အမြီး(၉)ခု မြေခွေး
Vol. 17 Ch. 248
ကျုပ်လဲ သူဘာတွေ လုပ်နေမှန်း နားမလည်တော့ မျက်မှောင်ကြုတ်ထားရယုံပေါ့။ လူ့ခန္ဓာကိုယ်မျာဆို အထိအခိုက် မခံနိုင်ဆုံးက ဦးနှောက်လေ။ သူ့ကျင့်ကြံမှုနဲ့ မှော်စွမ်းအား ဒါမှမဟုတ် တိုက်ပွဲစိတ်ဝိညာဉ်ကို ခပ်ပေါ့ပေါ့ ထိုးဖေါက်နိုင်မှာမဟုတ်ဘူး။ သူ့အတွက်တော့ အကြောင်းပြချက် တစ်ခုရှိမယ်ဆိုပေမယ့် တော်တော်ကို အန္တရာယ်များမှာ။ အဖြူရောင် အခိုးအငွေ့တွေ တဖြည်းဖြည်းထွက်လာပြီး ပူလောင်မှုနဲ့ အနံ့တောင် ထွက်လာပြီး ရှောင်ရို့မျက်နှာမှာ နာကျင်တဲ့ပုံရိပ် တဖြည်းဖြည်းပေါ်လာတယ်။
သူ့ခေါင်းများ မီးလောင်နေတာများလား။ မဖြစ်နိုင်ပါဘူး။ ရှောင်ရို့ ကျင့်ကြံမှုသဘာဝက နူးညံ့သိမ့်မွေ့တော့ သူ့မှာ ဒုက္ခရောက်စေမယ့် စွမ်းအားတွေ မရှိသင့်ဘူး။ သူ့စွမ်းအားတွေမှာ ကျုပ်နဲ့ ရောနေရင်တောင် ရှောင်ရို့ ခေါင်း မီးလောင်စရာတော့ မရှိပါဘူး။
ရှောင်ရို့ အမူအရာကလဲ ပိုပိုပြီး နာကျင်လာတဲ့ပုံပေါ်လာတယ်။ ပဲစေ့အရွယ်လောက်ရှိတဲ့ ရွှေရောင် ချွေးစေးတွေ သူ့မျက်နှာမှာ ကျလာပြီး ညှော်နံ့တွေ ထါက်လာတယ်။ ထွက်လာတဲ့ ရနံ့တွေကာဖို့ နှာခေါင်းတဝိုက်မှာ အကာအကွယ်တောင် လုပ်ထားလိုက်ရသေးတယ်။
ကျုပ်တို့ ပတ်ပတ်လည် နယ်နိမိတ်ကလဲ တဖြည်းဖြည်းနဲ့ အဖြူရောင်မီးခိုးတွေနဲ့ ပြည့်လာတယ်။ အဲ့ဒါကိုက အားလုံးရဲ့ အာရုံစိုက်စရာ ဖြစ်လာတယ်။ ကျန်းဟူနဲ့ ကျန်တဲ့သူတွေ၊ မူကျီနဲ့ ခယ်လွင်သောင်တို့ အပြင်ဘက်ခြမ်းမှာ ရှိနေတော့ နယ်နိမိတ် ဗဟိုချက်အဖြစ် အကာအကွယ်စက်ဝိုင်း အလိုလို ဖွဲ့လိုက်ကြတယ်။
မူကျီက..
“သူတို့ ဘာတွေ လုပ်နေကြလို့ မီးခိုးတွေ ဒီလောက်များနေတာလဲ”
သူနဲ့ ကျုပ်ကြားက ဆက်ဆံရေးကြောင့် မူကျီအပေါ် မကောင်းတဲ့ ခံစားချက် မရှိပါဘူး။ ကျန်းဟူက..
“ရှောင်ရို့ ကျင့်ကျံနေတဲ့ပုံပဲ။ ကျန်းကုန်း သူ့ကို ကာကွယ်ပေးနေတယ်။ ဟိုနားမျာ နားနေလို့ရတယ်။ ကျင့်ကြံရေး ပြီးတာနဲ့ ငါအားလုံးကို ကျွေးမယ်”
ခယ်လွင်သောင် အလင်းနယ်မြေကိုကြည့်ပြီး..
“ကျန်းကုန်းက ဒီမြေခွေးကို ကောင်းကောင်း ဆက်ဆံတာပဲ။ သူ့ကို ကာကွယ်ဖို့ နတ်ဘုရားစွမ်းအားတောင် သုံးနေပြီ။ ဒီနတ်ဆိုးမြေခွေး တစ်ခုခု ထိုးဖေါက်နေတာဖြစ်မယ်”
အဲ့စကားဆုံးတော့ အလင်းနယ်မြေထဲက ရှောင်ရို့ ရုတ်တရက် ဝမ်းနည်းတကြီး အော်ဟစ်လာတယ်။ သူ အကာအကွယ်ထဲကနေ ကောင်းကင်ကို ပျံတက်ပြီး ခြေတွေလက်တွေ ဖြန့်ထားလိုက်တယ်။ သူ့အဝတ်အစားတွေ အကုန်လုံး တစ်စစီဖြစ်ပြီး ဆံပင်တွေတောင် ချက်ချင်း ပြာကျသါားတယ်။
ကျုပ်လဲ လန့်ဖျပ်ပြီး ခန္ဓာကိုယ်ထဲက စွမ်းအားတွေ အရှိန်အဟုန်နဲ့ ပေးပို့လိုက်တာကြောင့် သူ့ခန္ဓာကိုယ်ထဲ လည်ပတ်နေတဲ့ စွမ်းအားတွေကို အာရုံခံရင်း လေထုထဲမျာ ရပ်တန့်သွားတော့တယ်။
ရှောင်ရို့ ရုတ်တရက် မျက်လုံးဖွင့်ပြီး အေးစက်စက် အလင်းတန်း(၂)ခု လျှပ်စီးလို လက်သွားတယ်။ သူ့အစွမ်းထက်ရှမှု မြင်လိုက်ရတော့ နှလုံးသားထဲတောင် တုန်သွားတယ်။ သူအရည်အချင်း ရှိရှိကို ခွန်အားတွေ ခုန်တက်သွားပြီဆိုတာ ကျုပ်သိလိုက်တယ်လေ။
ရှောင်ရို့က..
“သခင်.. ငါအောင်မြင်သွားပြီ..”
ပြောပြီး ကျုပ်ဆီပြေးလာပေမယ့် ကျုပ်နဲ့ (၁)မီတာလောက်မှာ ရပ်သွားတယ်။ ပြီးတော့ သူ့ခန္ဓာကိုယ်ပေါ်က ရွှေရည်တွေကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။
ကျုပ်လဲ စုက္ကရေးကို ပွတ်ပြီး ပြုံးရင်းနဲ့ ရေလုံးကြီးတစ်ခု သူ့ဆီ အသာပို့ပေးလိုက်တယ်။ သူ့ရှေ့ရောက်တာနဲ့ တစ်ကိုယ်လုံးကို ရေဖုံးပြီး ရေကန်လေးလို ဖြစ်သွားတယ်။ ဒီနည်းနဲ့ပဲ သူ့ခန္ဓာကိုယ်က အညစ်အကြေးတွေ သန့်စင်ပေးတဲ့အပြင် သူ့အစွမ်းအစတွေ စမ်းသပ်ဖို့ ကူညီနိုင်တော့တယ်။
ရှောင်ရို့ အစပိုင်းတော့ နည်းနည်း ထိတ်လန့်သွားပေမယ့် အမြန်ပဲ ရေကန်ထဲ ခုန်ဆင်းလိုက်တယ်။ ထင်မထားတာက အဆင့်မြင့်ရေမှော်မန္တန်နဲ့ တွေ့လိုက်ရတော့ သူ့မူလပုံစံ ပြန်ပြောင်းစရာ မလိုလိုက်ဘူး။ ကျုပ်တို့တွေ အံ့ဩနေတဲ့ အောက်မှာပဲ သူ့ခန္ဓာကိုယ်က အညစ်အကြေးတွေ တဖြည်းဖြည်းရှင်းသွားတော့ ကြည်လင် ဖြူဖွေးပြီး သိမ်မွေ့တဲ့ ပုံစံပေါ်လာတယ်။
ရှောင်ရို့ ကျုပ်ဆီပြေးလာပြီး ရေဘဝဲတစ်ကောင်လို ဖက်ရင်း ရွှင်မြူးနေလေရဲ့။ ကျုပ်မှာတော့ လှုံ့ဆော်မှု တစ်ခုကြောင့် တစ်ကိုယ်လုံးကို တောင့်တင်းသွားတာပဲ။ ကျုပ်ခန္ဓာကိုယ်အနှံ့ အကာအကွယ် အတားအဆီး တစ်ခု အမြန်ဆုံးချပြီး သူ့ကို အသာလေး တွန်းထုတ်လိုက်ရတယ်။ ကျုပ်ပတ်ပတ်လည်ကိုလဲ အလင်းနယ်မြေ တစ်ခုလုပ်ပြီး သိုလှောင်အိတ်ထဲက မှော်ဝတ်ရုံကြီးထုတ်လို့ ရှောင်ရို့ ခန္ဓာကိုယ်ကို ဖုံးပေးလိုက်ရတော့တယ်။
မူကျီတောင် ဝမ်းနည်းရိပ်တွေနဲ့ ကျုပ်ကို စိုက်ကြည့်နေတယ်။
ရှောင်ရို့ကတော့ စိတ်လှုပ်ရှားတကြီးနဲ့ ကျုပ်ကို..
“သခင်.. နောက်ဆုံးတော့ ငါအမြီး(၉)ခု နတ်ဆိုးသားရဲ ဖြစ်သွားပြီ။ ဒီမှာကြည့်..”
စကားဆုံးတော့ အလင်းတစ်ချက်လက်ပြီး သူ့မူလပုံစံ ပေါ်လာတယ်။ သူ့တကိုယ်လုံးမှာ ငွေရောင် အမွှေးလှလှတွေနဲ့ ဖုံးနေတာပေါ့။ ကျောဘက်မှာလဲ အမြီး (၉)ခုနဲ့။ အခုဆို ရှောင်ရို့အနေနဲ့ ကျုပ်အရင်က တိုက်ခိုက်ခဲ့ဖူးတဲ့ မျက်လုံးတစ်လုံး သားရဲကြီးတွေထက် အားမနည်းတော့ဘူးဆိုတော့ “က”အဆင့် နတ်ဆိုးသားရဲ ဖြစ်လာပြီမှန်း ကျုပ်သိလိုက်တယ်။
ကျုပ်လဲ နောက်ထပ် အင်္ကျီနဲ့ ဘောင်းဘီတစ်စုံထုတ်ပေးပြီး..
“ဂုဏ်ယူပါတယ် ရှောင်ရို့။ နင်နောက်ဆုံးတော့ အဆင့်တက်သွားပြီပေါ့..”
ရှောင်ရို့ လူသားပုံစံ ပြန်ပြောင်းသွားတယ်။ ဒါပေမယ့် သူ့တင်ပါးထိ ဖုံးလွှမ်းထားတဲ့ ဆံနွယ်တွေမှာ ငွေရောင်နဲ့ အပြာရောင်တွေ ရောယှက်နေသေးတယ်။ ကျုပ်ပေးလိုက်တဲ့ အဝတ်အစားတွေ အမြန်လဲလိုက်တယ်။ တောက်ပြောင်ပြီး ဖေါက်ထွင်းမြင်ရမတတ် သူ့အသားရေကြောင့် ဟိုင်ရှင်းနဲ့တောင် ယှဉ်လို့ရတယ်။ သူ့ရုပ်ရည်က မူကျီထက် နည်းနည်းပဲ အားနည်းတာ။
အားလုံး အာသာငမ်းငမ်း ကြည့်နေကြတာမြင်တော့ ကျုပ်လဲဒီကောင်တွေ ယဉ်ကျေးမနေတော့ဘဲ..
“မင်းတို့ကောင်တွေ နှာဗူးတွေလား။ အလှတရား တခါမှ မမြင်ဖူးလို့လား..”
ကျန့်ရှန် ချက်ချင်း လှုပ်ရှားပြီး ရှောင်ရို့ကို..
“ရှောင်ရို့ နင်အရမ်းလှတယ်။ ငါ့ရီးစားလုပ်မလား..”
ရှောင်ရို့ မျက်နှာ ရဲသွားပြီး..
“အစ်ကိုကြီး ကျန့်ရှန် နင်ဘာတွေလုပ်နေတယ် ဆိုတာရော သိရဲ့လား.. ငါက လူမဟုတ်ဘူး။ နတ်ဆိုးသားရဲ နော်..”
ကျန့်ရှန် ခေါင်းကုတ်ရင်း..
“အိုက်ယား… ငါမေ့သွားတာ။ ငါတကယ် တောင်းပန်ပါတယ်..”
သူ့စကားကြောင့် အားလုံး ဝါးလုံးကွဲ ရယ်မိကြတော့တာပဲ။
ကျုပ် ပြုံးရင်းနဲ့ပဲ..
“မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ရှောင်ရို့ လူသားတစ်ယောက်ဖြစ်လာဖို့ အလားအလာရှိတယ်လေ။ ကျန့်ရှန် မင်းသာအလေးအနက်ထားရင် ငါကူညီမယ်လေ”
ကျန့်ရှန် ပီတိဖြစ်သွားပြီး..
“တကယ်လား… ဒါဆိုအရမ်းကောင်းတယ်။ သူသာ လူသားဖြစ်သွားရင် အခုပုံစံအတိုင်းပဲ မို့လား..”
“မင်းက ရှောင်ရို့ ရုပ်ရည်ကို သဘောကျတာဆိုရင်တော့ သူ့ကိုစောင့်ရှောက်ရမယ့်တာဝန် ငါမှာရှိနေတဲ့အတွက် မင်းကို ကူညီမှာမဟုတ်ဘူး”
“ငါ ဘယ်လိုလူစားမျိုး မို့လဲကွာ။ ရှောင်ရို့ ပင်ကိုစရိုက်ကို ငါကြိုက်တာပါဟ”
ကျန်းဟူက..
“သူက နတ်ဆိုးသားရဲဆိုတာ မင်းစိတ်ထဲမထားဘူးပေါ့။ မင်း အိမ်ကလူကြီးတွေ သဘောတူမှာလား..”
ကျန့်ရှန် ရှက်ပြုံးပြုံးပြီး ဘာမှ ထပ်မပြောတော့ဘူး။
ရှောင်ရို့ မျက်လုံးတွေ နီရဲလာပြီး ကျုပ်နောက်မှာ ခေါင်းငုံ့ရပ်နေတယ်။ သူစိတ်ဆိုးနေပြီဆိုတာ ကျုပ်သိတာပေါ့။ နတ်ဆိုးသားရဲဆိုရင်တောင် သူလဲ ချစ်ရသူ လိုချင်မှာပဲလေ။ ပြီးတော့ ရှောင်ရို့ဆိုတာ ဉာဏ်ရည်ဉာဏ်သွေး ကောင်းလွန်းတဲ့ နတ်ဆိုးသားရဲ တစ်ကောင်လေ။
“ရှောင်ရို့ နင့်ကို လူသားတစ်ယောက်အဖြစ် ပြောင်းပြီး နင့်အတွက် စံပြအဖော်မွန် တွေ့အောင် ငါသေချာပေါက် အကူအညီပေးမယ်”
ကျုပ်လဲ အဲ့လို နှစ်သိမ့်ယုံကလွဲလို့ ဘာလုပ်ရအုံးမှာလဲ။
ရှောင်ရို့ ကျုပ်လက်မောင်းကို ကိုင်ရင်း …
“ရှောင်ရို့ ဘယ်သူနဲ့မှ မနေချင်ဘူး။ လူလဲမဖြစ်ချင်ဘူး။ သခင့်နောက်မှာပဲ အစေခံအဖြစ်နဲ့ တစ်သက်လုံးနေမှာ”
ကျုပ် ပြန်ပြုံးပြလိုက်ပေမယ့် စိတ်ထဲတော့ မထားလိုက်ပါဘူး။ ကျုပ်လဲ သူ့ခေါင်းကို အသာပုတ်ပြီး နှစ်သိမ့်ပေးလိုက်ရတယ်။
တုန်းရီ ကျန့်ရှန်ကို ရုတ်တရက် လှမ်းထိုးပြီး..
“မင်း ရှောင်ရို့ကို စော်ကားလိုက်တာပဲ။ မဟုတ်သေးဘူးနော်။ ပြစ်ဒဏ်အနေနဲ့ ဒီနေ့ ဘာမှ မစားရတော့ဘူးမှတ်”
ကျန့်ရှန် ကျုပ်ကို ကြောင်တောင်တောင်နဲ့ ကြည့်ပြီး တုန်းရီလုပ်ရပ်က ရှောင်ရို့ကို ထိခိုက်နိုင်တာသူလို့ တုန်းရီ ဘာမှ ခံငြင်းမနေတော့ဘူး။
“ကဲ ကဲ ထားလိုက်ပါတော့။ အားလုံး ဗိုက်ဆာနေလောက်ပြီ။ ငါတို့ စားကြရအောင်လေ။ အစ်ကိုကြီး ကျန်းဟူ ဒီနေ့ မင်းလက်ရာ ဘယ့်နှယ့်လဲ..”
ကျန်းဟူ ခေါင်းမော့ ရင်ကော့ပြီး..
“ငါ့ အချက်အပြုတ်လက်ရာက ထိပ်တန်းကျွမ်းကျင်သူပဲလေ။ ငါချက်ထားသမျှ မင်းခံတွင်းတွေ့ရမယ်လို့ အာမခံတယ်။ သွားကြရအောင်..”
အစ်ကိုကြီး ဟင်းချက်ကျွမ်းကျင်ပုံကတော့ လက်ဖျားပါခါတယ်။ သူ့မှာ ဟင်းခတ်အမွှေးအကြိုင်တွေ မကျန်တော့တာတောင် နတ်ဆိုးသားရဲအသားရဲ့ အရသာ အရမ်းကောင်းတာပဲ။ ငူငူငိုင်ငိုင် ဖြစ်နေတဲ့ မူကျီတောင် ပြုံးရွှင်နေတဲ့အထိပဲ။ ရှောင်ရို့ စားဖို့ပဲ သိတာဆိုတော့ ကျန်တာတွေ ဥပေက္ခာပြုထားလိုက်တော့တာ။ ကျန့်ရှန်လဲ သူ့အမှားအတွက် နတ်ဆိုးသားရဲရဲ့ အကောင်းဆုံး အပိုင်းဖြုတ်ပေးလိုက်တယ်။ ဘယ်ဘက်မှာ သားရဲခြေထောက်၊ ညာဘက်မှာ သားရဲရင်ဘုံ ကိုင်ပြီး ပျော်ပျော်ကြီး စားနေလေရဲ့။ စိတ်ကူးကိုယ်စီနဲ့ ဘယ်လိုတွေ မတူတူ အရာသာရှိတဲ့ ဟင်းလျှာကို စားရတော့ အားလုံး ရယ်မောနေကြလေရဲ့။
“မနက်ဖြန် ဘာတွေ ဖြစ်လာမယ်ဆိုတာ ဘယ်သူပြောနိုင်မှာလဲ။ ဘဝကြီးမှာ ပျော်ရွှင်နေတယ်ဆိုရင် ဂုဏ်ယူရမှာပဲ။ စားကြတာပေါ့”
============= (*^*)=============
အပိုင်း( ၂၄၉ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား