဒီနည်း ထပ်သုံးချင်တယ်ပေါ့လေ။ နည်းလမ်း တစ်မျိုးတည်းနဲ့ ငါ့ရှေ့မှာ နှစ်ခါသုံးချင်နေတာလား။ မင်းတို့ လူသားမျိုးနွယ်တွေလိုမျိုး ငါ့ကို ငတုံးမှတ်နေလား။ အခုသုံးလိုက်တဲ့ ထာဝရ အမှောင်နယ်မြေ ဆိုတာ လေဟာနယ် မှော်ပညာ သုံးမရတောင် တားနိုင်တယ်ကွ။ အခု မင်းလွတ်ဖို့ လမ်းမမြင်တော့ဘူး”

ပြောချင်ရာပြောပြီးတာနဲ့ ကျုပ်တို့ကို ဖမ်းဖို့ အမိန့်ပေးလိုက်တယ်။

သူ့ဘေးနား ထိုင်နေတဲ့မူကျီ ရုတ်တရက် ကျုပ်ရှေ့ရောက်လာတယ်။ ပြီးတော့ ..

“နင် နင် ကျန်းကုန်းမို့လား..”

သူ့အသံတွေက တုန်တောင်နေတယ်။

ကျုပ်လဲ တစ်ကိုယ်လုံး တုန်သွားတာပေါ့။ တားမြစ်မန္တန်တုန်းက သူကျုပ်ကို ရိပ်မိသွားတာနေမယ်။ အိုက်ရှားမှာတုန်းက ကျုပ်တားမြစ်မန္တန်သုံးလိုက်တာ သူမြင်ဖူးထားသေးတယ်လေ။ အဲ့မြင်ကွင်းက သူ့မှတ်ဉာဏ်ထဲမှာ စွဲနေမှာ အသေအချာပဲ။

ဒီလိုအချိန်မျိုးမှာ ကျုပ်ဘယ်သူဆိုတာ ဘယ်လိုလုပ် ဝန်ခံနိုင်မှာတုန်း။ ကျုပ်လဲ မခံချိမခံသာနဲ့ ရယ်ရင်း..

“မိန်းကလေး။ မင်းလူမှားနေတယ်ဆိုတာ သက်သက်ပြပေးရအုံးမှာပေါ့..”

မျက်နှာပေါ်က ရုပ်ဖျက်ထားတာတွေ ဖျက်ပစ်လိုက်တယ်။ ပြီးမှ.

“ဒါ မင်းရှာနေတဲ့ ကျန်းကုန်းလား…”

အမာရွတ်အပြည့်နဲ့ ကျုပ်မျက်နှာမြင်တော့ မူကျီမပြောနဲ့ ဘေးနားက မာနတ်တောင် လန့်သွားတယ်။ သူ့မျက်နှာလေး ပိုပိုဖြူလျော့ပြီး စိတ်ပျက်လက်ပျက်နဲ့ ထိုင်ကျသွားတယ်။

မာနတ်က ချက်ချင်း..

“ခယ်လွင်သောင် ချက်ချင်းဖမ်းလိုက်တော့…”

“ဟုတ်ကဲ့ပါ အရှင်..”

ပတ်ပတ်လည်က တော်ဝင်ကာကွယ်သူတွေ သူတို့အသက်တောင်မငဲ့ဘဲ ရဲရဲဝံ့ဝံ့ ကျုပ်တို့ဆီ တိုးဝင်လာကြတယ်။

ဦးလေး ထင်းတုံးကြီး သက်ပြင်းချရင်းနဲ့ ရင်ဘတ်ပေါ်မှာ လက်နှစ်ဖက် ယှက်ပြီး ဆန့်ထုတ်လိုက်တယ်။ ပြင်းထန်လွန်းတဲ့ တိုက်ပွဲစိတ်ဝိညာဉ်စွမ်းအားလှိုင်းလုံးကြီး တော်ဝင်ကာကွယ်သူတွေဆီ လိမ့်ဆင်းသွားတယ်။

သူ့လူတွေကိုသူ မထိခိုက်စေချင်သလို သတ်ချင်စိတ်မရှိဘူးဆိုတာ ကျုပ်သိတာပေါ့။ ဒါနဲ့ ကျုပ်လဲ..

“ခင်ဗျား ဒီဝိုင်းထားတဲ့နေရာကနေ ဖေါက်ထွက်နိုင်တဘ်။ ကျုပ်ရောပါနေရင် လွတ်လမ်းမမြင်ဘူး။ ကျုပ်ကို ထားခဲ့လိုက်တော့..”

ဦးလေးထင်းတုံးကြီး ဒေါသတကြီးနဲ့..

“ငါတို့ နတ်ဆိုးတွေကိုများ တစ်သက်လုံး လောဘတကြီးနဲ့ သေရမှာ ကြောက်နေတဲ့ ကောင်တွေလို့များ ထင်နေလား။ ဒီနေ့ ငါသေရမယ်ဆိုရင်တောင် မင်းနဲ့အတူသေးမယ်ကွ”

တကယ့် အခက်အခဲ အကျပ်အတည်းထဲရောက်မှ လူတစ်ယောက်ရဲ့ စိတ်ရင်းအမှန်ကို သိနိင်တယ်ဆိုတာ မှန်နေတာပဲ။ သူကျုပ်အပေါ် ဒီလိုဆက်ဆံလိမ့်မယ်လို့ကို ထင်မထားမိဘူး။

ကျပ်လဲ လက်ကျန်စွမ်းအားလေးတွေ စုစည်းဖို့ မျက်လုံးမှိတ်ထားလိုက်တယ်။ စွမ်းအား ပိုရလေလေ လွတ်ဖို့ အခွင့်အလမ်း ပိုရလေလေပေါ့။

ဦးလေးထင်းတုံးကြီး ကျုပ်ကို သူ့နားကပ်နေအောင် ဆွဲထားရင်းနဲ့ မရေတွက်နိုင်အောင်ကို လူသားလှိုင်းလုံးကြီးလို ဖြစ်နေတဲ့ အစောင့်တွေကို ထိုးဖောက်နေလေရဲ့။ ဒါပေမယ့်လဲ သူ့မှာလဲ စွမ်းအား သိပ်ကျန်တော့တာ မဟုတ်ဘူးလေ။ ခနလောက်ကြာတော့ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေနဲ့ ဖုံးနေပြီ။

တကယ့် အကျဉ်းအကြပ်ထဲရောက်နေတဲ့အချိန် အမှောင်နယ်မြေကြီးရဲ့အပေါ်မှာ ရင်းနှီးနွေးထွေးတဲ့ ခံစားချက်တစ်ခု ရုတ်တရက် ခံစားလိုက်ရတယ်။

နဂါးဟိန်းသံတစ်ချက် ရင်ပြင်တစ်ခုလုံး ဟိန်းထွက်သွားပြီး အမှောင်နယ်မြေက ရွှေရောင်အလင်းတွေကြောင့် ရုတ်တရက် လင်းထိန်သွားတယ်။ ကျုပ်လဲ စိတ်လှုပ်ရှားရင်း…

“ရှောင်ကျင်း.. ငါဒီမှာ…”

ကျုပ်အသံကြားတာနဲ့ ပထမဆုံး တုန့်ပြန်လာတာ မူကျီပေါ့ဗျာ။ ဒီအမာရွတ်နဲ့ ကောင်ကြီးက နေ့ရောညပါ လွမ်းနေရတဲ့ ကျန်းကုန်းဆိုတာ သူသိသွားတယ်။ ဒါနဲ့ပဲ မဆိုင်းမတွ ကျုပ်ဆီ ပြေးလာရင်း ကျုပ်တည့်တည့် ပစ်ဝင်လာနေတဲ့ လှံ(၃)ချောင်းကို ရိုက်ထုတ်လိုက်သေးတယ်။

အရင်းနှီးဆုံးဖြစ်တဲ့ ရှောင်ကျင်းခန္ဓာကိုယ်ကြီး ကောင်းကင်မှာ ပေါ်လာတယ်။ ကျုပ်အကျပ်အတည်းထဲ ရောက်နေတာသိတော့ တစ်ချက်ဟိန်းဟောက်ရင်း အလင်းတန်းတွေနဲ့ အောက်ကို ပစ်လွှတ်ပြီး ရန်သူတွေကို ချေမှုန်းပစ်လိုက်တယ်။ ကြောက်စရာ အမူအရာနဲ့ ဖြစ်နေတဲ့ ဦးလေးထင်းတုံးကြီးကို ကျုပ်လဲ မတတ်သာတော့ဘဲ တောင်ပန်ကြည့်နဲ့ ကြည့်လိုက်ရတော့တယ်။

နတ်ဆိုးမာနတ်ဘုရင် ဒေါသတကြီးအော်ရင်း လေထဲက ရှောင်ကျင်းဆီကို အမှောင်စွမ်းအင်လုံး တစ်ခုလွှတ်လိုက်တယ်။ တချိန်တည်းမှာပဲ သူ့ငယ်သားတွေကို..

“နတ်ဆိုး ဧကရာဇ်ကို အကူအညီတောင်းဖို့ နန်းတော်ကို ပြန်ပြီး သတင်းပို့ကြစမ်း”

ရှောင်ကျင်းကတော့ အမှောင်စွမ်းအင်လုံးကို အထင်တသေးနဲ့ကြည့်နေလေရဲ့။ အတောင်ခတ်ပြီး ရွှေနဂါးမီးတောက် ပစ်လွှတ်လိုက်တယ်။ အနက်ရောင် အမှောင်စွမ်းအင်လုံး ချက်ချင်းလောင်ကျွမ်း ပေါက်ကွဲသွားပါလေရော။

ရှောင်ကျင်း ပျော်ရွှင် မြူးကြွ လေချွန်သံပေးရင်း အတောင်တဖြတ်ဖြတ်နဲ့ ကျုပ်ဆီ ဦးတည်လိုက်တယ်။

မူကျီ မျက်ရည်တွေ ကျရင်း ကျုပ်ကို လှမ်းကြည့်နေတယ်။ ဘယ်လိုမှ လက်ခံနိုင်စွမ်း မရှိဘူးဆိုတာ ကျုပ်သိတာပေါ့။ ကျုပ်လဲ သူ့ကို ကြောင်ကြည့်နေမိလိုက်တာဖြင့် ပတ်ဝန်းကျင်က ဖြစ်ပျက်နေသမျှ ကျုပ်နဲ့ လားလားမှ မဆိုင်သလိုပဲ။ ကျုပ်မျက်လုံးထဲမှာတော့ မရေတွက်နိုင်အောင် နေ့ပေါင်း ညပေါင်းများစွာ တမ်းတလွမ်းဆွတ်ခဲ့ရတဲ့ မူကျီရဲ့ ရုပ်ကလေးပဲရှိတယ်။

ရှောင်ကျင်း ကျုပ်နားရောက်လာတာနဲ့ အမျှ ကျုပ်မြင်ကွင်းတွေ မှောင်မဲလာတယ်။ ကြည့်အုံးလေ မူကျီနဲ့ကျုပ်ကြားမှာ သူ့ခေါင်းကြီးထားပြီး ကျုပ်ကိုပွတ်သပ်နေတာကိုး. ကျုပ်လဲ သူ့ခေါင်းကြီး ဆွဲဖယ်ပြီး ခေါင်းမော့လို့ ဝမ်းပမ်းတနည်းနဲ့ …

“ငါ့ကို မေ့လိုက်ပါတော့ဟာ…”

ပြီးတော့ ဦးလေးထင်းတုံးကြီးဘက်လှည့်ပြိး..

“ဦးလေးထင်းတုံး အမြန်လာ”

ဦးလေးထင်းတုံးကြီး အံ့ဩတကြီးနဲ့ ရှောင်ကျင်း ကျောပေါ်မှာ အသာ ပက်လက်လှန်ရင်း..

“ဒါ မင်းသားရဲ လား..”

ရှောင်ကျင်းကတော့ မကျေမနပ်နဲ့ ခေါင်းခါနေလေရဲ့။ ကျုပ်လဲ..

“ကျုပ်သားရဲ မဟုတ်ဘူး။ သူက ကျုပ်မိတ်ဆွေဗျ..”

မူကျီ မတ်တပ်ရင်ရင်း နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်နေတယ်။ ပြီးတော့..

“ဘာလို့လဲ..”

သူ့အကြည့်တွေကိုမြင်လိုက်ရတာ ကျုပ်နှလုံးသား ဓားနဲ့ အမွှန်းခံနေရသလိုပဲ နှလုံးသားတွေ ဆတ်ဆတ်တုန်နေပြီ။ ဒါပေမယ့် ကျုပ်အတွက်နဲ့တော့ သာယာနေတဲ့ မူကျီဘဝ ကို မဖျက်စီးချင်ပါဘူး။ ဒီတော့လဲ နှလုံးသားကို ဆန့်ကျင်ပြီး ရင်နာနာနဲ့ အံကြိတ်လို့..

“ငါက လူသား၊ နင်က နတ်ဆိုးမတစ်ယောက်၊ ငါတို့ ဘယ်လိုလုပ် အတူနေနိုင်မှာလဲ။ ခယ်လွင်သောင်ကိုပဲ အားကိုးသင့်တယ်။ ရှောင်ကျင်း သွားကြစို့..”

ရှောင်ကျင်း အတောင်တွေခတ်ပြီး ကျုပ်တို့ဆီ တိုးဝင်လာတဲ့ နတ်ဆိုးစစ်သည်တွေကို တွန်းထုတ်ပစ်လိုက်တယ်။ ပြီးတော့ စူးရှတဲ့ ဟိန်းသံနဲ့အတူ ကျုပ်နဲ့ဦးလေးထင်းတုံးကြီးကို တင်ပြီး ကောင်းကင်ပေါ် ပျံတက်သွားလိုက်တယ်.

မူကျီ ညည်းတွားရင်း..

“မဟုတ်ဘူး။ ကျန်းကုန်း ငါ့ကို မထားခဲ့နဲ့။ ငါ့ကိုစောင့်အုံး..”

ကျုပ်လဲ ကျလာတဲ့ မျက်ရည်တွေသုတ်ရင်း ဦိးလေး ထင်းတုံးကြီးကို..

“သူ့ ကျုပ်တို့ကို မှီမလာစေနဲ့ဗျာ…”

ဦးလေးထင်းတုံးကြီး လေးလေးနက်နက် သက်ပြင်းချပြီး သူ့တိုက်ပွဲစိတ်ဝိညာဉ်ကိုသုံးပြီး မူကျီကို မြေပေါ် အသာလေး ပြန်ပို့ပေးလိုက်တယ်။

မူကျီ ကျုပ်တို့ နောက်ကို ထပ်လိုက်လာဖို့ပြင်တဲ့အချိန် ခယ်လွင်သောင် လှမ်းဆွဲထားရင်း..

“မူကျီ သူ့နောက်လိုက်လို့မရဘူး။ အဲဒါ ကျန်းကုန်းလား။ သူသေသွားပြီးသား မဟုတ်ဘူးလား”

မူကျီ အစွမ်းကုန် ရုန်းရင်းနဲ့…

“သူက ကျန်းကုန်းပဲ။ ကျန်းကုန်း ပြာဖြစ်သွားရင်တောင် ငါမှတ်မိတယ်။ ငါ့ကို သွားခွင့်ပေး…”

တော်ဝင်မြို့တော်ရဲ့ အဝေးကို ပျံလာတာနဲ့အမျှ မူကျီအသံ တဖြည်းဖြည်း အားပျော့သွားတယ်။

ကျုပ်လဲ ရှောင်ကျင်းကို အောက်ဆင်းခိုင်းလိုက်တယ်။ သူ နတ်ဘုရားခေါင်းကိုက် တောင်ကြား ဘယ်ဘက်ခြမ်း အရောက်မှာ အောက်ဆင်းလိုက်တယ်။

“သခင် မင်းအဆင်ပြေရဲ့လား…”

ကျုပ် သူ့ကျောပြင်ပေါ်မှာ ဝမ်းလျားမှောက်ချလိုက်မိတော့တယ်။ ကျုပ်မျက်ဝန်းထဲက မျက်ရည်တွေ မိုးရွာသလို တဖြိုင်းဖြိုင်းကျရင်း သူ့အကြေးခွံတွေပေါ် စီးကျကုန်ရော။ ရှောင်ကျင်း စိုးရိမ်တကြီးနဲ့..

“သခင်.. ဘာပြဿနာ ရှိလို့လဲ…”

============= (*^*)=============

အပိုင်း( ၂၄၀ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters