← Chapters

အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏အားထားရာ

Vol. 94 Ch. 1319

အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏အားထားရာ

Vol. 94 Ch. 1319

အခန်း (၁၃၁၉) အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏အားထားရာ

ဖုထင်နှင့် ဟယ်ရှီးရှင်တို့၏ မူလအစီအစဉ်မှာ အထက်ဘုံကမ္ဘာတွင် ကျန်ရစ်ခဲ့ရန်ဖြစ်သည်။

ထိုသို့စီစဉ်သည်မှာ သူတို့က ရန်ကျောက်ကဲထံသို့ မလာရောက်လိုသောကြောင့် မဟုတ်ပေ။

မြောက်ဖေးတောင်ထွတ်မှအဆက်အနွယ်များထဲတွင် ကြာပန်းနီကမ်းပါးက ဝါဒတောင်နှင့် အရင်းနှီးဆုံး ဖြစ်သည်။

အဖြူရောင်ဝတ်ပိုးသားဧကရာဇ်သည်ပင် ဝါဒတောင်နှင့် အလွန်ခင်မင်ရင်းနှီးသည်။

အစပိုင်းတွင် ထိုက်ချင်အဆက်အနွယ်များက သူတို့၏ကျောက်ဂူအိမ်တော်များတည်ရှိရာ အထက်ဘုံကမ္ဘာတွင်ပင် နေထိုင်လိုကြပြီး ကြာပန်းနီကမ်းပါးကတော့ ဝါဒတောင်နှင့်အတူ တာအိုစကြာဝဠာမှ ထွက်ခွာသွားမည် ဖြစ်သည်။

သို့သော် ဖုထင်နှင့် ဟယ်ရှီးရှင်၏အခြေအနေက ထူးခြားသည်။

တခြားအကြောင်းရင်း မဟုတ်ပေ။

သူတို့က သိုင်းသူတော်စင် ၊ ဒဿမအဆင့် ၊ လူသားအထွတ်ထိပ်အဆင့်သို့မရောက်ခင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ တည်ရှိမှုကို သိရှိထားသူများဖြစ်ကြသည်။

ထိုအမည်က သူတို့နှလုံးသားနက်ရှိုင်းရာတွင် သဏ္ဌန်မဲ့မြှုပ်နှံလျှက်ရှိ၏။

ဟယ်ရှီးရှင်က သိုင်းသူတော်စင် ဒဿမအဆင့်သို့တက်ရောက်သွားသည့်တိုင် ဤလွှမ်းမိုးမှုက တည်ရှိနေဆဲ ဖြစ်လေသည်။

ထိုလျှို့ဝှက်အန္တရယ်က သူတို့ကိုယ်တိုင်အား ထိခိုက်စေရုံသာမက ပတ်ဝန်းကျင်မှလူများကိုလည်း ထိခိုက်စေနိုင်သည်။

အခြား မည်သူ့ကိုမှ မထိခိုက်စေလျှင်ပင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် အမတခုံရုံးက ရန်ကျောက်ကဲနှင့် အဂ္ဂိရတ်ခန်းမကို ရှာဖွေနိုင်စေမည့် သဲလွန်စများကို ချန်ထားခဲ့နိုင်သည်။

ထို့ကြောင့်ပင် အစပိုင်းတွင် ဖုထင်နှင့် ဟယ်ရှီးရှင်ထို့က အထက်ဘုံကမ္ဘာတွင် ကျန်ရစ်ခဲ့ရန် စီစဉ်ထားကြခြင်းဖြစ်သည်။ သို့မှသာ အဂ္ဂိရတ်ခန်းမကို မထိခိုက်စေသလို သူတို့အတွက်လည်း ပိုပြီးလုံခြုံမည် ဖြစ်၏။

အမတခုံရုံးနှင့် အထက်ဘုံကမ္ဘာ ပဋိပက္ခဖြစ်နိုင်ခြေက အလွန်နည်းပါးသည်။ အတိအကျဆိုရလျှင် သူတို့ကြားတွင် ပြဿနာဖြစ်စရာမလိုသလို ပြဿနာဖြစ်ရန်လည်း တန်သည်မဟုတ်ပေ။

သို့ပေသိ ရန်ကျောက်ကဲက သူတို့နှစ်ယောက် အတူလိုက်ပါလာရန် စိတ်ရင်းမှန်ဖြင့် ရိုးသားစွာပင် ဖိတ်ခေါ်ခဲ့သည်။

ယွဲ့ကျန့်ပေ၏ မေးခွန်းကိုကြားတော့ ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ကျွန်တော် သူတို့အတွက် ပြင်ဆင်ထားတဲ့ အရာတစ်ခုရှိတယ်”

သူက ဆက်ပြောသည်။

“အတွင်းထဲမှာပါဝင်တဲ့ အန္တရယ်မျိုးတော့ရှိတယ် ၊ ဒါပေမဲ့ တချို့ပြဿနာတွေကတော့ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်ရမှာပဲလေ”

ယွဲ့ကျန့်ပေက...

“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရဲ့ကျိန်စာကို ဖြေဖျောက်နိုင်ဖို့နည်းလမ်း မင်းမှာရှိလို့လား”

ရန်ကျောက်ကဲက သူ၏ခန္ဓာကိုယ်အား လက်ချောင်းများဖြင့်ပွတ်လိုက်ရင်း...

“အခုလောလောဆယ်တော့ မရှိသေးဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ဒီပြဿနာကို မတူညီတဲ့ရှုထောင့်တစ်ခုကကြည့်ဖို့ ကြိုးစားကြည့်ချင်တယ်”

“ကျွန်တော် ပြဿနာတစ်ခုကို စဉ်းစားတဲ့အခါ ပုံမှန်နည်းလမ်းတွေကိုသုံးပြီး အဖြေရှာလို့မရတဲ့အခါတိုင်း အစကိုပြန်သွားလေ့ရှိတယ် ၊ ပြီးရင် ပြဿနာကို နောက်တစ်ကြိမ် ပြန်သုံးသပ်တယ်”

ရန်ကျောက်ကဲက ရှင်းပြသည်။

“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က လမ်းမှန်တာအိုဝါဒက ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်ပေမယ့် သူက တာအိုဝါဒရဲ့ဆက်ခံသူတွေကို ရတနာအလင်းတန်းနဲ့ ထိုန်းချုပ်ပြီး အလွယ်လမ်းလိုက်ခိုင်းနေတာ အရမ်းရက်စက်ကြမ်းကြုတ်ရာကျတယ်”

“သူက ဒီလိုဖြစ်အောင် ဘယ်လိုလုပ်ထားတာလဲ”

ရန်ကျောက်ကဲက သူ၏ခန္ဓာကိုယ်ကိုတစ်ချက်ပွတ်လိုက်ရင်း တွေးတောလျှက် ပြောလိုက်သည်။

ယွဲ့ကျန့်ပေ၏မျက်ဝန်းများက တည်ကြည်လေးနက်သွားပြီး...

“ကောင်းကင်အမြုတေကျောက်တုံး...”

သူမျက်နှာထက်တွင် သဘောပေါက်သည့်အရိပ်အယောင်များထွက်ပေါ်လာပြီး...

“ကောင်းကင်အမြုတေကျောက်တုံး...”

ဟု ထပ်မံရေရွတ်လိုက်သည်။

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အမှန်ပဲ ၊ ကျွန်တော့်ခန့်မှန်းချက်အတိုင်းဆိုရင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ကောင်းကင်အမြုတေကျောက်တုံးကို မှီခိုအားထားတာဖြစ်ရမယ်”

သူက ဆက်ပြောသည်။

“အရင်တုန်းက ယိုးမင်ဧကရာဇ်က ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစကို ယူဆောင်သွားခဲ့တယ် ၊ ကျန်ရှိနေတဲ့ အပိုင်းအစတွေက အမတခုံရုံးမှာ ရှိနေမယ်ထင်တယ်”

“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ကျွန်တော်တို့ လမ်းမှန်တာအိုဝါဒက ကျင့်ကြံသူတစ်ယောက်ဆိုပေမယ့် ကောင်းကင်အမြုတေကျောက်တုံးနဲ့ တခြားရတနာပစ္စည်းတွေရဲ့ အကူအညီကိုရယူပြီး ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ ရတနာအလင်းတန်းနည်းလမ်းကို အသုံးပြုနေတာ ဖြစ်ရမယ်”

ရန်ကျောက်ကဲက လက်ချောင်းများဖြင့် နှုတ်ခမ်းကိုထိကိုင်လိုက်ရင်း...

“စိတ်မကောင်းစရာက ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစတွေက သေးငယ်တဲ့အပိုင်းအစတွေအဖြစ် ကွဲပြားသွားခဲ့တယ် ၊ အများစုက နေဝန်းထက်ယံအရှင်သခင်ကို အကျိုးပြုခဲ့တယ်”

ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစအား ရွှယ်ချူးချင်ရရှိသွားသည့်အခါ သူက ထိုအပိုင်းအစကို ပိုမိုများပြားသော အပိုင်းအစများပြုလုပ်ကာ များပြားလှစွာသော ကမ္ဘာအရပ်ရပ်တွင် ကွယ်ဝှက်ထားချင်ခဲ့သည်။

သို့သော် မျှော်လင့်မထားသည့်အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။

ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစက အပိုင်းအစများအဖြစ် ထပ်မံကွဲအက်သွားပြီးနောက် များပြားလှစွာသော ‘စစ်ခုန်ချင်း’ များအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူတို့တွင် ထင်ရှားသော အသွင်အပြင်ကိုပိုင်ဆိုင်ထားသည်သာမက သူတို့၏ သိုင်းပညာနှင့်ပတ်သက်သော ပါရမီကလည်း ထူးထူးခြားခြား မြင့်မားသည်။

ယင်းကြောင့် ‘စစ်ခုန်ချင်း’ များအားလုံးက ကမ္ဘာတစ်လွှား ပြန့်ကျဲသွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ စိတ်စွမ်းအားကောင်းမွန်သူများက အမြဲတမ်း တောက်ပနေကြသည်သာပင်။ ဆုံးပါးသွားသူအချို့ရှိကြသည့်တိုင် အများစုကတော့ တိုးတက်မှုများကို တွေ့ကြုံခံစားနိုင်ကြသည်။

သူတို့က ထင်ရှားသောအသွင်အပြင်ရှိသလို တစ်ယောက်နှင့်တစ်ယောက် အလွန်ဆင်တူပြီး အားလုံးက မယုံနိုင်လောက်အောင် သိုင်းစွမ်းရည်ပါရမီကို ပိုင်ဆိုင်ထားကြလေရာ ထိပ်တန်းအဆင့်ကျင့်ကြံသူများ၏ အာရုံစိုက်ခြင်းကို သေချာပေါက် ခံရမည်သာ ဖြစ်၏။

သစ်ပင်တစ်ပင်၏အရွက်ဆိုသည်က သာမန်ဆိုလျှင် တောအုပ်ထဲတွင် ကောင်းစွာကွယ်ဝှက်ထားနိုင်သည်။

သို့သော် စိမ်းလန်းသောတောအုပ်ထဲတွင် ရွှေရောင်သစ်ရွက်တစ်ရွက်ပေါ်လာပါက ၎င်းကို ကောင်းစွာ ကွယ်ဝှက်ထားနိုင်မည် မဟုတ်တော့ပေ။

ရွှေရောင်သစ်ရွက်များစွာရှိမေည်ဆိုပါက ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ပေ။

အခြားသူများ သူမအပေါ် နက္ခတ်ဂမ္ဘီရပညာအသုံးပြုခြင်းကိုတားဆီးရန် ရွှယ်ချူးချင်က သတိကြီးကြီးထားပြီး မည်သည့် စစ်ခုန်ချင်းနှင့်မဆို ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခဲ့သည်။

သူမ ရန်ကျောက်ကဲတို့သားအဖနှင့် ပြန်ဆုံပြီးနောက် ပြဿနာက မည်သည့်နေရာမှာလဲဆိုသည်ကို သိလိုက်ရသည်။

ထို့ကြောင့် သူမတွင် ခံစားချက်တစ်ခုဖြစ်ပေါ်လာသည်မှာ...

“အရင်တုန်းက ငါ မိုက်မဲ့သည့်အလုပ် တစ်ခုခုများ လုပ်ခဲ့ပြီလား”

ဆိုသောအတွေး ဖြစ်သည်။

သို့သော် အဆုံးသတ်မှာတော့ ရွှယ်ချူးချင်က မရည်အရွယ်သည့်အမှားတစ်ခုကို ပြုလုပ်ခဲ့ပုံရပြီး ရလဒ်က သူမထင်ထားသလို ဖြစ်မလာခဲ့ပေ။

အရင်က အထက်ဘုံကမ္ဘာ၏ ဧကရာဇ်(၃)ပါးနှင့် အုပ်စိုးရှင်(၅)ပါး ၊ အခြားသော ထိပ်တန်းအဆင့်တန်ခိုးစွမ်းအားရှင်များသည် စစ်ခုန်ချင်းများနှင့်ပတ်သက်ပြီး ထူးထူးခြားခြား သတိထားမိခြင်း မရှိခဲ့ကြပေ။

ဤသို့ဖြစ်ရသည့် တစ်ခုတည်သောအကြောင်းရင်းကတော့ တစ်စုံတစ်ယောက်က တောက်ပနေသည့် ရွှေရောင်သစ်ရွက်မျာကို တိတ်တဆိတ် သိမ်းဆည်းထားသောကြောင့် ဖြစ်၏။

ယခင်က ရန်ကျောက်ကဲက ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏ နောက်ခံကို သတိမပြုမိခဲ့စဉ်က ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တိဟွမ်မြေကမ္ဘာဧကရာဇ်’ကျန်းရှန်’ ထံမှ တစ်စုံတစ်ရာကို ဖုံးကွယ်ထားကြောင်း သူ သိရှိခဲ့သည်။

ထိုအချိန်ကတည်းက ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က စစ်ခုန်ချင်းနှင့် ရုပ်ချင်းတူသူများကို လျှို့ဝှက်စုဆောင်းနေသည်ဟု ရန်ကျောက်ကဲ မှန်းဆနိုင်ခဲ့သည်။

ယခုအခါမှာတော့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်’ယန်ချဲ့’ က နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ ၏ ကိုယ်ပွားဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိသွားပြီဖြစ်ရာ သူ၏ခန့်မှန်းချက်ကို အတည်ပြုနိုင်ခဲ့သည်။

ထိုစစ်ခုန်ချင်းများစွာသည် ကောင်းဟန်ထံတွင် စုစည်းခြင်းဖြင့် အဆုံးသတ်သွားဟန် ရှိ၏။

ရွှယ်ချူးချင်၏စကားအရဆိုလျှင် ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစများအား အပိုင်းပိုင်းခွဲခြားခြင်းက သူမ၏စိတ်ကူးမဟုတ်ပေ။ သူမဆရာ၏ အကြံဉာဏ်သာဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤအကြံအစည်က ရွှယ်ချူးချင်ဆရာ၏အကြံအစည်လား ကောင်းဟန်ထံမှဆင်းသက်လာသည့်အကြံအစည်လားဆိုသည်ကိုတော့ အတိအကျပြောရန် ခက်ခဲပေလိမ့်မည်။

ရွှယ်ချူးချင်၏ ဆရာဘွားဘွား’ဟူယွဲ့ရှင်း’ ထံမှ ကောင်းကင်အမြုတေကျောက်တုံးနှင့် ပတ်သက်သည့်အချက်အလက်များက အတိတ်တစ်ချိန်တုန်းက တောင်ပိုင်းချန်စန်းဧကရာဇ် ၊ ကောင်းဟန်နှင့် အခြားသူများထံသို့ လက်ဆင့်ကမ်းခဲ့ခြင်း ဖြစ်နိုင်သည်။

ထို့ကြောင့် ဤအချက်အလက်များက တောင်ပိုင်းချန်စန်းဧကရာဇ် ၊ ကောင်းဟန်နှင့် အခြားသူများထံမှ ဆင်းသက်လာခြင်း ဖြစ်နိုင်၏။

ရန်ကျောက်ကဲက...

“သူက အားလုံးကို ဖုံးကွယ်ထားပြီး ကြီးမားတဲ့အကျိုးကျေးဇူးတွေ ရရှိခဲ့တယ် ၊ ဒါပေမဲ့ ကျွန်တော့်အမေကတော့ ကမ္ဘာတစ်ခွင်လုံးမှာ နောက်ကလိုက်သတ်တာကို ခံခဲ့ရတယ်”

ရန်ကျောက်ကဲ အံတင်းတင်းကြိတ်လိုက်သည်။

“ဒါပေမဲ့ ကိစ္စရပ်အားလုံး ပြီးပြည့်စုံအောင်လုပ်ဆိုတာ ခက်ပါတယ် ၊ သူက လူတိုင်းကိုစုစည်းပြီး ကောင်းကင်အမြုတေကျောက်တုံးအပိုင်းအစတွေကို ပြန်ပြီးဖွဲ့စည်းချင်တယ်ဆိုရင်တော့ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်”

သူက ပြုံးလိုက်ရင်း...

“သူတို့မှာတစ်ခုရှိရင် ကျွန်တော်တို့မှာလည်းတစ်ခုရှိတယ် ၊ သူတို့အားလုံးကို အတူတူမထားနိုင်ဘူးဆိုရင် ဒါက ပညာရှိတဲ့ရွေးချယ်မှုပဲ မဟုတ်လား ၊ အမတခုံရုံးက ကျွန်တော်တို့အားလုံးကို တစ်ခါတည်းနဲ့ဖမ်းဆီးနိုင်မှာမှ မဟုတ်တာ”

ရန်ကျောက်ကဲ၏စကားကိုကြားတော့ ယွဲ့ကျန့်ပေက လေးနက်သောအမူအရာဖြင့် ပြုံးလိုက်သည်။

ထို့နောက် သူက ညင်သာစွာ ခေါင်းခါယမ်းရင်း...

“ယန်ချဲ့က ငါတို့အားလုံး မသိနိုင်တဲ့ကိစ္စတစ်ခု လျှို့ဝှက်ထားတယ်လို့ ခန့်မှန်းနိုင်ခဲ့ပေမယ့် သူက နေဝန်းထက်ယံအရှင်သခင်ရဲ့ ကိုယ်ပွားဖြစ်နေမယ်လို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဘူး”

ရန်ကျောက်ကဲက နှုတ်ခမ်းများမဲ့ရွဲ့လိုက်ရင်း...

“အစက သူက နေဝန်းထက်ယံအရှင်သခင်နဲ့ ကြံရာပါပဲလို့ထင်ခဲ့တာ ၊ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အရာအားလုံးကို မျှဝေထားတဲ့အနေအထားဖြစ်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူး ၊ အခုတော့ မင်းဟာလည်း မင်းပစ္စည်း ၊ ငါ့ဟာလည်းမင်းပစ္စည်းဆိုသလိုမျိုးပဲ”

အရင်က တိဟွမ်မြေကမ္ဘာဧကရာဇ်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့ ပြင်ပဗလာနယ်ထဲတွင်ရှိနေကြပြီး ပြန်မလာခဲ့ကြပေ။

ထိုအချိန်တွင် ဝါဒတောင်နှင့် ချီလင်ကမ်းပါးကြား စစ်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။

ရန်ကျောက်ကဲက ဝမ်ကျန်းချန်ကို သတ်ဖြတ်လိုက်သည့်အခါ သူတို့ကြားတွင် ဘယ်တော့မှစေ့စပ်မရနိုင်တော့သည့် အကွဲအပြဲတစ်ခု ဖြစ်ပေါ်လာသည်။

သူတို့အနေဖြင့် နောက်ပြန်လှည့်၍ မရနိုင်တော့ပေ။

ထိုစဉ်က ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က နတ်ဘုရားအနားယူတောင်ကြားတွင် တံခါးပိတ်ကျင့်ကြံနေပြီး ပြင်ပရေးရာကိစ္စများတွင် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိပေ။

သို့ပေသိ သူက အထက်ဘုံကမ္ဘာကိစ္စရပ်များကို အရေးမစိုက်ဘဲ အမှန်တကယ် တံခါးပိတ်ကျင့်ကြံနေခြင်းမဟုတ်ကြောင်း သက်သေပြခဲ့သည်။

သူက အထက်ဘုံကမ္ဘာကိစ္စရပ်များကို အမြဲတမ်း အာရုံစိုက်နေခဲ့ပေသည်။

သူ၏လုပ်ရပ်များကြောင့် နှစ်ဖက်ကြားရန်လိုမှုများ ပိုမိုတိုးပွားလာသည်မှာ ထင်ရှားသည်။

မဟုတ်ပါက သူသာ တကယ်ပဲ အထက်ဘုံကမ္ဘာငြိမ်းချမ်းရေးအတွက် အမှန်တကယ် ဆန္ဒရှိမည်ဆိုလျှင် သူ့အတွက် အသင့်လျော်ဆုံးမှာ တစ်ဖက်ဖက်မှ ပံ့ပိုးကူညီပေးရန် ဖြစ်သည်။

ထိုသို့ဆိုလျှင် တစ်ဖက်က သိသာထင်ရှားစွာ အားနည်းသွားပြီး နောက်ပြန်ဆုတ်သွားမည်ဖြစ်ရာ အခြေအနေများလည်း ငြိမ်သက်သွားနိုင်သည်။

အင်အားစုများ အချင်းချင်းတိုက်ခိုက်သောအခါ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ပိုပြီးကြားနေလေလေ သူ့ကိုပိုပြီး ခန့်မှန်းရခက်လေ ဖြစ်သည်။

တိဟွမ်မြေကမ္ဘာဧကရာဇ်’ကျန်းရှန်’ သည်လည်း ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်၏ မူမမှန်မှုများကို သတိပြုမိပေမည်။

သို့သော် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်က တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ် နှစ်ဖက်လုံးအတွက် အလုပ်လုပ်နေသော နှစ်ဖက်ချွန် ဖြစ်သည်ဟု သူက ယူဆခဲ့သည်။

နောက်ဆုံးတွင် ဆုံးရှုံးမှုအကြီးမားဆုံး ခံစားခဲ့ရသူက ကျန်းရှန် ဖြစ်လာခဲ့သည်။

ကျန်းရှန်အနေဖြင့် ရန်ကျောက်ကဲနှင့် စောမင်ကျန့်ကို မရှုံးခဲ့လျှင်တောင်မှ ကောင်းဟန်၏အစီအစဉ်အောက်တွင် ကျရှုံးရမည်သာ ဖြစ်တော့၏။

All Chapters