← Chapters

လအဆင့် အင်မော်တယ်မိုးစက်

Vol. 6 Ch. 65

လအဆင့် အင်မော်တယ်မိုးစက်

Vol. 6 Ch. 65

ယွမ်ရှောင်သည် ဒေါသတကြီးဖြင့် ဓားပျံပေါ်တက်ကာ ကောင်းကင်အလိုတော်သိုင်းဖြင့် ထွက်ခွာသွားသောအခါ ဓားလေခွင်းသံ တရွှီရွှီ ထွက်ပေါ်လာခဲ့သည်။ အသူရာဓားဂိုဏ်းသားများကလည်း ဓားပျံကိုယ်စီဖြင့် လိုက်ပါလာကြပြီး ရဲတန်းစီနှင့် အပေါင်းအပါများကို သံကြိုးဖြင့် တုပ်နှောင်၍ တန်းလန်းဆွဲခေါ်လာကြ၏။ ဓားအိမ်တော်၏တပည့်ဖြစ်သော ယွမ်ရှောင်က နတ်ဆိုးဧကရာဇ်နှင့် ဓားသခင်သုံးယောက်ကို အနိုင်ယူပြထားသောကြောင့် သူတို့က အလွန်လေးစားနေကြပြီး ခေါင်းဆောင်တစ်ယောက်အလား အရှိန်အဝါ ကြီးမားနေသည်။

"ဒီနတ်ဆိုးတွေ မောက်မာနေတာကို လက်စားချေဖို့ သုံးနှစ်တောင် စောင့်ခဲ့ရတယ်"

ဤသုံးနှစ်အတွင်း သူတို့က အမှန်တရားကို ထုတ်မပြောရဲသော်လည်း ရဲတန်းစီ ရှုံးနိမ့်သွားသောအခါ ထောင်ချီသည့် ဂိုဏ်းသားများမှာ ခေါင်းမော့ထားနိုင်ကြပြီဖြစ်သည်။ ရဲကုရင်သည် ဓားပင်လယ်၌ ကျော်ကြားလာခဲ့သော်လည်း ယွမ်ရှောင်က လုံးဝနိမ့်ကျခြင်း မရှိပေ။ ဤသို့ဖြင့် အသူရာဓားဂိုဏ်းသည် နတ်ဆိုးများကို သုတ်သင်ရန် ဆိုသော ရည်ရွယ်ချက် အစစ်အမှန်အတွက် ပြန်လည်တိုက်ပွဲဝင်နိုင်ခဲ့ကြသည်။

"ဂိုဏ်းချုပ်ကို ကာကွယ်ကြ"

ဂိုဏ်းသားများက တပြိုင်နက် ကြုံးဝါးလိုက်ကြပြီး ယွမ်ရှောင်နှင့်အတူ ဓားအိမ်တော်ထံ ချီတက်လာကြသောအခါ လူမရောက်သေးသော်လည်း အော်ဟံများ ဟိန်းထွက်နေသည်။ ပိတ်နတ်ဆိုးသည် ရဲတန်းစီ လျင်လျင်မြန်မြန် ရှုံးနိမ့်သွားမည်ဟု ထင်မှတ်မထားသောကြောင့် မဟာခန်းမထံ ချက်ချင်းပြေးဝင်လိုက်သော်လည်း အကြီးအကဲသုံးယောက် ကာကွယ်နေသည့်အပြင် အပြာရောင် ဓားအလင်းက ချဥ်းကပ်လာနေခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်လိုစိတ်များ ရောက်ရှိလာသောကြောင့် သူက ကြောက်လန့်သွားကာ ပိတ်စတစ်ခုအသွင်ဖြင့် သစ်တောထံ ဦးတည်ချက် ပြောင်းလဲလိုက်သည်။ သို့သော် နှစ်ကြိမ်တိုင်တိုင် အလွတ်ပေးရန် မဖြစ်နိုင်သော ယွမ်ရှောင်ထံမှ ဆယ်ဆင့်ဓားသိုင်း၏ ပစ်ချက် ထွက်ပေါ်လာခဲ့သည်။ ဓားက အလှည့်အပြောင်းတိုင်းတွင် တစ်ကြိမ်ပေါက်ကွဲနေပြီး အနက်ရောင် အဆိပ်မြူများ ထွက်ပေါ်လာရာ ထိမှန်ခံလိုက်သော ပိတ်စကြီးမှာ နှစ်ပိုင်း ကွဲထွက်သွားခဲ့သည်။

"အား"

ပိတ်နတ်ဆိုးသည် အလောင်းများစွာကို ရစ်ပတ်သင်္ဂြိုလ်ခဲ့သော အရာဖြစ်နေ၍ အော်သံတွင် ယောကျ်ားနှင့် မိန်းမ အသံပေါင်းစုံ ရောယှက်နေသည်။ ၎င်းက ထူးဆန်းစွာ တစ်ပိုင်းချင်းစီ ထွက်ပြေးလိုက်ပြီး သာမန်နတ်ဆိုးများထက် သာလွန်နေသော်လည်း ကံကြမ္မာကို မပြောင်းလဲနိုင်ခဲ့ပေ။ ယွမ်ရှောင်သည် ပိတ်စတစ်ခုကို ခြေဖြင့် တက်နင်းထားပြီး ကျန်တစ်ခုမှာ ကောင်းကင်သင်္ချိုင်းဓားနှင့် ထိုးစိုက်ခံထားရသည်။ ထို့နောက် ဓားက ၎င်းကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် ထိုးခွဲလိုက်ပြီး ကျန်ပိတ်စမှာ အဆိပ်မြူများဖြင့် တိုက်စားခံနေရ၏။

"မင်းရဲ့နာမည်က ယွမ်ရှောင်မလား။ ဓားအိမ်တော်ရဲ့ ကိုးယောက်မြောက်သခင်လေး။ ငါက မင်းရဲ့ ဆရာတူအစ်ကို ချိုက်ချင်းရန်ကို ရစ်ပတ်ပြီး အသားတွေစားခဲ့တာကွ။ ဒီကောင်က အသံတောင် မထွက်နိုင်လိုက်ဘူး"

ပိတ်စထက်တွင် မျက်နှာကြီးတစ်ခု ထွက်ပေါ်လာပြီး အော်ဟစ်ရယ်မောနေခဲ့သည်။

"မင်းက ငါ့ကို သတ်နိုင်တော့ရော မင်းရဲ့ ဆရာတူအစ်ကိုအစ်မတွေကို ကယ်တင်နိုင်မှာလား။ သတ္တိရှိရင် မဟူရာချောက်နက်ကို သွားပြီး တိုက်ခိုက်စမ်း။ မင်းသာ စွမ်းဆောင်နိုင်ရင် မိုးစက်ပြာတံခွန်ကို ရအောင် ယူလိုက်လေ"

"မင်းက ငါ့ကို မြောက်ပိုင်းဖုန်းဆိုးမြေဆီ သွားချင်စေချင်နေတာလား။ ဘယ်သူက ဝိညာဥ်ကို အကျဥ်းချနိုင်လဲ"

ယွမ်ရှောင်၏စကားသံက ရေခဲပမာ အေးစက်နေသည်။

"ငါ လုပ်နိုင်တယ်"

ဘူးသီးခြောက်တစ်ခုကို ခါးတွင် ချိတ်ဆွဲထားသော လီချန်လုံက အဖြေပေးလိုက်ခြင်းဖြစ်သည်။

"ယွမ်ရှောင် မင်း ဘာလုပ်မလို့လဲ"

ပိတ်နတ်ဆိုးမှာ အော်ဟစ်နေရင်း ဖျက်ဆီးခံလိုက်ရပြီး အကြွင်းအကျန်ဝိညာဥ်ကို လီချန်လုံက ဘူးသီးခြောက်အတွင်း စုပ်ယူလိုက်၏။ ကျောက်ကျန်ရှင်းနှင့် သခင်လေးခုနစ်ယောက်ပင် မဟူရာချောက်နက်တွင် အဆုံးသတ်သွားသောကြောင့် ယွမ်ရှောင်တစ်ယောက်တည်းဖြင့် ပြောင်းလဲနိုင်မည်မဟုတ်ဟု ၎င်းက အပိုင်တွက်ထားသဖြင့် ဝိညာဥ်သာ ကျန်ရစ်သော်လည်း ကျေနပ်နေ၏။ အသူရာဓားဂိုဏ်းက သေမျိုးခံတပ်ဖြစ်သော်လည်း မြောက်ပိုင်းဖုန်းဆိုးမြေသည် ဓားသမားများအတွက် တားမြစ်နယ်မြေ ဖြစ်သည်။ နတ်ဆိုးဧကရီက ထိုဝိညာဥ်များကို ချုပ်နှောင်ထားရသည့် အကြောင်းအရင်းသည် ကယ်တင်ရန် လာရောက်သော ကျင့်ကြံသူများကို သတ်ဖြတ်လိုသောကြောင့်ပင်။

ထို့နောက် ယွမ်ရှောင်သည် ကျန်နတ်ဆိုးများ၏ ဝိညာဥ်များကို ချုပ်နှောင်ရန် အမိန့်ပေးလိုက်သောအခါ ဓားသခင်တစ်ယောက်ဖြစ်သည့် လီချန်လုံက လိုက်နာခဲ့သည်။ ထိုအချိန်တွင် ချန်တုန်သည် ရဲတန်းစီနှင့် ရဲမျိုးနွယ်ဝင်များကို ဆွဲခေါ်လာပြီး မဟာခန်းမရှေ့တွင် ပစ်ချလိုက်သောအခါ အော်သံတစ်ခု ထွက်ပေါ်လာ၏။

"ဆရာ"

ရဲတန်းစီက အသံထွက်ပေါ်လာရာသို့ ကြည့်လိုက်သောအခါ မယုံနိုင်ဟန်ဖြင့် လဲကျနေသော ကျန်းရယ်ကို မြင်လိုက်ရသည်။ သူမအတွက် ဆရာဖြစ်သူက ဂိုဏ်းအတွင်း၌ အသန်မာဆုံးဖြစ်သော်လည်း လက်ရှိတွင် အခြေအနေ အလွန်ဆိုးရွားနေသည်။ ဓားအမွေခံစင်မြင့်တွင် သူမက နတ်ပင်လယ်ဆေးတစ်လုံး လက်ဆောင်ရပြီး တပည့်အဖြစ်လက်ခံခဲ့ရသည်မှာ အချိန်ခုနစ်ရက်သာ ကြာမြင့်သေးသည်။ သူမက တရားခံကို စူးစမ်းလိုက်သောအခါ အသူရာဓားဂိုဏ်းသားများ ခြံရံလျက် ရှိနေသော ယွမ်ရှောင်အား သတိပြုမိလိုက်၏။

"ကျန်းရယ်"

ထိုအချိန်၌ အသံတစ်ခု တည်ငြိမ်စွာ ထွက်ပေါ်လာသောကြောင့် သူမက စိုက်ကြည့်လိုက်သောအခါ ယွမ်ရှောင်နှင့် အကြည့်ချင်းဆုံသွားသဖြင့် အလန့်တကြား ဒူးထောက်လိုက်၏။

"ငါက နင့်ကို ရက်အနည်းငယ်လောက် လွှတ်ပေးထားချင်ပေမယ့် ငြိမ်ငြိမ်မနေနိုင်ဘူးဆိုတော့လည်း အသုံးမဝင်ဘူး။ နင့်ကို နှိပ်စက်ရတာ ပျော်စရာမကောင်းတော့ဘူး"

"မဟုတ်ဘူး။ မလုပ်ပါနဲ့"

ကျန်းရယ်က ခြေသလုံးဖက်၍ တောင်းပန်နေသော်လည်း ယွမ်ရှောင်သည် သူမ၏ဒန်တန်ကို ခံစားချက်မဲ့စွာ ဖျက်ဆီးပစ်လိုက်သည်။ သူမက အားခနဲ အော်ဟစ်ကာ ခြေလက်များအကြောဆွဲ၍ နာကျင်နေပြီး အနာဂတ်မရှိတော့သဖြင့် မျက်လုံးများ မှိန်ဖျော့သွားခဲ့၏။

"နင်က ရဲတန်းစီလိုမျိုး လူယုတ်မာတစ်ယောက်ဆိုတော့ သူ့ကံကြမ္မာအတိုင်း ခံစားရမယ်။ ဦးလေးချန် ဒီကောင်မကို ရဲတန်းစီနောက်မှာ တွဲချည်ထားလိုက်ပါ"

ယွမ်ရှောင်က ညွှန်ကြားလိုက်သောအခါ ချန်တုန်က ချက်ချင်းဆောင်ရွက်လိုက်သည်။

"ယွမ်ရှောင် ငါက ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့ပါဘူး"

သူမက တစာစာ အော်ဟစ်နေသော်လည်း ယွမ်ရှောင်သည် တစ်ချက်ပင် လှည့်မကြည့်ဘဲ လုံးဝလျစ်လျူရှုထား၏။

"ဂိုဏ်းဘဏ္ဍာတိုက်ကို ဖွင့်ဖို့ ဓားအိမ်တော်နဲ့ ဓားသခင်ခုနစ်ယောက်ရဲ့ သော့တွေကို လိုအပ်တယ်မလား"

ထို့နောက် ယွမ်ရှောင်သည် မဟာခန်းမထံ တစ်ချက်လှမ်းကြည့်ကာ ရှန်ကွမ်းယုထံ ခြေဦးလှည့်လိုက်၏။ ဤဘဏ္ဍာတိုက်အတွင်း အရင်းအမြစ်များ သိမ်းဆည်းထားကာ ဓားရှစ်လက်ပွဲတော်၏ ဆုများကိုလည်း ၎င်းအတွင်းမှ ထုတ်ယူထားခြင်းဖြစ်သည်။ သူက ဓားသခင်သုံးယောက်၏ ပိုင်ဆိုင်မှုများကို ရယူထားသော်လည်း မြောက်ပိုင်းဖုန်းဆိုးမြေနှင့် တိုက်ပွဲဝင်ရန်အတွက် လိုအပ်ချက် များပြားနေသည်။

"ဟုတ်တယ်"

"ကျုပ်လက်ထဲမှာ သော့သုံးချောင်း ရှိနေပြီ။ ခင်ဗျားတို့များ ထုတ်ပေးနိုင်မလား"

ယွမ်ရှောင်က မေးလိုက်သောအခါ အားလုံးက ပြိုင်တူခေါင်းညိတ်လိုက်ကြ၏။

"လူတိုင်း ငါက ဂိုဏ်းရဲ့ အရင်းအမြစ်တွေကို ကိုယ်ကျိုးအတွက် အသုံးပြုမှာ မဟုတ်ပါဘူး"

"မောင်လေးယွမ် ရှင်းပြစရာ မလိုပါဘူး။ ငါတို့အားလုံးက နင့်ကို ယုံတယ်"

"ကောင်းပြီ"

ယွမ်ရှောင်က ခေါင်းညိတ်၍ ကျောက်ရန်ရန်ဘက်လှည့်ကာ ဂိုဏ်းကို သစ္စာဖောက်မည် မဟုတ်ကြောင်း သစ္စာပြုလိုက်၏။

"ဒီလိုပြောစရာ မလိုပါဘူး။ ငါတို့အားလုံးက ဂိုဏ်းတစ်ခုတည်းအတွက် အသက်ရှင်နေကြတာပဲ။ တစ်ခုပဲ​ပြောစရာရှိတယ်။ နင့်လို ယောကျ်ားမျိုးအတွက် အကျိုးမရှိရင် အသက်စွန့်စရာ မလိုဘူး"

ကျောက်ရန်ရန်က သိမ်မွေ့စွာ အကြံပေးလိုက်သကဲ့သို့ ဂိုဏ်းသားများကလည်း ခေါင်းညိတ် သဘောတူနေကြ၏။

"ကျုပ်ကို သုံးရက် အချိန်ပေးပါ။ ပြီးရင် ဓားအိမ်တော်ရဲ့ သူရဲကောင်းခုနစ်ယောက်ကို အိမ်ပြန်ခေါ်ပေးမယ်"

ယွမ်ရှောင်သည် မဟာခန်းမရှေ့တွင် စုဝေးနေသော ဂိုဏ်းသားများစွာကို ဝေ့ကြည့်လိုက်သောအခါ တစ်ယောက်ချင်းစီ၏ ယုံကြည်သော မျက်ဝန်းများကြောင့် ခံစားချက်များ ဖြစ်ပေါ်လာသည်။ အချိန်သုံးရက်က မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားကာ ဂိုဏ်းသားအားလုံး ဓားအိမ်တော်၌ စုဝေးနေသဖြင့် အယောက်သုံးထောင်နီးပါး ရှိနေသည်။ အားလုံးက ဓားအလင်းများတောက်ပနေပြီး ရင်ထဲတွင် တိုက်ခိုက်လိုစိတ်များ တောက်လောင်နေသည်။

"ငါ့အစ်ကိုကို အိမ်ပြန်ခေါ်မလာနိုင်ရင် ကျင့်ကြံနေတာက ဘာအကျိုးရှိမှာလဲ"

ချိုက်မြောင်သည်လည်း လူအုပ်အတွင်းရှိနေပြီး သေရည်ခွက်တစ်ခွက်နှင့် လျှောက်လာသော ယွမ်ရှောင်ကို စိုက်ကြည့်နေခဲ့သည်။

"ဂိုဏ်းရဲ့ သူရဲကောင်းခုနစ်ယောက်အတွက်"

သူက ခွက်ကို မြှောက်လိုက်သောအခါ ဂိုဏ်းသားများသည်လည်း ခွက်ကိုယ်စီမြှောက်၍ မော့သောက်လိုက်ကြပြီး တိုက်ခိုက်လိုစိတ်အား သေရည်ပြင်းပြင်းမှ လောင်စာ ထပ်ဖြည့်ပေးနိုင်ခဲ့သည်။

"ကျုပ်ရဲ့ အစ်ကိုအစ်မတို့ ဒီဘဝမှာ ခင်ဗျားတို့နဲ့အတူ သောက်ခွင့်မရှိပေမယ့် နောက်ဘဝမှာ ဆရာတူညီအစ်ကိုတွေအဖြစ် ကာကွယ်ပေးချင်ပါတယ်"

ယွမ်ရှောင်သည် အဝေးရှိ အုတ်ဂူခုနစ်လုံးထံ ငေးကြည့်ကာ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ ထို့နောက် သူက ရဲတန်းစီ၊ ကျန်းရယ်၊ ရောင်မန်ရှယ်၊ ကျန်းကျန့်နှင့် ရဲမျိုးနွယ်ဝင်များကို တုပ်နှောင်ထားသော သံကြိုးအား ဆုပ်ကိုင်လိုက်သဖြင့် ရဲတန်းစီပင် တုန်လှုပ်သွားခဲ့သည်။

ကြယ်ပြာသည် ယွမ်ရှောင်ကို လနတ်သမီးက အင်မော်တယ်မိုးစက်တစ်ခုဖြစ်နိုင်၍ လအဆင့်ပင် ဖြစ်နိုင်ကြောင်း ရှင်းပြခဲ့သည်။ မိုင်ပေါင်းများစွာဝေးကွာသော အရပ်မှ နတ်ဆိုးရုပ်သေးကို ထိန်းချုပ်နိုင်ရန်အတွက် သာမန်နတ်ဆိုးများ စွမ်းအင် မလုံလောက်သောကြောင့်ပင်။ ရဲကွာ၏ ရွေရောင်ဒန်တန်သည် ကြယ်အဆင့်ဖြစ်ပြီး စွမ်းအားလိုအပ်နေသည့် ယွမ်ရှောင်အတွက် လနတ်သမီးခေါ် မြေခွေးမက မျက်စိကျစရာပစ်မှတ် ဖြစ်လာခဲ့သည်။ ထို့နောက် သူက သံကြိုးကို ဓားပျံလက်ကိုင်တွင် ချိတ်ဆွဲပြီး မြောက်ပိုင်းဖုန်းဆိုးမြေသို့ ချီတက်ရန် ကောင်းကင်သို့ ပျံတက်သွားလေသည်။

"သေရမှာမကြောက်ရင် ကျုပ်နဲ့အတူ တိုက်ခိုက်ဖို့ လိုက်ခဲ့ကြ"

All Chapters