နင်ရန်၏ ကမ်းလှမ်းချက်
Vol. 6 Ch. 73
မိုးစက်ပြာတံခွန်အတွင်း နတ်ဆိုးများနှင့်အတူ ဖမ်းဆီးထခြင်းကပင် ရက်စက်လွန်းနေပြီး ဘိုးဘေးများနှင့် မျိုးဆက်များကို အရှက်ရစေလိမ့်မည်။ ပို၍ကြောက်စရာကောင်းသည်မှာ အသူရာဆေးအိုး၏ မီးတောက်က ဝိညာဥ်များကို လောင်ကျွမ်းပြီး ၎င်းအတွင်း ရောက်နေသောကြောင့် ပြိုကွဲသွားမည်မဟုတ်ရာ နာကျင်မှုကို ထာဝရ ခံစားရပေလိမ့်မည်။
"ငါတို့ကို ခွင့်လွှတ်ပါ"
ရဲမျိုးနွယ်ဝင်များက ပျက်စီးနေသော လျှာများဖြင့် ဤစကားကို အားယူပြောလိုက်ပြီး ငိုယိုနေခဲ့ကြသည်။
"မင်းတို့ကြောင့် သေခဲ့ရတဲ့လူတွေကို တမလွန်မှာ သွားပြော။ အဘိုးကြီး မင်းက ရဲမျိုးနွယ်ကို ဦးဆောင်ခဲ့တယ်ဆိုတော့ နောက်တစ်ယောက်အဖြစ် ရွေးချယ်လိုက်ပြီ"
"အား"
ယွမ်ရှောင်က ပြောပြောဆိုဆိုနှင့် ခုတ်ပိုင်းလိုက်သောအခါ ရဲရှန်းရင်မှာ အသားတုံးဘဝ ရောက်သွားပြီး မိုးစက်ပြာတံခွန်အတွင်း ဝိညာဥ် ချုပ်နှောင်ခံလိုက်ရသည်။ တတိယမြောက်မှာ ရောင်မန်ရှယ်ဖြစ်ပြီး ကျန်းကျန့်နှင့်တကွ ရဲမျိုးနွယ်ဝင်များလည်း မလွတ်မြောက်ခဲ့ပေ။
"ယွမ်ရှောင် မင်းက လူသတ်သမား"
နောက်ဆုံး ရဲမျိုးနွယ်ဝင်က အော်ဟစ်ကျိန်ဆဲရင်း အသက်ထွက်သွားခဲ့သည်။
"ငါက လူကောင်းပါလို့ ပြောဖူးလို့လား။ ငါက လူသတ်သမားဆိုရင်တောင် ဂရုမစိုက်ဘူး။ မင်းတို့မျိုးနွယ်က နတ်ဆိုးတွေနဲ့ ပူးပေါင်းခဲ့တာတောင် သူတော်ကောင်း လုပ်ချင်နေသေးတယ်။ ငါနေချင်သလို နေမယ်၊ မင်းတို့လို အမှိုက်တွေက ငါ့ဘဝကို မေးခွန်းထုတ်ချင်ရင် ကိုယ်ကျင့်တရားကို ပြန်စစ်လိုက်"
သစ္စာဖောက်အားလုံးမှာ ဝိညာဥ်များ ချုပ်နှောင်ခံလိုက်ရပြီး နတ်ဆိုးဝိညာဥ်များကြောင့် နာကျင်စွာ အော်ဟစ်နေရပြီး ကျန်းရယ်တစ်ယောက်တည်းသာ ကျန်ရစ်သည်။
"ငါ မှားသွားပါတယ်"
ယွမ်ရှောင်က သူမ၏လည်ပင်းကိုညှစ်၍ လေပေါ်သို့ မြှောက်လိုက်သောအခါ နောက်ဆုံးခွန်အားဖြင့် တောင်းပန်လိုက်သည်။
"ဘယ်နေရာမှာ မှားသွားတာလဲ"
အရာရာအားလုံး ပြောင်းလဲသွားပြီး မိတ်ဆွေများမှ နောက်ကျောကို ဓားဖြင့် ထိုးသွားသောကြောင့် ပြန်လည်ရှင်သန်မလာခဲ့လျှင် သူက ဤအမုန်းတရားအတွက် ဘဝပေါင်းများစွာ လက်စားချေနိုင်မည် မဟုတ်ပေ။
"ငါ နင့်ကို မဆန့်ကျင်ခဲ့သင့်ဘူး"
"မဟုတ်ဘူး ကျန်းရယ်။ နင့်အမှားက အသူရာဓားဂိုဏ်းကို ဝင်ရောက်ဖို့ အပြစ်မရှိတဲ့ တိမ်တိုင်းပြည်ရဲ့ လူတွေကို သတ်ခဲ့တာပဲ"
"ဘာ"
ယွမ်ရှောင်၏ အေးစက်စက်စကားကြောင့် သူမ၏မျက်လုံးများ ပြူးကျယ်သွားကာ ကြောက်စိတ်ကြောင့် တစ်ကိုယ်လုံး တုန်ရီသွားကာ နှလုံးပင် ကွဲကြေမတတ် ဖြစ်သွားခဲ့သည်။ ဓားအိမ်တော်အတွက် အမုန်းတရားအပြင် သူမကို တစ်ဖက်လူက ဆက်တိုက်ပစ်မှတ်ထားနေရသည့် အကြောင်းအရင်းအမှန်ကို သိလိုက်ရသည်။ ယွမ်ရှောင် မည်သို့ပြန်ရှင်လာကြောင်း မသိရသော်လည်း သူမက အေးစက်စက်အကြည့်ကြောင့် ကျောရိုးတလျှောက် အေးစိမ့်သွားကာ တစ်ကိုယ်လုံး လှုပ်ခါနေသည်။
"ယွမ်ရှောင် ငါ့ကို အခွင့်အရေး တစ်ခါလောက် ပေးပါ။ ငါ နင့်ကို ချစ်သေးတယ်နော် နော်"
သူမက ဆက်တိုက်တောင်းပန်နေသော်လည်း ယွမ်ရှောင်သည် တစ်ချက်ပြုံးကာ ဓားသွားကို မျက်နှာထက်တွင် ပွတ်ဆွဲလိုက်ရာ သွေးများ ဖြာခနဲ စီးထွက်လာသည်။
"ရယ်စရာပဲ။ ငါက နင့်ကို ရဲကုရင်နဲ့အတူ သတ်ချင်ပေမယ့် ငါ့ကို ထပ်ကာထပ်ကာ လာရှုပ်နေတော့ စိတ်မရှည်တော့ဘူး။ နင့်ဝိညာဥ်ကိုလည်း ရဲတန်းစီလို အပြစ်ပေးရမယ်။ အသူရာဆေးအိုးထဲမှာ နတ်ဆိုးဝိညာဥ်တွေနဲ့အတူ နှစ်ပေါင်းများစွာ အကျဥ်းစံရမယ်။ ဒါကမှ အင်မော်တယ်တစ်ယောက်ရဲ့ အစွမ်းဆိုတာကို သေချာမှတ်ထား"
ထို့နောက် သူက ကျန်းရယ်ကို ထပ်ကာထပ်ကာနှိပ်စက်၍ အသက်ထွက်သွားသောအခါ ဝိညာဥ်အား ဆွဲထုတ်ပြီး တံခွန်အတွင်း ချုပ်နှောင်လိုက်သည်။ သူမက နောက်ဆုံးထွက်သက်တွင် ရဲကုရင်ကို တမ်းတနေသောကြောင့် အမှန်တကယ် နောင်တရခြင်း မဖြစ်နိုင်ပေ။
"မစိုးရိမ်ပါနဲ့။ ရဲကုရင်အဖြစ်က နင့်ထက် ပိုဆိုးစေရမယ်"
ယွမ်ရှောင်က ရေရွတ်လိုက်ရင်း ဝိညာဥ်တစ်ရာကျော် ညည်းညူနေကြရာ အသံများ ထွက်ပေါ်နေသည့် တံခွန်အား ဆွဲနုတ်လိုက်သည်။ သတ်ဖြတ်ခြင်းက ပြီးဆုံးသွားပြီး ရဲတန်းစီ၏ ဓားဝိညာဥ်နှင့် ဓားအော်ရာများကို မစုပ်ယူခဲ့သော်လည်း ဓားစက်ကွင်းအား ကောင်းကင်သင်္ချိုင်းက ဝါးမျိုလိုက်သောကြောင့် သူ၏ဓားဝိညာဥ်တွင် ဓားစက်ကွင်းနှစ်ခု ရှိလာခဲ့သည်။ သူက ရွှေရောင်နှင့် အနက်ရောင် ဓားစက်ကွင်းနှစ်ခုကို စစ်ဆေးရင်း မျက်လုံးမှ အရောင်များ တောက်ပနေသည်။
"ရဲတန်းစီက နောက်ဆုံးတော့ သူနဲ့ ထိုက်တန်တာကို ရသွားပြီ ဟား ဟား"
"အင်မော်တယ်လမ်းကြောင်းမှာ မဟုတ်တာလုပ်ရင် ကောင်းကင်က သေချာပေါက် အပြစ်ပေးတယ်"
"ဂိုဏ်းတူညီလေးယွမ်က သေချာပေါက် ကောင်းကင်တာအိုရဲ့ ကိုယ်စားလှယ် ဖြစ်ရမယ်"
ဂိုဏ်းသားများက အော်ဟစ်အောင်ပွဲခံနေကြပြီး ကျောက်ရန်ရန်၏စိတ်က နတ်ဆိုးများ၏ ပိုင်ဆိုင်မှုများထံ ရောက်ရှိနေသည်။
"မဟူရာချောက်နက်ရဲ့ အနောက်က ဂူတွေထဲမှာ ရတနာတွေ ရှိတယ်"
နတ်ဆိုးများက သတ်ဖြတ်ဝါးမျိုတတ်ကြသော်လည်း ကျင့်ကြံသူများပင် ဖြစ်သောကြောင့် စိတ်ကျောက်တုံးများ၊ ဆေးလုံးများနှင့် ရတနာများကို လိုအပ်ရာ စုဆောင်းထားကြ၏။ ၎င်းတို့က အသူရာဓားဂိုဏ်းထက် ပို၍ချမ်းသာနေသောကြောင့် ပိုင်ဆိုင်မှုများကို အပြောင်ရှင်းရန် ဂိုဏ်းသားများစွာ ပြေးထွက်သွားကြ၏။
"ဒါမှ ကျုပ်ရဲ့ ဆရာတူ အစ်မအစစ်ပဲ"
"နင်က ငါ့ကို လောဘကြီးတယ်လို့ ပြောချင်တာလား"
ယွမ်ရှောင်က လက်မထောင်ပြလိုက်သောအခါ သူမ၏စိတ်အတွင်း စိတ်ကျောက်တုံးအကြွေး သုံးသိန်းကျော် ပြန်လည်ရောက်ရှိလာသည်။
"မဟုတ်ပါဘူး ။ဒါက အိမ်ထောင်မှုထိန်းသိမ်းတာလို့ ခေါ်တယ်"
သူ၏စနောက်မှုကြောင့် သူမက မျက်စောင်းတစ်ချက်ထိုးကာ ပါးနှစ်ဖက်တွင် ရှက်သွေးလေးများ ရဲနေသည်။ ပတ်ဝန်းကျင်မှ အနိဋ္ဌာရုံများကြားတွင် ဤဆရာတူအစ်မက လှချင်တိုင်းလှနေပြီး ယွမ်ရှောင်မှာ ငေးမောရင်း တိတ်ဆိတ်သွားခဲ့သည်။
"နတ်ဆိုးတွေက တကယ်ချမ်းသာတယ်။ စိတ်ကျောက်တုံးချည်းပဲ နှစ်သန်းနီးပါး ရှိတယ်"
တစ်ယောက်ယောက်၏ အော်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားကာ သတင်းကောင်းကို ကြားလိုက်ရသဖြင့် သူ၏မျက်ခုံးအစုံ မြင့်တက်သွားခဲ့၏။ သူက ဂိုဏ်း၏ဘဏ္ဍာတိုက်ကို အပြောင်ရှင်းခဲ့သောကြောင့် ပြန်လည်ပေးဆပ်ရန် ရတနာများ လိုအပ်နေခဲ့သည်။ ထို့အပြင် ဤသုံးနှစ်အတွင်း သေမျိုးတိုင်းပြည်များသို့ ကျူးကျော်လာကြသော နတ်ဆိုးများကို ရှင်းလင်းရန် ဂိုဏ်းသားများ၏ အကူအညီက အရေးပါသည်။ ထို့ကြောင့် စိတ်ကျောက်တုံးများကို ကျင့်ကြံရန် လိုအပ်သော်လည်း တစ်ကိုယ်ကောင်းမဆန်နိုင်ခဲ့ပေ။
"ငါတို့က ချမ်းသာပြီ"
ယွမ်ရှောင်က ရေရွတ်လိုက်ပြီး ကျေနပ်သော အရိပ်အယောင်များ မျက်လုံး၌ ထင်ဟပ်နေသည်။ သို့သော် အနာဂတ်တွင် သူ့အတွက် ကျင့်ကြံရန် လိုအပ်သော စိတ်ကျောက်တုံးပမာဏက များပြားလာပေလိမ့်မည်။
"လူတိုင်း အိမ်ပြန်ကြရအောင်"
သူ၏အမိန့်အောက်တွင် လူတိုင်းက ဓားပျံများဖြင့် ကောင်းကင်သို့ တက်လိုက်ကြပြီး မြောက်ပိုင်းဖုန်းဆိုးမြေနှင့် အသူရာဓားဂိုဏ်း၏ အကွာအဝေးမှာ တစ်ရက်စာခရီးသာ ဖြစ်သည်။ တံခါးပိတ်ကျင့်စဥ်ဝင်နေသော ရဲကုရင် ပြန်ရောက်လာလျှင် အမှတ်တစ်ဓားတောင်၏ ရဲမျိုးနွယ် ပျက်စီးခြင်းနှင့် မြောက်ပိုင်းဖုန်းဆိုးမြေ၏ နိဂုံးကို တွေ့ရှိသွားပေလိမ့်မည်။ ထိုအချိန်၌ အနက်ရောင်ဝတ်ရုံရှည်နှင့် မိန်းမတစ်ယောက်သည် တိမ်များအကြားမှ ထွက်ပေါ်လာပြီး အသူရာဓားဂိုဏ်းသားများရှေ့မှောက်တွင် ရုတ်တရက် ရပ်တန့်လိုက်သည်။ နင်ရန်က ဓားပင်လယ်တွင် မွေးဖွားခဲ့ပြီး မွေးရာပါမာနကြောင့် သာမန်ကျင့်ကြံသူများထက် သာလွန်နေသယောင် ထင်မှတ်ရ၏။ သူမကို မြင်သောအခါ ကျောက်ရန်ရန်နှင့် ရုပ်ရည်ချင်းဆင်တူနေသောကြောင့် ယွမ်ရှောင်က မျက်မှောင်ကြုတ်လိုက်သည်။ အနောက်သို့ လှည့်ကြည့်လိုက်သောအခါ သူမ၏မျက်လုံးများ နီရဲနေပြီး အမုန်းတရားများ တောက်လောင်နေကြောင်း နားလည်လိုက်သည်။ ပို၍ဆိုးရွားသည်မှာ နင်ရန်သည် သမီးဖြစ်သူကို တစ်ချက်ကလေးပင် မကြည့်ခဲ့ပေ။
"မဟာဓားသခင်ကို တွေ့ရတာ ဂုဏ်ယူမိပါတယ်"
အကြီးအကဲဝမ်၊ ရှန်ကွမ်းကျာ၊ လီချန်လုံနှင့် ချန်တုန်က ဦးဆောင်၍ အသူရာဓားဂိုဏ်းသားများ အားလုံးက သူမကို ဦးညွှတ်လိုက်ကြ၏။ သူတို့၏စိတ်ထဲတွင် ဓားကောင်းကင်သည် အင်မော်တယ်နန်းတော်တစ်ခုအလား မြင့်မြတ်၍ အံ့သြစရာကောင်းသောကြောင့်ပင်။
"ယွမ်ရှောင် ငါက နင့်ကို ခေါ်သွားပြီး ဓားကောင်းကင်မှာ လေ့ကျင်ပေးချင်တယ်"
နင်ရန်သည် ထိုလူစုကို ရှိသည်ဟူ၍ပင် သဘောမထားဘဲ ယွမ်ရှောင်အား စိုက်ကြည့်ကာ အမိန့်ပေးလိုက်သည်။ သူမက မည်မျှမောက်မာပါစေ၊ ဤစကားကို ကြားသောအခါ ဂိုဏ်းသားများမှာ ယွမ်ရှောင်အတွက် ဝမ်းသာနေကြ၏။ ရဲကုရင်တွင် နောက်ခံအဖြစ် ရှေးဟောင်းမျှော်စင်ရှိထားပြီး ၎င်း၏ ကျပန်းဓားသမားတစ်ယောက်ကပင် အသူရာဓားဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးနိုင်သည်။ စွမ်းအားချင်းယှဥ်လျှင် ဓားကောင်းကင်က ရှေးဟောင်းမျှော်စင်အောက် မနိမ့်ကျသောကြောင့် ယွမ်ရှောင်အတွက် မဟာအခွင့်အရေးကြီးပင်။ ဤမိန်းမပြန်ရောက်လာမည်ဟု မျှော်လင့်မထားသော်လည်း ယွမ်ရှောင်က တည်ငြိမ်စွာ ရှိနေခဲ့သည်။ သူက အခွင့်အရေးကို လက်မလွှတ်လိုသော်လည်း ကျောက်ရန်ရန်၏ ခံစားချက်ကို လျစ်လျူမရှုနိုင်ခဲ့ပေ။
"ယွမ်ရှောင် ဓားကောင်းကင်ကိုရောက်ရင် နင့်အတွက် ဓားဝိညာဥ်ကို စမ်းသပ်ပေးမယ်။ တကယ်လို့ အစွမ်းထက်နေမယ်ဆိုရင် ဓားပင်လယ်တစ်ခုလုံးမှာ ကျော်ကြားစေရမယ်"
နင်ရန်သည် တစ်ဖက်လူက တိတ်ဆိတ်နေသောကြောင့် နောက်တစ်ကြိမ် ကမ်းလှမ်းခဲ့လေသည်။