← Chapters

မရဏလမ်းကို ပို့ပေးပါရစေ

Vol. 6 Ch. 69

မရဏလမ်းကို ပို့ပေးပါရစေ

Vol. 6 Ch. 69

မဟူရာချောက်နက်၏ အနောက်ဘက်ရှိ တောင်ထိပ်တွင် လှည့်ထွက်သွားခဲ့သော နင်ရန်သည် သိလိုစိတ်ကြောင့် လှည့်ကြည့်လိုက်သောအခါ အရှက်ရသွားခဲ့သည်။

"ဒီလူငယ်လေးက အမှန်တကယ် အစွမ်းထက်ပေမယ့် ဉာဏ်မရှိဘူး။ ဒီအတိုင်းဆက်ဖြစ်နေရင် ချီစွမ်းအား ကုန်ခမ်းပြီး သေရလိမ့်မယ်။ ဒါပေမယ့် သူ့ရုပ်ရည်ကိုတော့ ဓားပင်လယ်မှာတောင် ဆယ်ပုံတစ်ပုံ မီတဲ့သူ မရှိဘူး။ အဆင်းလှပြီး အချင်းမရှိရင် ဘာလုပ်ရမှာလဲ"

သို့သော် သူမက အမှန်တရားကို လက်မခံချင်သောကြောင့် ကိုယ့်ကိုကိုယ်အားပေးရင်း ယွမ်ရှောင်အား အပြစ်အနာကင်းမဲ့သော အမှားတစ်ခုဟု ယူဆနေခဲ့သည်။ ထိုအချိန်တွင် နတ်ဆိုးအုပ်ကြီးအတွင်း ဓားမြှောင်တစ်ချောင်းသည် သွေးစီးကြောင်းများ ဖြစ်ပေါ်လာစေခဲ့သော်လည်း အသိဉာဏ်နည်းပါးသည့် နတ်ဆိုးငယ်များဖြစ်၍ ပိုမိုကြမ်းကြုတ်လာခဲ့၏။ အကယ်၍ လူသားများဆိုလျှင် ကြောက်လန့်သွားမည်ဖြစ်သော်လည်း ၎င်းတို့သည် လနတ်သမီး၏ အမိန့်အတိုင်း တသဝေမတိမ်း နာခံ​နေကြ၏။

"ဘက်ပေါင်းစုံက ဝိုင်းတိုက်စမ်း"

နတ်ဆိုးမြူ၏ လှုံ့ဆော်မှုကြောင့် နတ်ဆိုးများသည် တောင်ကြီးများအလား ကြီးမားစေရန် စုစည်းကာ ဘက်ပေါင်းစုံမှ ခုန်အုပ်လာကြသည်။ ယွမ်ရှောင်၏ အစွမ်းကြောင့် အံ့သြနေသည့် ဓားသမားသုံးထောင်သည် ရင်ထိတ်သွားသော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် သူက မိုးနဂါးတစ်ကောင်ပမာ ထိုးဖောက်ထွက်ပေါ်လာခဲ့သည်။ ဓားချက်တိုင်းက နဂါးလက်သည်းပမာ ပြင်းထန်နေပြီး နတ်ဆိုးအုပ်ကြီးအတွင်း ဗလာကွက်လပ်တစ်ခု ဖြစ်သွားခဲ့၏။ နတ်ဆိုးအလောင်းများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြန့်ကြဲနေကာ မြေပြင်၌ နတ်ဆိုးများ ညည်းညူရင်း တရစပ် လဲကျကုန်သည်။ သူက အပြည့်အဝ အာရုံစိုက်ထားသောကြောင့် ဓားချက်တိုင်းတွင် အရေအတွက်ရာချီမှ ထောင်ချီအထိ သတ်ဖြတ်နိုင်သည်။ လွန်ခဲ့သော သုံးနှစ်မှ မြင်ကွင်းနှင့် ဆင်တူနေသော်လည်း ကျောက်ကျန်ရှင်းနှင့် တပည့်ခုနစ်ယောက်က သူ့လောက် အစွမ်းမထက်ချေ။ သူ့အတွက် အကူအညီရှိသော်လည်း မလိုအပ်ခဲ့သည့်အပြင် တစ်ကိုယ်တော် သူရဲကောင်းအဖြစ် ပြုမူနေရာ ကြီးစိုးမှုရှိလှသည်။

"ဆက်တိုက်ခိုက်စမ်း"

လနတ်သမီး၏ အော်သံက နတ်ဆိုးများ၏နားအတွင်း တုန်ခါသွားကာ ငယ်သားများအတွက် စာနာသနားစိတ် လုံးဝမရှိချေ။ သူမအတွက် တစ်ဖက်လူ၏ ချီစွမ်းအင် ကုန်ခမ်းသွားစေရန်မှာ အဓိကဖြစ်ပြီး ကျေနပ်နေခဲ့သည်။

"လူသားတွေက ဒီအတိုင်းပဲ၊ ဉာဏ်မရှိကြဘူး ဟီး ဟီး"

မိုးစက်ပြာတံခွန်အောက်တွင် အသက်ငင်နေကြသော ရဲတန်းစီတို့လူစုမှာ ယွမ်ရှောင်၏ အဆုံးသတ်ဟု ထင်မှတ်ကာ ဝမ်းသာနေကြပြန်သည်။ အသူရာဓားဂိုဏ်းသားများကမူ ဓားကို အသင့်ပြင်ထားလျက် ကူညီရန်အတွက် သူ၏အမိန့်ကို စောင့်ဆိုင်းနေကြ၏။ နတ်ဆိုးအုပ်ကြီးအတွင်း ယွမ်ရှောင်က တစ်ကိုယ်တော် တိုက်ခိုက်နေပြီး ခြစ်ရာပင် မထင်သည့်အပြင် ခြေထောက်အောက်တွင် အလောင်းတောင်လိုပုံ၍ သွေးချောင်းစီးနေသည်။

လွန်ခဲ့သောရက်များတွင် သူက အမှတ်တစ်ဓားတောင်၏ တပည့်တစ်ရာကျော်ကို သတ်ဖြတ်ခဲ့ပြီး ယနေ့တွင် ဂိုဏ်းဘဏ္ဍာတိုက်၏အားကိုးဖြင့် နတ်ဆိုးတစ်သိန်းကို မကြောက်မလန့် ရင်ဆိုင်နေသည်။ သူက တစ်ချက်ပြုံး၍ ကောင်းကင်တာအိုဆေး လက်တစ်ဆုပ်ကို ပါးစပ်အတွင်း ပစ်ထည့်လိုက်ရာ ကုန်ခမ်းသွားသော ချီများ ချက်ချင်း ပြန်ပြည့်သွားခဲ့၏။ နတ်ပင်လယ်ဆေးနှင့် နဂါးနွေဦးဆေးကဲ့သို့ ဆေးများဆိုလျှင် မည်မျှသိမ်မွေ့ပါစေ၊ အာရုံစိုက်ကာ သန့်စင်ရပေလိမ့်မည်။ သို့ရာတွင်ဖ န်ဆင်းရှင်အင်မော်တယ်၏ လက်ရာဖြစ်သော ကောင်းကင်တာအိုဆေးလုံးအတွက် ဤကိစ္စမျိုး မလိုအပ်ချေ။

"လာစမ်း မင်းတို့ကြောင့် ငါပဲ မောသွားမလား။ မင်းတို့ပဲ အကုန်သေမလား"

သူက နတ်ဆိုးများကို အော်ဟစ်ကြုံးဝါး၍ အကုန်ရှင်းပစ်ရန် အကောင်းဆုံးအခွင့်အရေးအဖြစ် မှတ်ယူထားသည်။ ဆရာဖြစ်သူနှင့် တပည့်ခုနစ်ယောက်က နတ်ဆိုးနှစ်သောင်းကျော်ကို သတ်ဖြတ်သွားခဲ့သဖြင့် သူက လက်ကျန်စာရင်းရှင်းရန် တာဝန်ယူရပေလိမ့်မည်။ ထို့အပြင် သေမျိုးတိုင်းပြည်တစ်ခု၏ဘုရင် ဖြစ်ခဲ့ဖူးသောကြောင့် ယွမ်ရှောင်သည် ဤအန္တရာယ်ကို အဆုံးတိုင် ဖျက်ဆီးချင်ခဲ့သည်။

"ဒီနေ့ ငါက နတ်ဆိုးတစ်သိန်းကျော်ရဲ့ အလောင်းနဲ့ သူရဲကောင်းတွေကို ပူဇော်မယ်"

ယွမ်ရှောင်သည် မိုးစက်ပြာတံခွန်ထံ ဦးညွှတ်ကာ နတ်ဆိုးများအား ဖရဲသီးပမာသဘောထား၍ ဓားဖြင့် ထပ်ကာထပ်ကာ ခုတ်ပိုင်းနေသည်။ လနတ်သမီးသည် နတ်ဆိုးငယ်များကို အမိန့်ပေးနေသော်လည်း ကောင်းကင်တာအိုဆေးလုံးကဲ့သို့ အရာမျိုးရှိနေမည်ဟု ထင်ထားမည် မဟုတ်ချေ။ လက်ကျန်နတ်ဆိုးများသည် ပိုမိုရက်စက်ကြမ်းကြုတ်လာကာ သူ၏ချီစွမ်းအင် ကုန်ခမ်းစေရန် အသက်နှင့်ရင်းကာ ကြိုးစားနေကြ၏။

"ချီစွမ်းအင်က မကုန်သေးဘူးလား။ ဘယ်လောက်ကြာနေပြီလဲ။ ဒီလောက်တိုက်ခိုက်နေရရင် သာမန်ဓားသမားတစ်ယောက်ဆိုရင် ဓားဝိညာဥ် ပျက်စီးနေလောက်ပြီ။ ဒါပေမယ့် နတ်ဆိုးအရေအတွက် ရှစ်သောင်းကျော် ကျန်ရစ်နေသေးတယ်"

နင်ရန်သည် ယွမ်ရှောင်ကို လူမိုက်ဟု သတ်မှတ်ထားသောကြောင့် အဆုံးသတ်ကို မြင်လိုသော်လည်း အားနည်းသော အရိပ်အယောင် လုံးဝမရှိချေ။ အသက်ဆယ့်ခြောက်နှစ်အရွယ်ဖြင့် နတ်ဆိုးနှစ်သောင်းကို တစ်ကိုယ်တော် သတ်ဖြတ်နိုင်သည့် ပါရမီရှင်မျိုး ရှေးဟောင်းမျှော်စင်၌ပင် မရှိချေ။ ကျောက်ရန်ရန်က စိုးရိမ်စိတ်ကြောင့် အသက်ရှူသံ ပြင်းထန်နေပြီး အကြီးအကဲဝမ်က သက်ပြင်းချလိုက်သည်။

"ဟိုမိန်းမသာ ဒီမြင်ကွင်းကို မြင်ရင် ယွမ်ရှောင်ကို ဓားကောင်းကင်ဆီ ခေါ်သွားလိမ့်မယ်"

"သူမအကြောင်း မပြောနဲ့"

ကျောက်ရန်ရန်က ချက်ချင်းတားမြစ်လိုက်ပြီး သူမ၏ခံစားချက်ကို နားလည်သော အကြီးအကဲဝမ်မှာ နှုတ်ဆိတ်သွားခဲ့၏။ အသူရာချောက်နက်အတွင်း အဖြူရောင်သေမင်းက ရူးရူးမူးမူး တိုက်ခိုက်သတ်ဖြတ်နေပြီး ခြေဖဝါးအောက်ရှိ မြေကြီး၌ သွေးမစွန်းသော နေရာဟူ၍ မရှိချေ။

"သူက နတ်ဆိုးသုံးသောင်းကျော်ကို သတ်လိုက်ပြီ။ လူတစ်ယောက်တည်းက ဂိုဏ်းရဲ့ ဘိုးဘေးတွေထက် သာလွန်နေတယ်"

"ဒီလိုအောင်ပွဲမျိုးကို သမိုင်းထဲမှာ မှတ်တမ်းတင်ထားသင့်တယ်။ မျိုးရိုးအဆက်ဆက် ဓားအင်မော်တယ် လူငယ်ယွမ်ရှောင်က နတ်ဆိုးသုံးသောင်းကျော်ကို တစ်ကိုယ်တော်သတ်ခဲ့ကြောင်း ရေးဖွဲ့သီကုံးစေရမယ်"

အသူရာဓားဂိုဏ်းသားများ၏ ချီးကျူးသံများ ဆူညံနေစဥ် ယွမ်ရှောင်သည် ဘေးဘယ်ညာမှ နတ်ဆိုးများကို အညှာအတာမဲ့ သုတ်သင်နေသည်။

"အမကျောက် သူက ဘယ်လိုလုပ် ဒီလောက်အစွမ်းထက်နေရတာလဲ။ လူတစ်ယောက်ရဲ့ ချီစွမ်းအင်က အကန့်အသတ် ရှိတယ်မလား"

ချိုက်မြောင်က မေးခွန်းထုတ်လိုက်သော်လည်း ကျောက်ရန်ရန်သည် အမှန်တကယ် မသိထားသောကြောင့် ခေါင်းယမ်းပြလိုက်၏။ မျက်တောင်တစ်ခတ်အတွင်း နတ်ဆိုးလေးသောင်းကျော်အထိ သတ်ဖြတ်ခံထားရပြီး အသူရာချောက်နက်တစ်ခုလုံး သွေးရောင်လွှမ်းနေသည်။

"ဒီကောင်က အကန့်အသတ်ကို ရောက်နေပြီ။ ဆက်တိုက်ကြစမ်း"

လနတ်သမီးက အံကြိတ်၍ အမိန့်ပေးလိုက်ပြီး နင်ရန်သည်လည်း ရှက်စိတ်ကြောင့် တွင်းတူးကာ ပုန်းအောင်းချင်စိတ်ပေါက်နေသည်။

"ဟိုယောကျ်ားနှစ်ယောက် မရှိတာ တော်သေးတယ်။ မဟုတ်ရင် ငါ့စကားကြောင့် အရှက်ကွဲနေလောက်ပြီ။ တစ်ခုခု မှားနေပြီ။ ဘယ်သူမှ ဒီလိုမျိုး မစွမ်းဆောင်နိုင်ဘူး"

ထိုအချိန်၌ ယွမ်ရှောင်သည် နတ်ဆိုးခုနစ်သောင်းအထိ သတ်ဖြတ်ပြလိုက်သောကြောင့် သူမ၏မျက်လုံးများ အဆမတန် ပြူးကျယ်နေသည်။ သူမက တစ်ဖက်လူကို လူမိုက်ဟု အသေမှတ်ယူထားသော်လည်း အရှက်သာကွဲခဲ့ရပြီး အနားတွင် လူမရှိသောကြောင့် ကံကောင်းသွားခြင်း ဖြစ်၏။ နတ်ဆိုးငယ်သုံးသောင်းကျော်သာ ကျန်ရစ်သောကြောင့် လနတ်သမီး၏ ယုံကြည်မှုများ ပျောက်ကွယ်သွားကာ အသူရာချောက်နက်သည် နတ်ဆိုးသင်္ချိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ယွမ်ရှောင်က နောက်ပိုင်းတွင် ကျောက်တုံးတစ်ခုအထက်၌ ထိုင်ချကာ ဓားမြှောင်အား ထိန်းချုပ်ရင်း နတ်ဆိုးများကို သက်တောင့်သက်သာ သတ်ဖြတ်နေခဲ့၏။ ဤမြင်ကွင်းကြောင့် တစ်ချိန်လုံး ဘေးထွက်နေခဲ့ရပြီး အကူအညီမပေးခဲ့ရသော ဂိုဏ်းသားများမှာ အံ့သြလွန်းသဖြင့် ဆွံ့အနေကြ၏။

"ညီလေးယွမ်က တကယ့်ဒဏ္ဍာရီပဲ"

ချိုက်မြောင်က အော်ဟစ်ချီးကျူးလိုက်ပြီး နတ်ဆိုးတစ်သိန်းကျော်နှင့် တစ်ကိုယ်တော် ရင်ဆိုင်နေသည့် ယွမ်ရှောင်အတွက် ထိုက်တန်ပေသည်။ သတ်ဖြတ်နေရသူများမှာ မြောက်ပိုင်းဖုန်းဆိုးမြေ၏ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးများဖြစ်ကာ အနည်းဆုံး နဂါးနွေဦးအဆင့်များ ဖြစ်ကြသည်။

"ဧကရီ ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ"

ထိုအချိန်တွင် ပုန်းအောင်းနေသည့် အစွမ်းထက်နတ်ဆိုးများက လနတ်သမီးထံ အကြံတောင်းလိုက်ခြင်း ဖြစ်သည်။

"လုံလောက်ပြီ။ အနိုင်အရှုံးကို ငါတို့ ဆုံးဖြတ်ကြမယ်"

သူမက ကြံရာမရဖြစ်နေဟန်ဖြင့် အံကြိတ်လိုက်ပြီး တစ်ဖက်လူမှာ ထင်ထားသည်ထက် အစွမ်းထက်နေခဲ့သည်။

"ဟုတ်ကဲ့"

အသိဉာဏ်ကင်းမဲ့သော နတ်ဆိုးငယ်များ သတ်ဖြတ်ခံခဲ့ရသဖြင့် ဒေါသထွက်နေသည့် အစွမ်းထက်နတ်ဆိုးထောင်ချီက ပြိုင်တူ ခေါင်းညိတ်လိုက်ကြ၏။ သူတို့က ပုန်းအောင်းနေရာမှ ထွက်ပေါ်လာသောအခါ ယွမ်ရှောင်က ခေါင်းတစ်ချက်မော့၍ အေးစက်စက် စိုက်ကြည့်လိုက်သည်။ နတ်ဆိုးအလောင်းတောင်ပေါ်တွင် မတ်တပ်ရပ်နေပြီး သူ၏ ကောင်းကင်သင်္ချိုင်း ဓားဝိညာဥ်ဖြင့် ချိန်ရွယ်လိုက်သည်။

"မရဏလမ်းကို ပို့ပေးပါရစေ"

သူ၏စကားနှင့်အတူ ဓားအလင်းများစွာက ကောင်းကင်မှ ဆင်းသက်လာကာ ထောင်ချီသည့် အသူရာဓားဂိုဏ်းသားများသည် ယွမ်ရှောင်နှင့်အတူ မားမားမတ်မတ် ရပ်တည်၍ သတ်ဖြတ်လိုစိတ်များ ထုတ်ဖော်လိုက်ကြလေသည်။

All Chapters