ထင်းတဲသို့ ပြန်လည်၍
Vol. 17 Ch. 241
ကျန်းဟူ သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ပြီး မျက်မှောင်ကြုတ် လိုက်တယ်။ ပြီးတော့မှ ယုံကြည်ချက် ပြန်ရလာတဲ့ပုံနဲ့..
“ငါ့စွမ်းအားတွေ (၃၀)ရာခိုင်နှုန်းလောက် ဆိုပေမယ့် စွမ်းအားတွေ ပြန်ရပြီ။ နည်းနည်းလောက် ပြန်လေ့ကျင့်လိုက်ရင် အကုန်ပြန်ရမှာပါ”
ကျန်တဲ့သူတွေလဲ အားလုံး အတူတူပဲပေါ့ဗျာ။
ကျုပ်လဲ ပျော်သွားပြီး..
“ဒါဆို အရမ်းကောင်းတယ်”
ကျန်းရှန်က..
“အစ်ကိုကြီးကျန်းကျန်း။ မင်းဘာတွေဖြစ်ခဲ့တာလဲ..”
ကျုပ်လဲ သူတို့ကို အဖြစ်အပျက်တွေ ပြန်ပြောရင် မျက်ရည်တွေ ဝေ့လာမိလိုက်တယ်။ အမှောင်စွမ်းအားတွေကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာကြားတော့ တုန့်ပြန်ပုံတွေက အားလုံးတပြိုင်တည်းပဲ။ အသေးစိတ် မသိသေးတာတောင် စိုးရိမ်တကြီးနဲ့ ဒေါသတွေ ဖြစ်နေကြတယ်လေ။
......****…..
ကျန်းဟူ ကျုပ်ပုခုံးကို လှမ်းပုတ်ပြီး..
“ကျန်းကုန်း၊ မင်းဒီလောက် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတာတောင် ငါတို့ကို ရအောင် ကယ်ခဲ့သေးတယ်။ အခုအချိန်ကစပြီး မင်းအစ်ကိုကြီးအသက်က မင်းအတွက်ပဲ”
“အစ်ကိုကြီး မင်းကို သေမင်းနှုတ်ထမ်းဝ ပို့ခဲ့တဲ့သူကို ဒီလို ပြောနိုင်သေးတယ်ပေါ့… မင်းတို့တွေကို မဖြစ်မနေ ကယ်ရမှာ ငါ့တာဝန်ပဲလေ”
ဦးလေးထင်းတုံးကြီးအသံ ကျုပ်နောက်ကနေ ထွက်လာတယ်။
“ကျန်းကုန်း ငါတို့တွေ ပြန်သင့်ပြီ။ ထင်းအလုံအလောက် ရှိတယ်ဆိုပေမယ့် အချိန်အတော်ကြာအောင် ပျောက်နေရင် သံသယဝင်ကြလိမ့်မယ်”
“အားလုံးကို ကယ်နိုင်အောင် သူပဲ အများကြီး ကူညီပေးခဲ့တာ ဒီ.. ဦးလေး ထင်တုံးကြီး.. ပေါ့”
သူတို့ကိုတော့ ဦးလေးထင်းတုံးကြီး ဘဝအမှန် မပြောဘဲ နတ်ဆိုးမျိုးနွယ်ထဲမှာ ဇာတ်မြုတ်နေတဲ့ လူတစ်ယောက် အနေနဲ့ပဲ မိတ်ဆက်ပေးခဲ့လိုက်တာ။
ကျန်းဟူနဲ့ ကျန်တဲ့သူတွေ အားလုံး အသက်သခင်အတွက် အရိုအသေ ပေးလိုက်ကြတယ်။
ဦးလေးထင်းတုံးကတော့ သူတို့ကို ကြည့်ပြီး ပြုံးရင်းနဲ့..
“မင်းတို့တွေ တကယ်ကို လူငယ်သူရဲကောင်းတွေပြ။ ငါဆို မင်းတို့ အသက်အရွယ်တုန်းက အဲလောက် စွမ်းအား မကောင်းသေးဘူးကွ”
“နောက်နောင် အခွင့်အရေးရခဲ့မယ်ဆိုရင် ဦးလေးထင်းတုံးကြီးရဲ့ အနီးကပ်လမ်းညွှန်မှုတွေ ကျုပ်တို့ လိုအုံးမှာပါ”
“အချိန် မရှိတော့ဘူး။ မင်းမိတ်ဆွေတွေကို ဒီမှာထားခဲ့လိုက်ရအောင်။ အခွင့်အရေးရရင် မင်းတို့ လက်နက်တွေ ပြန်ရနိုင်လိမ့်မယ်”
နတ်ဘုရားလက်နက်တွေ အားလုံး အရေးကြီးတယ်လေ။ အထူးသဖြင့် ကျုပ်ရဲ့ စုက္ကရေးကြီးပေါ့ဗျာ။
ကျုပ် ခေါင်းညိတ်ပြီး ကျန်းဟူကို..
“အစ်ကိုကြီး.. မင်းနဲ့ ညီနောင်တွေ ဒီမှာ ခနနေကြအုံး။ တစ်ခုခုဆို ဟိုတွင်းပေါက်ကြီးထဲဝင်ပြီး ကျောက်တုံးပိုင်းကြီး ပိတ်ထားလိုက်ယုံပဲ။ (၁၀)ရက်အတါင် နတ်ဘုရားလက်နက်တွေ ပါပါ၊ မပါပါ ပြန်စုံကြမယ်”
“စိတ်လျော့ထားလိုက်။ ငါတို့ ခွန်အားပြန်ရလာရင် ကြောက်စရာဘာမှ မရှိတော့ဘူး။ ဘာပဲလုပ်လုပ် သတိနဲ့လုပ်။ ငါတို့ နတ်ဘုရား လက်နက်တွေ ပြန်ယူဖို့ အဆင်မပြေရင် ဒီအတိုင်း ပြန်လာခဲ့လိုက်”
အားလုံးကို နှုတ်ဆက်ပြီးတာနဲ့ ကျုပ်နှလုံးသားထဲမှာ ပေါ့ပါးသွားတယ်။ ဒီခရီးစဉ်မှာ ကျုပ်ကလွဲရင် ဘယ်သူမှ အထိအခိုက်မရှိလိုက်ဘူးလေ။
ဦးလေး ထင်းတုံးကြီးက..
“ဒီအဆောင် အလုပ်ဖြစ်ပါအုံးမလား”
“အလုပ်ဖြစ်နိုင်တယ်။ ဒါပေမယ့် သတ်မှတ်ချက်က (၅)ကီလိုမီတာ အကွာအတွင်းပဲရမှာ။ မီးဖိုဆောင်ကနေ (၅)ကီလိုမီတာအကွာ ဆို အလုပ်ဖြစ်လိမ့်မယ်”
“ဒါဆို ကောင်းတယ်။ ငါတို့တွေ မြို့ထဲရောက်ရင် သုံးလို့ရပြီပေါ့။ တစ်နေ့တာ ပျက်ကွက်ယုံနဲ့ ငါတို့ကို သံသယ ဖြစ်မှာ မဟုတ်ဘူး မျှော်လင့်ရတာပဲ”
“ကျုပ်တို့ ထွက်လာတုန်းက ဒီနေ့အတွက် လိုသလောက်ထင်းတွေ စီပေးပြီးသားလေ။ ပြီးတော့ ဒီနေ့ အဖြစ်အပျက်ကြောင့် ဘယ်သူက စားလို့ဝင်နိုင်ကြမှာတုန်း”
မြို့အဝင်အထွက် လုံခြုံရေးက တော်တော်ကို တင်းကြပ်ထားတာ။ မြို့အပြင်ဘက်မှာတောင် စစ်သည်တွေ ကင်းလှည့်နေကြသေးတယ်။ ကျုပ်လဲ မြေပြင်ပေါ်မှာ တည်နေရာရွှေ့ပြောင်း ဝင်္ကပါ ရိုးရိုးလေးတစ်ခု ဖန်တီးပြီး မြို့ထဲကို အောင်အောင်မြင်မြင် ဝင်ခဲ့လိုက်ကြတယ်။
မြို့ထဲရောက်တာနဲ့ ချက်ချင်းကို အိမ်သာလေးဆီ တမ်းလာခဲ့လိုက်ကြတာပေါ့။
ကျပ်တို့တွေ နှခေါင်းပိတ်ပြီး မီးခိုဆောင်ထဲ ဝင်တဲ့အချိန် စားဖိုမှူးတစ်ယောက် လျှောက်လာပြီး ဦးလေး ထင်းတုံးကြီးကို..
“ထင်းတုံးအဘိုးကြီး တစ်နေကုန် ဘယ်လျှောက်သွားနေတာလဲ”
“ဒီနေ့ သိပ်နေမကောင်းလို့ ထင်းတဲလေးထဲမှာ နားနေတာ”
စားဖိုခေါင်းအတွက် ကျုပ်တို့ ဟန်ဆောင်ဆောင် ဖုံးကွယ်မှုတွေ ဘယ်လိုသတိထားမိနိုင်မှာတုန်း။ သူကပဲ စိတ်လှုပ်ရှားတကြီးနဲ့..
“ဒီနေ့ မြို့ထဲမှာ ကြီးကြီးကျယ်ကျယ် ဖြစ်သွားတာ မင်းသိလား။ အရှင်မင်းမြတ်ကို လုပ်ကြံတဲ့ ရာဇဝတ်ကောင်တွေ လွတ်သွားပြီ”
“ဘယ်လို… ဒီရာဇဝတ်ကောင်တွေကို ကမ္ဘာပေါ်မှာ ဘယ်လိုလူက ကယ်နိုင်မှာတုန်း။ ဘယ်သူ လုပ်သွားတာလဲ”
“လူ နှစ်ယောက်လို့ ကြားတာပဲ။ တော်ဝင် အစောင့်အရှောက် ဘာလုပ်နေကြလဲ မသိပါဘူး။ ရာဇဝတ်ကောင်တွေကို တစ်ချက်လေးတောင် မတိုက်လိုက်နိုင်ဘူး။ အဲ့နှစ်ယောက်က တားမြစ်မန္တန် သုံးလိုက်တဲ့အပြင် နဂါးတစ်ကောင်တောင် ကူညီသွားသေးတယ်လို့ ကြားတယ်။ မင်းတို့ နှစ်ယောက်တော့ မဖြစ်နိင်ဘူးမို့လား”
ဦးလေးထင်းတုံးကြီးနဲ့ ကျုပ် အရမ်းလန့်သွားတယ်။ လျှပ်တပျက် တိုက်ခိုက်လာနိုင်တာတွေအတွက် ပတ်ဝန်းကျင်ကိုတောင် သေသေချာချာ လေ့လာရင်း စွမ်းအားတွေ စုထားမိလိုက်တယ်။
ကျုပ်တို့ အံ့ဩနေတုန်း စားဖိုခေါင်းက ရုတ်တရက် ရယ်ပြီး..
“ကြောက်မနေပါနဲ့ကွာ။ မင်းတို့နှစ်ယောက်မှာ တစ်ယောက်က အဘိုးကြီး၊ တစ်ယောက်က ဒုက္ခိတ၊ ဘာများလုပ်နိုင်မှာလဲ။ ငါနောက်တာပါကွာ”
အဲ့တော့မှ ကျုပ်တို့တွေ သက်ပြင်းချနိုင်တော့တယ်။
ဦးလေးထင်းတုံးကြီးက..
“စားဖိုခေါင်း မင်း စကားတွေကို ဒီလို လွယ်လွယ်လေး မပြောသင့်ဘူး။ တော်ဝင်အစောင့်တွေ ငါတို့ကို လာဖမ်းသွားရင် မင်းအတွက် ဘယ်သူ ထင်းလာခွဲပေးမှာတုန်း”
စားဖိုခေါင်း ရယ်မောပြီး..
“မင်းတို့တွေ ထင်းခွဲလိုက်အုံး။ ငါလဲ ပြန်ပြီး ချက်ပြုတ် လိုက်အုံးမယ်ဟေ့”
နတ်ဆိုး မြို့ထဲမှာ ဂျွမ်းသဒါလန်းအောင် သောင်းကျန်းခဲ့တာ အဘိုးကြီးနဲ့ ဒုက္ခိတဆိုတာ သူနည်းနည်းလေးမှ မသိလိုက်ဘူး။
သူထွက်သွားတော့မှ ကျုပ်လဲ နဖူးကချွေးတွေ သုတ်လိုက်မိတော့တယ်။ အနားမှာ ဘယ်သူမှ မရှိတော့ဘူးဆိုတာ သေချာမှာ ဦိးလေး ထင်းတုံးကြီးကို..
“နောက်ဆုံးတော့ ကျုပ်တို့တွေ ဖြတ်ကျော်နိုင်သွားပြီ..”
ဦးလေးထင်းတုံးကြီးနဲ့ ကျုပ် တစ်ရက်နေတော့ ခွန်အားတွေ အထွတ်အထိပ် ပြန်ရောက်သွားပြီ။ တနေ့တာကို ပင်ပင်ပန်းပန်း ဖြတ်သန်းပြီး မိုးကုတ်စက်ဝိုင်းမှာ တိမ်ဆိုင် တိမ်လိပ်တွေနဲ့ အနီရောင်၊ လိမ္မော်ရောင် ဖျော့ဖျော့တွေနဲ့ တောက်ပနေလေရဲ့။ မြင်ကွင်းက အရမ်းစွဲမက်စရာပါဗျာ။
ဦးလေးခင်းတုံးကြီး ကျုပ်နားလာပြီး သက်ပြင်းချရင်း..
“နေဝင်ချိန်ရဲ့ အဆုံးသတ်က အံ့ဩစရာ မဟုတ်ဘူးကွ။ ဒါပေမယ့် နေဝင်ချိန်ရဲ့ အလှတရားကတော့ ညနေခင်းရဲ့ တစ်စိတ်တစ်ပိုင်းမှာပဲ ပေါ်လာတတ်တယ်”
ကျုပ် ပြုံးရင်းနဲ့..
“ခင်ဗျား ဘယ်လို အဘိုးကြီးပါလိမ့်။ နတ်ဆိုးမျိုးနွယ်အနေနဲ့တော့ ခင်ဗျားကို သူတို့ရဲ့ စံပြတစ်ယောက်အနေနဲ့ လိုအပ်နေကြတုန်းပဲနော်”
ဦးလေးထင်းတုံးကြီး အသာခေါင်းရမ်းရင်း..
“ဘယ်လို မျိုးနွယ်မှာပဲဖြစ်ဖြစ် အဆိုးဆုံး အခြေအနေဆိုတာ ရှိနေကြအုံးမှာပဲ။ အဲ့အတွက်လဲ ငါတွေးထားပြီးသားပါ။ ဒီအသက်အရွယ်နဲ့ အချိန်မတန်ခင် သေရလိမ့်မယ် တွက်မထားပေမယ့် သေရမယ့် နေရာတစ်ခုတော့ သတ်မှတ်ထားပြီးသားပဲလေ”
သူ့စကား နားထောင်ပြီး ကျုပ်စိတ်ထဲကို နိမိတ်ဆိုးတစ်ခုလို ရောက်လာတယ်။ ဦးလေးထင်းတုံးကြီးဆိုတာ ကျုပ်လေးစားထိုက်တဲ့ အဘိုးကြီး တစ်ယောက်ဗျ။
“ကဲကွာ ဒါတွေ ထားလိုက်တော့။ ငါ့စွမ်းအားတွေ အပြည့်အဝ ပြန်ကောင်းသွားပြီ။ နတ်ဘုရား လက်နက်တွေ ပြန်ယူဖို့ ပြင်ဆင်မှုတွေ လုပ်ကြရအောင်”
တကယ်ဆို နတ်ဘုရားလက်နက်တွေ ပြန်ယူဖို့ဆိုတာ ခေါင်းစဉ်သက်သက်ပါပဲ။ တကယ့် ရည်ရွယ်ချက်က မူကျီကို ထပ်တွေ့ချင်သေးတဲ့ မျှော်လင့်ချက်လေ။ သူ့နဲ့ ခွဲနေရမယ့်ဆိုပြီး ပါးစပ်က ပြောနေပေမယ့် နှလုံးသားက သူနဲ့ ကျန်ရစ်ခဲ့ပြီလေ။ မူကျီရဲ့ ချစ်စရာ ပုံစံလေးကို မြင်ယောင်မိတိုင်း ကျုပ်နှလုံးသား ဘာမှမတတ်နိုင်ဘဲ နာကျင်ရလွန်းပါတယ်ဗျာ။
ကျုပ်မျက်နှာ ရုတ်တရက် ဖြူလျော်သွားတာတွေ့တော့ ဦးလေး ထင်းတုံးကြီးက..
“ဘာလဲ မင်းဒဏ်ရာဟောင်းတွေ ပြန်ပေါ်လာတာလား”
မမျှော်လင့်ဘဲ ကျုပ် သူ့ကို ကြောင်ကြည့်နေမိလိုက်တယ်။
============= (*^*)=============
အပိုင်း( ၂၄၂ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား