← Chapters

ကယ်တင်မှု အောင်မြင်ခြင်း

Vol. 16 Ch. 240

ကယ်တင်မှု အောင်မြင်ခြင်း

Vol. 16 Ch. 240

Child of light (ကျန်းကုန်း)

Volume 9: Chapter 34 - Successful Rescue

အရမ်းလှုပ်ရှားနေတဲ့ ကျုပ်နှလုံးသားကို တွန်းအားပေးထိန်းချုပ်ရင်း ခေါင်းယမ်းမိလိုက်တယ်။

“ဘာမှ မဟုတ်ဘူး။ မင်းအချိန်မှီရောက်လာတာ ငါတော်တော် ကံကောင်းသွားတယ်။ မဟုတ်လို့ကတော့ ဒီနေ့ တော်တော်ကို အန္တရာယ် များမှာကွ”

ဦးလေးထင်းတုံးကြီးက..

“ကျန်းကုန်း။ အရမ်းတွေးမနေပါနဲ့ကွာ။ ငါတို့ ဆက်မသွားခင် မင်းမိတ်ဆွေတွေကို အရင်လွှတ်ပေးလိုက်ပါလား”

ကျုပ် တော်တော်လန့်သွားမိတယ်။ နှလုံးသားရေးနဲ့ နွယ်သွားတော့ အရေးကြီးဆုံး ကိစ္စကို မေ့လုနီးနီး ဖြစ်သွားတာပဲ။

ဦးလေး ထင်းတုံးကြီးက..

“မင်းစိတ်ဝိညာဉ်စွမ်းအားတွေ ပြန်ရဖို့ အစွမ်းကုန်ကြိုးစားလိုက်။ ရှောင်ကျင်း ကာကွယ်ထားရင် နတ်ဆိုး ဧကရာဇ်မဟုတ်သရွေ့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး”

သူ့စကားဆုံးတာနဲ့ ကျုပ်လဲ မြေပေါ်မှာ တင်ပျဉ်ခွေထိုင်ပြီး စွမ်းအားတွေ စစုဆောင်းလိုက်တော့တယ်။

ကျုပ်စွမ်းအား တစ်ချို့တစ်ဝက် ပြန်ရလာတော့ ထိတ်လန့်တဲ့ ခံစားချက်တစ်ခု ရှောင်ကျင်း ကျုပ်ကို အသိပေးလာတယ်။ ကျုပ်လဲ လန့်သွားပြီး မသိစိတ်နဲ့ ခန္ဓာကိုယ်အနှံ့ ပေါင်းစပ် စွမ်းအားတွေ ဖြန့်ခွဲထုတ်လိုက်တာပေါ့။

တော်ဝင်မြို့ကနေ ကျုပ်တို့ဆီ ဦးတည်ပြီး စစ်သည်တော်တွေ အများကြီးလာနေကြတယ်။ ကိစ္စတွေတော့ ချောကုန်ပြီ တွေးရင်း ဦးလေးထင်းတုံးကြီးကို နှိုးလိုက်မိတယ်။ ဦးလေးထင်းတုံးကြီး အမူအရာပြောင်းသွားပြီး..

“မကောင်းတော့ဘူး.. ကောင်းကင်ကို ကြည့်လိုက်.. ငါတို့ဆီကို နတ်ဆိုးဧကရာဇ် ကိုယ်တိုင်လာနေတာကွ”

ထင်ထားတဲ့အတိုင်း အမှောင်နတ်ဆိုးနဂါးရဲ့ အရှိန်အဝါနဲ့ သူ့ရုပ်ကြီး မြင်ယောင်လာမိတယ်။ ကျုပ်လဲ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်တော့တယ်။

“ရှောင်ကျင်း။ မင်းခန္ဓာကိုယ်က အရမ်းကြီးတယ်ကွ။ ဒီကနေ အမြန်ထွက်သွားလိုက်။ နောက်(၁၀)ရက်နေရင် ပြန်ဆုံမယ်”

ရှောင်ကျင်း မကျေနပ်တဲ့ အမူအရာနဲ့ ကျုပ်ကို လာပွတ်တယ်။

“အမြန်သွား။ ငါ့ကို စိတ်မပူနဲ့ ငါဘာမှ မဖြစ်ဘူး”

အဲ့တော့မှ ရှောင်ကျင်းလဲ ထွက်သွားဖို့ အတောင်တွေ ခတ်လိုက်တော့တယ်။

ဦးလေးထင်းတုံးကြီးကို..

“မြန်မြန်၊ ကျုပ်တို့ ပုန်းစရာ နေရာတစ်ခု ရှာရအောင်။ လက်ရှိအနေအထားအရ သူ့ကို ဘယ်လိုမှ ပြန်တိုက်လို့ ရမှာ မဟုတ်ဘူး”

ဦးလေး ထင်းတုံးကြီး ခေါင်းညိတ်ပြတယ်။ ပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်တာ့ ကျောက်တုံးကြီးတွေနဲ့ ပြည့်နေတယ်။ ဦးလေး ထင်းတုံးကြီးက..

“ငါ ဘာလုပ်နိုင်လဲဆိုတာ ကြည့်ထားလိုက်..”

တိုက်ပွဲနတ်ဘုရား စိတ်ဝိညာဉ်စုစည်းပြီး ကျုပ်တို့နဲ့ မနီးမဝေးက နေရာတစ်ခုကို ပြင်းပြင်းထန်ထန် ပစ်လွှတ်လိုက်တယ်။

“အုန်း…”

ပေါက်ကွဲသွားလို့ အပေါက်ကြီးတစ်ပေါက် ပေါ်လာတယ်။ ပြီးတော့ ရပ်မနေဘဲ နောက်တခါလှည့်ပြီး နတ်ဘုရားခေါင်းကိုက် တောင်ကြားဘက်ကို လက်ဆန့်ပြီး အပြာရောင်အလင်းဓားချက် တစ်ချက် ပစ်လွှတ်လိုက်တယ်။ ချက်ချင်းကို ဧရာမ ကျောက်တုံးကြီးတစ်တုံး ဖြတ်ပစ်လိုက်တာ။ ပြီးတော့ သူ့ကိုကို ဆွဲရုတ်ပြီး ကျောက်တုံးပိုင်းကြီးကို ရွှေ့လိုက်တယ်။ ပြီးတော့..

“တွင်းထဲ အမြန်ခုန်ချလိုက်..”

သူဖြစ်ချင်တာကို နား သဘောပေါက်လိုက်တော့ ကျုပ်လဲ တွင်းထဲ ခုန်ချလိုက်တယ်။ ဦးလေးထင်းတုံးကြီးလဲ နတ်ဆိုးစစ်သည်တွေကို လှမ်းမြင်ရလို့ တွင်းပေါက်ဝကို ကျောက်တုံးပိုင်းကြီးနဲ့ပိတ်ရင်း ကျုပ်နား ခုန်ချလာတယ်။ ကျောက်တုံးပိုင်းကြီးကလဲ အပေါက်ဝကို အပြည့်ဖုံးသွားတာပေါ့။

ဦးလေးထင်းတုံးကြီးက..

“ဒီအတိုင်းဆို ငါတို့ကို လွယ်လွယ်နဲ့ ရှာတွေ့မှာ မဟုတ်တော့ဘူး.. လောလောဆယ် ငါ့နှာခေါင်းထဲတော့ မြေနံ့တွေပဲ ရနေတယ်။ ငါတို့ ဒဏ်ရာတွေ အမြန်ကုကြရအောင်။ စွမ်းအားတွေပြန်ရရင် အားလုံး အဆင်ပြေသွားမှာပါ”

မှောင်နေလို့ သူ့ကို မမြင်ရပေမယ့် အားနည်းသွားတယ်ဆိုတာတော့ ခံစားမိလိုက်တယ်။ ကျောက်တုံးကြီးကို ပိုင်းလိုက်တုန်းက တော်တော်အားသုံးလိုက်ရတဲ့ပုံရှိတယ်။ လောလောဆယ်တော့ ဒီအဘိုးကြီးကိုပဲ အပြည့်အဝ ယုံကြည်ထားရတော့မှာပဲ။

“ရှောင်ကျင်း ခင်ဗျားစစ်သည်တွေ တော်တော်များများ သတ်လိုက်မိတယ်။ သူ့အစား တောင်းပန်ပါတယ်ဗျာ”

ဦးလေး ထင်းတုံးကြီး သက်ပြင်းချရင်း..

“အဲ့တုန်းက အခြေအနေက တော်တော်အန္တရာယ်များနေတာကွ။ သူ့သခင်ကို ကာကွယ်ချင်စိတ်နဲ့ဆိုတော့ အပြစ်တင်လို့ မရပါဘူးကွာ”

စကားနည်းနည်း ပြောပြီးတဲ့အချိန် အောက်ဆီဂျင် နည်းလာတော ဖိအားနည်းနည်း ခံစားလိုက်ရတော့ နှစ်ယောက်သား အသံတိတ်ပြီး လေ့ကျင့်နေလိုက်ကြတယ်။

ကျုပ်ခန္ဓာကိုယ်ထဲက ပေါင်းစပ် စွမ်းအားတွေ ကျုပ်ဆန္ဒအတိုင်း စေခိုင်းလို့ရနေပြီ။ ထွက်သက် ဝင်သက်ကို ပြောင်းလဲလိုက်တဲ့အတွက် ဖိအားတွေတော့ နည်းသွားတယ်။ ဒါပေမယ့် ထင်မှတ်မထားတာတွေ ဖြစ်ခဲ့ရင် ရင်ဆိုင်ဖို့အတွက် သတိပြတ်လို့တော့ မရသေးဘူးလေ။

ခနကြာတော့ အရူးလို အသံတွေကြားလိုက်ရတယ်။ နတ်ဆိုးစစ်သည်တွေ ဒီနေရာကို တွေ့သွားကြတာများလား။

“အကြီးအကဲကို သတင်ပို့လိုက်ဟေ့။ ရန်သူ့ ခြေရာလက်ရာ မတွေ့ဘူး။ ရွှေနဂါးကတော့ ပျံပြေးသွားပြီ”

ပြီးတော့ ခယ်လွင်သောင် အသံ..

“အင်း… အဲ့နဂါးသာ စီးသွားရင် လွတ်သွားလောက်ပြီ။ အရှင်မင်းကြီးရဲ့ အမှောင်နတ်ဆိုး နဂါးကလဲ ဘာဖြစ်နေမှန်းမသိဘူး။ မလိုက်ချင်တဲ့ပုံနဲ့ နှေးတုံ့နှေးတုံ့လုပ်နေတော့ ပြီးရောပေါ့။ အဲလိုသာမဟုတ်ရင် သေချာပေါက် ဖမ်းမိမှာ”

သူတို့အသံတွေကြားမှ ကျုပ်လဲ စိုးရိမ်စိတ်တွေပျောက်ပြီး ခွန်အားပြန်ကောင်းအောင် ကျင့်နေလိုက်တယ်။

အချိန် နည်းနည်းကြာတော့ ကျုပ်စွမ်းအား (၄၀)(၅၀)ရာခိုင်နှုန်းလောက် ပြန်ရပြီ။ မျက်လုံးဖွင့်ပြီး အလင်းရောင် နည်းနည်း ထုတ်လိုက်တယ်။ ဦးလေးထင်းတုံးကြီး ကျုပ်မန္တန်နဲ့ မတည့်သလိုပုံစံနဲ့ နိုးလာတယ်။ သူဘာစကားမှ မပြောဘဲ ကျုပ်တို့အပေါ် အုပ်ထားတဲ့ ကျောက်တုံးကြီးကို စိုက်ကြည့်နေတယ်။

အချိန် တော်တော်ကြာလာတော့ ဦးလေးထင်းတုံးကြီး အသက်ရှူကြပ်လာပြီ။

“သူတို့ ထွက်သွားလောက်ပြီကွ။ အထဲက လေထု အခြေအနေဆိုးနေပြီ။ ဒီက ထွက်ကြရအောင်”

စကားဆုံးတာနဲ့ သူ့လက်ထဲမှာ ခွန်အားတွေစုပြီး ကျောက်တုံးပိုင်းကြီးကို တွန်းရွှေ့လိုက်တယ်။ ပြီးတော့ နှစ်ယောက်သား အပေါ်ကို ခုန်တက်လိုက်ကြတာပေါ့။

တောင်ပေါ်မှာတော့ လေနုလေးတွေ တသုန်သုန် တိုက်နေလေရဲ့။ ကျုပ်တို့ရဲ့ အသက်တွေ၊ အချိန်တွေ ကုန်နေသလိုမျိုး ခံစားချက်ကြီး။

ဦးလေးထင်းတုံးကြီးက..

“ငါတော့ စွမ်းအား (၈၀)ရာခိုင်နှုန်းလောက် ပြန်ရပြီ။ မင်းရော..”

“(၄၀)(၅၀) ရာခိုင်နှုန်လောက်ပေါ့”

“ဒါဆိုလဲ မင်းမိတ်ဆွေတွေကို အမြန် ထုတ်ပေးလိုက်တော့”

“မန္တန်အသက်သွင်းဖို့ နဲ့ လုံခြုံရေးအတွက် နည်းနည်း ကူပေးပါအုံး။ ကြီးမြတ်သေ လေဟာနယ်အရှင်၊ ချိပ်တံဆိပ်ကို ဖယ်ရှားလို့ ထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ဖို့ မေတ္တာရပ်ခံပါတယ်..”

ကျုပ်ညာလက် ဆန့်ထုတ်လိုက်တဲ့အချိန် ကောင်းကင်ယံမှာ ဆဋ္ဌဂံပုံ ဝင်္ကပါ တစ်ခု ပေါ်လာတယ်။ ပြီးတော့ အလင်းရောင်တွေ နဲ့အတူ လူတစ်ယောက် ထွက်နိုင်ယုံ အက်ကြောင်းသေးသေး တစ်ခုဖန်တီးလိုက်တယ်။ အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြရော။

သူ့တို့ ခြေထိပ်လက်ထိပ်တွေကို အလင်းဓားနဲ့ ဖြတ်ပေးပြီး..

“အစ်ကိုကြီး မင်းတို့ အခြေအနေကောင်းရဲ့လား”

ကျန်းဟူ ကျုပ်လက်ကို ကိုင်ပြီး..

“ကျန်းကုန်း မင်းပဲလား။ ဘယ်လို ဘယ်လို ဖြစ်သွားတာလဲ။ ဒီလိုပြန်တွေ့ရမယ်လို့ကို မျှော်လင့်မထားမိဘူး”

ချစ်ခင်ရင်းနှီးမှုတွေ ဘယ်လောက်ထိ ခိုင်မာတယ်ဆိုတာ သူ့လက်ကနေဆင့် သိသာနေတယ်။

“အစ်ကိုကြီး။ ပြောရမှာတော့ အရှည်ကြီးပဲ။ ငါ မင်းတို့ကို ဒုက္ခပေးလိုက်မိတယ်”

တုန်းရီက..

“ကျန်းကုန်း မင်းဘာတွေ လျှောက်ပြောနေတာလဲ။ စုဟေး အဲလို အယောင်ဆောင်ထားလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ငါဆို အစွမ်းတွေ ချိပ်ပိတ်ခံလိုက်ရလို့ ဘာဆို ဘာမှကို မလုပ်လိုက်နိုင်ဘူး။ ပြီးတော့ အစ်ကိုကြီးကျန်းဟူရော ငါရော နတ်ဘုရား လက်နက်တွေ အသိမ်းခံလိုက်ရတယ်”

“တုန်းရီ.. ငါ မင်းတို့ ချိပ်စည်းတွေ အခုချက်ချင်း ဖယ်ပေးမယ်။ မင်းတို့ ခန္ဓာကိုယ် တစ်ခုခု အဆင်မပြေတာ ရှိသေးလား”

ကျန်းဟူက..

“အစပိုင်း နတ်ဆိုးဧကရာဇ် ငါတို့ခန္ဓာကိုယ်ထဲကို ဘာစွမ်းအားတွေ ထည့်လိုက်တယ်မသိဘူး ငါတို့တွေ သေမင်းနှုတ်ခမ်းပေါ် လမ်းလျှောက်လိုက်ရသလို ခံစားလိုက်ရတယ်။ ဒါပေမယ့် အလင်းစွမ်းအားတွေကိုလဲ တိုက်စားပြီးသွားရော အဲ့ခံစားချက်တွေ ပျောက်သွားတယ်။ လောလောဆယ် ငါတို့ စွမ်းအားတွေ ချိပ်ပိတ်ခံထားရယုံပဲကွ။ မင်းမျက်နှာကရော ဘာဖြစ်သွားတာလဲ”

ကျုပ် ခေါင်းညိတ်မိလိုက်တယ်။ သူတို့တွေ အလင်းမှော်ပညာကို နည်းနည်းပဲ လေ့ကျင့်ထားတာဆိုတော့ နတ်ဆိုးဧကရာဇ်ရဲ့ အမှောင်စွမ်းအားတွေ အန္တရာယ်က ကျုပ်လောက် မဆိုးဘူးပေါ့ဗျာ။

“မင်းတို့ စွမ်းအားတွေ ပြန်ရအောင် ငါလုပ်ပေးမယ်။ အခု ငါတို့တွေ နတ်ဆိုးမြို့တော် ပိုင်နက်ထဲမှာပဲ ရှိသေးတယ်ဆိုတော့ စွမ်းအားတိုးလေ ပိုလုံခြုံလေ ဖြစ်မှာပဲ”

စကားဆုံးတာနဲ့ ချိပ်စည်းတွေ ချိုးဖျက်ဖို့ နဂါးချိပ်စည်း ချိုးဖျက်မန္တန် အသက်သွင်းလိုက်တယ်။

သူတို့ (၁၁)ယောက်ရဲ့ ခေါင်းပေါ်တွေမှာ ရွှေရောင်အလင်းတစ်ခု ဗဟိုထားပြီး အလင်းစက်ဝိုင်းတွေ ဖုံးထားလိုက်တယ်။

အားလုံးပြီးသွားမှ..

“မင်းတို့ ဘယ်လိုနေသေးလဲ။ စွမ်းအားတွေ ပြန်ရပြီလား..”

============= (*^*)=============

အပိုင်း( ၂၄၁ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters