ရဲတိုက်သို့ ရောက်ရှိခြင်း
Vol. 17 Ch. 254
အဖွဲ့ထဲမှာ အပင်ပန်းဆုံးက ခယ်လွင်သောင်ဗျ။ ပျံဖို့လဲ အားစိုက်ရတယ်၊ အမှောင်ထု ကြီးလဲ ဆက်တိုက်သုံးထားရတာကိုး။ မူကျီလဲ အမှောင်မြူခိုးတွေ ကူတော့ထုတ်ပေးတာပေါ့။ သူကတော့ လက်တစ်ဖက်က ကျုပ်ခါးကို ဖက်ထားယုံနဲ့ တစ်ဖက်က အမှောင်မှော်ပညာသုံးနေတာဆိုတော့ ခံသာတာပေါ့။
ကျုပ်တို့တွေ မဟာမိတ် တပ်ကြီးအပေါ်ရောက်နေပြီ။ အဆင့်အတန်း အသီးသီးကသူတွေ တိုက်ကွက်တစ်ခုကြောင့် ဆုံးရှုံးရတဲ့အတွက် ဒေါသတွေ ထွက်နေကြတာ။ ကျုပ်တို့တွေ အမြန်ဆုံး သွားနေလိုက်တာ မျက်စိတမှိတ်အတွင်းမှာကို ရည်ရွယ်ထားတဲ့ နေရာအကွာရဲ့ ခရီထက်ဝက်ကျော် ဖြတ်လာနိုင်ခဲ့တယ်။ အဲ့အချိန်မှာပဲ ခယ်လွင်သောင်က..
‘မကောင်းတော့ဘူး၊ ငါတို့ကို တွေ့သွားပြီ။ အားလုံးသတိထားကြဟေ့။ အောက်ကနေ ဘာတွေနဲ့ ဆော်မယ်မသိဘူး”
ထင်ထားတဲ့အတိုင်း အောက်ဘက်ကနေ အမှောင်မှော်ဆူးတွေ၊ မြှားတွေ မရေတွက်နိုင်အောင်ကို ကျုပ်တို့ဆီ ရောက်လာတယ်။ ဘယ်လို လေးတွေများ ပိုင်ထားပါလိမ့်။ မြှားတစ်စင်းက ဒီလောက်အမြင့်ထိအောင် ရောက်တယ်ပေါ့လေ။
ကျုပ်လဲ မီးစင်ကြည့်ကဖို့ လုပ်လိုက်ရတာပေါ့။
“ငါတို့ မှော်ဆရာတွေ ဒီလောက် အကွာအဝေးထိ ဘယ်လိုမှ မှော်စွမ်းအား မထိန်းချုပ်နိုင်ဘူး။ အားလုံး သတိထားပြီး ရှောင်ဖို့ပဲ လုပ်ကြ။ အဲ့မန္တန်တွေကို ပြန်မတိုက်ကြနဲ့”
ထိပ်တိုက် ရင်ဆိုင်လိုက်ရင် ကျုပ်တို့ အရှိန်တွေ တအားနှေးသွားမှာလေ။ သူတို့တိုက်သမျှ ရှောင်သွားတာတစ်ခုပဲ လောလောဆယ်တော့ အကောင်းဆုံးနည်းလမ်းတစ်ခုပေါ့။
နတ်ဆိုးနဲ့ သားရဲမျိုးနွယ် မဟာမိတ်တပ်တွေ လူသားမျိုးနွယ်(၃)နိုင်ငံနဲ့ ထိပ်တိုက်တွေ့ ကုန်ကြပြီ။
“သတ်ပစ်…”
“သတ်…”
“အသေသတ်…”
ပြတ်ပြတ်သားသား၊ အားနဲ့မာန်နဲ့၊ စူးရှကျယ်လောင်လွန်းတဲ့ အသံတွေ ပွက်လောရိုက်နေပြီ။ မဟာမိတ်အဖွဲ့ရဲ့ စစ်အင်အား ထက်ဝက်လောက်က လျှပ်စီးခံတပ်ကို မမျှော်လင့်ဘဲ တိုက်ခိုက်ကြတော့ လူသားမျိုးနွယ် (၃)နိုင်ငံကလဲ သဘာဝခံတပ်မှာ အသင့်ရှိနေတဲ့ အစွမ်းထက် မှော်သလင်း အမြှောက်မျိုးစုံနဲ့ ပြန်ပစ်ကြရော။ လျှပ်စီးခံတပ်ရဲ့ ခိုင်ခန့်ထူထဲမြင့်မားလွန်းတဲ့ နံရံပေါ်ကနေ အမြှောက်ကျည်ဆံတွေ မီးကျည်မီးပန်း ဖောက်သလို ထွက်လာကြတယ်။ ရောင်စုံမီးပန်း ဖောက်သလို ဆွဲမက်စရာ အလင်းတန်းတွေကြောင့် နတ်ဆိုးနဲ့ သားရဲ မဟာမိတ်အဖွဲ့ရဲ့ စစ်သည်တွေ တော်တော်ကျသွားမှာ သေချာတယ်။ စစ်ပွဲက အတော် ရက်စက်တာပဲ။ သတ်ပြီးရင် သတ်နေကြတာပဲ။ မဟာမိတ်တပ်ထဲကနေ မှော်စွမ်းအင်လုံးကြီးတစ်ခု တက်လာတိုင်း ကျုပ်ရင်ခွင်ထဲက မူကျီ တုန်လှုပ်ခြောက်ခြားသွားတာ ခံစားမိနေရတယ်။ အဲ့မြင်ကွင်းတွေကို မကြည့်တော့ဘဲ (၃)နိုင်ငံနဲ့ စေ့စပ်ညှိနိုင်းရေး အောင်မြင်ရမယ်လို့ပဲ စိတ်ထဲတေးမှတ်ထားလိုက်တော့တယ်။
ကျန်းဟူဆီက စိုးရိမ်သံ တစ်ခု ထွက်လာတယ်..
“အားလုံး သတိထားကြ။ ရန်သူတွေ တိုက်ချက် တော်တော်များတယ်။ မှော်တိုက်ကွက်တွေကို ခံနိုင်အောင် ငါတို့တိုက်ပွဲစိတ်ဝိညာဉ်နဲ့ ဒိုင်းတစ်ခုဖန်တီးဖို့ကလွဲရင် ရွေးစရာ မရှိတော့ဘူး”
ကျုပ်လဲ အတွေးနွံထဲက ရုန်းထွက်ပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်မိတော့တယ်။ ကျန်းဟူ ပြောသလိုပဲ မှော်ပညာပေါင်းစုံကြောင့် အဆက်မပြတ်တောက်လောင်နေတဲ့ အလင်းတန်းတွေ တက်လာနေတာပဲ။ မန္တန်တွေရဲ့ အစွမ်းက မပြင်းပေမယ့် အရေအတွက်က ကြောက်စရာကောင်းလွန်းတယ်။ (၁)ကီလိုမီတာလောက် ကိုကျယ်တာ။
မူကျီကျုပ်ကို ဖက်လိုက်ရင်း..
“မကောင်းတော့ဘူး။ အဲဒါ ငါတို့ နတ်ဆိုးမျိုးနွယ် အမှောင်တပ်သား အထူး တပ်စု၊ တပ်ခွဲ၊ တပ်ရင်း စတိုက်ကြပြီ”
ကျုပ်လဲ အေးစက်စက်နဲ့ ..
“အားလုံး ငါ့ပတ်ပတ်လည်မှာ စုပြီး မင်းတို့ တိုက်ပွဲစိတ်ဝိညာဉ်တွေကို ငါတို့အောက်ကနေ အကာအကွယ် ဒိုင်း အသက်သွင်းလိုက်ကြ”
ပေါင်းစပ်စွမ်းအားက တစ်ယောက်ချင်းသီးသန့်စွမ်းအားတွေထက် အားကောင်းတာ ကျုပ်သိထားတယ်လေ။ လူဆယ်ယောက်ကျော် ပေါင်းလိုက်တဲ့အားက ခံစစ်အတွက် သိသိသာသာ တိုးလာတာပေါ့။ ပြီးတော့ ကျုပ်တို့တွေ တော်တော် မြင့်တဲ့နေရာမှာရှိနေတာဆိုတော့ တိုက်ကွက်တွေကို တခဏ တောင့်နိုင်နိုင်မှာ သေချာတယ်။ ဒါပေမယ့် ကျုပ်တို့ အသွားနှုန်းတော့ တော်တော်ကို နှေးသွားတာ။ အမှောင်မှော် တပ်စိတ်၊ တပ်ခွဲတွေ ကျုပ်တို့ လှုပ်ရှားမှုအတိုင်း လိုက်တိုက်နေကြပါလေရော။
ဒီလို အကြပ်အတည်းနဲ့ ရင်ဆိုင်နေရာတဲ့အချိန် လျှပ်စီးခံတပ်နဲ့ မဝေးတော့တဲ့အတွက် ကျုပ်နှလုံးသား နည်းနည်း ငြိမ်သွားတယ်။
“အားလုံး အရှိန်ပြင်းပြင်းနဲ့ သွားနိုင်အောင် အသင့်ပြင်ထား”
စကားဆုံးတာနဲ့ ကျုပ်ကိုဖက်ထားတဲ့ မူကျီကို တစ်ချက် ကြည့်လိုက်တယ်။ အစကတော့ မူကျီနဲ့အတူ အောက်ကနတ်ဆိုးတွေကို မတိုက်ခိုက်ဘဲ သူတို့တိုက်ကွက်ကို ကာကွယ်ယုံနဲ့ အဆင်ပြေသွားတယ် ထင်ထားတာ။ ပြန်တွေးကြည့်လိုက်တော့ ကျုပ်တို့ ပျံသန်းနှုန်းကို ထိန်းဖို့အတွက် တိုက်ပွဲစိတ်ဝိညာဉ်နည်းနည်း ချန်ထားပြီး သန့်ရှင်းသောဓားရဲ့ စွမ်းအားနဲ့ တိုက်ပွဲစိတ်ဝိညာဉ်စွမ်းအားတွေကို မှော်စွမ်းအားအဖြစ် လုံးလုံး ပြောင်းပစ်လိုက်တယ်။ ကျုပ်တို့အဖွဲ့ရဲ့ အောက်မျာ ကြီးမာလွန်းတဲ့ အလင်းတြိဂံ ဒိုင်းကာတစ်ခု ပေါ်လာတယ်။ ကျုပ်တို့ အောက်က လူတွေအတွက်တော့ ညအမှောင်မှာ နေလုံးထွက်လာသလိုပေါ့ဗျာ။
အလင်းတြိဂံဒိုင်းကာရဲ့ ခံနိုင်ရည်စွမ်းအားက အရမ်းမကောင်းပေမယ့် ကျုပ်စွမ်းအားတွေ တိုးလာတော့ မှော်ဆူးတွေကိုတော့ ကာကွယ်နိုင်ပါသေးတယ်။ မဲနက်နေတဲ့ မှော်ဆူးသွားတွေ အစုလိုက်အပြုံလိုက် ပြန်ကန်ထွက်သွားတယ်။ ကျုပ် မူကျီကို တိုးတိုးလေးနဲ့..
“ဒါ သူတို့ကို မထိခိုက်လောက်ပါဘူး။ အမှောင်မှော်ဆူးသွားတွေအတွက်တော့ နည်းနည်း ခက်သွား လောက်မှာပေါ့”
မူကျီကတော့ ဘာမှပြန်ပြောမနေပဲ ကျုပ်ခါးကိုသာ တင်းတင်း ဖက်ထားလေရဲ့။
အလင်းတြိဂံဒိုင်းကာရဲ့ ကာကွယ်မှုက ကျုပ်ဖြစ်ချင်သလို ရုပ်လုံးပေါ်လာတယ်။ ကျုပ်တို့အောက်က ကောင်တွေကတော့ ဒီဟာကြီးကို ချက်ချင်း ဖြေရှင်းနိုင်ဖို့ မလွယ်ဘူး။
အားလုံး လိုရာခရီးကို ဘေးကင်းကင်းနဲ့ ရောက်ရမယ်လို့ တွေးလိုက်မိတယ်။ ရုတ်တရက်ကြီး စွမ်းအားပြင်းပြင်း ထန်ထန်တစ်ခု ကျုပ်တို့ဆီရောက်လာနေတယ်လို့ ခံစားလိုက်ရတယ်။ အလင်းတြိဂံဒိုင်းရဲ့ မျက်နှာပြင်ကြိးတောင် မခံနိုင်လောက်ဘူး။ စုက္ကရေးကိုသုံးပြီး အောက်ဘက်ကို အလင်းဓားတွေ တော်တော်များများ ပစ်လွှတ်လိုက်တယ်။ ပြိုင်ဘကရဲ့ ခွန်းအားက ကျုပ်ထင်ထားတာထက် ကျော်နေတယ်ဗျ။ ရန်သူ လှုပ်ရှားမှုလေး နည်းနည်းလုပ်လိုက်တာတောင် ကျုပ်ခန္ဓာကိုယ်ထဲက ချီစွမ်းအားတွေ ကပြောင်းကပြန် ဖြစ်သွားတယ်။ ဒီတော့ ကျုပ်လဲ အမူအရာပြောင်းသွားပြီး..
“နင်တို့ နတ်ဆိုးမျိုးနွယ်မှာ ဒီလောက်စွမ်းအားကြီးတဲ့သူ ရှိနေတာပဲ။ အခု ငါ အောက်စည်းရောက်နေပြီ”
ရန်သူက ကျုပ်ထက် ပိုသန်မာတာ မဟုတ်ပေမယ့် လောလောဆယ် ကျုပ်တို့က လေထဲမှာ ရှိနေတာဆိုတော့ စွမ်းအားတွေ ချက်ချင်း ပြန်စုဖို့ မလွယ်ဘူးလေ။ တိုက်ပွဲစိတ်ဝိညာဉ်တွေသုံးပြီး ပျံနေရတဲ့အတွက် တော်တော်လေး စွမ်းအားကုန်တယ်။ တကယ်လို့ ရန်သူကသာ ကျုပ်တို့ကို တားဖို့ နောက်ထပ် အစွမ်းထက်တဲ့ မှော်မန္တန်တစ်ခုခုသာ သုံးမယ်ဆိုရင် လျှပ်စီးခံတပ်ကို ဘေးကင်းကင်းနဲ့ ရောက်ဖို့ မသေချာတော့ဘူး။
အဲ့အချိန်မှာပဲ လျှပ်စီးခံတပ် ညာဘက်အခြမ်းက တံခါးကြီး ပွင်းလာတယ်။ ပြီးတော့ မြင်းတပ်သားတွေ ထောင်နဲ့ချီထွက်လာကြတယ်။ ရန်သူနဲ့ ထိပ်တိုက်တွေ့ဖို့အတွက် ဒီလောက်မြင်းတပ်သားတွေ ဘာလို့လွှတ်လိုက်ရပါလိမ့် ဆိုပြီး သိချင်နေတုန်း ကျန်းဟူ တုန်လှုပ်တကြီးနဲ့..
“ဒါက ငါ့ဒုတိယအစ်ကိုရဲ့ မြေနဂါး မြင်းတပ်ပဲဟေ့”
အော်.. အဲဒီလိုကိုး။ တပ်သား ထောင်ချီယုံဆိုပေမယ့် လေပြင်းတစ်ခုလိုမျိုး သူတို့ကို ဘယ်လိုအရာကမှ မတားဆီးနိုင်တော့သလိုပဲ။ သူတို့တွေ နတ်ဆိုးနဲ့ သားရဲတပ်ဖွဲ့ကြားမှာ အောင်အောင်မြင်မြင် ထိုးဖောက်တိုက်ခိုက် နေကြတယ်။
ပြင်းထန်တဲ့ မှော်စွမ်းအား တစ်ခု ကျုပ်တို့ဆီ နောက်တစ်ကြိမ် ရောက်လာပြန်ပြီ။
“အားလုံး မြေနဂါးတပ်ဖွဲ့ ထွက်လာတဲ့ ညာဘက် ခံတပ်တံခါးကို အမြန်သွားကြ။ ဒီကိစ္စ ငါကြည့်လုပ်လိုက်မယ်”
ပြောပြီးတော့ စုက္ကရေးကရေးနဲ့ လေထဲမှာ ဆဋ္ဌဂံပုံစံတစ်ခု ဆွဲပြီး အောက်ဘက်ကို ဆွဲချလိုက်တယ်။ ပုံမှန် အဆင့်မြင့် မန္တန်ထက် ကျော်နေပြီဗျ။ တားမြစ် မန္တန်လောက်လဲ စွမ်းအားမရှိပေမယ့် အခုက အရမ်းကပ်နေပြီလေ။ ဒီတိုက်ကွက်တစ်ခုတည်းနဲ့ကို ကျုပ်မှာရှိတဲ့ မှော်စွမ်းအား (၆၀)ရာခိုင်နှုန်းလောက် သုံးလိုက်ရတယ်။ ဆဋ္ဌဂံပုံစံ ပေါ်လာတာနဲ့ မူကျီကို..
“ဟိုကိုရောက်ဖို့ လေမှော်ပညာ မြန်မြန်သုံးလိုက်”
ကျုပ်မှော်စွမ်းအား တော်တော်များများ သုံးလိုက်ရတာဆိုတော့ ရွေးစရာမရှိတော့ဘဲ မူကျီကို အားကိုးရတော့မယ်။
မူကျီ အသံနဲ့အတူ ပတ်ဝန်းကျင်က လေတွေ အမြန်ဆုံး စုစည်းလာတယ်။ လေတွေရဲ့ ရွှေ့လျားမှုက ကျုပ်တို့ ဦးတည်ရာဘက်ကို ဆက်တိုက် တွန်းပို့နေတာပေါ့။ အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေတော့ ကျုပ်တို့ ရှေ့ကနေ လျှပ်စီးခံတပ် တံခါးကို ရောက်နှင့်နေကြပြီ။
ကျုပ် ပစ်လွှတ်လိုက်တဲ့ ဆဋ္ဌဂံမန္တန်က အမြန်ဆုံးအရှိန်နဲ့ အောက်ကိုဆင်းသွားပြီး အမှောင်မှော်စွမ်းအားနဲ့ ထိပ်တိုက်တွေ့တဲ့အခါ မူကျီအောက်က လေတွေတောင် ချက်ချင်း အပေါ်ကို ထိုးတက်လာကြတယ်။ ကျုပ်ခန္ဓာကိုယ်ထဲက ချီစွမ်းအားနဲ့ သွေးတွေ လှိုင်းထ ဆူပွက်သွားတဲ့အထိပဲ။ အဲ့အချိန် ကျုပ်ခန္ဓာကိုယ် ပျော့ခွေသွားပြီ။ မူကျီ ချက်ချင်းပဲ ကျုပ်ကို တင်းကြပ်နေအောင်ဖက်ပြီး..
“အို လေပြင်းတွေ၊ အရာအားလုံး ကျေမွတဲ့အထိ လေဆင်နှာမောင်းအဖြစ် ပြောင်းလဲဖို့ တောင်းဆိုပါတယ်”
လေဆင်နှာမောင်းလေးတစ်ခု ကျုပ်တို့နောက်မှာ ပေါ်လာတယ်။ သူ့အကူအညီနဲ့ပဲ မူကျီနဲ့ ကျုပ် လျှပ်စီးခံတပ် ထဲကို ခနလေးနဲ့ ပစ်ဝင်သွားရော။
မူကျီ စွမ်းအား အပြည့်သုံးလိုက်တာနဲ့ တစ်ချိန်တည်း ကျုပ်ကလဲ ကျုပ်တို့နောက် လိုက်လာတဲ့ အမှောင်မှော် ဆူးသွားတွေကို ကာကွယ်ဖို့ စုက္ကရေးကို သုံးလိုက်ရတယ်။ ဒုက္ခပေါင်းစုံနဲ့ ကြုံပြီး နောက်ဆုံးတော့ လျှပ်စီးခံတပ် အပေါက်ထဲ ဝင်နိုင်လိုက်ပါတယ်။
============= (*^*)=============
အပိုင်း( ၂၅၅ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား