← Chapters

မူကျီရဲ့ ခရီးစဉ်

Vol. 17 Ch. 244

မူကျီရဲ့ ခရီးစဉ်

Vol. 17 Ch. 244

နတ်ဆိုးဧကရာဇ် စကားကြားတော့ ဦးလေးထင်းတုံးကြီး ဘာမှတ်ချက်မှ မပေးဘူး။ နတ်ဆိုးဧကရာဇ်ရဲ့ စကားတွေကလဲ အမှန်တရားပဲဆိုတာ ကျုပ်နားလည်နေတယ်လေ။

နည်းနည်းလေး စဉ်းစားပြီး..

“ဒါဆို ရှေ့တန်းက ခင်ဗျားတပ်ကနေ နတ်ဆိုးစစ်သည်တွေကို နောက်ပြန် မရုတ်နိုင်တော့ဘူးပေါ့”

နတ်ဆိုးဧကရာဇ် ကျုပ်ကို တစ်ချက်ကြည့်ပြီး..

“မင်း တော်တော်အတဲ့ကောင်ပဲ။ လူသားမျိုးနွယ်ကိုများ စားယုံပဲသိတဲ့ ကောင်တွေများ မှတ်နေလား။ ငါ့ တစ်ချို့တပ်တွေ ဆုတ်သွားတာမြင်တာနဲ့ သူတို့တွေ အဲဒါကို အခွင့်အရေးလိုသဘောထားပြီး ကျန်တဲ့ တပ်တွေကို ဝင်စီးကြမှာပေါ့။ ပြီးရင် ငါ့နိုင်ငံကို အမှုန့်ချေဖို့တောင် ဆက်တိုက် တိုက်ခိုက်မှုတွေ လုပ်လာနိုင်သေးတယ်။ လူသားမျိုးနွယ်အပေါ် နတ်ဆိုးတွေရဲ့အမုန်းတရားက အရမ်းနက်ရှိုင်းတယ်ကွ”

တကယ်ဆို ကျုပ်က နတ်ဆိုးမျိုးနွယ်ကို ကူညီလိုက်တဲ့အတွက် ကျုပ်အသက်သတ်ဖို့တောင် ကြိုးစားတဲ့ မင်းသားခယ်ကြာကို သတိရမိတိုင်း ဒီနေ့ထိ ကြောက်မိနေတုန်းပဲ။

နတ်ဆိုးဧကရာဇ် ခနငြိမ်နေပြီးမှ..

“တကယ်တော့ အချိန်အတိုင်းအတာ တစ်ခုအထိ ဖြစ်နိုင်မယ့် နည်းလမ်းတစ်ခု ရှိပြီးသားပါ”

“ဘယ်နည်းလမ်းလဲ”

နတ်ဆိုးဧကရာဇ် လဝန်းကို ငေးကြည့်ရင်း ကျုပ်ဘက်လှည့်လာပြီး..

“အဲဒါ နှစ်ဖက် တပ်တွေ ဆုတ်ခွာပြီးရင် မကျူးကျော်ဖို့ တားမြစ်စာချုပ်ကို နှစ်ဖက်လုံး လက်မှတ်ထိုးဖို့ပေါ့။ ဒါ ငါနဲ့ အပေးအယူ လုပ်လို့ရမယ့် တစ်ခုတည်းသော နည်းလမ်းပဲ”

သူ့စကားကြားပြီး ပထမဆုံး ကျုပ်အောင်မြင်နိုင်ဖို့ ရာခိုင်နှုန်း ဘယ်လောက်ရှိနိုင်လဲဆိုတာ တွေးလိုက်မိတယ်။ အခုဆို ကျုပ်က အိုက်ရှားနိုင်ငံရဲ့ သစ္စာဖေါက် ဖြစ်နေပြီ။ လူသားမျိုးနွယ်နိုင်ငံကြီး(၃)ခု ကျုပ်ကို ဘယ်လိုလုပ် ယုံကြပါ့မလဲ။ ဒုတိယ အနေနဲ့ နတ်ဆိုး ဧကရာဇ် ဒီလိုအကြံပြုတာ သူ့ရည်ရွယ်ချက်လား။ တကယ်လို့ သူ့ကတိအတိုင်း တပ်တွေ အဆုတ်ပြီး ရုတ်တရက် ပြန်တိုက်ခဲ့ရင် ကျုပ်က လူသားမျိုးနွယ်ကြီး တစ်ခုလုံးအပေါ် သစ္စာဖောက်ဖြစ်တော့မှာ မဟုတ်ဘူးလား။

နတ်ဆိုးဘုရင် ကျုပ်ကို စူးစိုက်ကြည့်နေရင်း..

“ဒါကို ပြီးအောင်လုပ်ဖို့ ခက်မှာလား”

ကျုပ် ခေါင်းငြိမ့်ပြီး..

“ခင်ဗျားတို့ မဟာမိတ် တပ်(၂)ခုစလုံး ပြန်ဆုတ်ဖို့ ကတိပေးနိုင်မှာလား”

နတ်ဆိုးဧကရာဇ် အသာပြုံးရင်း..

“အဲ့အတွက် မင်းစိတ်ပူမနေနဲ့။ ငါတို့မျိုးနွယ်က မြူခိုးအင်ပါယာနဲ့ အခိုင်အမာ မဟာမိတ်ဖွဲ့ထားတာမဟုတ်ဘူး။ ငါ့အစွမ်းနဲ့ဆို သားရဲအင်ပါယာ တပ်ဖွဲ့တွေ ဆုတ်ခွာသွားဖို့ အာမခံတယ်။ မင်း စိတ်အနှောက်အယှက် ဖြစ်ရမယ့်ကိစ္စက သူတို့တွေ တပ်ဆုတ်သွားတာနဲ့ လူသားမျိုးနွယ်ကို တိုက်ခိုက်ဖို့ ငါများတိုက်ခိုက်ဖို့ တွေးနေမယ် ထင်နေတာမို့လား”

ကျုပ်လဲ ခပ်ဟဟရယ်ပြီး အမှန်အတိုင်းပဲ..

“ခင်ဗျားက နတ်ဆိုးမျိုးနွယ်အုပ်ချုပ်သူဆိုပေမယ့် ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေရဲ့ အကြံဉာဏ်တွေကို နားထောင်ရအုံးမှာပဲ။ ဒီလို အခွင့်အရေးမျိုး လက်လွတ်ခံကြပါ့မလား သံသယ ဖြစ်မိတယ်”

နတ်ဆိုးဧကရာဇ် သူ့ဝတ်ရုံကို ဖုံသုတ်ခါလိုက်ရင်း..

“အဲအတွေးတွေ လုံးဝမလိုဘူး။ ငါတို့မျိုးနွယ်က ကတိတည်ယုံတင်မဟုတ်ဘူး လုပ်လို လုပ်ဖို့အတွက် ငါ့စိတ်ရင်း ပြဖို့အတွက် ငါ့အချစ်ရဆုံး မူကျီကို မင်းနဲ့အတူ လူသားမျိုးနွယ်ကို ပြန်လွှတ်ပေးဖို့ ပြောပြီးပြီလေ။ အဲဒါ မင်းအတွက် အကောင်းဆုံး အာမခံချက်ပေါ့။ မင်းလူမျိုးနွယ်စုတွေ ငါတို့အပေါ် ကျူးလွန်ရင်တောင် သိက္ခာ အကျမခံဘူးကွ။ ပြီးတော့ ငါ့အရိုက်အရာ ဆက်ခံရမယ် မူကျီလဲ မင်းလက်ထဲမှာ ရှိနေလိမ့်မယ်။ ဘာသတိထား နေစရာ လိုသေးလို့တုန်း။ အမှန်အတိုင်းပြောရရင် ဒီလို လွှတ်လိုက်တာကို ငါ့ငယ်သား အများစု ဆန့်ကျင်ကြတယ်။ စစ်ပွဲမဖြစ်ချင်တဲ့သူ (၅၀)ရာခိုင်နှုန်း ကျော်မှာ သေချာတယ်။ ဘယ်ဘက်ကပဲဖြစ်ဖြစ် ငါ့အတွက်တော့ အကျိုးရှိနိုင်မှာပဲ။ လောလောဆယ် မင်းလုပ်ရမှာက လူသားမျိုးနွယ် (၃)နိုင်ငံကို မင်းယုံကြည်ရနိုင်မလားဆိုတာ ပြန်ဖြေရမယ့် အလှည့်ဖြစ်သွားပြီ”

သူ့စကားကြားတော့ ကျုပ် တော်တော်လေး သက်သာရာရသွားတယ်။ နှလုံးသား အနက်ရှိုင်းဆုံးထဲကကို စစ်မဖြစ်စေချင်ခဲ့တာ။ နတ်ဆိုးဧကရာဇ်တောင် သူ့စိတ်ရင်းပြခဲ့တာဆိုတော့ ခက်ခဲမယ်ဆိုရင်တောင် ကြိုးစားကြည့်ချင်သေးတယ်။

ကျုပ် ဆတ်ကနဲ ခေါင်းမော့ပြီး နတ်ဆိုးဧကရာဇ်ကို ပြတ်ပြတ်သားသား ကြည့်လိုက်တယ်။

“ခင်ဗျားကတိအတိုင်းပေါ့။ ကျုပ်အသက် စတေးရမယ်ဆိုရင်တောင် ခင်ဗျားယုံကြည်မှုအတွက် ကျုပ်အတတ်နိုင်ဆုံး ကြိုးစားမယ်။ တကယ်လို့ မအောင်မြင်ရင် လျှပ်စီးခံတပ်ကို ကျူးကျော်ဖို့ ဆုံးဖြတ်လိုက်တော့။ မိစ္ဆာဘုရင်နဲ့ ပတ်သက်တက် အချက်အလက်တွေ ခင်ဗျားဆီ ပို့ပေးမယ်ဆိုပေမယ့် ကျုပ်ကိုယ်တိုင်တော့ လုံးဝ ပါဝင်မပတ်သက်တော့ဘူး”

နတ်ဆိုး ဧကရာဇ်ရယ်သံတွေ ထွက်လာတယ်။

“ကောင်းတယ်။ ကောင်းတယ်။ ကောင်းတယ်။ ငါ မင်းကို အမြင်မလွဲခဲ့ဘူးပဲ။ မင်း တကယ်ကို ရဲရင့်ပြီး မူကျီရဲ့ ချစ်သူ ဖြစ်ထိုက်ပါတယ်။ ဒါကလဲ ငါတို့မျိုးနွယ် (၂)ခုလုံးအတွက် တကယ့်ကို အကြီးမားဆုံး စိတ်ဝမ်းကွဲမှုကြီး ဖြစ်သွားနိုင်တယ်။ မိစ္ဆာဘုရင် ဖြစ်တည်မှု သက်သေအထောက်အထား ပြနိုင်ဖို့ ငါမင်းကို အချိန် (၂)နှစ်ပဲပေးမယ်။ မဟုတ်ရင် ငါကတော့ တိုက်ပွဲပြန်စပြီး လူသားမျိုးနွယ်ကို အဆုံးစွန်ထိ တိုက်ခိုက်သွားမှာ”

ဦးလေး ထင်းတုံးကြီး ကျုပ်ပုခုံးပေါ် လက်တင်ပြီး..

“ဒါ အကောင်းဆုံး ရလဒ်လို့ သတ်မှတ်သင့်တယ်..”

ကျုပ် ခေါင်းညိတ်ပြီး..

“(၂)နှစ်ဆို အချိန်လုံလောက်ပါတယ်။ ကျုပ်အခု လုပ်ရမှာက တပ်တွေ ပြန်ဆုတ်အောင် ပြန်ပြီး နိုင်ငံ(၃)ခုက ဘုရင်တွေကို စည်းရုံးနိုင်ရင် ခင်ဗျားကို ဘယ်လို ဆက်သွယ်ရမှာလဲ”

နတ်ဆိုးဧကရာဇ် ရုတ်တရက် သက်ပြင်းချပြီး..

“ငါဒီလို လုပ်ရတဲ့ အဓိက တွန်းကတွေက ဦးလေးအပြင် မင်းအပေါ် မူကျီရဲ့ ဇွဲစိတ်ထက်သန်မှုပေါ့။ အန္တရာယ်များတဲ့ လောင်းကြေးတစ်ခု လုပ်ယုံကလွဲလို့ ငါလဲ ဘာမှမတတ်နိုင်တော့ဘူး။ မူကျီကို ငါ့ရဲ့ စစ်တပ်အမိန့်ပေး တံဆိပ်တစ်ခု ပေးပြီး တပ်တွေကို အမိန့်ပေးခွင့်ပေးလိုက်မယ်။ စေ့စပ်ညှိနှိုင်းမှု အောင်မြင်တာနဲ့ မူကျီက နတ်ဆိုးမျိုးနွယ်ရဲ့ သန်းနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကို အမိန့်ပေးလို့ရလိမ့်မယ်။ တစ်ချိန်ထဲမှာပဲ သားရဲမျိုးနွယ် တပ်ဖွဲ့တွေကိုလဲ ဆုတ်ခွာနိုင်ဖို့ ငါကြိုပြီး အကြောင်းကြားထားလိုက်မယ်။ မူကျီ လုံခြုံရေးကိုတော့ မင်းလက်ထဲ အပ်ထားရမှာပဲ။ သူသာ တစ်ခုခုဖြစ်သွားရင် ကမ္ဘာအဆုံးကို သွားရရင်တောင် မင်းခန္ဓာကိုယ် ပိစိလေးကို လိုက်ပြီး စုတ်ဖြဲသတ်ပစ်မယ်”

စကားဆုံးတော့ သူ့ခန္ဓာကိုယ်ကနေ သတ်ဖြတ်လိုစိတ် အပြင်းအထန် ထွက်လာတယ်။ အမှောင်နတ်ဆိုးနဂါးဆီကလဲ ဟိန်းသံ သဲ့သဲ့ တစ်ချက် ထွက်လာတယ်။ သူ့သခင်နဲ့ ဆက်နွယ်နေတာ ထင်ရှားတယ်ဗျ။

မူကျီအကြောင်းပြောရင်း ကျုပ်ရင်ထဲမှာ နာကျင်သွားတယ်။ ကျုပ်လဲ စိတ်ပျက်လက်ပျက်နဲ့..

“မူကျီနဲ့ ကျုပ်ဆုံရတဲ့ ကံပါလာတာတောင် အတူနေရဖို့ ကံပါမလာပေမယ့် သူက ကျုပ်အချစ်ရဆုံးသူပဲ။ ဘယ်လိုလူပဲဖြစ်ဖြစ် သူ့ကို နာကျင်အောင် လုပ်ချင်ရင် ကျုပ်အလောင်းကို ဖြတ်သွားနိုင်မှရမယ်။ မူကျီသာ တစ်ခုခု ဖြစ်သွားရင် ခင်ဗျား ကျုပ်ကို ရှာနေစရာမလိုပါဘူး။ ကျုပ်အပြစ်နဲ့ကျုပ် ခင်ဗျားရှေ့ကို ကျုပ်ကိုယ်တိုင် အသတ်ခံဖို့ လာခဲ့မယ်”

နတ်ဆိုးဧကရာဇ် ကျေကျေနပ်နပ် ခေါင်းညိတ်ပြီး..

“ကောင်းပြီ။ မင်း အခုသွားနိုင်ပြီ။ မူကျီနဲ့ ခယ်လွင်သောင်ကို မနက်ဖြန်မနက် မြို့အနောက်တံခါးမှာ တွေ့ဖို့ စီစဉ်လိုက်မယ်။ ဦးလေး ထင်းတဲကို ပြန်အုံးမလို့လား။ ခင်ဗျားအတွက် နေရခက်မနေဘူးလား”

ဦးလေး ထင်းတုံးကြီး တစ်ခစ်ခစ်ရယ်ရင်း..

“နှစ်ပေါင်းဒီလောက် ကြာပြီး ဒီနေ့လောက် မပျော်ခဲ့ဖူးသေးဘူး။ အရှင်မင်းကြီး စိတ်မပူပါနဲ့။ နန်းတော်ထဲမှာ မင်းကို အနှောက်အယှက် မပေးပါဘူး။ ထင်းတဲမှာပဲ ငါနေသားကျနေပြီ။ မင်း တစ်ခုခုလိုအပ်ရင် တစ်ယောက်ယောက်နဲ့ ငါ့ဆီ အကြောင်းကြားခိုင်းလိုက်ပေါ့”

ကျုပ်လဲ စုက္ကရေးထဲကို အလင်းစွမ်းအားတွေ ဖြည့်ပြီး သိုလှောင်အိတ်ထဲကနေ အဆောင်တစ်ခုထုတ်ပြီး နတ်ဆိုးဧကရာဇ်ကို လေးလေးနက်နက် ဦးညွတ်ပြီး..

“အရှင်မင်းကြီး ကျုပ်သွားပါတော့မယ်..”

“အင်း….”

နတ်ဆိုးဧကရာဇ် ခေါင်းညိတ်ပြတယ်။

ဦးလေး ထင်းတုံးကြီးနဲ့ ကျုပ် တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ကောင်းကင်ပေါ် ပျံတက်လိုက်ကြတယ်။

နတ်ဆိုးဧကရာဇ် ကျုပ်တို့ထွက်သွားတာကြည့်ရင်း သက်ပြင်းချ ခေါင်းယမ်းပြီး..

“ဒီလောက်နဲ့ ကျေနပ်သင့်တယ်..”

မျက်ရည်တွေ တသွင်သွင်နဲ့ မူကျီ အမှောင်ထောင့်ကနေ ထွက်လာတယ်။ ပြီးတော့ နတ်ဆိုးဧကရာဇ်ရှေ့ ဒူးထောက်ပြီး..

“အဖေ။ ကျေးဇူးတင်ပါတယ်။ အရမ်းကျေးဇူးတင်ပါတယ်…”

နတ်ဆိုးဧကရာဇ် မူကျီကို ဆွဲထူပြီး သူ့မျက်နှာက မျက်ရည်တွေ သုတ်ပေးလိုက်တယ်။ ပြီးတော့ ကြင်ကြင်နာနာနဲ့..

“နေကောင်းအောင် နေတော့။ မငိုနဲ့တော့။ မင်းဖြစ်ချင်သလို ငါလုပ်ပေးပြီးသွားပြီ။ အောင်မြင်ဖို့ဆိုတာ နှစ်ယောက်စလုံးပေါ် မူတည်တယ်။ ကျန်းကုန်းက တော်တော် အရည်အချင်း ထူးထူးခြားခြားရှိတဲ့သူပဲ။ ငါ့ နတ်ဆိုးမျိုးနွယ်အတွက် သူ့ကို အသုံးချနိုင်ရင် အရမ်းကောင်းမယ်။ သူနဲ့ ခယ်လွင်သောင် အကူအညီနဲ့သာဆို ကမ္ဘာကြီးတစ်ခုလံးကိုတောင် အိတ်ထဲထည့်ထားနိုင်လောက်လိမ့်မယ်”

မူကျီ မျက်နှာလေးအိုသွားပြီး..

“အဖေ……..”

============= (*^*)=============

အပိုင်း( ၂၄၅ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters