မောက်မာသူ၏နိဂုံး
Vol. 6 Ch. 75
"ချူမျိုးနွယ် နင့်ပါးစပ်ကို သတိထားစမ်း။ နောက်တစ်ကြိမ်ဆိုရင် ရှောင်ဟီ ကာကွယ်ပေးထားရင်တောင် လျှာဖြတ်ပစ်မယ်"
သခင်လေးချူ၏ ရန်စမှုကြောင့် အသူရာဓားဂိုဏ်းသားများ၏ စိတ်အတွင်း တုန်လှုပ်နေကြပြီး နင်ရန်သည်လည်း ဒေါသကြောင့် မျက်နှာတစ်ခုလုံး တင်းမာနေသည်။ ထို့နောက် သူမ၏အရှိန်အဝါ ပြန့်ထွက်လာသောအခါ ချူသခင်လေးရော ဖန်ကျင်းပါ နောက်ဆုတ်သွားရပြီး တောင်တစ်လုံးဖြင့် ဝင်ဆောင့်ခံလိုက်ရသကဲ့သို့ အသက်ရှူကြပ်ကုန်သည်။
"ခင်ဗျားက အတော်အစွမ်းထက်တာပဲ။ အကြီးအကဲတစ်ယောက်ဖြစ်ပြီး လူငယ်ကို အနိုင်ကျင့်နေတယ်။ ဟား ဟား"
သခင်လေးချူက မောက်မာစွာ ရယ်မောလိုက်သော်လည်း နောက်တစ်ကြိမ် ရန်မစရဲတော့ပေ။
"သခင်လေးချူ ကြည့်ရတာ မဟာဓားသခင်နင်က ရှေးဟောင်းမျှော်စင် ဘယ်လောက်အစွမ်းထက်လဲဆိုတာ မေ့နေပုံရတယ်"
ဖန်ကျင်းက တီးတိုးပြောလိုက်ပြီး ယွမ်ရှောင်ကို သတ်ရန်အကြံ ပျက်စီးသွားခဲ့သည်။
"နိမ့်ကျတဲ့ အကြီးအကဲတစ်ယောက်ကများ ဒီသခင်လေးကို အနိုင်ကျင့်ရဲတယ်။ သူမက ဒီကောင်လေးကို ဓားပင်လယ်ဆီ ခေါ်လာရင် အရူးဖြစ်မှာ သေချာတယ်ဆိုတော့ ထားလိုက်ပါ"
သခင်လေးချူ၏ မျက်လုံးအတွင်း ကောက်ကျစ်သော အရိပ်အယောင်များ ထင်ဟပ်နေသည်။ ရဲတန်းစီကို ကယ်တင်ရန် နောက်ကျသွားသော်လည်း အကူအညီပေးရန် ထွက်လာခြင်းကပင် ရဲကုရင်ကို မျက်နှာသာပေးခြင်းဖြစ်သည်။
"ကောင်းပြီ။ မဟာဓားသခင်နင်က ပါရမီရှင်တစ်ယောက်ကို ဓားကောင်းကင်အတွက် ရှာတွေ့သွားတာ ဂုဏ်ယူပါတယ်။ သူက ဓားကောင်းကင်ကို ကူညီပြီး ရှေးဟောင်းမျှော်စင်နဲ့ တိုက်ခိုက်နိုင်တဲ့ သူရဲကောင်းတစ်ယောက်လို့ ယူဆနိုင်တယ်"
"ဟား ဟား"
သခင်လေးချူက လှောင်ရယ်နေပြီး ဖန်ကျင်းကလည်း ဟားတိုက်နေခဲ့သည်။
"အနည်းဆုံး သူက မင်းအောက် မနိမ့်ကျဘူး"
နင်ရန်က အံကြိတ်၍ ခုခံပြောဆိုလိုက်သောအခါ သူဘက်မှ စိန်ခေါ်စကား ထွက်ပေါ်လာသည်။
"ငါထက်သာမယ် ထင်နေတာလား။ ဒါဆိုရင် အချိန်သုံးနှစ် ပေးလိုက်မယ်။ သုံးနှစ်ကြာရင် ဒီကောင်က ငါ့ကို အနိုင်ယူနိုင်မယ်လို့ ထင်တယ်"
"သခင်လေး ယွမ်ရှောင်ကို အထင်မသေးနဲ့နော် ဟား ဟား"
သခင်လေးချူက ယောကျ်ားတန်မဲ့ ဟီးဟီးဟားဟားဖြစ်နေခဲ့ပြီး ဖန်ကျင်းကလည်း အားကျမခံပင် ထောက်ခံနေသည်။
"မင်းတို့က လာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ ရမယ် ထင်နေတာလား"
ထိုနှစ်ယောက်က စိတ်ကြိုက်လှောင်ပြောင်၍ ထွက်သွားရန် ပြင်လိုက်စဥ် ယွမ်ရှောင်သည် ရုတ်တရက် တားမြစ်လိုက်သောကြောင့် နင်ရန်မှာ ဆွံ့အသွားခဲ့သည်။ သခင်လေးချူ၏မျက်နှာက ဒေါသကြောင့် မည်းနက်သွားကာ ဂိုဏ်းသားများမှာ ရင်တဒိန်းဒိန်း ခုန်နေခဲ့ကြသည်။
"ယွမ်ရှောင် မင်းက အခေါင်းကို မမြင်ရသေးခင်အထိ သဘောမပေါက်နိုင်ပါလား။ မင်းရဲ့ နိမ့်ကျတဲ့ အသက်ကို ချမ်းသာပေးထားတာတောင်မှ သေချင်နေတာလား"
ဖန်ကျင်းက သားရဲတစ်ကောင်ပမာ စိုက်ကြည့်၍ မူလအမြုတေအလယ်အဆင့် အရှိန်အဝါနှင့် ဖိနှိပ်လိုက်၏။
"မဟာဓားသခင်နင် ဒီကောင်က ခင်ဗျားကာကွယ်ပေးထားလို့ အတင့်ရဲနေပြီး ရှေးဟောင်းမျှော်စင်ရဲ့ မြင့်မြတ်သားတော်ကို စော်ကားနေတယ်။ နောက်ထပ်ကာကွယ်ပေးချင်သေးလား"
"ယွမ်ရှောင် ပါးစပ်ပိတ်ထားစမ်း"
နင်ရန်က မောက်မာတတ်သူများ၏ အကျင့်စရိုက်အတိုင်း နိုင်ရာကိုဖိရန် ယွမ်ရှောင်အား ငေါက်ငမ်းနေခဲ့သည်။
"ဒူးထောက်ပြီး တောင်းပန်စမ်း။ မဟုတ်ရင် မင်းရဲ့ ခြေထောက်နှစ်ဖက်ကို ဖြတ်ပစ်မယ်"
"သူပြောတဲ့အတိုင်း လုပ်စမ်း"
နင်ရန်က ဖန်ကျင်းဘက်မှ အမိန့်ပေးနေပြီး စည်းကမ်းမလိုက်နာသူတစ်ယောက်အား ဓားကောင်းကင်တွင် လေ့ကျင့်ပေးလိုစိတ် မရှိပေ။ သခင်လေးချူ၏ အဆင့်အတန်းကို သူမက စိုးရွံ့သော်လည်း ဖိနှိပ်နိုင်စွမ်းရှိကာ ယွမ်ရှောင်အား ဦးချိုးလိုနေခဲ့သည်။ သို့သော် ယွမ်ရှောင်၏ အေးစက်စက်အကြည့်ကိုသာ ရင်ဆိုင်လိုက်ရပြီး ဓားအော်ရာ၂၉ခု နှင့် ဓားစက်ကွင်းနှစ်ခု ထွက်ပေါ်နေသော ကောင်းကင်သင်္ချိုင်းထံမှ မရဏချီများ ပျံ့နှံ့လာခဲ့သည်။
"ဖန်ကျင်း မင်းက ငါ့ကို ဓားဝိညာဥ်စမ်းသပ်ခွင့် မပေးခဲ့ဘူး"
"မင်းက သေကာနီးဖြစ်နေတာတောင် ဒီကိစ္စကို ပြောနေတုန်းလား။ ငါရှိနေသရွေ့ မင်းရဲ့ဓားဝိညာဥ် စမ်းသပ်ခွင့် မရစေရဘူး"
ဖန်ကျင်းက ရယ်မောနေစဥ် အပြာရောင်ဓားမြှောင်ကို သတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့် ပစ်ခတ်လိုက်သောကြောင့် အံ့သြသွားခဲ့သည်။ သူက တစ်ဖက်လူကို အရှိန်အဝါဖြင့် ဖိနှိပ်ထားသော်လည်း လှုပ်ရှားနိုင်စွမ်းရှိနေသည့်အပြင် တိုက်စစ်ဖွင့်လာခဲ့သည်။ ဆယ်ဆင့်ဓားသိုင်းက ဓားအိမ်တော်၏ လျှို့ဝှက်သိုင်းဖြစ်သော်လည်း ဓားကောင်းကင်နှင့် ဆက်နွယ်နေရာ နင်ရန်က အာရုံစိုက် စောင့်ကြည့်နေသည်။
"မင်းက သေဖို့ မစောင့်နိုင်တော့ဘူးလား"
ဖန်ကျင်းက ကြုံးဝါး၍ ရွှေခြင်္သေ့ဓားရှည်ကို ဆွဲထုတ်ကာ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ ဓားမြှောင်လာရာအား တွက်ချက်နေခဲ့၏။ ဆယ်ဆင့်ဓားသိုင်းကို သူက ရင်းနှီးပြီး ဆယ်ကြိမ်မြောက် ပေါက်ကွဲသံအပြီး၌ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
"ပျက်စီးစမ်း"
သူက ယုံကြည်မှုရှိစွာ အားကုန်ခုတ်ပိုင်းလိုက်သော်လည်း ဓားမြှောင်ထံမှ ပေါက်ကွဲသံနှစ်ကြိမ် ထွက်ပေါ်လာကာ ရှောင်တိမ်းသွားခဲ့၏။
"ဘာ"
ဖန်ကျင်းက မျက်လုံးပြူးနေစဥ် ၎င်းသည် ရင်ဘတ်ကို ထိုးဖောက်သွားသဖြင့် သွေးများ ပန်းထွက်လာကာ အရှိန်အဟုန် ပြင်းထန်သောကြောင့် အနောက်သို့ လွင့်ထွက်သွားခဲ့သည်။ ဆယ်ဆင့်ဓားသိုင်းက ၁၂ကြိမ် ပေါက်ကွဲသွားသောကြောင့် နင်ရန်သည် ဝင်ရောက်တားမြစ်ရန် မေ့လျော့သွားကာ မင်သက်နေခဲ့သည်။
"ဟင်"
သခင်လေးချူခေါ် ချူရန်မှာ ဖန်ကျင်းနှင့် တိုက်မိလုနီးပါး ဖြစ်သွားသောကြောင့် အလျင်အမြန် ရှောင်တိမ်းလိုက်ရသည်။ သူက ဆယ်ဆင့်ဓားသိုင်းနှင့် မရင်းနှီးသောကြောင့် ဖန်ကျင်းမှာ အသုံးမကျဟု တွေးလိုက်မိသည်။
"ဒီနေ့ ငါ မင်းကိုမသတ်ရင် ငါ့အစေခံတွေကြားမှာ ပြောစရာ ဖြစ်ကုန်တော့မယ်"
ခွေးကိုရိုက်ချင်လျှင် သခင်မျက်နှာကို ကြည့်ရမည်ဟူသော စကားကြောင့် ချူရန်မှာ ဒေါသူပုန်ထနေခဲ့သည်။ ထိုအချိန်၌ ယွမ်ရှောင်က သူ့ကို ကျော်ဖြတ်သွား၍ ဖန်ကျင်းထံ တိုးဝင်သွားကာ မိုးနဂါးဓားသိုင်းဖြင့် ထိုးစိုက်လိုက်သည်။ ဒုတိယအကွက်ဖြစ်သော ကောင်းကင်ဓားချက်၏ အလင်းက မုန်တိုင်းတစ်ခုပမာ တိုးဝင်လာပြီး ကြမ်းတမ်းနေခဲ့၏။
"ထန်"
"မဟုတ်ဘူး"
ဓားချင်း ရင်ဆိုင်မိလိုက်သောအခါ ဖန်ကျင်း၏ဓားဝိညာဥ် လွင့်ထွက်သွားသဖြင့် မျက်နှာတစ်ခုလုံးဖြူရော်၍ စိတ်အတွင်း ဗလာဖြစ်သွားခဲ့သည်။ ထိုအချိန်၌ တစ်ဖက်လူက ရောက်ရှိလာပြီး ဒန်တန်သို့ ဓားဖြင့် ထိုးဖောက်လိုက်သောအခါ မူလအမြုတေမှာ ကျောဘက်သို့ ပေါက်ထွက်၍ ပေါက်ကွဲသွားသောကြောင့် ကျောပြင်၌ အသားစများ ဖွာထွက်ကုန်သည်။
"အား"
ဖန်ကျင်းမှာ ယွမ်ရှောင်၏ ခြေရင်းတွင် ဖားတစ်ကောင်ပမာ ခြေကားယားလက်ကားယား လဲကျနေပြီး ပါးစပ်အတွင်းမှ သွေးမည်းများ စီးထွက်လာခဲ့သည်။ နင်ရန်နှင့် ချူရန်က ယွမ်ရှောင်ကို ဒူးထောက်ရန် ဖိအားပေးနေသည့် အချိန်ဖြစ်သော်လည်း တစ်ဖက်လူ၏ ရက်စက်ပြတ်သားမှုကြောင့် ယုံကြည်မှုတို့ ပျက်စီးသွားရသည်။ ဓားချက်အနည်းငယ်အတွင်း နှစ်ပေါင်းခြောက်ဆယ်ကျော် ကျင့်ကြံလာခဲ့သည့် သူက မသန်မစွမ်း ဖြစ်သွားသည်။
"ဖန်ကျင်း ငါ့ဓားဝိညာဥ်ကို စမ်းသပ်မပေးချင်ဘူးလား"
ထိုအချိန်၌ ယွမ်ရှောင်က ဖန်ကျင်း၏ လည်ပင်းမှ ဆုပ်ကိုင်၍ လေပေါ်သို့ မြှောက်ထားလိုက်၏။
"ယွမ်ရှောင် ငါ...ငါတို့ ဒီကိစ္စ ဆွေးနွေးလို့ရပါတယ်"
"မင်းက ဓားအမွေခံကျောက်ကို ယူသွားတယ်ဆိုတော့ မင်းရဲ့ရင်ဘတ်နဲ့ စမ်းသပ်လိုက်မယ်လေ။ မကောင်းဘူးလား"
သူက ပြောပြောဆိုဆိုနှင့် ကောင်းကင်သင်္ချိုင်းဓားကို ဖန်ကျင်း၏ရင်ဘတ်အတွင်း တရစပ် ထိုးသွင်းလိုက်သည်။
"ကျေးဇူးပြုပြီး မလုပ်ပါနဲ့။ ငါ တောင်းပန်ပါတယ်"
ဖန်ကျင်းက သွေးရူးသွေးတန်း တောင်းပန်နေသော်လည်း ဓားဖြင့် ၁၈ချက်တိတိ အထိုးခံလိုက်ရသောကြောင့် ရင်ဘတ်မှာ ပျားအုံအလား အပေါက်များ ပြည့်နှက်နေခဲ့သည်။
"အခုရော ငါ့ဓားဝိညာဥ်အဆင့်ကို သိပြီလား။ နောက်ဘဝကျရင် ငါ့လမ်းမှာ လာမရှုပ်နဲ့"
ယွမ်ရှောင်က ဖန်ကျင်း၏ပါးစပ်အတွင်း ဓားဖြင့် ပင့်ထိုးလိုက်သောကြောင့် ဦးနှောက်အထိ ပေါက်ထွက်သွားကာ မျက်လုံးများ မှိန်ကျသွားခဲ့၏။ သူက အလောင်းကို ချူရန်ရှေ့မှောက်တွင် ပစ်ချလိုက်ပြီး ဤအဖြစ်အပျက်က မြန်လွန်းသောကြောင့် ချူရန်သတိဝင်လာချိန်၌ ဖန်ကျင်းမှာ အသက်ပျောက်နေပြီဖြစ်သည်။ ချူရန်သည် သူ၏အဆင့်အတန်းဖြင့် ပထမဆုံးအကြိမ် အရှက်ခွဲခံလိုက်ရသောကြောင့် လက်သီးကိုဆုပ်၍ အံကြိတ်ကာ သတ်ဖြတ်လိုစိတ်များ တောက်လောင်နေ၏။
"မင်းကို ငါကိုယ်တိုင် မပြပေးရင် သေခြင်းတရားအကြောင်း သိမှာ မဟုတ်ဘူး"
"သိပါတယ်ဟ။ ဖန်ကျင်းရဲ့ ရင်ဘတ်ကို ကြည့်လိုက်"
ယွမ်ရှောင်ညွှန်ပြရာသို့ သူက ကြည့်လိုက်သောအခါ ဖန်ကျင်း၏ ရင်ဘတ်၌ ဓားဖြင့် သေခြင်းဟူ၍ ရေးထွင်းထားကြောင်း မြင်လိုက်ရသည်။
"ခွေးကောင် နင်ရန် တစ်ခုခု လုပ်စမ်း"
ချူရန်၏မျက်လုံးများ နီရဲနေကာ နင်ရန်အား အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။
"ယွမ်ရှောင် ဒူးထောက်စမ်း"
နင်ရန်သည်လည်း ရှေးဟောင်းမျှော်စင်အား ကြောက်လန့်သောကြောင့် နိုင်ရာကို ဖိနှိပ်နေခဲ့သည်။
"နိမ့်ကျတဲ့ကောင်က ငါ့ကို စော်ကားရဲတယ်ပေါ့။ ဒီနေ့ မင်းကို ကာကွယ်သူမှန်သမျှ မျိုးနွယ်တစ်ခုလုံး အသတ်ခံရမယ်"
ချူရန်သည် ဖန်ကျင်း၏အလောင်းကို ကန်ထုတ်လိုက်ပြီး နင်ရန်အား ခြိမ်းခြောက်ကာ ယွမ်ရှောင်အား သတိပေးလိုက်သည်။
"မဟာဓားသခင် ကျေးဇူးပြုပြီး ယွမ်ရှောင်ကို ကာကွယ်ပေးပါ"
ကျောက်ရန်ရန်မှလွဲ၍ အသူရာဓားဂိုဏ်းသား သုံးထောင်ကျော်သည် ပြိုင်တူဒူးထောက်ချလိုက်ပြီး တောင်းဆိုလိုက်ကြ၏။ သို့သော် နင်ရန်က ဝင်မစွက်ဖက်ရဲဟန်ဖြင့် ခေါင်းယမ်းပြလိုက်သောကြောင့် သူတို့ကို စိတ်ဓာတ်ကျသွားစေသည်။
"လူတိုင်း မတ်တပ်ရပ်စမ်း"
ယွမ်ရှောင်၏ စကားတွင် ဂိုဏ်းသားတစ်ယောက်တလေပင် ကျန်ရစ်မနေဘဲ ထရပ်လိုက်ကြ၏။ ထို့နောက် သူက နင်ရန်ကို ရွံရှာဟန်ဖြင့် နှာခေါင်းရှုံ့ကာ လှည့်ထွက်သွားခဲ့ပြီး ချူရန်ထံ ဦးတည်သွားလေသည်။