ဘုရင်ရဲ့ စွမ်းအား
Vol. 18 Ch. 258
Child of light (ကျန်းကုန်း)
Volume 10: Chapter 5 - God’s Power
လွင်ယွင် ကျုပ်ရုပ်ရည်ကို မြင်တော့ မနေနိုင်တော့ဘဲ..
“ညီ(၂) အဲဒါ ဘယ်သူလဲကွ”
ကျန်းဟူ ကျုပ်ပုခုံးပေါ်လက်တင်ပြီး လှည့်ကြည့်ရင်းနဲ့ ပြုံးပြုံးကြီးလုပ်ပြီး..
“အစ်ကိုကြီး ဒါငါရဲ့ သွေးသောက် ညီလေးပေါ့”
လွင်ယွင်ကို နှုတ်ဆက်ချင်ပေမယ့် အေးစက်စက် အလင်းရောင်(၂)ခု ကျုပ်ဆီရောက်လာတာ တွေ့လိုက်ရတယ်။ ကျုပ်လဲ လန့်ပြီး ခန္ဓာကိုယ်ထဲက မှောင်စွမ်းအားတွေက ရွှေရောင် အလင်းဒိုင်းကို အချိန်မှီ ဖန်တီးလိုက်တယ်။ ခေါင်းဆောင် ထိုင်ခုံမှာ ထိုင်နေတဲ့ အဘိုးကြီးဆီကနေ အေးစက်စက် အလင်း(၂)ခု ထွက်လာလို့ ကျုပ်အံ့ဩနေတာလေ။
အဲ့အဘိုးကြီး ထိုင်နေပေမယ့် ရဲရင့်ထက်မြက်မယ့်ပုံက ထင်ရှားလွန်းတယ်။ ရာထူးနဲ့ ညီတဲ့ချပ်ဝတ် ဝတ်ထားတဲ့အပြင် ခါးမှာလဲ ကျောက်စိမ်း ခါးပတ် ပတ်ထားသေးတယ်။ ခေါင်းပေါ်မှာ နီညိုရောင် ရွှေသရဖူတစ်ခု ဆောင်းထားတယ်။ ဘုရင်တစ်ပါးရဲ့ အရှိန်အဝါတွေနဲ့ဗျ။ ကျုပ်ခန္ဓာကိုယ်က ဒိုင်းကို ခံစားမိတော့ သူ့အေးစက်စက် အကြည့် ပြန်ရုတ်လိုက်တာတောင် လန့်လောက်တဲ့ အရှိန်အဝါတွေ ခံစားမိနေရတုန်းပဲ။ ဘုရင် တစ်ယောက်ရဲ့ ပုံစံ ထင်တာပဲ။ သူ့သား (၃)ယောက်ကို ဒီလောက်ထိ ထူးချွန်အောင် လမ်းပြပေးနိုင်တာ အံ့ဩစရာ မရှိတော့ပါဘူး။
“မင်းက အလင်းမှော်သခင် ကျန်းကုန်းဝေဆိုတာလား။ အိုက်ရှားနိုင်ငံရဲ့ ဝရမ်းပြေး မို့လား”
မင်းသားအသံက ပြင်းထန်းလွန်းတယ်ဗျာ။ ငြိမ်နေပေမယ့် အသံထွက်လာတာနဲ့ ဒေါသမပါတာတောင် ထုံးစံအတိုင်း လွှမ်းမိုးနိုင်လွန်းအားကြီးတယ်။
ကျုပ်ပုံစံအမှန်ကို ချက်ချင်း ဖော်နိုင်လိမ့်မယ် ထင်မထားမိဘူး။ မျက်ခုံးတွေကြုံ့နေတဲ့ လွင်ယွင်ကို ကြည့်လိုက်တော့လဲ အကြည့် စူးစူးတွေနဲ့ နှုတ်ဆက်တာပဲ ခံလိုက်ရတယ်။
“အရှင်မင်းသား.. ကျုပ် အိုက်ရှားနိုင်ငံက ကျန်းကုန်းဝေပါ”
ကျန်းဟူက ထပ်ပြီး..
“အဖေ၊ အစ်ကိုကြီး ကျုပ်ညီက ကမ္ဘာ့ အသက်ငယ်ဆုံး မှော်သခင်ကြီးနော်။ သူ့ဆရာကလဲ အိုက်ရှားနိုင်ငံ တော်ဝင် မှော်ပညာအလယ်တန်းကျောင်းရဲ့ ကျောင်းအုပ်ကြီး ဆရာတိပေါ့”
မင်းသား နည်းနည်း စိတ်တိုသွားပြီး..
“မင်းကို မေးနေလို့လား။ မင်းထွက်ပြေးတဲ့ ကိစ္စ စာရင်းမရှင်းရသေးဘူး။ ဒီတော့ ဘေးမှာ ရပ်နေလိုက်အုံး။ ငါ့ခွင့်ပြုချက်မရဘဲ ဝင်မရှုတ်နဲ့..”
ကမ္ဘာကြီးပေါ်မှာ တုနှိုင်းမဲ့တယ်လို့ ထင်ရတဲ့ အစ်ကိုကြီး ကျန်းဟူ၊ အခုတော့ ရှန့်ယွင် ပြောသလို ကလေးလေး တစ်ယောက်လိုပဲ။ လျှာတစ်လစ်ထုတ်ရင်း ဘေးတနေရာ သွားရပ်ပြီး အသာလေး ငြိမ်နေလေရဲ့။
“ကျန်းကုန်းဝေ… ငါ့နိုင်ငံက အစီအရင်ခံစာတွေအရ မင်းအကြောင်း တစ်ချို့တစ်ဝက် သိထားတယ်။ တချိန်ကတော့ မင်းဟာ ကောင်းကင်ဘုံကတောင် မနာလိုရလောက်တဲ့အထိ ပါရမီရှင်တစ်ယောက် ဆိုပေမယ့် မင်းရဲ့ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေကြောင့် မင်းကိုမင်းတောင် စွန့်ပစ်ရလောက်တဲ့အထိ နတ်ဆိုးမျိုးနွယ် မင်းသမီးလေးကို လွှတ်ပေးခဲ့ပြီး ဝရမ်းပြေး ဖြစ်သွားပြီ”
ရှန့်ယွင် မင်းသားလေးရဲ့ စကားလုံး ပြင်းပြင်းတွေ ကြားတော့..
“အဖေ.. ကျန်းကုန်းက အဲလိုလူ မဟုတ်…….”
မင်းသားရဲ့ အေးစက်စက် အကြည့်တစ်ချက်နဲ့အတူ ပြောလက်စ စကားရပ်သွားရတယ်။
ကျုပ်လဲ သက်ပြင်းချပြီးမှ..
“အရှင်မင်းသား စိတ်ဝင်စားမယ်ဆို ကျုပ်က လူသားမျိုးနွယ်ရဲ့ သစ္စာဖေါက် ဟုတ်မဟုတ် ကျုပ်ကြုံခဲ့ရတာတွေ ပြန်ပြောပြချင်ပါတယ်။ ပေါက်တတ်ကရ စကားတွေ မဟုတ်ဘဲ ကျုပ်အသက်ကို လျှပ်စီး(၅)ခုနဲ့ ကျိမ်ဆိုဆို ဆန္ဒရှိပါတယ်”
မင်းသားက အသံတိုးတိုးနဲ့ပဲ..
“ကောင်းပြီလေ။ ငါ့ကို ပြောစမ်းပါအုံး..”
ကျုပ် အသက်ပြင်းပြင်းရှူ၊ ယောက်ယက်ခတ်နေတဲ့ စိတ်တွေ စုစည်းပြီးမှ..
“အစ်ကိုကြီး ကျန်းဟူပြောတာ အမှန်တွေပါ။ ကျုပ်က အိုက်ရှားနိုင်ငံရဲ့ အငယ်ဆုံး မှော်သခင်ကြီးပါ။ ကျုပ် လမ်းတလျှောက်က ချောချောမွေ့မွေ့ပါပဲ။ ငယ်ငယ်ကလေးကတည်းက အခြေခံ အုတ်မြစ်ခိုင်အောင် သွန်သင်ပေးခဲ့တဲ့ ဆရာကောင်းတစ်ယောက်နဲ့ ဆုံခဲ့ရပါတယ်။ ပြီးတော့ တော်ဝင် မှော်ပညာအလယ်တန်းကျောင်းကို အောင်အောင်မြင်မြင်နဲ့ တက်နိုင်ခဲ့ပါတယ်။ ဆရာတိရဲ့ တပည့်ရင်း ဖြစ်ခဲ့ပါတယ်။ အဲ့အဘိုးကြီးရဲ့ စေ့စေ့စပ်စပ် လမ်းပြသွန်သင်မှုအောက်မှာ ကျုပ်မှော်ပညာတွေ တိုးတက်လာခဲ့ရတာပါ။ ပြီးတော့ တော်ဝင် မှော်ပညာ အထက်တန်းကျောင်းကို မရောက်ခင်ပဲ မှော်သခင်ကြီး အဆင့်နယ်ပယ်ကို စရောက်ခဲ့ပါတယ်။ အိုက်ရှားမှာ ကျုပ်ရှေ့ရေးအတွက် အနာဂါတ်ကောင်းတစ်ခု ကျုပ်ကိုယ်တိုင်ပဲ တည်ဆောက်နိုင်လိုက်ပါတယ်။ ရိုးရိုးသားသား ပြောရရင် အိုက်ရှားနိုင်ငံရဲ့ စီရင်ချက်တွေက အားလုံး တိကျမှန်ကန်ပါတယ်။ ကျုပ် နတ်ဆိုးမျိုးနွယ် မင်းသမီးလေးကို တကယ် ချစ်မိသွားလို့ သူ့ကို အကျဉ်းထောင်ထဲကနေ ကယ်ထုတ်ပေးနိုင်လိုက်တယ်။ ဒါပေမယ့် ကျုပ်ပန်းတိုင်ကို ကျုပ် စွန့်လွှတ်ခဲ့တာတော့ မဟုတ်ပါဘူး။ ဒီလိုလုပ်ဖို့လဲ ကျုပ်မှာ အကြောင်းပြချက် ရှိတယ်လေ။ ကိုယ်တကယ်ချစ်ရတဲ့ မိန်းမအတွက် သူ့ကို ကယ်ဖို့ဆိုရင် ဘယ်လောက်ကောင်းတဲ့ ဘဝကြီးကိုပဲဖြစ်ဖြစ် စွန့်လွှတ်နိုင်ယုံတင် မကဘူးဆိုတာ အရှင်မင်းသား နားလည်မှာပါ။ အဲ့လောက်နဲ့တင်ဆို အရှင်မင်းသားရှေ့ ကျုပ်ရောက်လာမှာ မဟုတ်ပါဘူး”
မင်းသား ခေါင်းညိတ်ပြီး ဆက်ပြောဖို့ မေးငေါ့ပြတယ်။
ကျန်းဟူနဲ့ သူ့ ညီအစ်ကိုတွေလဲ ကျုပ်ပြောတာ နားထောင်နေကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် အမူအရာတော့ မတူဘူးပေါ့ဗျာ။ လွင်ယွင်က စပ်စုချင်တဲ့ ပုံစံနဲ့၊ ရှန့်ယွင်က တည်ငြိမ်နေပြီ ကျန်းဟူကတော့ အာရုံစူးစိုက်ထားတာ တွေ့လိုက်ရတယ်။
ကျုပ်လဲ လည်ချောင်း ရှင်းထုတ်လိုက်ပြီးမှ..
“အစကတော့ အစ်ကိုကြီး ကျန်းဟူနဲ့ ရှို့တိနိုင်ငံမှာ တစ်ယောက်နဲ့တစ်ယောက် စတွေ့ခဲ့ကြတယ်။ အချင်းချင်း မတိုက်ခိုက်ဘဲ မိတ်ဆွေ မဖြစ်နိုင်ဘူး ပြောရမလိုပဲ။ ဆရာတိရဲ့ အမိန့်အရ ရှို့တိကို လာခဲ့ရတာ။ ရှို့တိကို အတွေ့အကြုံတွေထဲက သင်ခန်းစာယူယုံကလွဲရင် ကျုပ်ရဲ့ ပထမဆုံး ရောက်ဖူးတာဆိုလဲ ဟုတ်တယ်။ ခင်ဗျား နိုင်ငံထဲက တော်ဝင် သူရဲကောင်း ကျောင်းတော်က ဆရာဝမ် ကိုတော့ သိလောက်မှာပါ။ ကျုပ် သူ့တပည့်အနေနဲ့ တစ်နှစ်ခွဲ လောက်ပညာသင်ခဲ့ရပါတယ်”
မင်းသားက..
“ရှန်ယွင်ဆီက ငါကြားတယ်။ သူတို့အဖွဲ့ကို မင်းအနိုင်ယူလိုက်တယ်တဲ့”
ကျုပ် ခေါင်းကုတ်ပြီး..
“ဟို… ကျုပ် ကံကောင်းသွားတာပါ………..”
မင်းသားအသံ ပြောင်းသွားပြီးတော့..
“တိုက်ပွဲမှာ ကံကောင်းတာမရှိဘူး။ အသေအရှင် တိုက်ပွဲတစ်ခုမှာ အနိုင်အရှုံးဆိုတာ အချိန်ခနလေးနဲ့ ဆုံးဖြတ်ပေးနိုင်တယ်။ သူရှုံးတာက ရှုံးတာပဲ။ မင်း ငါ့ကို မြှောက်ပင့် ပေးစရာမလိုဘူး။ မင်းအကြောင်း ဆက်စမ်းပါအုံး။ အခုထိ အဓိက အကြောင်းအရာကို မရောက်သေးဘူး”
ကျုပ်လဲ မျက်နှာ နည်းနည်းရဲသွားပြီးမှ..
“ဟုတ်ကဲ့.. ရှို့တိကိုရောက်တော့ ပညာတိုးဖို့နဲ့ စွမ်းရည်တိုးဖို့အတွက် စစ်သည်တော် လေ့ကျင့်မှု ပြီးမြောက်ဖို့ပါ။ ဒါပေမယ့် ရည်ရွယ်ချက်က အဲ့တစ်ခုတည်း မဟုတ်ပါဘူး။ တကယ့်ရည်ရွယ်ချက်က သန့်ရှင်းသောဓားကို ရှာပြီး အရယူနိုင်ဖို့ပါ”
ဒီစကား ကြားတော့ လွင်ယွင် ရင်မောသွားတဲ့ပုံပဲ။ ဒီကိစ္စသူ သိမထားတာ သေချာပေမယ့် မင်းသား အမူအရာ မပြောင်းဘူးဆိုတော့ သိပြီးသားဆိုတာ သေချာတယ်။
“ဒါ့ကြောင့် တလူနိုင်ငံထဲမှာ သန့်ရှင်းသောဓား နေရာကို ရှာဖို့ အစ်ကိုကြီး ကျန်းဟူနဲ့ ရှို့တိက သူငယ်ချင်းတစ်ချို့ကိုလဲ ဖိတ်ခေါ်သွားလိုက်တယ်။ နှစ်ထောင်နဲ့ချီကြာတာတောင် ပေါ်မလာသေးတဲ့ အဲ့ဒီ မြင့်မြတ်လက်နက်ကို ကျုပ်တို့ ရှာတွေ့တယ်ဆိုတာ ကံကောင်းလို့လား ကံကြမ္မာသတ်မှတ်ချက်လားတော့ မသိတော့ဘူး။ အဲ့တုန်းက နတ်ဘုရား စိတ်ဆန္ဒနဲ့ တွေ့လိုက်ရတယ်။ ကမ္ဘာကြီးမှာ အကြပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်ရမယ်လိ့ နတ်ဘုရားဘုရင် ကျုပ်တို့ကို ပြောခဲ့တယ်။ ပြီးတော့ ကျုပ်တို့ တစ်ယောက်ချင်းကို နတ်ဘုရားလက်နက် တစ်ခုစီပေးပြီး မိစ္ဆာဘုရင်ရဲ့ ကိုယ်ပွားကို သုတ်သင်ဖို့ တာဝန်ပေးခဲ့တယ်။ အဲလိုမှ မလုပ်နိုင်ရင် မျိုးနွယ်ပေါင်းစုံ ချေမှုန်းခံလိုက်ရလိမ့်မယ်။ အစ်ကိုကြီး ကျန်းဟူ ဒီကိစ္စတွေအကုန်လုံး ပြောပြီးလောက်ပါပြီ”
“အရင်က သူပြောခဲ့ဖူးပေမယ့် မင်းစကားတွေက မယုံနိုင်စရာ ဖြစ်နေသေးတယ်။ ဒီလိုမျိုး မှော်ဆန်တဲ့ ချပ်ဝတ်လေး ပြနိုင်ယုံနဲ့တော့ မင်းကို ဘယ်လိုလုပ် ယုံကြည်နိုင်ရမှာလဲ။ ဒီကိစ္စကသာ အမှန်တကယ်ဆို ငါတို့ဆုံးဖြတ်ချက်တွေကို တော်တော်ကြီး သက်ရောက်မှုရှိလိမ့်မယ်ဆိုတာ မင်းသိထားသင့်တယ်”
ကျုပ် ရင်ဘတ်ရှေ့မှာ လက်တွေယှက်ထားပြီး ရင်ဘတ်ထဲကနေ ငွေဖြူရောင် ဓားသေးသေးလေး ပေါ်လာအောင် ဖန်တီးလိုက်တယ်။ သန့်ရှင်းသော ဓားရဲ့ အရောင်အဝါတွေနဲ့ ကျောက်အခန်းလေး တစ်ခုလုံးကို ဖုံးလွှမ်းတဲ့အထိပဲ။ လွင်ယွင် မင်းသားရှေ့ကနေ ကာကွယ်ဖို့ အမြန်လှုပ်ရှားလိုက်တာ တွေ့လိုက်ရတယ်။ လက်ရှိ ကျုပ်ပုံစံကြောင့် ကျုပ်ကို မယုံနိုင်သေးဘူးဆိုတာ အသိသာကြီးဗျ။
ကျုပ်ခန္ဓာကိုယ်ထဲက မှော်စွမ်းအားနဲ့ တိုက်ပွဲစိတ်ဝိညာဉ်တွေ သန့်ရှင်းသောဓားဆီကို အဆက်မပြတ်သွားနေတာ ခံစားရပြီး စွမ်းအားတွေ ပေါင်းစပ်သွားတော့ သန့်ရှင်းသောဓားကို ဆက်ထိန်းထားဖို့ရာ ကျုပ်မှာ တော်တော် အားစိုက်နေရပြီ။
============= (*^*)=============
အပိုင်း( ၂၅၉ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား