အားလုံး စုမိပြီ
Vol. 17 Ch. 245
နတ်ဆိုးဧကရာဇ် ရယ်မောပြီး..
“ကောင်းပြီ.. ဒါတွေ ထားလိုက်တော့။ ငါ သမီးကို ပေးစရာတွေရှိသေးတယ်။ စာကြည့်ခန်းကို လိုက်ခဲ့”
......*****…..
နောက်နေ့ မိုးလင်းတော့ မြို့အနောက်ဘက် တံခါးဝမျာ ဦးလေးထင်းတုံးကြီးနဲ့အတူ စိတ်လှုပ်ရှားတကြီး စောင့်နေ မိလိုက်တယ်။ ရှောင်ရို့ကတော့ ရှည့်လေးပုံစံနဲ့ ကျုပ်ပုခုံးပေါ်မှာပဲ။ အစကတော့ သူ့ကို နတ်ဆိုးမျိုးနွယ်ထဲမှာ ဆက်နေစေချင်ပေမယ့် ဘာပြောပြော ကျုပ်နောက်ပဲ လိုက်မယ်ဆိုတာကြီးပဲ။ ဒီအတောအတွင်း နတ်ဆိုးမျိုးနွယ် တော်ဝင်မြို့တော် ပြန်ငြိမ်းချမ်းသွားတာမြင်ရတော့ သူ့တို့ ရဲ့ စည်းလုံးညီညွှတ် အေးဆေးမှုတွေကြောင့် စိတ်လှုပ်ရှားမိသေးတယ်။
ဦးလေးထင်းတုံးကြီးက..
“မင်းလုပ်ရမယ့် တာဝန်က အရမ်းကြီးတဲ့အပြင် တော်တော်လဲ ခက်ခဲတယ်။ မင် ဘာပဲလုပ်လုပ် သတိထားလုပ် ကြားလား”
သူ့စိတ်ရင်းအမှန်တွေ သိလိုက်ရတော့ နတ်ဆိုးမျိုးနွယ်အတွက် သူ့တစ်ဘဝလုံး မြုပ်နှံထားတဲ့ အဲ့လူကြီး ကျုပ် အရမ်းလေးစားမှုနဲ့ ထိုက်တန်တယ်ဗျ။ ကျုပ်လဲ ခေါင်းညိတ်ပြီး..
“ဦိးလေးထင်းတုံး။ ဒီအတောအတွင်း ခင်ဗျားစောင့်ရှောက်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားကြောင့်သာမဟုတ်ရင် ကျုပ်သေနေလောက်ပြီ။ နောက်တစ်ခါ ပြန်စုံရင် ရန်သူကို အတူတူလက်တွဲ တိုက်ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်”
ဦးလေးထင်းတုံးကြီး ရယ်ရင်းနဲ့ စာအုပ်လေး တစ်အုပ်ထုပ်ပြီး ကျုပ်ဆီ လှမ်းပစ်ပေးလိုက်တယ်။
“ကောင်လေး အဲ့နေ့ရောက်မှာ သေချာပါတယ်ကွာ။ အသက်ကြီးလာပေမယ့် နှစ်နည်းနည်းကြာအောင် နေဖို့တော့ ပြဿနာမရှိလောက်ပါဘူး။ ဓားသူတော်စင်နဲ့ တိုက်ပွဲနတ်ဘုရား အဆင့်တွေကို ကျော်ဖြတ်တုန်းက ငါနားလည်ထားတာတွေကွ။ မင်းသူငယ်ချင်းတွေ အရည်အချင်းအရမ်းကောင်းတယ်။ အဲဒါ သူတို့ဆီ ပေးလိုက်ကွာ။ အကူအညီရတာပေါ့”
နတ်ဆိုးမျိုးနွယ် တစ်ယောက်အနေနဲ့ သူ့တစ်သက်တာ သိမြင်ခဲ့သမျှကို လူသားမျိုးနွယ်ဆီ မထင်မှတ်ဘဲ မျှဝေပေးခဲ့တယ်။ ဒီလို ခိုင်မြဲတဲ့ ချစ်ခင်မှုက ကျုပ်ရင်ကို တအားထိတယ်ဗျာ။
ဦးလေးထင်းတုံးကြီးကတော့ ကျုပ်ကို စာအုပ်လေး အတင်းထိုးပေးရင်း..
“အဖြစ်သည်းမနေနဲ့တော့။ မူကျီတို့ ရောက်လာတော့မျာ။ ခရီးထွက်ဖို့ အသင့်လုပ်ထားတော့”
စာအုပ်လေး လက်ခံပြီးတာနဲ့ အရေးအကြီးဆုံး သဘောထားပြီး ကျုပ်သိုလှောင်အိတ်ထဲမှာ သေချာသိမ်းလိုက်တယ်။ ကျုပ်ကို တစ်ခုခု ပြောချင်နေသလိုနဲ့ တနေရာကိုကြည့်နေတဲ့ ဦးလေးထင်းတုံးကြီးကို တွေ့တော့ သူကြည့်ရာ လိုက်ကြည့်မိလိုက်တယ်။
မူကျီ သာမန်ရွာသူလေးတစ်ယောက်လို ရုပ်ဖျက်ထားပေမယ့် ကျုပ်ကတော့ ချက်ချင်း မှတ်မိတာပေါ့။ မိုးကြိုးထိခံလိုက်ရတဲ့အတိုင်း ကျုပ်ရပ်နေတဲ့ နေရာကနေ တစ်လှမ်းမှ မရွေ့နိုင်တော့ဘူး။ မူကျီ ကျုပ်နဲ့ မနီးမဝေးရောက်ရောက် သူ့မျက်လုံးထဲမှာ ခါးသီးမှုတွေ ဖုံးကွယ်ထားရတဲ့ပုံ ပြည့်နှက်နေတယ်။ သူ့ဘေးမှာလဲ ခယ်လွင်သောင်ကို အကူအညီမဲ့နေတဲ့ပုံနဲ့ မြင်လိုက်ရတယ်။
ဦးလေးထင်းတုံးကြီး ကျုပ်ကို ရှေ့ရောက်အောင် တွန်းပြီး.
“နောက်ကျနေပြီဟ မင်းတို့ သွားသင့်နေပြီ..”
ကျုပ်လဲ ခေါင်းထဲမှာ ခံစားချက်တွေအပြည့်နဲ့ ဦးလေးထင်းတုံးကြီးကို ပွေ့ဖက်လိုက်တယ်။
“ကိုယ့်ကိုကိုယ်ဂရုစိုက်နော်။ ကျုပ် ခင်ဗျားကို အမြန်ဆုံးပြန်တွေနိုင်အောင် ကြိုးစားမယ်”
ဦးလေးထင်းတုံးကြီး ကျုပ်ပုခုံးပြန်ပုတ်ရင်း..
“အေးပါကွာ။ ငါ့မြေးမကို သေချာဂရုစိုက်ရမယ်နော်”
စကားဆုံးတော့ မူကျီနဲ့ ခယ်လွင်သောင်ကို နှုတ်ဆက်ပြီး ရယ်ရယ်မောမောနဲ့ ထွက်သွားရော။ ခွဲခွာရတဲ့ ဝေဒနာ မခံစားချင်ဘူးဆိုတာ ကျုပ်သိတာပေါ့ဗျာ။
ကျုပ်လဲ ဦးလေးထင်းတုံးကြီးကို မျက်စိ တဆုံးကြည့်ရင်း တကယ်ကို ကြည်ညိုလေးစားနေမိတာ။ အဲ့အဘိုးကြီးကို ကာကွယ်ပေးဖို့တောင် ကောင်းကင်ဘုံကို ဆုတောင်း လိုက်မိသေးတယ်။
ခယ်လွင်သောင်က..
“ကျန်းကုန်း ငါတို့သွားသင့်ပြီ..”
ကျုပ်လဲ ရှုတ်ထွေးနေတဲ့ ခံစားချက်နဲ့ သူတို့ကိုကြည့်ပြီး ခေါင်းညိတ်ရင်း နတ်ဆိုးမြို့တော်ထဲက ထွက်ဖို့ ဆိုင်းပြင်းလိုက်တယ်။ မူကျီနဲ့ စကားမပြောဝံ့ဘဲ ကျုပ်ခံစားချက်တွေ ချုပ်တည်းထားဖို့ပဲ ကြိုးစားနေမိလိုက်တယ်။
မူကျီဆို ထင်ထားတာထက် ကျော်သွားတဲ့အပြင် ကျုပ်ကိုတောင် စကားမပြောဘူး။ ကျုပ်နောက်ကနေ ခယ်လွင်သောင်နဲ့ အတူတူ ငြိမ်ပြီးလိုက်နေကြတယ်။
နတ်ဘုရားခေါင်းကိုက် တောင်ကြားရောက်တော့ ငြိမ်သက်နေတာ သည်းမခံနိုင်တော့တဲ့ ခယ်လွင်သောင်က စပြီး..
“ကျန်းကုန်း အရင်က အဖြစ်အပျက်တွေအတွက် ငါတကယ်ကို စိတ်မကောင်းပါဘူး။ အဲ့တုန်းက ငါ့မှာလဲ ရွေးစရာမရှိတာ အမှန်ပဲကွ”
သွားနေတဲ့ ကျုပ်ခြေလှမ်းတွေရပ်ပြီး သူ့ကို တစ်ချက်ကြည့်လိုက်ပြီးမှ..
“မင်း တောင်းပန်နေစရာ မလိုပါဘူး”
ဒီအတိုင်းပဲ ဥပေက္ခာ ပြုထားလိုက်တော့တယ်။
“ဘက်မတူတဲ့ နှစ်ဘက် စည်းကမ်းတွေ လိုက်နာရမှာပဲလေ။ ဘာပဲပြောပြော ဖြစ်ပြီးတာတွေ ဖြစ်ပြီးမှတော့ မင်းကို အပြစ်တင်နေလို့ အဓိပ္ပါယ် မရှိတော့ဘူးလေ”
ကျုပ်စကားကြားတော့ မူကျီ ခန္ဓာကိုယ်တုန်နေမှန်း က။ ကျုပ်သူ့ကို မကြည့်ဝံ့ဘဲ ရှေ့တည့်တည့်ပဲ ကြည့်နေမိလိုက်တယ်။
နောက်ဆုံးတော့ အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေ တွေ့ရမယ့်နေရာဖြစ်တဲ့ တောင်ထိပ်ကို ကျုပ်တစ်ယောက်ထဲ ထိပ်ဆုံးကရောက်ခဲ့လိုက်တယ်။
“ဘယ်သူလဲဟေ့..”
စကားသံနဲ့အတူ ဓားစွမ်းအားတစ်ခု ကျုပ်ရှေ့မှာ ပေါ်လာတယ်။
ကျုပ်လဲ ပြုံးရင်းနဲ့..
“ကျန့်ရှန်၊ ဒါ ငါတို့ကို ကြိုဆိုတဲ့ နည်းလား။ မင်းဓားသိုင်းက မဆိုးဘူးကွ”
ကောင်းကောင်း လေ့ကျင့်ထားတဲ့ ကျန့်ရှန်ခန္ဓာကိုယ် ကျုပ်တို့ရှေ့ပေါ်လာတယ်။ သူကတော့ စိတ်လှုပ်ရှားတကြီးနဲ့..
“အစ်ကိုကြီး ကျန်းကုန်း မင်းပြန်လာပြီပေါ့။ အားလုံး အဆင်ပြေသွားပြီလား”
ကျုပ်လဲ ခေါင်းညိတ်ပြရင်းနဲ့..
“ကျန်တဲ့သူတွေရော ဘယ့်နှယ့်လဲ..”
“သူတို့ ကျင့်နေကြတုန်းပဲ။ ငါတို့တွေ ပြီးခဲ့တဲ့ (၂)ရောက်လောက်က အများစု စွမ်းအားတွေ ပြန်ရလာပြီ။ ငါက ဒဏ်ရာအနည်းဆုံးဆိုတော့ သူတို့ကို ကာကွယ်ပေးဖို့ တာဝန်ယူထားတာလေ”
“ကျန်းကုန်း.. မင်းပြန်လာပြီပေါ့…”
အစ်ကိုကြီး ကျန်းဟူအသံ ကြားလိုက်ရတယ်။ လှည့်ကြည့်လိုက်တော့ အားလုံး လာနေကြပြီ။ သူတို့တွေလဲ အစောက ကျုပ်အော်သံကြောင့် ထလာကြတာနေမယ်။
ကျုပ်လဲ..
“အားလုံး ကျင့်စဉ်တွေ ထိခိုက်ခဲ့ရတယ်။ ဒါပေမယ့် ငါတို့လက်နက်တွေ ပြန်ယူလာနိုင်ခဲ့ပြီ”
ပြောပြီးတာနဲ့ သိုလှောင်အိပ်ထဲကနေ လက်နက်တွေ ထုတ်ပြီး ပစ်ပေးလိုက်တယ်။
အဲ့အချိန် အစ်ကိုကြီး ကျန်းဟူအမူအရာ ရုတ်တရက်ပြောင်းပြီး ကျုပ်နောက်ကို ရောက်သွားတယ်။ မူကျီနဲ့ ခယ်လွင်သောင် တောင်ထိပ်ရောက်လာပြီဆိုတာ ကျုပ်လဲသိလိုက်ရတယ်။ ကျန်းဟူ စကားတစ်ခွန်းမှ မပြောဘဲ သူ့တိုက်ပွဲစိတ်ဝိညာဉ်ကို လွှင့်ထုတ်လိုက်တာ ပတ်ဝန်းကျင်မှာ သဲတွေ ဖုန်တွေနဲ့ ပြည့်နှက်သွားပါလေရော။ ကျုပ်လဲ ချက်ချင်း..
“အစ်ကိုကြီး ရပ်လိုက်။ သူငါနဲ့ အတူလာတာ..”
ခယ်လွင်သောင် တောင်ပေါ်ရောက်ရောက်ချင်း စွမ်းအားကြီးလွန်းတဲ့ လက်သီးအရိပ်မြင်လိုက်ရတော့ သူစွမ်းအားတွေ ချက်ချင်းစုစည်းပြီး ကာကွယ်လိုက်တယ်။ သူတို့ နှစ်ယောက်စလုံးရဲ့ တိုက်ပွဲစိတ်ဝိညာဉ် ပေါက်ကွဲအား တော်တော်ပြင်းသွားတာပဲ။ တိုက်ပွဲအလယ်ဗဟိုမှာဆို မြေပြင်မှာ တွင်းကြီးတစ်ခုတောင် ဖြစ်သွားတယ်။
ခယ်လွင်သောင် နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်တယ်။ ဒီတိုက်ချက်မှာ သူရှုံးသွားတယ်ဆိုတာ သိသာတယ်။ ဒါပေမယ့် ဒီတိုက်ကွက်ကို ပြင်ဆင်ချိန်မရှိဘဲ အလျှင်အမြန် ကာကွယ်လိုက်နိုင်တယ်ဆိုတာ ကျုပ်သိနေတယ်။ ဒီကောင့်စွမ်းအားက အစ်ကိုကြီး ကျန်းဟူနဲ့ သိပ်မကွာဘူးဆိုတော့ နတ်ဆိုးဧကရာဇ် ချီးမွမ်းခံထိုက်ပါတယ်။ ကျန်းဟူ ဆက်တိုက်မလို့ လုပ်တုန်း ကျုပ်စကားကြားတော့ အံ့ဩတကြီး ကြည့်နေတယ်။
တိုက်ဖို့ ပြင်နေတဲ့ ကျန်လူတွေကိုလဲ လက်ဆန့်တားလိုက်ရသေးတာပေါ့ဗျာ။
“အားလုံး စိတ်အေးအေး ထားကြပါ။ သူအရင်က ငါတို့ကို လိမ်ခဲ့ပေမယ့် အခုသူက နတ်ဆိုးဧကရာဇ်ကိုယ်တိုင် လွှတ်လိုက်တဲ့ စေ့စပ်ညှိနိုင်းရေး သံတမန်ကွ”
တုန်းရီ အံ့ဩတကြီးနဲ့..
“ဘာကြီး.. ဘာကို သံတမန်လဲ..”
ကျုပ်လဲ ကျန်းဟူကို ပြန်ဆွဲပြီး မူကျီနဲ့ ခယ်လွင်သောင်တို့ကို သွားခေါ်လိုက်တယ်။ ကျုပ်အလေးအနက် ပြောထားတာဆိုတော့ အားလုံးက ကျုပ်ကို ဝိုင်ကြည့်နေကြလေရဲ့။
“ထိုင်ကြအုံး။ ငါပြောတာ နားထောင်ကြအုံး”
မူကျီ အရင်ဆုံးထိုင်လိုက်တယ်။ ပြီးတော့ သူ့အဝတ်တွေ ဖုန်ခါရင်း ခယ်လွင်သောင်ကိုပါ ထိုင်ဖို့ လှမ်းဆွဲချလိုက်တယ်။
ကျန်းဟူ ဘေးနားက ကြောက်တုံးကြီး တစ်တုံးပေါ် မှာ ကျန်တဲ့သူတွေနဲ့ အတူတူထိုင်ပြီး ခယ်လွင်သောင်ကို စိုက်ကြည့်နေကြတယ်။
သူတို့တွေ ငြိမ်သွားတော့မှ.
“အခု အခြေအနေတွေက ဒီလို ဒီလို..၊ ဒီနတ်ဆိုး မျိုးနွယ်မြို့တော်ဆီ သွားနဲ့ ခရီးမှာ တိုးတက်မှုတစ်ခု ငါရခဲ့တယ်။ ဒါကြောင့် ခယ်လွင်သောင်နဲ့ နတ်ဆိုးမျိုးနွယ် မင်းသမီး မူကျီတို့တွေ အရှေ့ဘက် တိုက်ကြီးကို သူတို့မျိုးနွယ် ကိုယ်စားပြုပြီး (၃)နိုင်ငံနဲ့ ညှိနှိုင်းဖို့၊ ပြီးတော့ ကမ္ဘာကြီးကို ထိခိုက်မှာဆိုတော့ မျိးနွယ်အားလုံး မုန်းတီးစိတ်တွေ စွန့်နိုင်မယ် မျှော်လင့်ရတာပဲ”
နတ်ဆိုးဧကရာဇ်နဲ့ ဆွေးနွေးခဲ့တာတွေ သူတို့ကို အကုန်လုံး ပြန်ပြောပြလိုက်တယ်။
တုန်းရီက..
“မူကျီ၊ နတ်ဆိုးမျိုးနွယ်ရဲ့ မင်းသမီးလေး။ ပြီးတော့ အဲ့ဒါ… “
အစ်ကိုကြီးရဲ့ ဇနီးလောင်း လို့မပြောခင် သူ့ကို စိုက်ကြည့်လိုက်ရတယ်။
မူကျီမျက်နှာ နည်းနည်း နီရဲသွားပြီး မတ်တပ်ထရပ် ဦးညွှတ်ရင်း..
“အစ်ကိုတွေကို နှုတ်ဆက်ပါတယ်။ မျိုးနွယ်(၃)ခုကြားက အညှိုးအတေးတွေ ဘေးဖယ်ထားနိုင်မယ်လို့ မျှော်လင့်ပါတယ်”
============= (*^*)=============
အပိုင်း( ၂၄၆ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား