မူကျီရဲ့ သဘောထား
Vol. 17 Ch. 252
သူ ဒီလောက်တောင် ပြတ်သားလိမ့်မယ်လို့ ကျုပ်ဖြင့် ထင်ကိုမထားမိဘူး။ ကျုပ်လဲ မသိစိတ်နဲ့ပဲ..
“မူကျီ.. ငါ…..”
သူပြုံးသွားတယ်ဗျ။ ကျုပ်ရှုံးသွားပြီဆိုတာ သိလိုက်ရတယ်။
မူကျီတစ်ပတ်လှည့် ကျုပ်ကိုမျက်နှာမူပြီး နုနုညံ့ညံ့လေးနဲ့..
“ကျန်းကုန်း.. နင်ငါနဲ့တွေ့ဖို့ နတ်ဆိုးမျိုးနွယ်ကို လာမယ်ဆိုတာ ငါသိတော့ ငါ့နှလုံးသားက နင့်ဆီရောက်နေပြီ။ ဟိုဖွတ် အစ်ကိုကြီး ဝေလောင် နင်သေပြီပြောတော့ ငါ့နှလုံးသားတွေ ကွဲသွားတာ နင်သိရဲ့လား”
သူ့စကားလုံးတွေက ကျုပ်နှလုံးသားကို ရိုက်ခတ်နိုင်လွန်းတယ်ဗျာ။
“မင်းသမီး။ ငါမင်းနဲ့ မထိုက်တန်တော့ဘူး..”
မူကျီ ဒေါသတကြီးနဲ့..
“နင် ငါ့ကို မူကျီလို့ ခေါ်ဖို့ သဘောတူထားတယ်မို့လား”
“ကျန်းကုန်း.. နင် ငါ့ကို ချစ်နေသေးတယ်ဆိုတာ ငါသိတာပေါ့.. ဟုတ်တယ်မို့လား..”
ခေါင်းစဉ်ပြောင်းသွားတာ မြန်လိုက်တာဗျာ။ ဘယ်လိုဖြေရမှန်းတောင် မသိတော့ဘူး။ သူ့ကို ကြောင်ကြည့်နေမိလိုက်တယ်။ မူကျီ တွေဝေရင်းနဲ့..
“နင် ငါ့ကို တမင်မောင်းထုတ်နေတာ ငါနားလည်တယ်။ နတ်ဆိုးနဲ့ လူသား ပေါင်းဆည်းလို့ နင်ပြောနေတာက အကြောင်းပြချက် သက်သက်ပဲ။ တကယ်က နင့်အမာရွတ်တွေကြောင့်ပဲ မို့လား။ ကျန်းကုန်း.. အချစ်.. နင့်စိတ်ထဲမှာ ငါဆိုတဲ့ မူကျီ အမြဲရှိနေတယ်မို့လား”
သူ တည့်တည့်ကို စိုက်ကြည့်နေတယ်။ သူ့အကြည့်တွေကိုလဲ ရှောင်လို့ကို မရဘူး။
မူကျီစကားလုံးတွေက ကျုပ်ကို တော်တော် စိတ်လှုပ်ရှားစေတာတော့ အမှန်ပဲ။ သူကျုပ်အပေါ်ခံစားချက် တော်တော်နက်ရှိုင်းတာပဲ။ ကျုပ် ဆတ်ခနဲ မော့ကြည့်လိုက်တော့ ချစ်စရာကောင်းနေတဲ့ သူ့ပုံလေး မြင်လိုက်ရတယ်။ သူကျုပ်ကို ပွေ့ဖက်ချင်နေတာပဲ။ ကျုပ် စိတ်ရိုင်းတွေ ဝင်လာနေတာပဲ။ ကိုယ့်ဆံပင်ကိုယ် ဆွဲရမ်းရင်း..
“မဟုတ်သေးဘူး…”
မူကျီ လန့်ပြီး ကျုပ်လက်ကို လှမ်းကိုင်ရင်း..
“ကျန်းကုန်း.. ဘာဖြစ်လို့လဲ..”
ကျုပ်လဲ ခေါင်းတွေ စွတ်ခါပြီး..
“မူကျီ.. ငါ့ကို မေ့လိုက်ပါတော့ဟာ… ငါနင်နဲ့ မတန်တော့ဘူး.. နင့်ဘဝ တစ်သက်လုံး ငါလို ရုပ်ဆိုးကောင်နောက် လိုက်ခွင့် မပေးနိုင်ဘူး… ငါ့ကို မေ့လိုက်စမ်းပါ… ခယ်လွင်သောင်က နင့်အတွက် အကောင်းဆုံး အဖော်မွန်ပဲ ဖြစ်လိမ့်မယ်..”
မူကျီ မျက်ရည်တွေ တသွင်သွင် စီးကျလာပြီး ငိုရှိုက်ရင်းနဲ့..
“မဟုတ်ဘူး။ ကျန်းကုန်း.. ငါ ခယ်လွင်သောင်ကို အစ်ကို တစ်ယောက်လိုပဲ သဘောထားတယ်။ ငါ တကယ် ချစ်တာ နင်တစ်ယောက်တည်းပဲ။ မင့်ရုပ်ရည် ဘယ်လိုပြောင်းပြောင်း နင့်ဘေးနားမှာ အတူနေပြီး တသက်လုံး ချစ်နေမှာ”
အဲ့တော့မှ တောအုပ်အမှောင်တနေရာကနေ ခယ်လွင်သောင် ထွက်လာပြီး..
“မူကျီပြောသမျှ အမှန်ဆိုတာ ငါသက်သေလုပ်လို့ရတယ်။ မူကျီနဲ့ ငါ အတူတူကြီးပြင်းလာတယ်ဆိုပေမယ့် ငါလဲ သူ့ကို ညီမတစ်ယောက်လိုပဲ ဆက်ဆံခဲ့တာ။ ငါ့မှာလဲ သဘောကျတဲ့သူ တစ်ယောက်ရှိနေပြီ။ မူကျီ မင်းအပေါ် နက်နက်နဲနဲကို ချစ်ပြီး လက်ထပ်ချင်တာကွ။ မင်းကိုယ်မင်း ယုံကြည်ချက် ရှိရှိနဲ့ လက်ခံနိုင်မလား။ မင်းက မူကျီအတွက်နဲ့ မင်းရဲ့ ခမ်းနားလွန်းတဲ့ အနာဂါတ်ကိုတောင် စွန့်လွှတ်ခဲ့သေးတာ။ မင်း ဆင်ခြင်ဉာဏ်တွေ ခနဘေးဘယ်ပြီး နှလုံးသားဆန္ဒအတိုင်း ဘာလို့ မလုပ်နိုင်ရတာတုန်း”
ကျုပ်လဲ တဖြည်းဖြည်း ငြိမ်သွားပြီးမှ မူကျီနဲ့ ခယ်လွင်သောင်ကို ကြည့်လိုက်မိတယ်။ ပြီးတော့ အင်္ကျီကို ဆုတ်ဖြဲပစ်ပြီး ရင်ဘတ်ပေါ်က အမာရွတ်တွေကို ပြရင်း ဝမ်းနည်းပက်လက်နဲ့..
“မူကျီ သေချာမြင်ပြီလား။ အဲဒါ ငါပဲ။ ငါ့တစ်ကိုယ်လုံး အဲလိုတွေနဲ့ ပြည့်နေတာ။ နင့်တစ်သက်လုံး အဲလိုလူနဲ့ ဖြတ်သန်းချင်နေတာလား။ နင့်မှာ ဆန္ဒရှိရင်တောင် ငါခွင့်မပြုနိုင်ဘူး။ နင့်ရဲ့ ပျိုမြစ် လှပမှုတွေ ငါမဖျက်ဆီးပစ်နိုင်ဘူးဆိုတာ သေချာတယ်”
အလင်းရောင် တစ်ချက် လက်တာနဲ့အတူ ကျုပ်လဲ အဲ့နေရာကနေ ပျောက်သွားတယ်။
“ကျန်း.. ကုန်း…”
သူ ကျုပ်နောက်လို့ဖို့ လုပ်တော့ ခယ်လွင်သောင် လှမ်းတားပြီး နှစ်သိမ့်ပေးလိုက်တယ်..
“မူကျီ စိတ်မပူနဲ့။ ကျန်းကုန်းက ရုပ်ပျက်ဆင်းပျက် ဖြစ်သွားလို့ စိတ်ထိခိုက်နေတာ။ တော်ယုံနဲ့ လက်ခံနိုင်မှာမဟုတ်သေးဘူး။ သူ့အတွက်ရော နင့်အတွက်ပါ အချိန်ပေးမှ ရလိမ့်မယ်။ နင်တို့ နှစ်ယောက် စိတ်အေးအေးထားပြီး ညှိနှိုင်းစဉ်းစားပြီးမှ အဖြေထွက်လာလိမ့်မယ်”
မူကျီ ခယ်လွင်သောင်ကို ကြည့်ပြီး ကျုပ်နောက် လိုက်ဖို့ မလုပ်တော့ဘူး။ မျက်ရည်တွေ ကျရင်း..
“ကျန်းကုန်း နင် ဘာလို့ ထွက်ပြေးရတာလဲ။ နင့်ရုပ်ဘယ်လိုဖြစ်ဖြစ်၊ နင့်စိတ် ဘယ်လောက်ပြောင်းပြောင်း နင့်နဲ့ အတူတူနေလို့ရမယ့် နည်းလမ်းရှာရင်း နင့်ကို တစ်သက်လုံးချစ်သွားမှာ။ ငါ့နှလုံးသားက နင့်တစ်ယောက်ထဲ အတွက်ပဲ”
တကယ်တော့ ကျုပ် အဝေးကြီး သွားခဲ့တာမဟုတ်ပါဘူး။ သူတို့နောက်နားက သစ်ပင်ကြီးဆီ တည်နေရာ ရွှေ့လိုက်တာ။ မူကျီစကားတွေကြားတော့ ကျုပ်ရှေ့က သစ်ပင်ကို နာနာကျင်ကျင် ကုတ်ဆွဲလိုက်မိတယ်။ ကျုပ်မှာ ဒဏ်ရာတွေ မရခင်က ကြားလိုက်ရရင် ဘယ်လောက်တောင်များ ကောင်းလိုက်မလဲ။ ဒီလို ကြောက်စရာ အမာရွတ်တွေမပါလို့ကတော့ တစ်ကမ္ဘာလုံး ဆန့်ကျင်ရင်တောင် တစက္ကန့်လေးမှမတွေးဘဲ နင့်ဘေးနား ရှိနေမိမှာ။ အခုတော့ သူ့ကို ရှောင်နေဖို့ တစ်ခုပဲ ရွေးစရာရှိတော့တယ်။ အဲလိုနဲ့ တစ်ယောက်အပေါ် တစ်ယောက် ခံစားချက်တွေ နည်းသွားမယ် မျှော်လင့်ရတာပေါ့။ မူကျီကို ပျော်ရွှင်မှုတွေပဲ ပေးချင်ခဲ့ပေမယ့် လက်ရှိ ပုံစံကြီးနဲ့ ဘယ်လိုမှ မပေးနိုင်ဘူးဗျာ။
......*****…..
အဲ့ဒီနေ့ည ပြီးတာနဲ့ မူကျီနဲ့ သိပ်အဆက်အဆံ မလုပ်တော့ဘူးဗျာ။ ဘယ်အချိန်ဖြစ်ဖြစ် ကျုပ်ရအောင် ရှောင်တယ်။ ခယ်လွင်သောင် လုပ်ရုပ်ကိုတော့ ကျုပ်တော်တော်လေး သိချင်နေမိတာ။ အရင်က စုဟေးလို ဟန်ဆောင်တုန်းက စကားတွေ တော်တော်ပြောတဲ့ကောင်။ အခုတော့ သူ့အသံကို မကြားရသလောက်ပဲ။ ဒီကောင် မူကျီဘေးမှာနေပြီး အသာလေးပဲ ကာကွယ်ပေးနေတယ်။
ဆယ်ရက်ဆိုတဲ့ အချိန် မြန်လိုက်တာဗျာ။ ဟိုတုန်းက ခယ်လွင်သောင်နဲ့ ပထမဆုံးတွေ့ခဲ့တဲ့ နေရာကို ပြန်ရောက်လာခဲ့လိုက်ကြတယ်။ မဟာမိတ်အဖွဲ့ တပ်တွေကတော့ စိတ်ဓါတ်တွေ တက်ကြွနေကြတုန်းပဲ။ စနစ်တကျ အတန်းအလိုက် အတန်းလိုက်တွေနဲ့ နှစ်ဖက်စလုံး ထူးထူးခြားခြား တိုက်ပွဲ မရှိသေးဘူးလို့တော့ သိလိုက်ရတယ်။
ကျန်းဟူ ကျုပ်ကို..
“ငါတို့တွေ ဘယ်လို ကျော်ဖြတ်ကြမလဲ။ ရှေ့မှာက မဟာမိတ်အဖွဲ့တွေ ပိတ်နေပြီ။ လေဟာနယ် ပို့ဆောင်ရေး ထပ်လုပ်ကြမလား”
“ဟင့်အင်း.. ငါကြောက်တယ်။ နောက်တစ်ခါ လေဟာနယ် ပို့ဆောင်ရေး လုပ်ရမှာထက် ရန်သူတွေကို သတ်ပြီး လမ်းဖောက်ရမှာ ပိုကြိုက်တယ်။ မဟုတ်ရင် ငါ့ကိုယ်ငါ ဘယ်လိုသေသွားမှန်း သိလိုက်ရမှာတောင်မဟုတ်ဘူး”
ကျုပ်နောက်ကျောဘက်က ကျန့်ရှန်ထပြောတာဗျ။ အားလုံးပြုံးစိစိ ဖြစ်ကုန်ပြီး ကျန်းဟူက..
“မင်းအဲလို တွေးနေစရာ မလိုပါဘူးကွာ။ ကျန်းကုန်းလဲ သိပ်မကြာခင်ကမှ စွမ်းအားတွေ အောင်အောင်မြင်မြင် တိုးတက်သွားထားတာပါဟ။ ဘာအန္တရာယ်မှ ဖြစ်မှာ မဟုတ်ပါဘူး”
ကျုပ်ကိုယ်တိုင်ပဲ ခေါင်းခါရင်း..
“ငါ့ စွမ်းအားတွေ တိုးလာသလိုပဲ၊ အခုဆို ငါတို့အဖွဲ့မှာ လူက (၂)ယောက်တိုးလာတာဆိုတော့ ဖိအား ပိုများမှာ။ ပြီးတော့ လေဟာနယ် ပို့ဆောင်ရေးအတွက် နေရာအတိအကျ သတ်မှတ်လို့မရဘူးဖြစ်နေတယ်။ ငါတို့တွေ လူစုကွဲသွားရင် ဒုက္ခရောက်လိမ့်မယ်။ လူတိုင်း ဘေးကင်းအောင် လေဟာနယ် ပို့ဆောင်ရေးလုပ်တာပဲ အကောင်းဆုံးလို့ ငါထင်တယ်”
ကျန်းဟူ အံ့ဩသွားပြီး..
“ငါတို့ တကယ်ကြီး လမ်းကြောင်းသတ်မှတ်မှာလား။ ဟိုမှာ တပ်ဖွဲ့ကြီးအင်အားက သန်းနဲ့ချီတယ်နော်”
မူကျီပါ မျက်မှောင်ကြုတ်ပြီး..
“နင်တို့ အင်အားသုံးလို့မရဘူး။ ပထမဆုံး နင်တို့သာ နတ်ဆိုးမျိုးနွယ်တွေကို သတ်လိုက်ရင် ငါနင့်တို့နဲ့ အတူရပ်တည်မှာ မဟုတ်တော့ဘူး။ ဒုတိယအနေနဲ့ ငါတို့တွေ သွေးလမ်းခင်းပြီး လျှပ်စီးခံတပ်ကို ရောက်သွားရင်တောင် အနာဂါတ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ထိခိုက်မှာသေချာတယ်။ တခြားနည်းလမ်းတွေ စဉ်းစားကြည့်တာ ကောင်းလိမ့်မယ်။
တုန်းရီက..
“ငါတို့တွေ ပျံသွားကြမလား”
ခယ်လွင်သောင် ခပ်ပြုံးပြုံးနဲ့..
“သေချာတယ်၊ ဘယ်လိုမှ မလုပ်ဖြစ်မှာမဟုတ်ဘူး။ ငါတို့နဲ့ သားရဲမျိုးနွယ်တွေ ကောင်းကင်ပေါ်ကို တိုက်ခိုက်ဖို့ လက်နက်တွေ အများကြီးရှိတယ်။ အဲလိုမှ မဟုတ်ရင် မင်းတို့လူသားတွေရဲ့ လေမှော်ပညာကို ဖြေရှင်းဖို့မလွယ်ဘူးလေ။ တကယ်လို့ ငါတို့သာ ဖြတ်ပျံသွားရင် (၂)ဖက်စလုံးက အမြှောက်တွေနဲ့ ပစ်မှာ သေချာတယ်”
တုန်းရီ အံ့ဩသွားရင်း..
“ညမှောင်မှ အကာအကွယ်တွေ ဝတ်ပြီး ပျံသွားရင် အလွယ်တကူ မရှာနိုင်လောက်ဘူးမို့လား”
မူကျီ ခေါင်းခါပြီး..
“ရန်သူတွေ တပ်ကြီးနဲ့ နောက်ဘက်က ပတ်ပြီးတိုက်တာ ကာကွယ်ဖို့အတွက် နတ်ဆိုးနဲ့ သားရဲမျိုးနွယ်တွေမှာ ကောင်းကင်အမြင့်ပိုင်းထိအောင် အာရုံခံဖို့ အထူးနည်းလမ်းတွေသုံးကြတယ်။ ပြီးတော့ သူတို့တွေ ကောင်းကင်အပြည့် စောင့်ကြည့်နေကြတာဆိုတော့ ငါတို့အတွက် အောင်မြင်နိုင်ချေ အရမ်းနည်းလွန်းတယ်”
============= (*^*)=============
အပိုင်း( ၂၅၃ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား