ချူရန်၏အငုံ့စိတ်
Vol. 6 Ch. 77
ဓားပင်လယ်၌ ရှေးဟောင်းမျှော်စင်သည် အဝေးမှ မြင်ရလျှင် သေမျိုးများ ကြောက်လန့်သွားစေရန် ကြီးကျယ်ခမ်းနားလှသည်။ ၎င်း၏ပတ်ဝန်းကျင်တွင် ခြံဝန်းကိုယ်စီနှင့် အဆောင်များ ပြန့်ကြဲတည်ရှိသည်။ အခန်းတစ်ခုအတွင်း ချူရန်သည် အံကြိတ်၍ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး ဦးခေါင်းတွင် ပတ်တီးတစ်ခုဖြင့် ပတ်ထားရာ နားနှစ်ဖက်နေရာ၌ သွေးကွက်များ တည်ရှိနေသည်။
"ချူရန် မင်း ဘယ်တွေရောက်နေတာလဲ"
အခန်းအပြင်သို့ သက်လတ်ပိုင်းလူတစ်ယောက် ရောက်လာသောအခါ သူက ရင်ထိတ်သွားပြီး ပတ်တီးကို သေချာပြင်ဆင်၍ ကြိုဆိုလိုက်သည်။
"ဓားကောင်းကင်က မိန်းကလေးလင်က မင်းကို လာစောင့်နေတာ နည်းနည်းကြာပြီ"
ရှောင်ဟီက သူ့ကို အပေါ်ယံသာ တစ်ချက်ကြည့်၍ သတိပေးလိုက်သည်။
"အစ်ကိုချူ ဒီနေ့ ရှုခင်းသွားကြည့်မယ်လို့ ကတိပေးထားတယ်မလား၊ စိတ်ဆိုးနေပြီနော်။ ဟင် ခေါင်းကို ဘာလို့ ပတ်တီးစည်းထားရတာလဲ။ ဒဏ်ရာရထားတာလား"
ချူရန်က အခန်းအပြင်သို့ ထွက်လိုက်သောအခါ ချစ်စရာကောင်း၍ အဝါရောင် စကတ်အတို ဝတ်ဆင်ထားသည့် မိန်းကလေးတစ်ယောက် ရှိနေခဲ့သည်။ သူမက ချူရန်၏ဒဏ်ရာကို မြင်သောအခါ စိုးရိမ်စိတ်ဖြင့် မျက်နှာထား ပြောင်းလဲသွားသည်။ ထိုအချိန်တွင်မှ ရှောင်ဟီကလည်း သတိထားမိသွား၍ ပတ်တီးမှ သွေးစများကို မြင်လိုက်ရသည်။
"ဘာမှမဟုတ်ပါဘူး။ အသေးစား ဒဏ်ရာလေးပါ"
"အစ်ကိုချူရဲ့ နားက ဒဏ်ရာရထားတာလား"
"ဘာမှမဖြစ်ဘူး။ အဆင်ပြေပါတယ်"
လင်လင်က သူ့ကို သဘောကျနေသဖြင့် ဤရှက်စရာကောင်းသော အဖြစ်အား ချူရန်က ထုတ်မပြောလိုပေ။ ထို့အပြင် မြင့်မြတ်သားတော်ဆိုသော အဆင့်အတန်းက နားရွက်များမရှိလျှင် အလွန်ရှက်စရာကောင်းပေလိမ့်မည်။
"ချူရန် မင်း ဘယ်သူနဲ့ တိုက်ခိုက်ခဲ့တာလဲ။ ဘယ်သူလဲဆိုတာ နာမည်ပြောစမ်း။ ငါ အကုန် သတ်ပေးမယ်။ တရားခံမှာ ကာကွယ်သူရှိရင်တောင် ဂရုမစိုက်ဘူး"
ရှောင်ဟီက အေးစက်စွာ မေးလိုက်ခြင်းဖြစ်သည်။
"မလိုအပ်ပါဘူး။ သူက အမှိုက်တစ်ကောင်ပါ။ နင်ရန်သာ ဝင်မစွက်ဖက်ရင် ငါ သတ်လိုက်နိုင်မှာ"
ချူရန်က ကောက်ကျစ်စွာ ပြုံး၍ ဖြေလိုက်သည်။ နင်ရန်က သူ့ကို ဆန့်ကျင်ရဲသည်ဆိုသော အချက်ကြောင့် ရှောင်ဟီက မျက်မှောင်ကြုတ်လိုက်ပြီး လင်လင်က စိတ်ပျက်သွားပုံရသည်။
"ဓားကောင်းကင်ရဲ့ အဖွဲ့ဝင်တစ်ယောက်လား။ အစ်ကိုချူအစား ငါက အပြစ်ပေးလိုက်မယ်"
သူမက ချူရန်၏လက်ကို ဆွဲကိုင်၍ လေးနက်စွာ မေးလိုက်သည်။
"အသူရာဓားဂိုဏ်းရဲ့ တပည့် ယွမ်ရှောင်။ သူက အဆင့်နှစ် ဓားအမွေခံကျောက်ကို ဖျက်ဆီးနိုင်ခဲ့လို့ နင်ရန်က ပါရမီရှင်လို့ မှတ်ယူထားတယ်။ သူမက ဒီအမှိုက်ကို ဓားကောင်းကင်ဆီ ခေါ်လာချင်နေတယ်"
ချူရန်က တစ်လုံးချင်းပြောလိုက်သောအခါ ဓားကောင်းကင်သို့ ယွမ်ရှောင်ရောက်နေလျှင် သတ်ပစ်ရန် လင်လင်က အသင့်ဖြစ်နေခဲ့သည်။ သို့သော် အမှန်ကို အမှားလုပ်၍ ယွမ်ရှောင်သည် သူ၏ဓားတစ်ချက်တည်းဖြင့် မသန်မစွမ်းဖြစ်သွားကြောင်း ချူရန်က အရှက်ပြေ လိမ်ညာပြောခဲ့သည်။ ထို့အပြင် သူ၏ဒဏ်ရာမှာလည်း တစ်ဖက်လူမှ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သောကြောင့်ဟု အကြောင်းပြလိုက်၏။
"ရှက်စရာကောင်းလိုက်တာ။ ပါရမီရှင်ဆိုရင် ဘာကြောင့် အလစ်ချောင်းတိုက်ခိုက်ရတာလဲ။ ဒေါ်လေးနင်က ကောက်ကျစ်မှတော့ ယွမ်ရှောင်ကလည်း ထူးမခြားနား ဖြစ်လိမ့်မယ်။ ကြည့်ရတာ အစ်ကိုချူလို နဂါးတစ်ကောင်အတွက် ကြွက်တစ်ကောင်ကို စိတ်ထဲ ထည့်ထားစရာ မလိုလောက်ဘူး"
လင်လင်က ယွမ်ရှောင်ကို အထင်သေးစွာ ကဲ့ရဲ့လိုက်၏။
"ဒါပေါ့။ ဒီကောင်က ငါ့ဓားတစ်ချက်ကိုတောင် မခုခံနိုင်ဘူး"
ချူရန်က ရယ်မောလိုက်သော်လည်း နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေ၏။
"သူက ဓားတစ်ချက်တောင် မခုခံနိုင်ဘူးလား။ ဒီလိုလူမျိုးအကြောင်းဆို စကားထဲတောင် ထည့်မပြောနဲ့"
ရှောင်ဟီက အထင်သေးစွာ မှတ်ချက်ပေးလိုက်ပြီး အမှိုက်ကို ရတနာဟု သဘောထားနေသည့် နင်ရန်၏အဖြစ်အား လင်လင်က ကောက်ကျစ်စွာ ကျေနပ်နေခဲ့သည်။ ထို့နောက် ချူရန်သည် ဓားကောင်းကင်မှာ သန့်စင်သောနေရာဖြစ်၍ ယွမ်ရှောင်ကဲ့သို့ လူမျိုးကို လက်မခံသင့်ကြောင်း တိုက်တွန်းလိုက်၏။ လင်လင်က မိဘများကို ထိုလူငယ်အား လက်မခံရန် ပြောကြားမည်ဟု ကတိပြုလိုက်သည့်အပြင် ချူရန်၏ဒဏ်ရာကြောင့် ရောက်လာလျှင် သတ်ပစ်ရန် ဆုံးဖြတ်ထားခဲ့သည်။
"ထားလိုက်ပါ။ သူ့အတွက် ကာကွယ်သူမရှိရင် ငါက ဓားတစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်"
"မဟုတ်ဘူး။ နိမ့်ကျတဲ့ အသူရာဓားဂိုဏ်းဝင်တစ်ယောက်က ရှေးဟောင်းမျှော်စင်ရဲ့ မြင့်မြတ်သားတော်နဲ့ တိုက်ခိုက်ဖို့ မထိုက်တန်ဘူး။ အစ်ကိုချူအတွက် ပြဿနာကို ငါ ရှင်းပေးပါရစေ"
"ကောင်းပြီ"
ချူရန်က သဘောကျစွာ ပြုံးပြ၍ လင်လင်၏တောင်းဆိုချက်ကို ခေါင်းညိတ်ပြလိုက်သည်။ သူ၏စိတ်ထဲတွင် ယွမ်ရှောင် သေသွားလျှင် အသူရာဓားဂိုဏ်းတစ်ခုလုံးကို သတ်ပစ်ပြီး သူ၏အရှုံးကို မျက်မြင်သက်သေမရှိစေရန် ကြံစည်နေခဲ့၏။ မြောက်ပိုင်းဖုန်းဆိုးမြေခရီးတွင် သူ၏ဂုဏ်သိက္ခာ ဖျက်ဆီးခံလိုက်ရပြီး ဤသတင်းသာ ပေါက်ကြားသွားလျှင် ရှေးဟောင်းမျှော်စင်လည်း အရှက်ကွဲပေလိမ့်မည်။
"ချူရန် အသူရာဓားဂိုဏ်းလို့ မင်း ပြောလိုက်တာလား။ ဒါက ရဲကုရင်ရဲ့ဂိုဏ်း မဟုတ်ဘူးလား"
လင်လင် ထွက်ခွာသွားသောအခါ ရှောင်ဟီက လေးနက်စွာ မေးလိုက်သည်။
"ဟုတ်ပါတယ် ဆရာရှောင်"
"ရဲကုရင်ရဲ့ ဂိုဏ်းမှာ နောက်ထပ်ပါရမီရှင် ရှိနေတာလား။ ဘာကြောင့် ရှေးဟောင်းမျှော်စင်က မသိရတာလဲ"
ရှောင်ဟီ၏မေးခွန်းကို ရှောင်လွှဲရန် မဖြစ်နိုင်သောကြောင့် ချူရန်သည် ဖန်ကျင်းထံမှ သိထားသမျှကို ရှင်းပြလိုက်သည်။
"ငါ ရောက်သွားတဲ့အချိန်မှာ နောက်ကျလွန်းသွားပြီး ရဲတန်းစီနဲ့ရဲ ရှန်းရင်ရဲ့ ဝိညာဥ်က မိုးစက်ပြာတံခွန်ထဲကို ရောက်သွားပြီ"
"ရဲတန်းစီက ရှေးဟောင်းမျှော်စင်အတွက် သစ္စာရှိခွေးတစ်ကောင်ပဲ။ ဒီကိစ္စကို ခေါင်းဆောင်ဆီ သတင်းပို့ရမယ်။ နင်ရန်က ယွမ်ရှောင်နဲ့ ရဲကုရင်ရဲ့ ပြဿနာကို သိထားတာတောင် ကာကွယ်ပေးခဲ့တာလား"
ရှောင်ဟီက မျက်မှောင်ကြုတ်၍ အကြောင်းအရင်းကို စဥ်းစားမရ ဖြစ်နေသည်။
"နင်ရန်က ဒီအမှိုက်ကို ခေါ်လာရင် ဓားကောင်းကင်မှာ သေချာပေါက် အရှက်ကွဲလိမ့်မယ်"
ချူရန်က ကောက်ကျစ်စွာ ပြုံးနေခဲ့သည်။
"မျှော်စင်ခေါင်းဆောင်က ရဲကုရင်ကို အလွန်တန်ဖိုးထားတယ်။ သူနဲ့ ပတ်သက်တာဆိုရင် ချက်ချင်း သတင်းပို့ရမယ်"
ရှောင်ဟီ၏လေသံက အလွန်လေးနက်နေပြီး ယွမ်ရှောင်မှာ အဆင့်နှစ် ဓားအမွေခံကျောက်ကို ဖျက်ဆီးနိုင်ခဲ့သော်လည်း ဓားကောင်းကင်ရော ရှေးဟောင်းမျှော်စင်ပါ လက်မခံလျှင် ဤအချက်က အရေးမပါပေ။ သို့သော် အဆင့်လေး ဓားအမွေခံကျောက်ကို ဖျက်ဆီးနိုင်လျှင်ဆိုသော ဖြစ်နိုင်ချေကြောင့် နှစ်ယောက်လုံး တိတ်ဆိတ်သွားခဲ့သည်။ သို့သော် ဓားပင်လယ်၏ သမိုင်းကြောင်းတွင် ဤသို့စွမ်းဆောင်နိုင်သူ မရှိဖူးသဖြင့် ဖြစ်နိုင်ချေက အလွန်နည်းပါးပေသည်။
အသူရာဓားဂိုဏ်း၊ ဓားအိမ်တော်သို့ ယွမ်ရှောင်သည် ဂိုဏ်းသားသုံးထောင်ကျော်ကို ဦးဆောင်၍ ပြန်လည်ရောက်ရှိလာပြီး ဂိုဏ်းဝင်အားလုံးမှာ သူရဲကောင်းခုနစ်ယောက်၏ အုတ်ဂူများရှေ့မှောက်၌ ဓားကိုယ်စီ မြှောက်ကာ အရိုအသေပေးနေခဲ့ကြသည်။
"သူရဲကောင်းဝိညာဥ်တွေ ငြိမ်းချမ်းစွာ အနားယူပြီး ပြန်လည်မွေးဖွားနိုင်ပါစေ"
သူတို့က တခဲနက် အော်ဟစ်၍ ဆုမွန်ကောင်း တောင်းပေးလိုက်ကြသည်။
"ဆရာတူအစ်ကိုအမတို့ ကံကြမ္မာက ခွင့်ပြုရင် နောက်ဘဝမှာ ပြန်ဆုံချင်ပါတယ်"
ကျောက်ရန်ရန်က ဒူးထောက်၍ ရေရွတ်နေပြီး မျက်ရည်များ ကျဆင်းလာ၏။ ဝိညာဥ်ခုနစ်ခုက အသူရာတောင်တန်းကြီးအထက်သို့ ပျံတက်သွားကာ အပြုံးကိုယ်စီဖြင့် လွင့်ပြယ်ကုန်သည်။
"သုံးနှစ်ကြာအောင် ငါတို့က သေမျိုးတွေကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်။ သေမျိုးတွေ ဒုက္ခရောက်နေချိန်မှာ ဓားသမားတွေက လက်ပိုက်ကြည့်နေဖို့ မသင့်တော်ဘူး။ ဂိုဏ်းချုပ်ကိုယ်စား ဂိုဏ်းရဲ့အင်အားကို အစွမ်းကုန်သုံးပြီး နတ်ဆိုးတွေကို သတ်ပစ်ဖို့ အမိန့်ပေးတယ်"
ထို့နောက် ကျောက်ရန်ရန်သည် ဂိုဏ်းသားများဘက် လှည့်ကာ လေးနက်စွာ ညွှန်ကြားလိုက်၏။
"နတ်ဆိုးတွေ မသေမချင်း ကျုပ်တို့က ဂိုဏ်းကို ပြန်မလာဘူး"
ဂိုဏ်းသားအားလုံးက တည်ကြည်စွာ ကတိပေးလိုက်ကြပြီး သေမျိုးတိုင်းပြည်များထံ ချီတက်၍ နတ်ဆိုးများကို သတ်ဖြတ်ရန် မစောင့်နိုင်ကြတော့ပေ။ ဤကား အသူရာဓားဂိုဏ်း၏ အစစ်အမှန်လမ်းစဥ်ပင် ဖြစ်၏။
"မောင်လေးယွမ် ဂရုစိုက်ပါ"
"အစ်မကျောက်လည်း ဂရုစိုက်ပါ"
အင်မော်တယ်လမ်းစဥ်၌ ခါးသီးမှုများသာ ပြည့်နှက်နေသော်လည်း နတ်မိမယ်ပမာ လှပသော ကျောက်ရန်ရန်က အိပ်မက်တစ်ခုအလား သန့်စင်သဖြင့် ယွမ်ရှောင်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့လေသည်။