ချူရန်နှင့်တိုက်ပွဲ
Vol. 6 Ch. 76
ယွမ်ရှောင်သည် ကောင်းကင်သင်္ချိုင်းဓားရှည်ဖြင့် ချိန်ရွယ်လိုက်သောကြောင့် ချူရန်၏မျက်နှာက မည်းနက်သွားကာ လက်အတွင်း၌ ရင်သပ်ရှုမောဖွယ်ရာ နှစ်ရောင်ခြယ် ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။ ၎င်း၏ညာဘက်သည် ခရမ်းရောင်ဖြစ်၍ ဘယ်ဘက်က အနီရောင်ဖြစ်ကာ ရေနှင့်မီး ချီများ ဒွန်တွဲနေသည်။ ယွမ်ရှောင်က ဤသို့သော ဓားဝိညာဥ်မျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ပြီး ထိုဓား၌ ခရမ်းရောင်နှင့်အနီရောင် ဓားစက်ကွင်းနှစ်ခုလည်း လှည့်ပတ်နေသည်။ ဤကား ကြယ်အဆင့်အထက်ရှိ ဓားဝိညာဥ်ဖြစ်ကာ မည်သည့်အဆင့်ဖြစ်ကြောင်း မသိသော်လည်း သူက စိတ်မဝင်စားပေ။ အကယ်၍ ရှေးဟောင်းမျှော်စင်၏ မြင့်မြတ်သားတော်က တိုက်ခိုက်ရေးတွင် သူ့ကို စိတ်မပျက်စေခဲ့လျှင် ကျေနပ်ပေလိမ့်မည်။
ယွမ်ရှောင်က တစ်ချက်ပြုံးကာ ဓားတစ်လက်ပမာ တရကြမ်း ဝင်ရောက်သွားပြီး အပြာရောင်ဓားမှာ မိုးပြာနဂါးအလား ရန်သူကို လွှမ်းခြုံလိုက်၏။
"မင်းလိုကောင်မျိုးက ငါ့ကို စိန်ခေါ်ရဲတယ်လား"
ဓားချက် ထွက်ပေါ်လာသောအခါ လူတိုင်း အံ့သြနေပြီး ချူရန်က အထင်သေးစွာဖြင့် နှာခေါင်းရှုံ့၍ ကြုံးဝါးလိုက်သောအခါ ချီစွမ်းအင်များ ပြန့်ထွက်လာခဲ့သည်။ သေမျိုးများအတွက် ကိုးကွယ်ရာဖြစ်သော ရှေးဟောင်းမျှော်စင်၏ မြင့်မြတ်သားတော်က နတ်ဆိုးများကို ရင်ဆိုင်ရမည့်အစား နတ်ဆိုးသတ်သမားတစ်ယောက်ကို သတ်ရန် ကြိုးစားနေသည်မှာ ရယ်စရာကောင်းလှ၏။
"မိုးနဂါးဓားသိုင်း တာအိုဓားချက်"
ဤအကွက်က မိုးနဂါးဓားသိုင်းတွင် အသန်မာဆုံးဖြစ်ကာ အာဏာကို အလွဲသုံးစားလုပ်၍ မောက်မာနေသည့် ချူရန်ကို မေးခွန်းထုတ်ရန် အကောင်းဆုံးနည်းလမ်းပင်။ သူက ဓားသိုင်းကို နက်ရှိုင်းစွာ နားလည်ထားပြီး ဓားနှင့် တိုက်ခိုက်လိုစိတ်က တစ်သားတည်း ဖြစ်သွားခဲ့သည်။ ဆယ်ဆင့်ဓားသိုင်းကို အဆင့်လွန်ဖြစ်အောင် ကျင့်ကြံနိုင်ခဲ့သကဲ့သို့ မိုးနဂါးဓားသိုင်းသည်လည်း ယွမ်ရှောင်၏လက်ထဲတွင် ပိုမိုအစွမ်းထက်လာခဲ့သည်။ ဤဓားချက်တွင် ပတ်ဝန်းကျင်၌ ရှိသမျှ လွင့်ထွက်သွားကာ နဂါးကြီးတစ်ကောင်အလား ပစ်မှတ်ထံ ဦးတည်နေသည်။
ချူရန်က ဓားကို မောက်မာစွာ ဆန့်ထုတ်လိုက်သောအခါ ရေနှင့်မီး ချီများ ယွမ်ရှောင်ထံ တိုးဝင်လာသည်။ သို့သော် သူက ဓားကို လျင်မြန်စွာကစား၍ နောက်ထပ်ဓားချက်နှစ်ခု ထုတ်ဖော်လိုက်ရာ ဖျက်ဆီးခံလိုက်ရပြီး နောက်ဆုံးဓားအလင်းမှာ ရန်သူ၏မျက်နှာထံ ရောက်ရှိလာသည်။
ချူရန်မှာ မျက်လုံးများ ပြူးကျယ်သွား၍ မြေပြင်တွင် ချက်ချင်းလှိမ့်ချလိုက်သော်လည်း ပူခနဲ ခံစားလိုက်ရပြီး နားတစ်ဖက် အဖြတ်ခံခဲ့ရ၏။
"အား"
သူက နာကျင်မှုကြောင့် အသံကုန်အော်ဟစ်နေပြီး မျက်နှာထက်သို့ သွေးများစီးကျလာရာ အစစ်အမှန်ဖြစ်ကြောင်း နားလည်သွားခဲ့သည်။ ထိုအချိန်၌ ကန်ချက်တစ်ခုက ဒန်တန်ကို ထိမှန်သွားသောကြောင့် မြေပြင်တွင် ပုဇွန်တစ်ကောင်ပမာ တွန့်ကွေးသွားရပြန်သည်။
"ငါ ရှုံးသွားတာလား"
"သခင်လေးချူ မူလအမြုတေအလယ်အဆင့်နဲ့ ငါ့ရှေ့မှာ မောက်မာရဲတယ်ပေါ့။ ငါက မင်းကို ဒီထက်သာမယ်လို့ ထင်နေတာ။ ဒါက မြင့်မြတ်သားတော်ရဲ့ နားတစ်ဖက်ပါလား။ တော်တော်အားနည်းတဲ့ကောင် ငါ့ဓားတစ်ချက်ကိုတောင် မကာကွယ်နိုင်ဘူး"
ယွမ်ရှောင်က ဓားဖျားဖြင့် နားရွက်ပြတ်တစ်ခုကို ထိုးစိုက်ထားသဖြင့် ချူရန်မှာ လူပုံအလယ် အရှက်ကွဲသွားသည်။
"မင်းလိုကောင်ကများ ငါ့ကို အချိန်သုံးနှစ်ပေးမယ် ဟုတ်လား။ အခုတောင် မနိုင်တာကို မင်းက ထိုက်တန်လို့လား"
ယွမ်ရှောင်၏ လှောင်ရယ်သံကြောင့် သူက သွေးများအန်ထွက်လာပြီး ကြောက်စိတ်များ ဝင်ရောက်လာသကဲ့သို့ အသူရာဓားဂိုဏ်းသားများကို မင်သက်သွားစေသည်။ အသူရာဓားဂိုဏ်း၏ပါရမီရှင်က အသက်ချင်းတူညီသော ရှေးဟောင်းမျှော်စင်၏ မြင့်မြတ်သားတော်ကို အလွယ်တကူ အနိုင်ရလိုက်သောအခါ နင်ရန်မှာ ကြောင်အနေခဲ့သည်။ သူမက ယွမ်ရှောင်ကို ချူရန်ရှေ့မှောက်တွင် ဒူးထောက်ရန် တွန်းအားပေးခဲ့ခြင်းသည် ဟာသတစ်ခုဖြစ်၍ အရှက်ရနေသည်။ ထို့အပြင် ဂိုဏ်းသားများစွာလည်း ရှိနေသောကြောင့် သေချာပေါက် စိတ်ထဲမှ လှောင်ရယ်နေကြပေလိမ့်မည်။
"ဂိုဏ်းတူညီလေးယွမ်က ရှေးဟောင်းမျှော်စင်ရဲ့ မြင့်မြတ်သားတော်ကို အနိုင်ယူလိုက်တာလား"
"အံ့သြစရာကောင်းလိုက်တာ။ ဒီလိုမောက်မာတဲ့ ကောင်မျိုး အရိုက်ခံရတာ ကျေနပ်စရာပဲ"
"ယွမ်ရှောင် မင်း သေပြီ"
ချူရန်က ကုန်းရုန်းထလိုက်ပြီး သတ်ဖြတ်လိုစိတ်ဖြင့် ခြိမ်းခြောက်လိုက်သည်။ သို့သော် တစ်ဖက်လူက ကြောက်လန့်မသွားသည့်အပြင် ရှေ့တိုးလာပြီး ဓားဖြင့် ခုတ်လိုက်သောကြောင့် အမှန်တကယ် သတ်ရဲကြောင်း နားလည်သွားရသည်။
"နင်ရန် ငါ့ကို ကယ်စမ်း"
သူ၏စိတ်အတွင်းပိုင်းအထိ ကြောက်စိတ်က ရောက်ရှိသွားသောကြောင့် အသံကုန်အော်ဟစ်ရင်း ထွက်ပြေးကာ မျက်နှာ၌ သွေးဆုတ်ဖြူရော်နေသည်။ ကံကောင်းစွာဖြင့် နင်ရန်က လှုပ်ရှားလိုက်သောကြောင့် အနက်ရောင် ဓားဝိညာဥ်တစ်ခုက ယွမ်ရှောင်၏ အသေသတ်ကွက်ကို တားမြစ်နိုင်ခဲ့သည်။ အကယ်၍ သူမသာ တုံ့ဆိုင်းနေလျှင် ချူရန်မှာ အသက်နှင့်ကိုယ် အိုးစားကွဲနေပေလိမ့်မည်။
"ယွမ်ရှောင် ရပ်လိုက်စမ်း"
သူမက ချူရန်၏အရှေ့မှ ကာကွယ်၍ လေးနက်စွာ သတိပေးလိုက်ပြီး မောက်မာ၍ အထက်စီးဆန်သော မြင့်မြတ်သားတော်မှာ ခွေးတစ်ကောင်ပမာ အမြှီးကုပ်၍ ပုန်းအောင်းနေခဲ့သည်။ အသူရာဓားဂိုဏ်းသားများက ရယ်မောလိုက်ကြပြီး ရှေးဟောင်းမျှော်စင်၏ပါရမီရှင်က မောက်မာစွာရောက်လာ၍ အားလုံးကို အထင်သေးနေသော်လည်း ယွမ်ရှောင်၏ ဓားတစ်ချက်ကိုပင် မခုခံနိုင်ရာ ဝက်တစ်ကောင်နှင့် မခြားပေ။
"ယွမ်ရှောင် မင်းကို ငါးရက်အတွင်း အပိုင်းပိုင်း ခုတ်သတ်ပစ်မယ်။ ငါ့နာမည် ချူရန်ဆိုတာ မှတ်ထားစမ်း"
သူက နင်ရန်၏ကာကွယ်မှုကြောင့် သတ္တိများရှိလာကာ ခြိမ်းခြောက်လိုက်ပြန်သည်။
"စောက်စကားများပြန်ပြီ"
ယွမ်ရှောင်က နောက်တစ်ကြိမ် လှုပ်ရှားလိုက်ပြီး နင်ရန်က မလှုပ်ရှားခဲ့သောကြောင့် ချူရန်၏နားတစ်ဖက် ပြတ်သွားပြန်သည်။ သူက နာကျင်မှုအပြင် ကြောက်စိတ်ကြောင့် နှုတ်ဆိတ်သွားကာ အသံ မထွက်ဝံ့တော့ပေ။
"ယွမ်ရှောင် သူ့ကို သတ်လိုက်ရင် တကယ့်ပြဿနာကြီး ကြုံရလိမ့်မယ်။ ရှေးဟောင်းမျှော်စင်တစ်ခုလုံးက မင်းကို အမဲလိုက်မှာဖြစ်လို့ လွတ်သွားရင်တောင် မိသားစုနဲ့ မျိုးနွယ်က အသတ်ခံရလိမ့်မယ်"
နင်ရန်သည် သူမကိုပင် ဂရုမစိုက်ဘဲ တိုက်ခိုက်ရဲသော ယွမ်ရှောင်၏ သတ္တိကြောင့် အမှန်တကယ် ဖြုံသွားခဲ့သည်။
"စိတ်မကောင်းပါဘူး။ ကျုပ်မှာ မိသားစုရော သံယောဇဥ်ရော မရှိတော့ လုပ်ချင်ရာလုပ်နိုင်တယ်"
ယွမ်ရှောင်က အေးစက်စက် တုံ့ပြန်လိုက်၏။
"ဒါဆိုရင် မင်းရဲ့ဂိုဏ်းကရော၊ သူတို့လည်း ဒီကိစ္စကြောင့် အသတ်ခံရနိုင်တယ်။ ဒီလောကကြီးမှာ နောက်ခံမရှိရင် တစ်ခါတလေ နောက်တစ်လှမ်း ဆုတ်ပေးရတတ်တယ်။ နားလည်လား"
နင်ရန်က အကြီးအကဲတစ်ယောက်ဟန်ပန်ဖြင့် အထက်စီးမှ ဆုံးမနေသည်။
"မဟာဓားသခင်နင်က တော်တော် အစိုးရိမ်ကြီးတာပဲ။ အသူရာဓားဂိုဏ်းက မြောက်ပိုင်းဖုန်းဆိုးမြေရဲ့ နတ်ဆိုးတွေကို ရှင်းပစ်ပြီး သေမျိုးတိုင်းပြည်တွေက နတ်ဆိုးတွေကိုသတ်ဖို့ အခုပဲ ထွက်ခွာတော့မယ်"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်သည်။
"သူတို့က ထာဝရ ထွက်ပြေးနိုင်မှာလား"
"ကျုပ်ကရော ရှေးဟောင်းမျှော်စင်ကို ထာဝရ အလွတ်ပေးမယ် ထင်နေတာလား"
ကောင်းကင်သင်္ချိုင်းဓားဖြင့်ဆိုလျှင် ဤလောကတွင် မသတ်နိုင်သော၊ မသတ်ဝံ့သော အရာဟူ၍ ယွမ်ရှောင်၌ မရှိချေ။ နင်ရန်က ခေါင်းမာစွာ ကာကွယ်ပေးထားခြင်းမရှိလျှင် ချူရန်မှာ တမလွန်သို့ အလည်ရောက်ပြီး ဖြစ်ပေလိမ့်မည်။ အင်မော်တယ်တစ်ယောက်၏ ရုပ်ခန္ဓာဖြင့် သေရွာပြန်လာသူတစ်ယောက်အဖို့ ကြောက်စရာ မရှိပေ။ သူ၏သတ္တိကြောင့် နင်ရန်မှာ တုန်လှုပ်သွားပြီး စကားဖြင့် ပြောဆိုရနိုင်သူ မဟုတ်ကြောင်း နားလည်လိုက်သည်။ ထို့ကြောင့် သူမသည် ချူရန်ကို ကာကွယ်၍ ရှေးဟောင်းမျှော်စင်ထံ ပြန်လည်ခေါ်ဆောင်သွားရန် ပြောလိုက်သောအခါ ထိုငကြောက်က အလျင်အမြန် သဘောတူလိုက်၏။ တစ်ဖက်လူ၏သတ္တိကို ကြောက်လန့်သောကြောင့် သူက ကိုယ်ပိုင်ဓားပျံဖြင့်ပင် ထွက်မပြေးရဲချေ။
"ဓားသခင်နင် ကျုပ်ရဲ့ ဓားဝိညာဥ်ကို စမ်းသပ်ပေးမှာလား"
ယွမ်ရှောင်သည် လက်နှစ်ဖက်နောက်ပစ်၍ သတိဖြင့် ဆုတ်ခွာသွားသူ နှစ်ယောက်အား စိုက်ကြည့်ရင်း မေးခွန်းထုတ်လိုက်သောအခါ နင်ရန်က လေးနက်စွာ စဥ်းစားကာ ခေါင်းညိတ်ပြလိုက်သည်။ သူက ဤမိန်းမ၏အကျင့်စရိုက်ကို ရွံရှာသော်လည်း ဆရာအတွက် သည်းခံရပေလိမ့်မည်။ ထို့အပြင် ငါးရက်အတွင်း တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာမည့် ရဲကုရင်နှင့် တိုက်ပွဲကလည်း အရေးကြီးပေသည်။ ဤအချက်များအတွက် သူက ဓားပင်လယ်၏ ဓားကောင်းကင်သို့ သွားရောက်ရန် လိုအပ်နေသည်။
"ဓားကောင်းကင်မှာ လူတိုင်းက နင်ရန်လို ငကြောက်တွေဆိုရင် အသူရာဓားဂိုဏ်းမှာ နေလိုက်တာ ပိုကောင်းမယ်"
ယွမ်ရှောင်က သက်ပြင်းတစ်ချက်ချ၍ ကောင်းကင်သို့ ပျံတက်ကာ ထွက်ပြေးသွားသော နင်ရန်နှင့် ချူရန်၏ ပုံရိပ်များကို အထင်သေးစွာ ကြည့်နေခဲ့သည်။
"လူတိုင်း စိတ်အေးအေးထားကြပါ။ ကျုပ်လက်ထဲမှာ ဓားတစ်လက်ရှိနေရင် ဘာမှမကြောက်ဘူး"
သူက ဂိုဏ်းသားများ၏ စိုးရိမ်သော အကြည့်ကြောင့် နှစ်သိမ့်ပေးလိုက်ပြီး နေရောင်အောက်တွင် တောက်ပစွာ ပြုံးပြလိုက်သည်။ ထိုအချိန်တွင် မြောက်ပိုင်းဖုန်းဆိုးမြေ၌ တိမ်မည်းများ ကင်းစင်သွားကာ နေရောင်၏ နွေးထွေးမှု ကျရောက်လာခဲ့သည်။ ကောင်းကင်သင်္ချိုင်းဓားက တလက်လက် တောက်ပနေပြီး ဂိုဏ်းသားတိုင်း၏ စိတ်နှလုံးကို အားတက်စေသည်။
"ငါတို့ မင်းကို ယုံကြည်တယ်။ ဓားပင်လယ်ကို သွားပြီး ဘယ်သူက အစစ်အမှန် ဓားသမားလဲဆိုတာ ပြလိုက်စမ်းပါ"
သူတို့က စိတ်တက်ကြွစွာ အော်ဟစ်အားပေးလိုက်ကြပြီး ကျောက်ရန်ရန်၏ စိတ်နှလုံးတွင် နွေးထွေးသွားခဲ့သည်။
"အဖေသာ ဒီမြင်ကွင်းကို မြင်နိုင်ရင် ဘယ်လောက်ကောင်းမလဲ"
"ဂိုဏ်းချုပ်အတွက် ကြိုးစားပေးပါ"
လက်ရှိတွင် ကျောက်ကျန်ရှင်း၏ အသက်ကို ကယ်တင်နိုင်ရန်အတွက် မျှော်လင့်ချက်မှာ ယွမ်ရှောင်ပင် ဖြစ်သည်။
"သူက ဓားဝိညာဥ် အခြေတည်ဆေးလုံးကို သေချာပေါက် ယူလာနိုင်လိမ့်မယ်"
အကြီးအကဲဝမ်က ယုံကြည်မှုရှိစွာ ရေရွတ်လိုက်သည်။
"အိမ်ပြန်ကြမယ်"
ထို့နောက် အသူရာဓားဂိုဏ်းသား သုံးထောင်ကျော်သည် ဓားပျံကိုယ်စီဖြင့် အောင်ပွဲရယူကာ ဂိုဏ်းသို့ ပြန်လာခဲ့ကြလေသည်။