← Chapters

အခြေအနေ အသေးစိတ် ရှင်းပြခြင်း

Vol. 18 Ch. 256

အခြေအနေ အသေးစိတ် ရှင်းပြခြင်း

Vol. 18 Ch. 256

Child of light (ကျန်းကုန်း)

Volume 10: Chapter 3 - Telling the Situation in Detail

အစ်ကိုကြီး ရှန့်ယွင် စိတ်ဖိစီးနေတာ သေချာတယ်။ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေဆိုတာ သူ့အတွက်တော့ ညီအစ်ကိုတွေလိုပဲလေ။ အချိန်တိုလေး ဆိုပေမယ့် ကျဆုံးသွားတာက များလွန်းနေတယ်။

အစ်ကိုကြီး ရှန့်ယွင်ထွက်သွားတော့ ကျုပ်လဲ အခန်းထဲဝင်လာလိုက်တယ်။

“ရှို့စစ်နဲ့ ကျန်တဲ့သူတွေ ဒီကို ရောက်နေကြလောက်ပြီ။ ဘာလို့ မလာကြသေးပါလိမ့်”

ကျန်းဟူက..

“ငါတို့တွေ ဘာဆက်လုပ်ကြမလဲ..”

“အခု ငါတို့ဝင်လာတဲ့ပုံက သိပ်ပုံလာတာမဟုတ်ဘူး။ ရှို့တိကလွဲလို့ ကျန်တဲ့ (၂)နိုင်ငံ သေချာပေါက် သတိထားမိကြမှာပဲ။ တကယ်လို့ အိုက်ရှားက ငါတို့အကြောင်းသိသွားရင် ငြိမ်နေမှာမဟုတ်ဘူး။ ငါတို့အတွက် ကောင်းတာဆိုလို့ မှော်ဆရာတွေက သွမ့်ယုရှို့ လက်အောက် ရောက်နေတာပဲ။ ဆရာရှို့နဲ့ ငါ့ဆက်ဆံရေးက သိပ်မဆိုးဘူးလေ။

မူကျီ ဝင်ပြီး..

“လေလေဆယ် ဒီကိစ္စဆွေးနွေးရမယ့် အချိန်မဟုတ်သေးဘူး။ ဖြတ်ကျော်လာရတဲ့ တလျှောက်မှာ အားလုံး စွမ်းအားတွေ သုံးခဲ့ကြရတယ်။ ဒုက္ခတွေ မလာခင် ငါတို့တွေ အထွတ်အထိပ် အခြေအနေ ပြန်ရောက်နေအောင် အနားယူသင့်နေပြီ။ ဒါမှ နောက်ပိုင်းကိစ္စတွေ ဖြေရှင်းနိုင်မှာ”

အားလုံးလဲ မူကျီပြောတာ လက်ခံပြီး ကိုယ်စီကိုယ်ငှ ကျင့်ကြံကြတော့တယ်။

ဖြတ်ကျော်လာခဲ့ရတဲ့ အချိန်အတွင်း စွမ်းအားတွေ တော်တော်သုံးခဲ့ရတယ်ဆိုပေမယ့် ကျုပ်ရဲ့ ပြန်လည်စုစည်း နိုင်တဲ့အရှိန်က ပုံမှန် မဟုတ်ဘူးဗျ။ ခန္ဓာကိုယ်ထဲမှာ တစ်နေရာစီရောက်နေတဲ့ ရွှေအမြူတေ(၃)ခုစလုံး ကျုပ်တောင် စိတ်နဲ့ ခိုင်းစရာမလိုဘဲ သူ့ဟာသူ လှည့်ပတ်နေပြီး စွမ်းအားတွေ ပြန်ကောင်းနေတာ တွေ့လိုက်ရတယ်။ တစ်နေရာစီမှာ လည်ပတ်နေတာကြောင့် ကျုပ်ရဲ့ အထွတ်အထိပ် အနေအထားကို အမြန်ဆုံး ပြန်ကောင်းလာတော့တာပဲ။

ကျင့်စဉ်က ထလာတော့ ကျန်တဲ့သူတွေအကုန် ကျင့်နေကြတုန်းပဲ။ မူကျီလဲ နဂိုအနေအထား ပြန်ရောက်သွားပြီ။ သူ့မျက်နှာ နုနုလေးမြင်လိုက်ရတော့ ကျုပ်နှလုံးသားထဲ ခပ်နွေးနွေး ခံစားချက် တစ်ခုပေါ်လာတယ်။

အစ်ကိုကြီး ရှန့်ယွင်ရဲ့ လက်ထောက် ပြန်ဝင်လာပြီး ကျုပ်ကိုမြင်တော့ အသံတိုးတိုးနဲ့..

“မင်းနိုးပြီလား။ ခေါင်းဆောင် ရှန့်ယွင် မှာထားတယ်၊ မင်းလိုအပ်တာရှိရင် ပြောလေ ”

ကျုပ် အပြုံးလေးနဲ့..

“အပြင်မှာ အခြေအနေတွေ ဘယ်လိုရှိလဲ..”

လက်ထောက်က..

“တိုက်ပွဲ ဂယက်တွေ လိုက်ရှင်းနေကြတယ်။ ဒဏ်ရာရတဲ့သူတွေလဲ ဆေးကုပေါ့ကွာ။ နတ်ဆိုးနဲ့ သားရဲ မျိုးနွယ် မဟာမိတ်အဖွဲ့တွေ ဘယ်အချိန် ထပ်တိုက်မလဲဆိုတာ မသိနိုင်တော့ စစ်ရေးတင်းမာနေတုန်းပဲပေါ့ကွာ”

ကျုပ် ချက်ချင်းကို အတွေးဝင်သွားမိတယ်။ ကျုပ်သာ (၃)နိုင်ငံကို စည်းရုံးချင်တယ်ဆိုရင် ရှို့တိကို ပထမဆုံး စည်းရုံးရလိမ့်မယ်။ ကျုပ်သာ ရှို့တိရဲ့ အထောက်အပံ့ရလိုက်ရင် ကျန်တဲ့ (၂)နိုင်ငံကို စည်းရုံးဖို့ ပိုလွယ်သွားလိမ့်မယ်။ အစ်ကိုကြီး ကျန်းဟူရဲ့ အဖေ(မင်းသား) နဲ့ တွေ့မှ ဖြစ်တော့မယ်။

“အစ်ကိုကြီး ရှန့်ယွင် ဘယ်အချိန် ပြန်ရောက်လောက်လဲ”

“ဆွေးနွေးပွဲက ကြာတတ်တာဆိုတော့ ဘယ်အချိန် ပြန်ရောက်မယ်ဆိုတာ မမှန်းတတ်ဘူးကွ။ လောလောဆယ် မင်းနားလိုက်အုံးလေ။ ငါ အခုပဲ စားစရာ တစ်ခုခု ယူလာပေးလှည့်မယ်”

လက်ထောက် အခန်းထဲက ပြန်ထွက်သွားတယ်။ ရှည့်ပုံစံ ပြောင်းထားတဲ့ ရှောင်ရို့ ထိပ်ထိပ်ပြာပြာနဲ့ ပြန်ရောက်လာတယ်။ ကျုပ်ပုခုံးပေါ်ခုန်တက်ပြီး သူ့ခေါင်းနဲ့ ကျုပ်မျက်နှာကို ပွတ်သပ်နေလေရဲ့။ ဒီကောင်းလေး တော်တော်ကို ချစ်စရာကောင်းတာဗျ။ အားလုံး ပြန်ကောင်းဖို့ဆို အချိန် နည်းနည်းတော့ လိုလိမ့်မယ်။ ကျုပ်လဲ စုက္ကရေးကိုင်ပြီး အခန်းထဲက ထွက်လာခဲ့လိုက်တယ်။ ခြံက တော်တော် ကျယ်တာပဲ။ ကျုပ်တို့နားမှာ အပင်အမြင့်ကြီး (၂)ပင်ရှိသေးတယ်။ လေပြေဝှေ့သွားတိုင်း သစ်ရွက်ခြောက် ကြွေသံတွေ ကြားလိုက်ရတယ်။ အချိန် တော်တော်ကြာအောင် စစ်ပွဲအကြောင်း တွေးနေမိတဲ့ စိတ်တွေ နည်းနည်း အေးမြသွားတယ်။ ပြီးခဲ့တဲ့ ကျော်ဖြတ်မှုက တော်တော် အန္တရာယ်များတယ် ဆိုပေမယ့် (၃)နိုင်ငံကို စည်းရုံးမယ့် ကျုပ်ဆုံးဖြတ်ချက် ပိုပို ခိုင်မာသွားတယ်။

အိုက်ရှားက ကျုပ်ဆရာတွေလဲ ဘယ်လိုများ နေကြမလဲ မသိတော့ဘူး။ ဆရာတိ ရော နေကောင်းရဲ့လား မသိဘူး။ အဲ့အဘိုးကြီး လမ်းညွှန်မှုကြောင့်သာ မဟုတ်ရင် ဒီနေ့ ကျုပ်ဆိုတာ ရှိလာမှာမဟုတ်ဘူးလေ။ ကျုပ် သူ့အနားမရှိလို့များ စိတ်ဓာတ်ကျနေမလားမသိဘူး။ ဆရာ.. စိတ်မပူပါနဲ့။ ဆရာ့အတွက် သေချာပေါက် ကြိုးစားပါ့မယ်။ လောလောဆယ် ကျုပ်စိုးရိမ်ဆုံးက အိုက်ရှားရဲ့ အမြင်ပေါ့။ ခယ်ကျာရဲ့ အစီအစဉ်နဲ့ အမျှော်အမြင်တွေကြောင့် ကျုပ်အကြံပြုချက်တွေကို လက်ခံမှာ မဟုတ်ဘူးဗျ။ ပြီးတော့ ကျုပ်ကလဲ အိုက်ရှားရဲ့ ဝရမ်းပြေးလေ။ ဒါပေမယ့်လဲ အခုချိန်မှာ ကျုပ်ကို ဘယ်သူမှ မှတ်မိမှာ မဟုတ်လောက်ဘူး။

အဲလို တွေးမိလိုက်တော့လဲ မျက်နှာပေါ်က အမာရွတ်တွေကို ပြုံးစိစိနဲ့ ပွတ်ကြည့်မိလိုက်သေးတယ်။ မိုးနတ်မင်းကို အပစ်တင်နေလဲ အပိုပဲလေ။ ဖြစ်ပြီးသားတွေ စားမြုံ့ပြန်နေမယ့်အစား လုပ်စရာရှိတာ လုပ်ရမှာပေါ့။

“ကျန်းကုန်း ကျန်တဲ့သူတွေရော..”

အစ်ကိုကြီး ရှန့်ယွင် ပြန်လာပြီဗျ။

“ဖြတ်လာတုန်းက စွမ်းအားတော်တော် သုံးခဲ့ရတော့ သူတို့တွေ ပြန်ကျင့်နေတုန်းပဲ”

“ဒါကောင်းတယ်။ ကျန်းကုန်း.. ငါမေးပါအုံးမယ်။ ဒီဒဏ်ရာတွေ ဘယ်လိုရလာတာလဲ..”

“ငါကိုက ကြမ္မာဆိုးနဲ့ မွေးလာတယ် ထင်ပါတယ်။ နတ်ဆိုးဧကရာဇ်နဲ့ တိုက်တုန်းက ငါရှုံးသွားတော့ သူ့အမှောင်မှော် စွမ်းအားတွေ ငါ့ခန္ဓာကိုယ်ထဲစိမ့်ဝင်သွားတယ်လေ။ ငါ့အလင်းဒြပ်စင်တွေ အမှောင်မှော်နဲ့ ထိပ်တိုက်တွေ့တော့ ခန္ဓာကိုယ်ဂေဟစနစ် ပျက်သွားနိုင်တာ မင်းသိပြီးလောက်ရောပေါ့။ ငါအသက်ရှင် နေသေးတာကိုက အရမ်းကောင်းနေပါပြီ။ ဒါပေမယ့် ခန္ဓာကိုယ်ကတော့ ဒီလိုပုံစံ ဖြစ်သွားတော့တာပဲ”

ကျုပ်မျက်ဝန်းထဲက စိတ်ပျက်နေတဲ့ အရိပ်အငွေ့တွေ မြင်တော့ ကျုပ်ကြုံခဲ့ရတဲ့ ဒုက္ခတွေကို သူကောင်းကောင်း နားလည်သွားတယ်။ ကျုပ်ပုခုံးကို ပုတ်ပြီး..

“ကောင်းပြီ။ ညီလေး တွေးပူမနေနဲ့။ အစ်ကိုကြီး မင်းအတွက် အကောင်းဆုံး သမားတော် တွေ့အောင် ရှာပေးမယ်။ အခု နတ်ဆိုးမျိးနွယ် ခရီးစဉ်မှာ မင်းကြုံခဲ့ရတာတွေ ပြောပြအုံး”

ရှန့်ယွင်နဲ့ ပတ်သက်ပြီး သူ့စိတ်ထားကောင်းတွေကြောင့် သူ့ကို လုံးဝ ယုံထားတယ်လေ။ အစကနေ အဆုံးထိ ပြန်ပြောပြလိုက်တယ်။ နားထောင်ရင်း နားထောင်ရင်း သူတော်တော် တုန်လှုပ်သွားတယ်။ နတ်ဆိုးမင်းသမီးလေးကို တကယ်ကြီး ခေါ်လာပြီး (၃)နိုင်ငံနဲ့ ညှိနှိုင်းဖို့ ပြင်နေတာကြားတော့ မအောင့်နိုင်တော့ဘဲ ထအော်တော့တယ်ဗျို့။

“အဲ.. ဒါ.. ဘယ်လိုကြီးလဲဟ။ ငါများ အိပ်မက် မက်နေတာလားဟ…

ကျန်းကုန်း.. မင်း သေချာစီစဉ်ထားတယ်ဆိုပေမယ့် စေ့စပ်ညှိနှိုင်းရေး အောင်မြင်ဖို့ မလွယ်ဘူးဆိုတာ မင်းသိမှာပါ။ လူသားတွေရယ် နတ်ဆိုးနဲ့ သားရဲမျိုးနွယ်တွေကြားက အမုန်းတရားက နှစ်ထောင်ချီ နေပြီဆိုတော့ လူလေး နည်းနည်းလောက်နဲ့ ပြောင်းပစ်နိုင်ဖို့ မလွယ်ဘူး။ ဒါပေမယ့် ကမ္ဘာကြီး သင့်မြတ်ဖို့နဲ့ ငြိမ်းချမ်းဖို့အတွက် မင်းဆန္ဒအတိုင်း ငါပံ့ပိုးပေးသွားမယ်။ ဒီအတောအတွင် ငါ့ညီတစ်ကိုတွေ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးနေတော့ ငါလဲ အရမ်းစိတ်ဆင်းရဲနေရတာလေကွာ”

“အစ်ကိုကြီး ရှန့်ယွင် ကျေးဇူးပဲကွာ။ မင်းသာ ကူညီမယ်ဆို ငါဘယ်လောက်ထိ အောင်မြင်ဖို့ ရာနှုန်း တိုးသွားမလဲ မသိတော့ဘူး”

ရှန့်ယွင် မချိပြုံး ပြုံးပြီး..

“အရမ်းကြီးလဲ ဝမ်းသာမနေနဲ့အုံး။ ငါကူညီတာ အရေးမကြီးဘူး။ ရှို့တိစစ်တပ်က ငါ့အဖေလက်ထဲမှာရှိတယ်။ ပြီးတော့ ငါ့အဖေအထက်မှာ အရှင်မင်းကြီးရှိတယ်။ ငါတို့ ပထမဆုံးလုပ်ရမှာက ကျန်တာတွေထက် ငါ့အဖေကို စည်းရုံးဖို့ပဲကွ။ အစောက ဆွေးနွေးပွဲမှာ မင်းတို့တွေ ဘယ်သူလဲဆိုတာ မေးနေကြတယ်။ ငါ သူ့တို့ကို မဟာမိတ်တွေလို့ပဲ အရင်ပြောထားတယ်။ ရပ်တည်ချက်တွေ ဘာညာ ဘာမှ မဖြေခင် အရင်ဆုံး သေချာသိထားဖို့ လိုတယ်လေ။ အခု မင်းမှာ အကြီးဆုံး အားသာချက်က နတ်ဘုရားသခင် အမွေခံ အမှတ်အသားပဲကွ။ (၃)နိုင်ငံလုံးရဲ့ သဘောတူချက် လိုချင်ရင် အဲ့ဒါ ကောင်းကောင်း အထောက်အပံ့ဖြစ်လိမ့်မယ်”

ကျုပ်လဲ ခေါင်းညိတ်ပြီး..

“အဲဒါ ကောင်းကောင်း နားလည်ပါတယ်။ တကယ်ဆို ငါဒီလိုမျိုး ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာလဲ အဆိုးကြီးတော့ မဟုတ်သေးပါဘူး။ အခုဆို ငါ့ကို ဘယ်သူမှ မှတ်မိနိုင်မှာ မဟုတ်တော့ဘူးလေ။ ကျန်တဲ့ (၂)နိုင်ငံ ကလဲ အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေကို မရင်းနှီးဘူး။ လောလောဆယ် အိုက်ရှားရဲ့ ဝရမ်းပြေး ဖြစ်နေပေမယ့် အသာလေး နှိမ့်နှိမ့်ချချ နေမယ်ဆို ငါ့ကို သတိမထားမိလောက်ဘူး။ ဒီကို ရောက်မလာသေးတဲ့ ငါ့ရဲဘော်တွေ ရှိသေးတယ်။ သူတို့တွေလဲ အရင်တုန်းက ရှို့တိကို ပြန်လာတုန်းက ငါနဲ့အတူ မိစ္ဆာတိုက်ပွဲမှာ ပါခဲ့ကြတဲ့ မိတ်ဆွေကောင်းတွေပဲ။ သူတို့ ရောက်လာရင် ငါတို့စကားတွေ ပိုယုံသွားကြလိမ့်မယ်”

============= (*^*)=============

အပိုင်း( ၂၅၇ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters