← Chapters

မြောက်ပိုင်းဖုန်းဆိုးမြေသို့

Vol. 6 Ch. 67

မြောက်ပိုင်းဖုန်းဆိုးမြေသို့

Vol. 6 Ch. 67

ဓားပင်လယ်၏ အလယ်တည့်တည့်တွင် ရှေးကျကာ ကြီးကျယ်ခမ်းနားသော မျှော်စင်ကြီးတစ်ခုရှိပြီး ရှေးဟောင်းမျှော်စင်ဟူသော အမည်နာမကြောင့် ကျင့်ကြံသူများကို ကြောက်လန့်စေသည်။ ဖန်ကျင်းသည် မျက်စိပျက်မျက်နှာပျက်ဖြင့် ၎င်းထံ အလောတကြီး ချဥ်းကပ်လာသောအခါ အနက်ရောင် ပုံရိပ်တစ်ခုက လမ်းပိတ်ထားလိုက်၏။

"ရှေးဟောင်းမျှော်စင်ကို ဘယ်သူက အခွင့်မရှိဘဲ လာရဲတာလဲ"

"ကျုပ်က ဖန်မျိုးနွယ်ဝင် ဖန်ကျင်းပါ။ အရေးကြီးသတင်းတစ်ခု ပို့စရာ ရှိလို့ပါ"

ဖန်ကျင်းသည် ဓားရှစ်လက်ပွဲတော်အပြီးတွင် ရှေးဟောင်းမျှော်စင်ထံ ပြန်လည်ထွက်ခွာလာခြင်း ဖြစ်သည်။

"ရဲကုရင်က တံခါးပိတ်ကျင့်စဥ်ဝင်ပြီး ရှေးဟောင်းမျှော်စင်ရဲ့ ဓားတာအိုကို ကျင့်ကြံနေတယ်။ နှောင့်ယှက်လို့ မဖြစ်ဘူး။ မင်း မစောင့်နိုင်ဘူးလား"

အစောင့်က စိတ်မရှည်စွာ ငေါက်ငမ်းလိုက်သည်။

"အစ်ကိုချန် ရဲမျိုးနွယ်မှာ ပြဿနာတက်နေပါတယ်"

"ကောင်းကင်ရွေးချယ်ခံရဲ့ မျိုးနွယ်ကို မွေးစားအဖေနဲ့ အစ်ကိုက ကာကွယ်ပေးနေတာ မဟုတ်ဘူးလား။ ဘာပြဿနာရှိလို့လဲ"

"အသူရာဓားဂိုဏ်းမှာ လူတစ်ယောက် ထွက်ပေါ်လာပြီး ကျုပ်သိရသလောက်ဆိုရင် ရဲကုရင်ရဲ့ မွေးစားအဖေနဲ့ အစ်ကိုကို မသန်မစွမ်းဖြစ်အောင် လုပ်လိုက်တယ်။ ဒီကိစ္စကို ချက်ချင်းမဖြေရှင်းဘူးဆိုရင် သူ ဒေါသအကြီးအကျယ် ထွက်လိမ့်မယ်"

ဖန်ကျင်းသည် ယွမ်ရှောင်က ပါရမီရှင်တစ်ယောက်ဖြစ်ကြောင်းကို တမင်ဖုံးကွယ်ထားခဲ့သည့်အပြင် ရန်သူနှစ်ယောက်ကို ရှေးဟောင်းမျှော်စင်က တပြိုင်နက် လက်ခံစရာ အကြောင်းမရှိပေ။

"ဒါဆိုရင် သခင်လေးချူဆီကို ခေါ်သွားပေးမယ်။ သူက ရဲကုရင်နဲ့ ဆက်ဆံရေး ကောင်းမွန်တယ်"

"ကျေးဇူးတင်ပါတယ် အစ်ကိုချန်"

အစောင့်၏ ကူညီပေးမှုကြောင့် ဖန်ကျင်း၏ မျက်လုံးများ တောက်ပသွားခဲ့လေသည်။

မြောက်ပိုင်းဖုန်းဆိုးမြေသည် ဖုန်းဆိုးမြေ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကာ အသူရာဓားဂိုဏ်းမှ ကာကွယ်ထားသဖြင့် သေမျိုးတိုင်းပြည်များထံ ကျူးကျော်လာမနိုင်ခြင်း ဖြစ်သည်။ အစွမ်းထက်သော နတ်ဆိုးဘုရင်များက ကျူးကျော်နိုင်စွမ်းရှိသော်လည်း နတ်ဆိုးငယ်များမှာ ဓားသမားများလက်ချက်ဖြင့် အသတ်ခံရစမြဲပင်။ ဤနေရာတွင် လေထုရော ရေထုပါ ညစ်ညမ်းနေပြီး မရေမတွက်နိုင်သော ဝိညာဥ်များရှိနေသဖြင့် နေ့အချိန်၌ပင် အမှောင်ထုက ဖြစ်တည်နေသည်။ နှစ်ပေါင်းထောင်ချီကြာအောင် ဤနယ်မြေ၌ နတ်ဆိုးများစွာ မွေးဖွားလာခဲ့ပြီး အချင်းချင်းဝါးမျို စားသောက်နေကြသော်လည်း အရေအတွက် တစ်သိန်းကျော်ပေသည်။ နတ်ဆိုးဧကရီသည် မြေခွေးတစ်ကောင်သာ ဖြစ်သော်လည်း ပုံရိပ်ယောင်စွမ်းအားဖြင့် ကျန်နတ်ဆိုးများကို ဖြားယောင်း၍ ခိုင်းစေကာ အစွမ်းထက်လာခဲ့သည်။

လွန်ခဲ့သော သုံးနှစ်၌ ကျောက်ကျန်ရှင်းနှင့် တပည့်ခုနစ်ယောက်သည် နတ်ဆိုးနှစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့ပြီး သေမျိုးတိုင်းပြည်များကို တုန်လှုပ်စေခဲ့သည်။ သို့သော် အသူရာဓားဂိုဏ်း၏ လက်ရှိအခြေအနေကို အပြင်လူများ မသိရသော်လည်း ယွမ်ရှောင်နှင့် ဂိုဏ်းသားသုံးထောင်ကျော် ချီတက်လာသည့် သတင်းက အုတ်အော်သောင်းတင်း ဖြစ်သွားစေခဲ့သည်။ ကျောက်မျိုးနွယ်ဂိုဏ်းချုပ်က ကျရှုံးခဲ့ရသော်လည်း ယွမ်မျိုးနွယ်ဝင် လူငယ်တစ်ယောက်က မြောက်ပိုင်းသို့ ချီတက်နေသဖြင့် အနှေးနှင့်အမြန် တိမ်တိုင်းပြည်သို့ သတင်းရောက်သွားပေလိမ့်မည်။

အသူရာဓားဂိုဏ်း၏ လှုပ်ရှားမှုကြောင့် နတ်ဆိုးများဘက်၌ လှုပ်လှုပ်ရှားရှားဖြစ်သွားကာ ကောင်းကင်တွင် မြေခွေးမျက်နှာသဏ္ဍာန် မြူခိုးတစ်ခု ထွက်ပေါ်လာသည်။ နတ်ဆိုးဧကရီမှ ဆင့်ခေါ်ခြင်း ဖြစ်သောကြောင့် လက်အောက်ငယ်သားများသည် မဟူရာချောက်နက်တွင် စုဝေးနေကြပြီး ဖြတ်သန်းသွားရာတွင် သစ်ပင်များ ညှိုးခြောက်ကုန်၏။ ဤနေရာတွင် ဓားအိမ်တော်၏ တပည့်ခုနစ်ယောက် အဆုံးသတ်ခဲ့ရပြီး အသူရာဓားဂိုဏ်းအတွက် အရှက်ရစရာ ဖြစ်ခဲ့သည်။ လက်ရှိတွင် သူသေကိုယ်သေ တိုက်ခိုက်ရန် ချီတက်လာသော ဓားသမားများကြောင့် နတ်ဆိုးများ စုဝေးနေကာ အကုန်သတ်ပစ်ရန် ကြံစည်နေကြ၏။ အသူရာချောက်နက်သည် ဓားသမားများအတွက် သင်္ချိုင်းတစ်ခုဖြစ်ရမည်ဟု သူတို့က ကြုံးဝါးနေကြပြီး အသိဉာဏ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နတ်ဆိုးမျိုးစုံ ရောက်ရှိနေကြ၏။

အသူရာချောက်နက်၏ အမြင့်ဆုံးတောင်ထိပ်တွင် အပြာရောင်တံခွန်တစ်ခု လွင့်ပျံနေပြီး ဝိညာဥ်ခုနစ်ခုမှာ အိမ်ပြန်ရန် လမ်းပျောက်နေခဲ့သည်။ လူအသွင်ပြောင်းလဲနိုင်သော နှစ်ရာချီ နတ်ဆိုးဘုရင်တစ်ကောင်ချင်းစီသည် တောင်ဘက်သို့ စိုက်ကြည့်နေကြပြီး ပါးစပ်အတွင်းမှ သွေးစက်များ စီးထွက်နေခဲ့သည်။ ပန်းရောင်မြူခိုးတစ်ခုက အားလုံးရှေ့မှောက်တွင် ဆင်းသက်လိုက်ပြီး အသက်ရှူမှားလောက်သော မိန်းမတစ်ယောက်ဖြစ်သွားကာ ကျောဘက်မှ ရှည်လျားသော အမြှီးသုံးချောင်း ထွက်ပေါ်နေ၏။

"ဧကရီ"

နတ်ဆိုးများက သူမကို မြင်လိုက်ရသောအခါ ဆွဲဆောင်ခံလိုက်ရပြီး ဤစုန်းမသည် ကိုယ့်ကိုကိုယ် လနတ်သမီးဟု အမည်ပေးထားခဲ့သည်။ နတ်ဆိုးဘုရင်ဆယ်ယောက်က ဒူးထောက်အရိုအသေပေးလိုက်ကြပြီး လူအသွင်​ပြောင်းထားသော်လည်း မျက်နှာထားများဆိုးရွားကာ သူမနှင့်ယှဥ်လျှင် အလွန်ကွာခြားနေ၏။ သူတို့က သက်တမ်းနှစ်ရှစ်ရာအထက် ပိုင်ဆိုင်ထားပြီး အသူရာဓားဂိုဏ်း၏ ဓားသခင်များနှင့် တိုက်ခိုက်နိုင်စွမ်း ရှိသည်။ မြေခွေးဘုရင်၊ လင်းတဘုရင်၊ ပင့်ကူဘုရင်မ စသည့် ဤနတ်ဆိုးဘုရင်တစ်ယောက်ချင်းစီက သေမျိုးတိုင်းပြည်များထံ ရောက်ရှိလာလျှင် ကပ်ဆိုက်သွားပေလိမ့်မည်။

ကျောက်ကျန်ရှင်းနှင့် တပည့်ခုနစ်ယောက် မရှိသောကြောင့် သတ်ဖြတ်နိုင်စွမ်း၊ လျင်မြန်မှုနှင့် လုပ်ကြံရေးအစွမ်း စသဖြင့် အရည်အချင်းကိုယ်စီ ပိုင်ဆိုင်ထားသည့် နတ်ဆိုးဘုရင်များသည် ယုံကြည်ချက် ရှိနေကြသည်။ သို့သော် လနတ်သမီး၏ကိုယ်ပွားနှင့် နတ်ဆိုးမြွေကြီး အသတ်ခံလိုက်ရသော သတင်း ရောက်ရှိလာသဖြင့် မျက်နှာထားများ ရက်စက်ကြမ်းကြုတ်နေကြ၏။

"ဧကရီကို နှုတ်ခွန်းဆက်သပါတယ်။ ဒီဓားသမားသုံးထောင်က ငါတို့ကလေးတွေကို ကျွေးဖို့ လုံလောက်တယ်"

မြေခွေးဘုရင်က လှောင်ရယ်လိုက်သကဲ့သို့ လင်းတဘုရင်နှင့် ပင့်ကူဘုရင်မသည်လည်း ထောက်ခံနေကြ၏။

"ဒီကောင်တွေကို သတ်ပြီးရင် တောင်ဘက်ကို ချီတက်ပြီး တစ်ဂိုဏ်းလုံး ဖျက်ဆီးပစ်ကြမယ်။ မြောက်ပိုင်းဖုန်းဆိုးမြေရဲ့ အလံကို ဓားအိမ်တော်မှာ စိုက်ထူမယ်"

"အသူရာဓားဂိုဏ်းက မြောက်ပိုင်းကို ဘယ်တုန်းကမှ မကျူးကျော်ရဲခဲ့ဘူး။ ကျောက်ကျန်ရှင်းနဲ့ တပည့်ခုနစ်ယောက်တောင် ငါတို့လက်ထဲမှာ သေကုန်ပြီ။ ဒီလောက်ရန်စနေတာ စာချုပ်ကို လျစ်လျူရှုပြီး သင်ခန်းစာပေးလိုက်ကြတာပေါ့။ မြွေဧကရာဇ်က ဖုန်းဆိုးမြေသခင်ရဲ့ မွေးစားသားဖြစ်ပြီး ယွမ်ရှောင်က သူ့ကို သတ်ခဲ့တယ်။ ယွမ်ရှောင်ရဲ့ ခေါင်းကို ဖြတ်ပြီး အရှင့်ကို ရှင်းပြချက်ပေးရမယ်"

ပင့်ကူဘုရင်မက အေးစက်စ က်ရေရွတ်လိုက်၏။

"အသူရာဓားဂိုဏ်းထဲက အတွင်းသတင်းတွေအရ ဒီကောင့်ကို ပေါ့ပေါ့ဆဆ ရင်ဆိုင်လို့ မဖြစ်ဘူး"

မြေခွေးဘုရင်က သတိပေးလိုက်ပြီး နတ်ဆိုးတစ်သိန်းကျော် ဒူးထောက် နေသောကြောင့် လနတ်သမီးသည် ကျေနပ်စွာ ပြုံးနေခဲ့၏။

"ကြည့်ရတာ သူတို့က ဓားအိမ်တော်ရဲ့ ဝိညာဥ်တွေကို လာခေါ်ချင်တာ ဖြစ်လိမ့်မယ်။ ငါကတော့ သဘောမတူဘူး။ ကလေးတို့ လာခဲ့ကြ မင်းတို့ရဲ့သွေးတွေကို မိုးစက်ပြာတံခွန်ပေါ်မှာ အစက်ချလိုက်။ ဒီဝိညာဥ်ခုနစ်ခုကို ညစ်ညမ်းစေပြီး ဘယ်လောက်ပျက်စီးနေတယ်ဆိုတာ ပြလိုက်ကြ"

သူမ၏ တခစ်ခစ် ရယ်မောသံက နတ်ဆိုးစစ်တပ်ကြီးအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ နတ်ဆိုးများက ရက်စက်စွာ ပြုံးလိုက်ကြပြီး ဤဝိညာဥ်ခုနစ်ခု ပြန်လည်ဝင်စားလျှင်ပင် နတ်ဆိုးသွေးဖြင့် ညစ်ညမ်းစေချင်ခဲ့ကြ၏။ နတ်ဆိုးနှစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့သော ရန်ကြွေးအတွက် နတ်ဆိုးသွေးများစွာ စွန်းထင်းသွားလျှင် နောက်ဘဝ၌ ပြန်လည်ဝင်စားခွင့်မရနိုင်စေရန် မျှော်လင့်နေကြ၏။ မြေခွေးဘုရင်က အရင်ဆုံးထွက်လာပြီး အပြစ်များစွာ စွန်းထင်းနေသည့် အသက်သွေးတစ်စက်ကို ညှစ်ထုတ်လိုက်သည်။

"ဓားအိမ်တော်ရဲ့ တပည့် ဟုတ်လား။ အမှိုက်ခုနစ်ကောင်"

သူက ရက်စက်စွာရယ်မော၍ သွေးစက်ချကာနီးတွင် ကောင်းကင်မှ အရှိန်အဝါတစ်ရပ် ပြန့်ထွက်လာခဲ့သည်။ ထောင်ချီသော ဓားပျံများက လေထုကို တရွှီးရွှီးထိုးခွင်းကာ နတ်ဆိုးများ၏နားစည်ကို ထိခတ်သွားသဖြင့် အားနည်းသော နတ်ဆိုးငယ်များ လဲကျကုန်သည်။

"မြန်လှချည်လား"

မြေခွေးဘုရင်က မင်သက်သွားသောကြောင့် မြေပြင်သို့ သွေးစက်မှာ မတော်တဆ ပြုတ်ကျသွားရာ မည်းနက်သွားခဲ့သည်။ မိုးစက်ပြာတံခွန်အတွင်းရှိ ဝိညာဥ်ခုနစ်ခုသည် သုံးနှစ်တိုင်တိုင် စောင့်ဆိုင်းခဲ့ရပြီး ဂိုဏ်းသားများ ရောက်ရှိလာသောကြောင့် ပျော်ရွှင်နေဟန်ဖြင့် တံခွန်မှာ အပြင်းအထန် ​တုန်ခါနေသည်။ တိမ်များအကြားမှ ဓားသမားသုံးထောင်ကျော် ထွက်ပေါ်လာ၍ ဦးဆောင်လာသူမှာ ရဲမျိုးနွယ်ဝင်များကို သံကြိုးဖြင့် ချိတ်ဆွဲထားသည့် ယွမ်ရှောင်ပင်။ သူ့ကို မြင်လိုက်ရသောအခါ လနတ်သမီးမှာ ဒေါသူပုန်ထသွားခဲ့ပြီး သူမ၏ကိုယ်ပွား နုတ်နုတ်စင်းခံခဲ့ရသည် မဟုတ်ပါလော။

"ဘုန်း"

ယွမ်ရှောင်သည် လနတ်သမီးရှေ့သို့ သံကြိုးကို ဖြုတ်ချလိုက်သောကြောင့် ရဲတန်းစီနှင့် နောက်လိုက်များ ခြေကားယား လက်ကားယားနှင့် ပြုတ်ကျလာကြ၏။ သူတို့က တစ်ကိုယ်လုံး အရိုးများ ကြေမွသွားကာ သေအံ့ဆဲဆဲဖြစ်ကုန်ပြီး အသံပင် မထွက်နိုင်တော့ပေ။

"လနတ်သမီး ကယ်ပါဦး"

အသက်ငင်နေသော ကျန်းရယ်က တောင်းပန်လိုက်သော်လည်း မြေခွေးမအတွက် သူမက တစ်ချက်ပင်ကြည့်ရန် မထိုက်တန်ချေ။ နတ်ဆိုးများနှင့် ပူးပေါင်းခဲ့သော ဂိုဏ်း၏သစ္စာဖောက်များသည် နတ်ဆိုးစစ်တပ်ရှေ့မှောက်တွင် ဆိုးရွားစွာ အသက်ငင်နေပြီး ယွမ်ရှောင်၏ သတိပေးချက်လည်း ဖြစ်သည်။ နတ်ဆိုးများသည် တစ်ချိန်က အသူရာဓားဂိုဏ်း၏ အစွမ်းထက်ကျင့်ကြံသူ ဖြစ်ခဲ့ဖူးသော သစ္စာဖောက်များ၏ အဖြစ်ဆိုးကို ကြည့်ရင်း ကြောက်လန့်စပြုလာသည်။

"​မြောက်ပိုင်းဖုန်းဆိုးမြေက နတ်ဆိုးတွေ တစ်ကောင်မှ အသက်ရှင်ဖို့ မစဥ်းစားနဲ့"

ယွမ်ရှောင်က ဓားပျံထက်တွင် လက်နှစ်ဖက်နောက်ပစ်၍ မတ်တပ်ရပ်နေရင်း တည်ငြိမ်စွာ စိန်ခေါ်လိုက်လေသည်။

All Chapters