ရက်စက်လွန်းတဲ့ စစ်ပွဲ
Vol. 17 Ch. 255
အစ်ကိုကြီး ရှန့်ယွင်ခေါင်းဆောင်တဲ့ မြေနဂါးတပ်ဖွဲ့က အနိုင်ယူနိုင်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် လျှပ်စီးခံတပ် ရှေ့ကွင်းပြင်ကိုတော့ ခနလေးနဲ့ ရှင်းပစ်နိုင်လိုက်တယ်။ လျှပ်စီးခံတပ်က လူတွေကလဲ အခြေအနေကို ကောင်းကောင်းမြင်လိုက်ရတော့ ချက်ချင်းပဲ သူတို့တပ်ဖွဲ့တွေအားလုံး ထပ်လွှတ်လိုက်ကြတယ်။ အဓိကတပ်ဖွဲ့တွေ၊ ချပ်ဝတ်တွေနဲ့ အမာခံတပ်တွေ၊ ပေါ့ပေါ့ပါးပါး လှုပ်ရှားတပ်တွေ စုပေါင်းပြီး နတ်ဆိုးနဲ့ သားရဲ မဟာမိတ် တပ်တွေဆီကို အရူးအမူးချီတက် တိုက်ခိုက်ကြပါလေရော။
မူကျီ မြေပြင်ကို အသာလေးဆင်းပြီး ကျုပ်ကို တွဲပေးထားတယ်။ အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေလဲ ကျုပ်တို့ဘေးပတ်လည်မှာ ဆင်းလာပြီး ဝိုင်းထားလိုက်ကြတယ်။
ကျုပ်ကတော့ စစ်မြေပြင်အနှံ့မှာ အသွေးတွေ၊ အသားတွေ လွင့်ပျံ့နေတာကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိတယ်။
“ငါတို့တွေ လျှပ်စီးခံတပ်ကို ဖြတ်ကျော်လိုက်တာနဲ့ နှစ်ဖက်စစ်ပွဲကြီး ဖြစ်သွားလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး။ အစက ငါတို့တွေ ညှိနှိုင်းစေ့စပ်ဖို့ ပြန်လာခဲ့ကြတာလေ။ ဒါပေမယ့် တိုက်ပွဲတွေ စဖြစ်ကုန်ပြီ”
မူကျီက..
“သားရဲမျိုးနွယ်က သူတို့ရဲ့ သားရဲဘီလူးစစ်တပ် လွှတ်ထားတာဆိုတော့ ပြဿနာ မရှိလောက်ဘူး။ သူတို့တွေ အတူပေါင်းပြီး စိတ်ဓါတ်ထိန်းထားနိုင်လောက်တယ်။ နတ်ဆိုးနဲ့ သားရဲမျိုးနွယ် မဟာမိတ်တပ်တွေမှာ အရေအတွက် အားသာချက်ရှိတယ်။ လျှပ်စီးခံတပ်ရဲ့ တပ်မှူးတွေ မမိုက်မဲဘူးဆိုရင် သူတို့တွေ တပ်ဆုတ်ပြီး လျှပ်စီးခံတပ်ကိုပဲ အားကိုးကြလိမ့်မယ်”
ကျုပ် မူကျီကို တအံ့တဩ ကြည့်နေမိလိုက်တယ်။ သူ့ ဉာဏ်ရည်နဲ့ မျှော်မြင်နိုင်စွမ်းတွေကို ပထမဆုံး မြင်ဖူးလိုက်တာပဲ။
ခယ်လွင်သောင်ကလဲ..
“မင်းသမီးပြောတာ မှန်တယ်။ ကျန်းကုန်း အခု ငါတို့တွေ ဘာလုပ်ကြမလဲ”
“ငါတို့ရှေ့မှာ ခံတပ်တံခါးရှိတယ်။ ငါတို့တွေ အစောက နတ်ဆိုးမျိုးနွယ်ကို တိုက်ခိုက်လိုက်တာကြောင့် လူသားစစ်သည်တွေ ငါတို့ကို မဟာမိတ်လို့ သတ်မှတ်ကြလိမ့်မယ်။ ထင်မထားတာက ငါတို့ကိုတောင် သတိထားမိချိန်မရဘဲ စစ်ပွဲက အားလုံးကို လွှမ်းမိုးသွားပြီ”
အဲ့အချိန် စစ်မြေပြင်မှာ ပြောင်းလဲမှုတစ်ခု ဖြစ်သွားတယ်။ မူကျီ ပြောသလိုပဲဗျ။ သားရဲမျိုးနွယ်က သားရဲဘီလူးတပ်တွေ ပေါ်လာတယ်။ အဲ့ကောင်ကြီးတွေကို ပထမဆုံး တွေ့လိုက်ရတာဆိုတော့ ကျုပ်တောင် နည်းနည်း ကြောက်သွားမိတယ်။ သူတို့ ခန္ဓာကိုယ်မှာလဲ တော်တော်လေးမယ့် ချပ်ဝတ်ကြီးတွေနဲ့၊ လက်တွေထဲမှာလဲ ဝံပုလွေသွားတွေပါတဲ့ (၄)မီတာလောက်ရှည်တဲ့ လှံကြီးတွေနဲ့။ အစ်ကိုကြီး ရှန့်ယွင်ရဲ့ မြေနဂါးတပ်ဖွဲ့ ရှေ့မှာ ရုတ်တရက်ပေါ်လာကြတာ။
မြေနဂါးအဖွဲ့က စစ်သည်တွေ ရှေ့တိုးဖို့ကလွဲလို့ ဘာမှ ဂရုမစိုက်မိကြဘူး။ ဒါပေမယ့် မမျှော်လင့်ဘဲ မြေနဂါးအဖွဲ့တွေ သားရဲဘီလူးတွေရဲ့ ခွန်အားကို မခံနိုင်ကြတော့ဘူး။ မြေနဂါးတပ်ဖွဲ့က မှော်သေနတ်တွေလဲ သူတို့ ချပ်ဝတ်တွေကို မဖောက်နိုင်ဘူး။ ဝံပုလေလှံသွားကြီးတွေအောက်မှာ ရောက်နေတဲ့ မြေနဂါးအဖွဲ့က (၁၀)ယောက်ကျော်လောက် ပြားချပ်သွားကြတယ်။
သားရဲဘီလူးတပ်ဖွဲ့က စနစ်တကျနဲ့ ဖြည်းဖြည်းချင်း တိုးလာကြတယ်။ မြေနဂါးတပ်ဖွဲ့ ရှင်းလင်းထားတဲ့ နယ်မြေတွေ ပြန်လွှမ်းမိုးထားလိုက်တယ်။ ကျန်းဟူ သက်ပြင်းချပြီး..
“မြေနဂါးတပ်ဖွဲ့က စွမ်းအားကြီးပေမယ့် သားရဲမျိုးနွယ်ရဲ့ ဝှက်ဖဲကို မခုခံနိုင်သေးဘူး။ သားရဲဘီလူးတပ်ရဲ့ တိုက်ခိုက်တာတွေကို ခံနိုင်တဲ့ သံချပ်ကာ စစ်သည်ဆိုလို့ ဒီကမ္ဘာမှာ မရှိသေးဘူး။ ကြည့်လေ အဲ့ကောင်ကြီးတွေက ပုံမှန်တွေမှ မဟုတ်တာ။ ကြည့်လိုက်.. ခံတပ်က အလှံ ပြောင်းသွားပြီ”
အစောက အဆက်မပြတ် ဝှေ့ရမ်းနေတဲ့ အနီရောင်အလှံက အပြာပြောင် ပြောင်းသွားတယ်။ မြေနဂါးတပ်ဖွဲ့ စနစ်တကျ ဆုတ်ခွာလာတယ်။ လှုပ်ရှားတပ်တွေရော၊ သံချပ်ကာတပ်တွေရော အမှားအယွင်းမရှိလဲ လျှပ်စီးခံတပ်ကို ပြန်ဆုတ်သွားတဲ့အချိန် တပ်ဖွဲ့နှစ်ခုကတော့ အပြန်အလှန်ကာကွယ်မှု လုပ်တာတွေလောက်ပဲ ရှိတော့တယ်။
နတ်ဆိုးနဲ့ သားရဲမျိုးနွယ်တပ်တွေ စွမ်းအားထပ်ဖြည့်ပြီး တိုက်ခိုက်တဲ့အချိန် လူသားမျိုးနွယ် တပ်သားတွေအနေနဲ့ သူတို့ တိုက်ကွက်တွေ ခံနိုင်ရည် မရှိသလောက်ပဲဗျ။ မှော်အမြှောက်တွေ ကောင်းကင်ကိုဖုံးမတတ် ခံတပ်ရိုးအောက်ဘက်ကို ဖြန်းကနဲ ဖြန်းကနဲ ပဲ။ သားရဲမျိုးနွယ်က သားရဲဘီလူးတပ်ဖွဲ့ မပါတော့ မဟာမိတ် တပ်တွေရဲ့ ထိုးစစ်တွေ ချက်ချင်း လျော့သွားတယ်။
ခံတပ်နားက လူသားမျိုးနွယ်တွေ အခွင့်အရေးယူပြီး ဆုတ်ခွာဖို့ အခွင့်အရေးရသွားတာပေါ့။ ခံတပ်ထဲကနေ မှော်သလင်းအမြှောက်တွေရဲ့ အရေးပါမှု သက်သေပြပြီ။ ရောင်စုံကြယ်လေးတွေလိုမျိုး ကောင်းကင်ကိုဖြတ်ပြီး နတ်ဆိုးနဲ့ သားရဲမျိုးနွယ် မဟာမိတ်တပ်တွေပေါ် ကျသွားပေမယ့် သားရဲဘီလူးတပ်တွေပဲ ဘာမှထိခိုက်ဒဏ်ရာ မရလိုက်ကြဘူး။ မြေနဂါးတပ်ဖွဲ့တွေ ကျုပ်တို့ရှေ့ကနေ ခံတပ်ထဲဝင်လာတော့ နွားရုပ်ကြီးတစ်ခု သူတို့ကို ကာကွယ်ပေးထားတယ်။ နတ်ဆိုးနဲ့ သားရဲမျိုးနွယ် မဟာမိတ်တပ်ဖွဲ့တွေလဲ မှော်သလင်း အမြှောက်ကြီးတွေကြောင့် ခံတပ်အပြင်ဘက်မှာ ရပ်သွားကြပြီ။
နောက်ဆုံးတော့ မြေနဂါးတပ်ဖွဲ့တွေ ခံတပ်ထဲ ပြန်ဆုတ်နိုင်သွားတယ်။ အစ်ကိုကြီး ကျန်းဟူ နောက်ဆုံးက ပြန်လာတဲ့ မြေနဂါး မြင်းတပ်ကို ကြိုဖို့ အမြန်သွားလိုက်တယ်။ အဲ့တပ်က အစ်ကိုရှန့်ယွင် ဦိးဆောင်တယ်ဆိုတာ ပြူးပြဲကြည့်နေစရာတောင် မလိုဘူး။
ရှန့်ယွင် သူ့ မြေနဂါး ကြီးကို အမြန်စီးရင်း ကျုပ်တို့ဆီ ရောက်လာတယ်။ ကျန်းဟူက..
“အစ်ကို(၂) ငါပြန်လာပြီကွ”
ရှန့်ယွင် သူ့စစ်ခေါင်းဆောင်းကြီး ချွတ်ပြီး..
“ညီလေး(၃) မင်းတို့တွေဆိုတာ ငါသိတာပေါ့။ နတ်ဆိုးနဲ့ သားရဲမဟာမိတ်တွေ ခြုံခိုတိုက်မှာစိုးလို့ မြို့ထဲလိုက်ခဲ့ကြ”
ကျုပ်တို့တွေလဲ အာလာပသလာပ ပြောချိန်မရှိသေးတော့ ရှန့်ယွင်နောက်ကနေ လျှပ်စီးခံတပ်ထဲကို အမြန်ပဲ လိုက်ဝင်ခဲ့လိုက်ကြတယ်။
ခံတပ်ထဲမှာလဲ နိုင်ငံ(၃)ခုက စစ်သည်တွေနဲ့ ပြည့်နေတာပဲ။ မြို့ရိုးက ခံတပ်ကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ ခြေလျှင်တပ်သားတွေရော မှော်ဆရာတွေရော ပြည့်နေတယ်။ သဘာဝ ခံတပ်ကြီးကို ကာကွယ်ဖို့ဆိုရင် မှော်ဆရာတွေ ရဲ့အရေးပါမှု တော်တော် သိသာစေတယ်။ တောင်လောက်ရှိတဲ့ မှော်သလင်းကျောက်တွေလို ဟာတွေလဲ ရှိတယ်။ နတ်ဆိုးနဲ့ သားရဲမဟာမိတ်တပ်တွေ ခံတပ်ကို မဆင်မခြင်တိုက်တာကနေ ရပ်သွားကြတာ ဒါတွေကြောင့်ပေါ့။
ရှန့်ယွင် သူ့လက်ထောက် တပ်မှူးကို ..
“သေဆုံး ဒဏ်ရာရသူ စာရင်းတွေ အမြန်ကောက်။ ပြီးရင် ငါ့ကို လာအကြောင်းကြားလှည့်”
အမိန့်အတိုင်း လက်ထောက်တပ်မှူး ထွက်သွားပြီ။
ကျန့်ဟူက..
“ရှို့တိနိုင်ငံက လွှတ်လိုက်တဲ့ လူတွေလား..”
ရှန့်ယွင် ခေါင်းယမ်းပြတယ်။
“မဟုတ်ဘူးကွ။ ဒီတစ်ခေါက် အဓိက တပ်တွေက ရှို့တိနဲ့ တလူက မဟာမိတ်တွေကွ။ အခု ခပ်တပ်ကို (၃)ပိုင်းခွဲထားတယ်။ နိုင်ငံအသီးသီးက အကာအကွယ် နွားထီးကြီးတွေ ငါ့အဖေကွပ်ကဲမှု အောက်မှာပေါ့။ ခြေလျှင်တပ်နဲ့ လေသူရဲကောင်းတွေက တလူ ကွပ်ကဲမှုအောက်မှာပေါ့။ နောက်ဆုံးပိတ် မှော်ဆရာတွေကတော့ အိုက်ရှားနိုင်ငံက သွမ့်ယုရှီရဲ့ တော်ဝင်မှော်သမ္မဂ္ဂအောက်မှာပေါ့။ အဲလို ခွဲထားလိုက်တော့ တပ်ဖွဲ့တွေကို အမိန့်ပေးတဲ့နေရာမှာ ပိုလွယ်သွားတယ်။ ထိုးဖေါက်တိုက်ခိုက်ဖို့ရော ဖုတ်ခွာဖို့နဲ့ ကာကွယ်ဖို့လဲ ပိုမြန်သွားလိမ့်မယ်။ ကဲကဲ တပ်မှူးချုပ်ဆီ သွားကြစို့”
ကျုပ်လဲ အရှေ့ကို အမြန်လျှောက်သွားပြီး..
“အစ်ကိုကြီး ရှန့်ယွင်၊ တပ်မှူးချုပ်ဆီသွားလို့ အဆင်မပြေဘူး။ ငါတို့ နေဖို့နေရာ စီစဉ်ပေးလို့ မရဘူးလား”
ကျုပ်က အိုက်ရှားက ဝရမ်းပြေး တစ်ယောက်လေ။ ဒီအတိုင်း လိုက်သွားရင် လမ်းမှာတင် အဖမ်းခံရမှာပေါ့။
“မင်း.. မင်းမို့လား..”
ကျုပ် မချိပြုံး ပြုံးရင်း..
“ကျုပ် ကျန်းကုန်းပါ..”
“ကျန်းကုန်းလား။ မင်းဘယ်လိုလုပ် ဒီလောက်ထိ ဖြစ်သွားတာလဲ။ ရုပ်ဖျက်ထားတာလား”
ကျုပ်လဲ သက်ပြင်းချ ခေါင်းယမ်းရင်း..
“ရှင်းပြဖို့က နည်းနည်းရှည်တယ်။ မြို့ထဲရောက်မှ စကားဆက်ပြောကြတာပေါ့”
ရှန့်ယွင် ချက်ချင်း သဘောပေါက်ပြီး သူ့နဖူးသူပုတ်လို့..
“ငါ တော်တော် မေ့တတ်တာပဲ။ အဖေ့ ယာယီ စံအိမ်ကြီးဆီ သွားကြတာပေါ့”
မင်းသားစံအိမ်ဆိုပေမယ့် အစောင့်အကြပ်အများကြီးနဲ့ ခြံဝန်းကျယ်ကြီးတစ်ခုဗျ။ အခန်းအတွင်းပိုင်းမျာလဲ ရိုးရိုးရှင်းရှင်း အကြမ်းထည်တွေပဲ။ ရှမ့်ယွင်ကတော့ မင်းသားကိုယ်တိုင် စီစဉ်ထားတယ် ပြောတာပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းသားပြောထားတာက..
“ငါတို့တွေ လူသားမျိုးနွယ်ကို ကာကွယ်ဖို့ရယ်၊ နတ်ဆိုးနဲ့ သားရဲမျိုးနွယ် မဟာမိတ်တွေကို တိုက်ဖို့ကွ။ ဒီနေရာမှာ အပျော်ရှာနေစရာ အကြောင်းမရှိဘူး။ ဘာလို့ ကြီးကြီးကျယ်ကျယ်တွေ လုပ်နေရမှာတုန်း။ အဲ့အစား မှော်သလင်း ကျောက်တွေ ဝယ်ဖို့နေရာ သုံးလို့ရတာပေါ့”
ရှန့်ယွင်ရှင်းပြတာ ကြားတော့ မတွေ့ရသေးတဲ့ မင်းသားအပေါ် လေးစားတဲ့ ခံစားချက်တွေ ပေါ်လာတယ်။
ရှန့်ယွင်ကတော့ ကျုပ်တို့ နားလို့ရအောင် အခန်းတစ်ခန်း ရှာပေးတယ်။ ဘာလို့နောက်ထပ် လူနှစ်ယောက် ပိုလာတယ်ဆိုတာလဲ မမေးဘူး။ အဲ့အချိန်မှာပဲ သူ့လက်ထောက် တပ်မှူး အခန်းထဲ ဝင်လာတယ်။
“သတင်းပို့ပါတယ်..”
“အခြေအနေ ဘယ်လိုလဲ..”
“တိုက်ပွဲမှာ မြေနဂါး ခြေလျင်တပ်သား (၁၁၂)ယောက်၊ သံချပ်ကာတပ်သား (၁၀၃၄)ယောက်၊ ကျည်ကာဝတ် လှုပ်ရှားတပ်သား (၂၆၃၁)ယောက်၊ စုစုပေါင်း (၃၇၇၇)ယောက် ကျဆုံးခဲ့ပါတယ်။ မင်းသားက တပ်မှူးကို အမြန်လာတွေ့ဖို့ ပြောပါတယ်”
အစီရင်ခံချက်ကြောင့် ကျုပ်တော်တော် တုန်လှုပ်သွားတယ်။ ဒီလောက် အချိန်တို တိုက်ပွဲလေးမှာ ထင်မထားဘဲ အသက်ပေါင်း (၄၀၀၀)လောက် သေသွားရပြီ။ ဒါတောင် နတ်ဆိုးနဲ့ သားရဲမျိုးနွယ်တွေ မပါသေးဘူး။ ပျယ်လွင့်သွားတဲ့ ဝိညာဉ်တွေ အော်သံ စစ်မြေပြင် အနှံ့ရှိနေတော့ စစ်ပွဲဆိုတာ ကမ္ဘာ့အကြီးဆုံး လူသတ်သမားပဲ။
ရှန့်ယွင် မျက်မှောင်ကြုတ်ပြိး..
“ငါ နားလည်ပြီ။ အခုပဲ သွားလိုက်မယ်။ မင်း ငါ့ဧည့်သည်တွေကို သေချာ ဧည့်ခံလိုက်။ အားလုံးပဲ ငါသွားပြီး ပြန်လာခဲ့မယ်”
============= (*^*)=============
အပိုင်း( ၂၅၆ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား