သခင်လေးချူ
Vol. 6 Ch. 74
"မဟာဓားသခင်နင်ဆိုတဲ့ ငါ့ဂုဏ်သိက္ခာနဲ့ ရင်းပြီး မင်းကို အောင်မြင်စေရမယ်လို့ အာမခံတယ်"
နင်ရန်က တစ်ချက်ပြုံး၍ ယုံကြည်မှုရှိစွာ ပြောလိုက်သောအခါ လူတိုင်းကို အံ့သြသွားစေသည်။ မဟာဓားသခင်တစ်ယောက် ဤသို့ပြောထွက်လာသည့် အကြောင်းအရင်းမှာ သူ၏ပါရမီ ထူးချွန်သောကြောင့် မဟုတ်ပါလော။
"ဒီအတိုင်းဆိုရင် ယွမ်ရှောင်က ဓားကောင်းကင်မှာ သေချာပေါက် ကျော်ကြားတော့မှာပဲ"
အကြီးအကဲဝမ်က ကျေနပ်စွာ ရေရွတ်လိုက်သည်။
"မဟာဓားသခင်က ဂိုဏ်းချုပ်ကြောင့် ညီလေးယွမ်ကို ကူညီပေးချင်နေတာလား"
"ပါးစပ်ပိတ်ထားစမ်း"
နှုတ်မစောင့်စည်းသော ချိုက်မြောင်ကို ချင်တုန်က ချက်ချင်းတားမြစ်လိုက်ရပြီး ဂိုဏ်းချုပ်ကြောင့် တစ်ဖက်လူသည် နတ်ဆိုးများနှင့် တိုက်ပွဲတွင် မကူညီခဲ့ခြင်း ဖြစ်သည်။
"မောင်လေးယွမ် သွားသင့်တယ်။ အဖေက ဓားအခြေတည်ဆေးလုံးကို လိုအပ်နေတယ်။ ရက်နှစ်ဆယ်အတွင်း မရရင် သူ... သူ .."
ကျောက်ရန်ရန်ထံ ယွမ်ရှောင်က လှည့်ကြည့်လိုက်သောအခါ သူမက လက်ကိုဆုပ်ကိုင်၍ တောင်းဆိုလိုက်သည်။ နင်ရန်က ဤစကားကို ကြားသောအခါ နှာခေါင်းရှုံ့လိုက်ပြီး ရင်သွေးအရင်းအပေါ် သူစိမ်းပမာ ပြုမူနေ၏။
"နောက်ထပ်ဘာလိုသေးလဲ အမကျောက်"
"နင်က ကျောက်ကျန်ရှင်းရဲ့ တပည့်ဆိုတာ ဓားကောင်းကင်ကလူတွေ သိပါစေ"
သူမက ထက်ရှသော မျက်ဝန်းအစုံဖြင့် နင်ရန်ကို မကြောက်မလန့် စိုက်ကြည့်နေခဲ့သည်။ နှစ်ပေါင်းနှစ်ဆယ်ကြာအောင် စောင့်ဆိုင်းခဲ့ရသော မျှော်လင့်ချက်က ယနေ့တွင် ပျက်စီးသွားခဲ့ပြီ ဖြစ်၏။ နင်ရန်က သူမ၏အကြည့်ကို မသိကျိုးကျွံပြုကာ လှောင်ပြုံးပြုံးနေသောကြောင့် ယွမ်ရှောင်အား ဒေါသထွက်စေသည်။ သူ့အတွက် ဓားကောင်းကင်က လုံးဝအရေးမပါဘဲ ဓားအိမ်တော်နှင့် အသူရာဓားဂိုဏ်းသာ တည်ရှိလေသည်။ သို့သော် သူက ဓားကောင်းကင်သို့ သွားရန် ဆုံးဖြတ်ထားပြီး ဂိုဏ်းချုပ်နှင့် ဆရာတူအစ်မအတွက်သာမက အရေးကြီးသော အချက်တစ်ခုလည်း ရှိနေသည်။ ရဲကုရင်ပြန်အလာကို စောင့်ဆိုင်းနေမည့်အစား ဓားပင်လယ်သို့ သွားရောက်သတ်ဖြတ်ရန် ဖြစ်သည်။ ဤတိုက်ပွဲသည် အနှေးနှင့်အမြန် ရောက်လာမည် ဖြစ်သောကြောင့် ဂိုဏ်းတွင် ထိုင်စောင့်နေရမည့်အစား ဦးစွာစိန်ခေါ်ရန် သူက ရွေးချယ်လိုက်၏။
"မဟာဓားသခင် ငါက ဓားကောင်းကင်ကို မနက်ဖြန် လိုက်လာခဲ့မယ်"
"ကောင်းပြီ"
ယွမ်ရှောင်ကို နင်ရန်က ချက်ချင်း ခေါ်ဆောင်သွားချင်သော်လည်း တစ်ဖက်လူ၏ပါရမီကြောင့် မာနကို ချိုးနှိမ်ကာ လက်ခံလိုက်သည်။ သို့သော် သူမက မထွက်ခွာခင် ကျောက်ရန်ရန်ကို စိုက်ကြည့်ပြီး လှောင်ပြောင်လိုက်ပြန်သည်။
"ယွမ်ရှောင် ဓားပင်လယ်မှာ အစွမ်းထက်မျိုးနွယ်တွေရဲ့ အလှပဂေးလေးတွေ အများကြီး ရှိတယ်။ မင်းရဲ့ပါရမီနဲ့ဆိုရင် မိန်းမရှားမှာ မဟုတ်ဘူး။ ဘာကြောင့် ဇနပုဒ်ကို ဖက်တွယ်နေရတာလဲ"
"ငါက ဇနပုဒ်သူဆိုရင် ငါ့ကို မွေးထားတဲ့ နင်က ဆောင်ကြာမြိုင်ခေါင်းလား"
သို့သော် ကျောက်ရန်ရန်က တစ်ချက်ပင်မတုံ့ဆိုင်းဘဲ ခွန်းတုံ့ပြန်လာသောကြောင့် ဒေါသထွက်သွားသော်လည်း သမီးဖြစ်သူ၏ အမည်ကိုပင် မသိသောကြောင့် တိတ်ဆိတ်သွားသည်။
"ယွမ်ရှောင် မနက်ဖြန် မင်းရဲ့ဓားဝိညာဥ်ကို စမ်းသပ်ပေးမယ်"
ထို့နောက် သူမက ယွမ်ရှောင်ဘက်လှည့်ကာ သတိပေး၍ ထွက်သွားရန် ခြေလှမ်းပြင်လိုက်၏။
"နှုတ်ဆက်ပါတယ် မဟာဓားသခင်"
အသူရာဓားဂိုဏ်းသားများက သူမကို မနှစ်သက်သော်လည်း ဓားကောင်းကင်ဆိုသော နောက်ခံကြောင့် နှုတ်ဆက်လိုက်ကြသည်။ ထိုအချိန်တွင် ကောင်းကင်၌ ဓားအလင်းနှစ်ခု ရောက်ရှိလာပြီး တိမ်များလွင့်စင်သွားကာ မောက်မာ၍ အထက်စီးဆန်သော အော်သံတစ်ခု ပျံ့လွင့်လာ၏။
"ရှေးဟောင်းမျှော်စင်ရဲ့ မြင့်မြတ်သားတော် သခင်လေးချူ ရောက်လာတယ်။ နိမ့်ကျတဲ့ ကျင့်ကြံသူတွေ မြန်မြန် အရိုအသေပေးစမ်း"
ထိုဓားအလင်းများက ပုံရိပ်နှစ်ခုအဖြစ် ပြောင်းလဲသွားကာ မဟူရာချောက်နက်၏ အမြင့်ဆုံး တောင်ထိပ်တွင် ရပ်တန့်၍ အရှိန်အဝါဖြင့် ဖိအားပေးနေခဲ့သည်။
"ဖန်ကျင်း"
ယွမ်ရှောင်သည် လူအုပ်ရှေ့မှောက်တွင် လက်နှစ်ဖက်နောက်ပစ်၍ ရပ်နေသော လူငယ်တစ်ယောက် အနောက်၌ ရိုကျိုးစွာရှိနေသည့် ဖန်ကျင်းအား ချက်ချင်းမှတ်မိလိုက်သည်။ သူ၏အော်သံကြောင့် ဂိုဏ်းသားများမှာ အသက်ကို ပြင်းပြင်းရှူ၍ ခေါင်းငုံ့သွားကြပြီး ထိုလူငယ်နှင့် အကြည့်ချင်း မဆုံရဲပေ။
"မင်းတို့အားလုံး အရိုအသေ မပေးကြသေးဘူးလား"
ဖန်ကျင်းက လူအုပ်ကို ဝေ့ကြည့်ပြီး ငေါက်ငမ်းလိုက်သောအခါ သူတို့မှာ ချက်ချင်း ဦးညွှတ်လိုက်ရ၏။ သူ၏အဆင့်အတန်းက အသူရာဓားဂိုဏ်းချုပ်နှင့် ညီမျှသောကြောင့် ဤမြင့်မြတ်သားတော်ဆိုသူမှာ အဆင့်အတန်း ပို၍မြင့်မားပေလိမ့်မည်။ ယနေ့တွင် သူတို့က နတ်ဆိုးများကို သတ်ဖြတ်ခဲ့ရသဖြင့် စိတ်အားတက်ကြွနေသော်လည်း ဓားပင်လယ်မှ ကျင့်ကြံသူတစ်ယောက်အား မထီမဲ့မြင် မပြုဝံ့ချေ။
"ဘယ်သူက ဒီကိစ္စ လုပ်ခဲ့တာလဲ။ ရှေ့ထွက်စမ်း"
သခင်လေးချူသည် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သောအခါ နတ်ဆိုးအလောင်းများအား မြင်လိုက်ရပြီး နင်ရန်ကို မသိကျိုးကျွံပြုကာ အမိန့်ပေးလိုက်သည်။
"သခင်လေးချူက မေးနေတယ်။ မြောက်ပိုင်းဖုန်းဆိုးမြေရဲ့ နတ်ဆိုးတွေကို ဘယ်သူ သတ်တာလဲ"
ဖန်ကျင်းက ယွမ်ရှောင်ကို စိုက်ကြည့်နေပြီး သူ၏အစွမ်းကြောင့် ကြိတ် အံ့သြနေသော်လည်း မျက်နှာတွင် ဖုံးကွယ်ထားသည်။
"ငါ လုပ်တာပဲ"
ယွမ်ရှောင်က အေးစက်စက် ဖြေလိုက်သည်။
"သူ့ကို သတ်ပြီး မဟာဖုန်းဆိုးမြေသခင်ဆီ ခေါင်းကို ပို့ပေးလိုက်စမ်း"
"ဟုတ်ကဲ့"
ဤလူနှစ်ယောက်က သခင်အားရကျွန်ပါးဝ လုပ်ပြနေသောကြောင့် ဂိုဏ်းသားများမှာ ရွံရှာစိတ်များ ဖြစ်ပေါ်လာသည်။
"ဘာကြောင့်လဲ"
"မောင်လေးယွမ်က နတ်ဆိုးတွေကို ရှင်းလင်းပေးခဲ့တယ်။ ဘာပြစ်မှု ကျူးလွန်ခဲ့လို့လဲ"
လီချန်လုံ၊ ချန်တုန်နှင့် ကျောက်ရန်ရန်က ရှေ့တက်၍ မုန်းတီးစွာ မေးခွန်းထုတ်လိုက်သည်။
"ရှေးဟောင်းမျှော်စင်နဲ့ မဟာဖုန်းဆိုးမြေသခင်က စာချုပ်တစ်ခု လက်မှတ်ထိုးထားတယ်။ ဓားသမားတွေနဲ့ နတ်ဆိုးတွေက သက်ဆိုင်ရာနယ်မြေတွေကနေ မကျူးကျော်ရဘူး။ ဒီစာချုပ်ကြောင့် သေမျိုးတွေ နှစ်ပေါင်းများစွာ အေးချမ်းခဲ့ပေမယ့် မင်းတို့က အဆင်အခြင်မဲ့ ကျူးကျော်နေကြတယ်။ ဒီကိစ္စကြောင့် နတ်ဆိုးတွေ ဒေါသထွက်သွားပြီး စစ်ပွဲစလာရင် သမိုင်းတရားခံပဲ"
သခင်လေးချူက စိတ်ပျက်လက်ပျက်ဟန်ဖြင့် ခေါင်းယမ်းကာ ဖြေလိုက်ခြင်း ဖြစ်သည်။
"ငြိမ်းချမ်းနေတယ် ဟုတ်လား။ မင်းရဲ့မျက်လုံးကို ဖွင့်ပြီး သေချာကြည့်စမ်းပါ"
ယွမ်ရှောင်က ခါးသက်သက် ရယ်မောလိုက်ပြီး တစ်ဖက်လူ၏ အရှက်မဲ့မှုအပေါ် သြချနေရသည်။
"ယွမ်ရှောင် မင်းက သခင်လေးချူကို ပြန်ပြောရဲတယ်လား။ ချက်ချင်းသေရမယ်"
ဖန်ကျင်းက ဖားယား၍ ကြုံးဝါးလိုက်သောအခါ ကျင့်ကြံဆင့် မြင့်မားသောကြောင့် လူတိုင်း၏နားကို နာကျင်သွားစေသည်။ ယွမ်ရှောင်သည် တိမ်တိုင်းပြည်၌ ရဲကုရင်၏စရိုက်ကို ပြန်လည်အမှတ်ရလိုက်ပြီး ရှေးဟောင်းမျှော်စင်၏ မြင့်မြတ်သားတော်ဆိုသူမှာလည်း ထူးမခြားနားပင်။
"ဖန်ကျင်း မင်းက ခွေးရူးတစ်ကောင်လို မြင်သမျှ ပတ်ကိုက်နေတာပဲ"
ယွမ်ရှောင်၏ ရန်စကားကြောင့် ဖန်ကျင်းက ဒေါသတကြီးဖြစ်သွားကာ ဓားချိတ်ပိတ်အစီအရင်ကိုပင် ဖျက်ဆီးနိုင်အောင် အစွမ်းထက်သဖြင့် ဂိုဏ်းသားများအား စိုးရိမ်သွားစေသည်။ သူက ဓားဝိညာဥ်ကို ဓားမြှောင်အသွင်ဖြင့် ဆွဲထုတ်လိုက်ပြီး ဓားအော်ရာသုံးဆယ်သည် ခြင်္သေ့လည်ဆံမွေးများပမာ ဖြာကျနေ၏။ ဓားလက်ကိုင်တွင် ခြင်္သေ့တစ်ကောင်၏ခေါင်း တည်ရှိပြီး ရွှေခြင်္သေ့ဓားဝိညာဥ်ဖြစ်ကာ ဓားစက်ကွင်းတစ်ခုက ရွှေရောင်တောက်ပနေ၍ အစွမ်းကြီးမားကြောင်း ပေါ်လွင်နေသည်။
"ယွမ်ရှောင်က ရှေးဟောင်းမျှော်စင်ရဲ့ အပြစ်သား ဖြစ်တယ်။ သခင်လေးချူရဲ့ အမိန့်နဲ့ ငါက သုတ်သင်ရလိမ့်မယ်။ တားရဲတဲ့သူမှန်သမျှ သတ်ပစ်မယ်"
သူက ခြင်္သေ့တစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်ရာ ဂိုဏ်းသားများကို တုန်လှုပ်သွားစေသော်လည်း ယွမ်ရှောင်အတွက် ဖြုံစရာ မဟုတ်ချေ။
"ရယ်စရာကောင်းလိုက်တာ။ ဓားသမားတစ်ယောက်က နတ်ဆိုးတွေနဲ့ တိုက်ခိုက်ရမယ့်အစား လူသားတစ်ယောက်ကို ပစ်မှတ်ထားနေတယ်"
"ငါ နတ်ဆိုးတွေကို သတ်နေတုန်းက မင်းအဖေတောင် မမွေးလောက်သေးဘူး"
မူလအမြုတေ အလယ်အဆင့်ဖြစ်သော ဖန်ကျင်း၏ အရှိန်အဝါက ယွမ်ရှောင်၏အနားမှ လူများကို နောက်ဆုတ်သွားစေကာ ဓားဖြင့် ဦးခေါင်းသို့ ချိန်ရွယ်လိုက်သည်။ ထိုအချိန်တွင် နင်ရန်က ယွမ်ရှောင်ရှေ့မှောက်တွင် ရုတ်တရက် ထွက်ပေါ်လာကာ အေးစက်စက် သတိပေးလိုက်၏။
"ဖန်ကျင်း နင်က ငါ့ကို အလေးမထားတာလား"
"တောင်းပန်ပါတယ်။ မဟာဓားသခင်ရှိနေတာကို မမြင်လိုက်လို့ပါ။ ဒါပေမယ့် ခင်ဗျားက အပြစ်သားကို ကာကွယ်ဖို့ ကြိုးစားနေတာလား"
ဖန်ကျင်းက ဓားကို ရုတ်သိမ်းလိုက်သော်လည်း သခင်လေးချူ၏ နောက်ခံဖြင့် မောက်မာနေသည်။
"ပါးစပ်ပိတ်ထားစမ်း။ မြောက်ပိုင်းဖုန်းဆိုးမြေနဲ့ အသူရာဓားဂိုဏ်းရဲ့ တိုက်ပွဲက စာချုပ်နဲ့ မသက်ဆိုင်ဘူး။ သခင်လေးချူ ငါက ဒီကလေးယွမ်ရှောင်ကို သဘောကျတယ်"
သူမက သဘောရိုးဖြင့် ပြောလိုက်သော်လည်း ဖန်ကျင်းနှင့် သခင်လေးချူက လှောင်ပြောင်ရယ်မောလိုက်ရာ မျက်မှောင်ကြုတ်သွားစေခဲ့သည်။
"မဟာဓားသခင်နင် ခင်ဗျားက အသက်ကြီးမှ ဒီလူချောလေးကို ကြိုက်နေတာလား"
သခင်လေးချူက တဟားဟား ရယ်မောရင်း နင်ရန်ကို ပေါ်တင် စော်ကားလိုက်လေသည်။