အဖြူရောင်သေမင်း ၂
Vol. 6 Ch. 64
"မူလအမြုတေအဆင့်က ဒီလောက်ပဲလား"
ယွမ်ရှောင်၏ စကားသည် ရဲတန်းစီ၏မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ အရှက်ကွဲသွားစေကာ ဆယ်ဆင့်ဓားသိုင်းဖြင့် ဓားမြှောင်က ဝင်ရောက်လာပြန်သည်။ သူက ရှောင်တိမ်းနိုင်စွမ်း မရှိသောကြောင့် ဆယ်ကျော်သက် လူငယ်တစ်ယောက်လက်ထဲ အဆုံးသတ်ရမည်ဖြစ်ရာ စိတ်ဓာတ် ပျက်ပြားသွားခဲ့သည်။ ဓားမြှောင်က ဒန်တန်ကို ထိုးဖောက်သွားပြီး ထိပ်ဖျားတွင် စိုက်လျက်ပါသွားသော အမြုတေမှာ သူ၏ကျောဘက်၌ ပေါက်ကွဲသွားသောကြောင့် သစ်တောကြီးတစ်ခုလုံး တုန်ခါသွားခဲ့သည်။ ရဲတန်းစီ၏နောက်ကျောက စုတ်ပြတ်သွားကာ ပေါက်ကွဲမှုအရှိန်ကြောင့် အရှေ့သို့ လွင့်ထွက်သွားခဲ့သည်။
"မဟုတ်ဘူး"
သူက ကြောက်လန့်တကြား ထွက်ပြေးချင်သော်လည်း ဒန်တန်သည် ဗလာဟင်းလင်း ဖြစ်နေသောကြောင့် ရင်ဘတ်ကို ဓားအစင်းပေါင်းများစွာ ထိုးစိုက်လိုက်သကဲ့သို့ ခံစားလိုက်ရသည်။ မူလအမြုတေပျက်စီးသွားလျှင် အနာဂတ်ပျောက်ပြီ ဖြစ်သောကြောင့် မည်မျှစိတ်ဓာတ်ကျနေကြောင်းကို တွေးကြည့်ရန်ပင် မလိုချေ။ ယွမ်ရှောင်သည် လွင့်ထွက်လာသော ရဲတန်းစီ၏ လည်ပင်းကို တင်းကြပ်စွာ ဆုပ်ကိုင်၍ မြေပြင်၌ ဒူးထောက်သွားစေရန် ရိုက်ချလိုက်သည်။ ထို့နောက် သူက ဤလူယုတ်မာကို ဓားအိမ်တော်အား မျက်နှာမူစေကာ ဦးညွှတ်ရန်အတွက် ဆံပင်မှ ဆွဲကိုင်ပြီး မြေပြင်နှင့် တဘုန်းဘုန်း ဆောင့်ချပစ်လိုက်၏။ ထို့နောက် လက်နှစ်ဖက်လုံး ဖြတ်တောက်ခံလိုက်ရပြီး ဆက်တိုက်ဝင်ဆောင့်ခံနေရသဖြင့် မြေပြင်၌ သွေးနှင့် ရွှံ့များ ရောထွေးသွားခဲ့သည်။
"ဓားသခင်ရဲ မင်းကိုယ်မင်း ပြိုင်ဘက်ကင်းလို့ ထင်နေတယ်မလား။ အခုရော ဘယ်လိုလဲ။ မင်းက အမှန်တရားအတွက် တိုက်ပွဲဝင်နေတာဆို၊ အခု ထရပ်ပြီး ငါ့ကို တိုက်ခိုက်စမ်းပါ"
ယွမ်ရှောင်က ရဲတန်းစီ၏ဦးခေါင်းကို ခြေထောက်ဖြင့် ဆောင့်နင်းလိုက်သောကြောင့် ကျောက်အစအနများမှာ မျက်နှာအတွင်း စိုက်ဝင်ကုန်သည်။
"ယွမ်ရှောင် ငါ....ငါတို့ စကားနဲ့ ဖြေရှင်းရအောင်"
"မင်းကြီးတော်ကို သွားပြောလေ။ ငါ့ကို ရဲကုရင်နဲ့ မခြိမ်းခြောက်တော့ဘူးလား၊ လုပ်စမ်းပါ။ အခုမှ ငါ သတိရတယ်။ ဒီကောင်က ဆယ်ရက်နေမှ ပြန်လာမယ်မလား။ ရှစ်ရက်တောင် လိုသေးပေမယ့် မင်းကတော့ ငါ့ခြေဖဝါးအောက် ရောက်နေပြီ။ မင်းတို့သိအောင် တစ်ခု ပြောလိုက်မယ်။ ဂိုဏ်းကို ရဲကုရင်ပြန်ရောက်လာရင် ရဲမျိုးနွယ်ရဲ့ အလောင်းပုံကြီးက ကြိုနေလိမ့်မယ်။ မင်းက အစွမ်းထက်ပြီး နောက်လိုက်တွေများတယ်ဆိုတော့ ဒီစောက်ရူးတွေကို မင်းရှေ့မှာ တစ်ယောက်ပြီးတစ်ယောက် သတ်ပြမယ်"
သူက ကြောက်လန့်တကြား တောင်းဆိုလိုက်သော်လည်း တစ်ဖက်လူမှ ခြေဖြင့် ကန်ကျောက်လိုက်သောကြောင့် နံရိုးများ ကျိုးသွားခဲ့၏။ ယွမ်ရှောင်သည် ရဲတန်းစီ၏ခေါင်းကို ခြေထောက်ဖြင့် နင်းထားရင်း စိုက်ကြည့်လိုက်သောအခါ နောက်လိုက်သုံးရာမှာ နောက်ဆုတ်သွားကြ၏။ သူတို့က အသက်ရှူရပ်မတတ် ကြောက်လန့်နေပြီး အဖြူရောင် သေမင်းရှေ့မှောက်တွင် လိပ်ပြာလွင့်မတတ် ဖြစ်နေကြသည်။ တစ်ဖက်လူ၌ သွေးများစွန်းထင်းနေသော်လည်း အင်မော်တယ်တစ်ယောက်ကဲ့သို့ တင့်တယ်နေကာ ရက်စက်သူတစ်ယောက်ဟု ထင်မှတ်စရာ မရှိချေ။ ရဲတန်းစီ၏လည်မျိုတွင် ဒဏ်ရာရခဲ့သောအခါ သူတို့သည် စိတ်ဓာတ်ကျသွားပြီး အာဏာကို တပ်မက်နေသော မျက်လုံးများမှာ အသက်မဲ့သွားသည်။
ယွမ်ရှောင်ကို ရဲကုရင်ဖြင့် ခြိမ်းခြောက်လိုသော်လည်း ရှစ်ရက်ဆိုသော အချိန်က သူတို့အတွက် ဆယ်ခါပြန်မကသေရန် လုံလောက်နေသည်။ ယွမ်ရှောင်၏ စူးရဲသော အကြည့်တစ်ချက်တွင် နတ်ပင်လယ်အဆင့် ကျင့်ကြံသူသုံးရာသည် ဒူးထောက်ချလိုက်ပြီး ပထမဆုံးတစ်ယောက်မှ စတင်၍ ဆက်တိုက်ပါဝင်လာကြ၏။
"ယွမ်ရှောင် ငါတို့က မင်းကို ဂိုဏ်းချုပ်အသစ်အဖြစ် သဘောတူပါတယ်။ ဓားအိမ်တော်ကို ဦးဆောင်ပြီး ဂိုဏ်းကို ထိန်းကျောင်းပေးပါ"
သူတို့၏နဖူးတွင် ချွေးများရွှဲစိုနေပြီး ပြိုင်တူအော်ဟစ် တောင်းပန်နေကြသည်။ တစ်ဖက်လူသည် ဆယ်ကျော်သက်တစ်ယောက်သာ ဖြစ်သော်လည်း ရက်အနည်းငယ်အတွင်း အသူရာဓားဂိုဏ်းကို ဖိနှိပ်ကာ ဓားသခင်သုံးယောက်နှင့် နတ်ဆိုးဧကရာဇ်တစ်ယောက်ကို အနိုင်ယူနိုင်ခဲ့သည်။ နောက်လိုက်များ ဒူးထောက်လိုက်သော မြင်ကွင်းသည် ရဲတန်းစီ၊ ရောင်မန်ရှယ်နှင့် ကျန်းကျန့်၏ နောက်ဆုံးမျှော်လင့်ချက်ကို ပျက်စီးသွားစေသည်။ သူတို့၏စိတ်ထဲတွင် ရဲကုရင်ကို တမ်းတနေသော်လည်း ရှစ်ရက်အထိ အသက်ရှင်ရန် မဖြစ်နိုင်သောကြောင့် ငရဲတံခါးဝသို့ အမှန်တကယ် ရောက်နေပြီဖြစ်သည်။
"ယွမ်ရှောင် ငါတို့ကို အခွင့်အရေး တစ်ခါလောက် ပေးပါ။ ဂိုဏ်းနဲ့အတူ နတ်ဆိုးတွေကို တိုက်ခိုက်ပါမယ်"
ရဲတန်းစီ၏ နောက်လိုက်များက ဦးညွတ်၍ တောင်းပန်နေကြပြီး ရှန်ကွမ်းယု ဦးဆောင်သော ဂိုဏ်းသားထောင်ချီသည် ဝန်းရံထားကာ ယွမ်ရှောင်၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြ၏။ အဝေးရှိ သစ်ပင်တစ်ပင်ကိုမှီ၍ ရပ်နေသော ကျောက်ရန်ရန်လည်း ပါဝင်ပြီး ဝမ်းသာမျက်ရည်များ ကျဆင်းနေခဲ့သည်။ ဤလူငယ်သည် ခံစားချက်ပြင်းထန်သော လူသားတစ်ယောက်ဖြစ်ကာ ချစ်ခြင်းမေတ္တာနှင့် ရန်ကြွေးကို ကောင်းစွာခွဲခြားနိုင်သည်။ သို့ရာတွင် လောဘ၊ ဒေါသ၊ မောဟ စသည့် ခံစားချက်များလည်း ပိုင်ဆိုင်ထားပြီး ရန်သူများအား ရက်စက်စွာ ပြတ်သားတတ်၏။
"သူတို့ကို ချမ်းသာပေးလိုက်ပြီး နတ်ဆိုးတွေကို တိုက်ခိုက်ခိုင်းသင့်တယ်"
တစ်စုံတစ်ယောက်က ရဲတန်းစီ၏ နောက်လိုက်များအတွက် ဝင်ပြောပေးလိုက်သောကြောင့် သူတို့သည် အကြည့်ချင်းဖလှယ်ကာ စိတ်အေးသွားကြ၏။ သို့သော် ယွမ်ရှောင်၏မျက်လုံးအတွင်း ရက်စက်မှုများသာ ရှိနေပြီး အေးစက်စက် စကားလုံးများ ထွက်ပေါ်လာသည်။
"မင်းတို့အယောက်သုံးရာက အာဏာအတွက် မကျော်သင့်တဲ့ စည်းကို ကျော်ခဲ့ကြတယ်။ မင်းတို့ကို ခွင့်လွှတ်လိုက်ရင် ရဲကုရင် ပြန်လာတာနဲ့ ငါတို့ဘက်ကို ဓားဦး လှည့်လာဦးမှာပဲ"
ယွမ်ရှောင်၏စကားကြောင့် သနားစိတ်ဝင်နေသော အသူရာဓားဂိုဏ်းသားများမှာ ချက်ချင်း သတိဝင်လာကြ၏။
"စိတ်ချပါ။ ငါတို့က နောက်တစ်ကြိမ် မမှားတော့ပါဘူး"
"ငါ့ကို ငတုံး ထင်နေတာလား။ ခွင့်မလွှတ်သင့်တဲ့ အမှားတစ်ခုက လူသားတစ်ယောက်ဖြစ်နေပြီး နတ်ဆိုးတွေနဲ့ ပူးပေါင်းလို့ ဂိုဏ်းကို သစ္စာဖောက်တာပဲ။ မင်းတို့ကို သေမိန့်ပေးတယ်"
ဒူးထောက်နေသူ တစ်ယောက်က အော်ဟစ်လိုက်သော်လည်း ယွမ်ရှောင်၏ ဓားချက်အောက်တွင် အသံတိတ်သွားကာ မြေပြင်သို့ တအိအိ လဲပြိုကျသွားခဲ့သည်။
"ဒီကောင်တွေကို အကုန်သတ်ပစ်မယ်။ ဘယ်သူ ကန့်ကွက်ချင်သေးလဲ"
ယွမ်ရှောင်က ဂိုဏ်းသားများထံ မေးခွန်းထုတ်လိုက်သောအခါ အားလုံးသည် ဓားကိုယ်စီဆွဲထုတ်၍ တုံ့ဆိုင်းမနေဘဲ ရဲတန်းစီ၏နောက်လိုက်များကို သုတ်သင်လိုက်ကြသည်။ အမှန်နှင့် အမှားကို သူတို့က ခွဲခြားသတ်မှတ်ထားပြီး မတရားမှုကို တွန်းလှန်ရန် အခွင့်အရေး ရလာခဲ့ပေသည်။ အသူရာဓားဂိုဏ်းသည် နတ်ဆိုးကာကွယ်ရေး ခံတပ်တစ်ခု ဖြစ်သောကြောင့် သစ္စာဖောက်များကို သေဒဏ်ဖြင့် ထုတ်ပယ်လိုက်ကြ၏။ ယွမ်ရှောင်၏ ဓားတစ်ချက်ချင်းစီတွင် သစ္စာဖောက်များ၏ အသက်တစ်သက် နုတ်ယူခံလိုက်ရပြီး ထွက်ပြေးရန် လမ်းမရှိသောကြောင့် နောင်တရကုန်သော်လည်း အချိန်နှောင်းခဲ့လေသည်။ သူတို့က ရဲတန်းစီ၏လုပ်ရပ်ကို အားပေးအားမြှောက် လုပ်ခဲ့သည့်အပြင် ဂိုဏ်းအတွင်း နတ်ဆိုးများ ဝင်ရောက်လာသည်အား မတားမြစ်ခဲ့ကြပေ။
"မင်းတို့ တမလွန်ကိုရောက်ရင် ဘာကြောင့် သေရတယ်ဆိုတာ မျိုးနွယ်ဘိုးဘေးကို ပြောလိုက်ကြ။ မင်းတို့ကြောင့် ဆွေစဥ်မျိုးဆက် အရှက်ရကြလိမ့်မယ်"
သေမျိုးတစ်ယောက်ဖြစ်ခဲ့ဖူးသော ယွမ်ရှောင်သည် နတ်ဆိုးတစ်ကောင်၏ အန္တရာယ်ပေးနိုင်စွမ်းကို ကောင်းစွာ သဘောပေါက်ထားသည်။ နတ်ဆိုးတစ်ကောင်သာ သေမျိုးမြို့တစ်ခုအတွင်း ရောက်လာလျှင် အလောင်း တောင်လိုပုံသွားနိုင်သည်။
"မင်းတို့က အင်မော်တယ်လို့ခေါ်ဖို့ မထိုက်တန်ဘူး။ ဓားကျင့်ကြံနိုင်တဲ့ လူ့အမှိုက်တွေ သက်သက်ပဲ"
ယွမ်ရှောင်သည် သေဆုံးခဲ့သော်လည်း အင်မော်တယ်ရုပ်ခန္ဓာဖြင့် သေရွာပြန်လာသောအခါ ကောင်းကင်သင်္ချိုင်း၏စွမ်းအားဖြင့် သေမျိုးများကို လျစ်လျူရှုထားသည့် ကျင့်ကြံသူများအား မေးခွန်းထုတ်နိုင်စွမ်း ရှိလာခဲ့သည်။ သူက လောကကြီး၏ ကြောက်မက်ဖွယ်ကောင်းသော အရှိတရားကို နားလည်သောကြောင့် သေမျိုးများအတွက် ရပ်တည်ပေးရန် ရွေးချယ်ခဲ့၏။ ထို့ကြောင့် သူက ညှာတာခြင်း လုံးဝမရှိသောကြောင့် လူတစ်ယောက်ကို ဓားဖြင့် နှစ်ကြိမ်ခုတ်ရန် မလိုအပ်ဘဲ ဝတ်ရုံဖြူအထက်တွင် သွေးများ စွန်းထင်းကုန်သည်။ နောင်တဆိုသော ခံစားချက်က နောက်ကျလွန်းနေသောအခါ ဓားသခင်သုံးယောက်နှင့် ရဲမျိုးနွယ်ဝင်များမှာ ခေါင်းငိုက်စိုက်ကျနေကြ၏။ ယွမ်ရှောင် ထွက်ပေါ်လာသောအခါ အလွယ်တကူ သတ်နိုင်မည်ဟု ထင်ထားကြသော်လည်း ယခုတွင် ကြောက်သေးများပင် ထွက်ကျနေကြ၏။
နောက်ဆုံးတွင် သစ္စာဖောက်သုံးရာမှာ အလောင်းများအဖြစ် လဲကျသွားပြီး အသူရာဓားဂိုဏ်း၏ စစ်မှန်သော ဓားသမားများသာ ကျန်ရစ်ခဲ့သည်။
"ဂိုဏ်းချုပ်က ဒီမြင်ကွင်းကို မမြင်လိုက်ရဘူး"
ရှန်ကွမ်းယုသည် မဟာခန်းမထံ မျက်ရည်ဝဲနေသော မျက်လုံးအစုံဖြင့် ငေးကြည့်ရင်း ဝမ်းနည်းနေခဲ့သည်။
"ဒေါ်လေးယု အဖေ မသေပါဘူး"
ကျောက်ရန်ရန်က နှစ်သိမ့်ပေးလိုက်ခြင်း ဖြစ်သည်။
"ဒါဆိုရင် နတ်ဆိုးဧကရာဇ်ကို"
"ယွမ်ရှောင် သတ်ခဲ့တာပါ"
သူမ၏စကားကြောင့် ဂိုဏ်းသားများက အုတ်အော်သောင်းတင်းဖြစ်သွားကာ ရဲတန်းစီအား အနိုင်ရခဲ့သော အကြောင်းအရင်းကို သဘောပေါက်သွားကြ၏။ သူက ဒဏ်ရာရထားသော်လည်း လွယ်ကူသော ပြိုင်ဘက် မဟုတ်သဖြင့် ယွမ်ရှောင်၏ ခွန်အားကို ခန့်မှန်းသိရှိနိုင်သည်။
"တော်ပါသေးတယ်။ ဂိုဏ်းသားတွေ ငြိမ်းငြိမ်းချမ်းချမ်း အနားယူနိုင်ပြီ"
"ဝေါ့"
ယွမ်ရှောင်က နတ်ဆိုးမြွေကို သတ်လိုက်ကြောင်း သိရသောအခါ ရဲတန်းစီမှာ သွေးတစ်ပွက် အန်ချလိုက်မိပြီး အထင်သေးခဲ့ကြောင်း နားလည်ခဲ့သည်။
"ဒီကောင်တွေကို ကြိုးတုပ်ထားလိုက်။ သူတို့အသက်တွေနဲ့ သခင်လေးခုနစ်ယောက်ကို သွားခေါ်မယ်"
ယွမ်ရှောင်သည် အမိန့်ပေးလိုက်ပြီး နတ်ဆိုးနှစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့သော ဓားအိမ်တော်၏ ပါရမီရှင်ခုနစ်ယောက်အကြောင်းက ဂိုဏ်းသားများ၏စိတ်ထဲ ထွက်ပေါ်လာသည်။ ဂိုဏ်း၏သူရဲကောင်းများမှာ နယ်မြေခြားတွင် အသတ်ခံခဲ့ရသည့်အပြင် ဝိညာဥ်များကို မိုးစက်ပြာတံခွန်အတွင်း ဖမ်းဆီးခံထားရသောကြောင့် သေသည့်တိုင်အောင် နှိပ်စက်ခံနေရသည်။
"သစ္စာဖောက်တွေကို အပြစ်ပေးပြီးရင် မြောက်ပိုင်းဖုန်းဆိုးမြေကို ချီတက်မယ်။ နတ်ဆိုးဧကရာဇ်ကိုသတ်ပြီး ညီအစ်ကိုတွေကို အိမ်ပြန်ခေါ်လာမယ်"
အသူရာဓားဂိုဏ်းသားများ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသည့် အချိန် ကျရောက်လာသဖြင့် အော်ဟစ်ကြုံးဝါးနေကြသည်။
"အစ်ကိုကြီး အလောင်းပိတ်စ နတ်ဆိုးတစ်ကောင်က မဟာခန်းမဆီကို ခိုးကြောင်ခိုးဝှက်သွားနေတယ်"
"ဘာ"
ထိုအချိန်၌ ကြယ်ပြာက ရုတ်တရက် သတိပေးလာသောကြောင့် ယွမ်ရှောင်မှာ စိုးရိမ်တကြီး ဖြစ်သွားခဲ့လေသည်။