← Chapters

မင်းသားကို စည်းရုံးခြင်း

Vol. 18 Ch. 259

မင်းသားကို စည်းရုံးခြင်း

Vol. 18 Ch. 259

Child of light (ကျန်းကုန်း)

Volume 10: Chapter 6 - Persuading the Prince

လေထဲမှာ နည်းနည်း လှည့်ပတ်ပြီးမှ သန့်ရှင်းသောဓားကို ကျုပ်ခန္ဓာကိုယ်ထဲ ပြန်သိမ်းလိုက်တယ်။

“သန့်ရှင်းသောဓားရဲ့ မြင့်မြတ်တဲ့ စွမ်းအားတွေကိုတော့ အတုလုပ်လို့မရနိုင်ဘူးလေ။ ကျုပ်တို့ကို ယုံကြည်နိုင်ပြီလား”

မင်းသား မျက်မှောင်ကြုတ်ပြိး..

“မင်း လက်ရှိစွမ်းအားနဲ့ မိစ္ဆာဘုရင်ကို အနိုင်ယူနိုင်မလား”

“ဒါပေါ့၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ သန့်ရှင်းသောဓားရဲ့ အစွမ်းကို (၁)ရာခိုင်နှုန်းလေးတောင် ထုတ်မသုံးနိုင်သေးဘူး။ ကျေးဇူးပြုပြီး ရှင်းပြပါရစေ။ နတ်ဘုရားဘုရင်ရဲ့ အသိအမှတ်ပြုမှု ခံပြီး အမွေခံ ဖြစ်လာပြီးတော့ အိုက်ရှားကို ပြန်ဖို့အတွက် အစ်ကိုကြီး ကျန်းဟူနဲ့ ကျန်တဲ့သူတွေနဲ့ လမ်းခွဲခဲ့လိုက်တယ်။ သန့်ရှင်းသောဓားကို ပိုပိုပြီး ထိန်းချုပ်နိုင်ဖို့အတွက် ကျုပ်ကျင့်ကြံဆင့်တွေ တိုးမြှင့်ဖို့လိုတယ်။ တစ်ရက်ကျတော့ ရုတ်တရက် ဘုရင်ခယ်ကျာကို လုပ်ကြံမှုတစ်ခု ပေါ်လာလို့ တော်ဝင်နန်းတော်က အချက်ပေးချက်ရလိုက်တယ်။ တော်ဝင်မှော်ပညာ အထက်တန်းကျောင်းက ဆရာတွေနဲ့အတူ နန်းတော်ထဲကို အပြေးအလွှား သွားလိုက်ကြတယ်။ ဆရာကျန်း အကူအညီနဲ့ တားမြစ်မန္တန်ကို အောင်အောင်မြင်မြင်သုံးလိုက်နိုင်တယ်။ လုပ်ကြံတဲ့သူ (၂)ယောက်ပဲ လွတ်သွားတယ်။ အဲ့ နတ်ဆိုးမျိုးနွယ်ဝင်တွေ ဆိုတာ ကျုပ်သိလိုက်ရတယ်။ ပြီးတော့ ကျန်နေတဲ့ နတ်ဆိုးမျိုးနွယ်ဝင် (၂)ယောက်ထဲက တစ်ယောက်က တော်ဝင်မှော်ပညာ အထက်တန်းကျောင်း တော်မှာ ကျုပ်အရမ်းချစ်ရတဲ့ ကျောင်းသူတစ်ယောက်လဲဖြစ်၊ အိုက်ရှားနိုင်ငံရဲ့ အလိုရှိစာရင်းမှာ ဖော်ပြထားတဲ့ နတ်ဆိုးမျိုးနွယ် မင်းသမီးဆိုလဲ ဟုတ်တယ်”

မင်းသား ကျုပ်ကို ဆက်မပြောဖို့ လက်ပြတားရင်း..

“မင်း တားမြစ်မန္တန်သုံးတယ်လို့ ပြောလိုက်တာလား”

လက်ရှိအနေအထားအရ နတ်ဘုရားအမွေရထားတော့ ကျုပ်စွမ်းအားတွေကို သက်သေပြဖို့ လိုအပ်နေတာဆိုတော့ ကျုပ်လဲ တအားသိုသိပ်နေလို့ မရတော့ဘူး။ အဲလိုမှလဲ မင်းသားကို စည်းရုံးနိုင်မှာဆိုတော့ ကျုပ်လုပ်မှ ဖြစ်တော့မယ်လေ။ ကျုပ်ခေါင်းညိတ်ပြီး..

“ဟုတ်တယ်။ အမှန်ပဲ။ ဒါပေမယ့် ဆရာကျန်းရဲ့ အကူအညီနဲ့ ပေါင်းစပ် မှော်စွမ်းအားနဲ့ ကျုပ်ခန္ဓာကိုယ်ထဲက သန့်ရှင်းသောဓားရဲ့ စွမ်းအားတွေနဲ့ တားမြစ်မန္တန်ကို အောင်အောင်မြင်မြင်နဲ့ သုံးနိုင်လိုက်တာ”

“မင်းအကြောင်း ဆက်ပြော”

“မူကျီ နောက်ကြောင်း ကျုပ်သိလိုက်တဲ့အချိန် ကျုပ်တော်တော် စိတ်ညစ်သွားတာ။ အချိန်ကြာမှ ကျုပ်စိတ်တွေ ငြိမ်သွားပေမယ့် သူ့ကို ကယ်ချင်နေတုန်းပဲ။ ကျုပ်အနာဂါတ် ထိခိုက်ပျက်စီးမှာ သိပေမယ့် ကျုပ်မရရအောင် လုပ်လိုက်တယ်။ အဲ့ဒီအတွက်လဲ အကြောင်းပြချက်(၂)ချက် ရှိတယ်။ ပထမဆုံး ကျုပ်အနေနဲ့ နတ်ဆိုးမင်းသမီးလေးကို အိုက်ရှားနိုင်ငံထဲမှာ ကွပ်မျက်ခွင့် ပေးလိုက်ရင် မင်းသမီးက နတ်ဆိုးဧကရာဇ်ရဲ့ ဆက်ခံသူဆိုတော့ ရိုက်ချက် တော်တော် ပြင်းသွားမှာ သေချာတယ်။ ဆက်ခံသူသာ သေသွားမယ်ဆိုရင် နတ်ဆိုးမျိုးနွယ်က ပြင်းပြင်းထန်ထန် တုန့်ပြန်လာမှာ သေချာတယ်ဆိုတာ ဘယ်လိုတွေးတွေး သိနိုင်တာပဲ။ ကျုပ်တို့ကို နတ်ဘုရား ဘုရင် တာဝန်ပေးထားတဲ့ မိစ္ဆာဘုရင်ဆိုတာ အားလုံးရဲ့ ရန်သူအစစ် ဖြစ်သင့်မှတော့ နတ်ဆိုးမျိုးနွယ်ကိုတော့ ကျုပ်တို့ဘက် ကျူးကျော်ဖို့ အခွင့်အရေး မပေးသင့်ဘူးလို့ ထင်တယ်။ ဒီတော့လဲ နတ်ဘုရားဘုရင် ပေးခဲ့တဲ့ တာဝန်ကျေပွန်နိုင်တဲ့ အခွင့်အရေး တိုးလာအောင် ကျုပ်အနာဂါတ်ကို စွန့်လွှတ်ပြီး မင်းသမီးလေးကို ကယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကျုပ်နှလုံးသားက သူ့ကို တကယ်ချစ်မိသွားလို့ ကျုပ်ကိုယ်ပိုင် ခံစားချက်တွေ ပါတာလဲ ငြင်းလို့မရနိုင်တဲ့ အချက်ပဲပေါ့”

ဖြေရှင်းချက်မှာ မူကျီအပေါ် ကိုယ်ပိုင်ခံစားချက် အလေးထား ပြောလိုက်တယ်။ မူကျီကို ကယ်လိုက်တယ်ဆိုတာ ကိုယ်ပိုင်ခံစားချက် (၉၅)ရာခိုင်နှုန်း ဆိုတာ ကျုပ်သိတာပေါ့။ နတ်ဘုရားဘုရင်ရဲ့ အမိန့်နဲ့ တခြားကိစ္စတွေနဲ့ ပတ်သက်လို့ ကျုပ်မှာ အတွေးအခေါ် ကောင်းတာတော့ နောက်ထပ် အကြောင်းအရင်း တစ်ခုလေ။

မင်းသားလဲ ကျုပ်ရဲ့ ရိုးသားမှုကို တော်တော်လေး သဘောကျသွားပြီး..

“မင်း ဒီကိုလာဖို့ ဘာကြောင့် စီစဉ်ရတာလဲ။ မင်းပြောခဲ့သမျှထဲမှာ ဒီက နတ်ဆိုးတွေနဲ့ သားရဲမဟာမိတ်တပ်ဖွဲ့ကို တိုက်ခိုက်ဖို့ရာ ငါ့အတွက် အကူအညီမဖြစ်သေးဘူး”

အဲ့လူကြီး ဉာဏ်ရည်မြင့်လွန်းတော့ စကားတွေ အများကြီး ပြောစရာမလိုဘူးဗျ။ ကျန်းဟူကို ကြည့်ပြီးမှ…

“အိုက်ရှားက ထွက်ပြေးလာပြီး မိစ္ဆာမျိုးနွယ်ကို တိုက်ခိုက်နေရတဲ့ အသေအရှင် တိုက်ပွဲကြီးတစ်ခုမှာ အစ်ကိုကြီး ကျန်းဟူနဲ့ ပြန်ဆုံလိုက်ရတယ်။ မိတ်ဆွေတွေ ကျုပ်တို့ကို ကူညီလို့သာမဟုတ်ရင် အဲ့ဒီ မိစ္ဆာ သားရဲတွေကို ကျုပ်တို့ ချေမှုန်းနိုင်မှာ မဟုတ်ဘူး။ တိုက်ပွဲပြီးတော့မှ နတ်ဆိုးမျိုးနွယ်ကို စည်းရုံးပြီး မိစ္ဆာမျိုးနွယ်ကို ပြန်တိုက်ချင်လို့ နတ်ဆိုးဧကရာဇ်နဲ့ ညှိနှိုင်းဖို့အတွက် နတ်ဆိုးမျိုးနွယ်ကို သွားဖို့ ဆုံးဖြတ်လိုက်တယ်”

လွင်ယွင် မနေနိုင်တော့ဘဲ..

“နတ်ဆိုး ဧကရာဇ်နဲ့ ညှိနှိုင်းဖို့လား။ မင်းစိတ်ပျက်လာရတယ်မို့လား။ ငါတို့လူသားတွေ နတ်ဆိုးမျိုးနွယ်နဲ့ ဘယ်လိုလုပ် ညှိနှိုင်းလို့ရမှာလဲ”

ကျုပ် အပြုံးနဲ့ပဲ..

“အစ်ကိုကြီး လွင်ယွင်.. မင်းစိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်။ အန္တရာယ်ကြီးပေမယ့် ငါတို့ အောင်မြင် ခဲ့တယ်ဆိုတာ သက်သေပြနိုင်ခဲ့တယ်လေ”

ကျုပ်စကားဆုံးတော့ လွင်ယွင်နဲ့ မင်းသားလေး ထအော်တော့တာပဲ။ မင်းသား အိန္ဒြေပျက်တာ ဒါပထမဆုံးပဲဗျ။ မင်းသား စိုးရိမ်တကြီးနဲ့..

“မင်းဘာပြောတယ်။ မင်းတကယ်ပဲ နတ်ဆိုးဧကရာဇ်ကို စည်းရုံးနိုင်လိုက်တာလား”

ကျန်းဟူက..

“အမှန်ပဲ အဖေ။ ငါတို့ကို နတ်ဆိုးဧကရာဇ် ယုံအောင် လုပ်နိုင်လိုက်တယ်။ ဒါပေမယ့် ကျန်းကုန်းကတော့ နတ်ဆိုးဧကရာဇ်ကို စည်းရုံးနိုင်ဖို့အတွက် ကြီးကြီးမားမား ပေးဆပ်လိုက်ရတယ်။ ဒါ သူ့မူလ ပုံစံလို့ ထင်နေလား။ ကျန်းကုန်း အရင်က တော်တော် ချောတာ။ နတ်ဆိုးဧကရာဇ်နဲ့ တိုက်ခိုက်ပြီး အမှောင်မှော်စွမ်းအားတွေ သူ့ခန္ဓာကိုယ်ထဲ ဝင်သွားလို့ အခုပုံစံပြောင်းသွားတာ။ သူ့ဘေးနားမှာ တချိန်လုံးရှိနေတဲ့ ကျုပ်တို့တွေပဲ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးအတွက် သူ့လုပ်ဆောင်မှုတွေ သေချာသိနေတာ”

မင်းသား ကျုပ်ကို လှိုက်လှိုက်လှဲလှဲနဲ့..

“ဘာတွေ ဆက်ဖြစ်လဲ ပြောစမ်းပါအုံး”

အဲ့တော့မှ နတ်ဆိုးမျိုးနွယ် နယ်မြေထဲမှာ ဖြစ်ပျက်ခဲ့တာတွေ ပြောပြလိုက်တယ်။ အမျှော်လင့်ဘဲ စေ့စပ်ညှိနှိုင်းဖို့အတွက် နတ်ဆိုး မင်းသမီးလေးကို ခေါ်လာတယ်ဆိုတာ ကြားလိုက်တော့ မင်းသား အရမ်းအံ့ဩသွားတယ်။ နောက်ပိုင်းကျမှ မင်းသား ဒီလောက်ထိ ထိန်းမနိုင်သိမ်းမရဖြစ်ဖူးတာ ဒါပထမဆုံးပဲလို့ ပြောဖူးတယ်ဗျ။

မင်းသားက..

“မင်း တော်တော်ကို ရဲရဲရင့်ရင့် လုပ်လိုက်တာပဲ။ နတ်ဆိုးဧကရာဇ်ကို ဖိအားပေးဖို့ မင်းသမီးလေးကို ဖမ်းသွားမှာ မင်းမကြောက်ဘူးလား”

အဲ့တော့မှ ကျုပ်လဲ လန့်သွားပြီး ကျုပ်မျက်လုံးထဲကနေ အလင်းတန်းတစ်ခု ရုတ်တရက် ထွက်လာပြီး လေးလေးနက်နက်နဲ့..

“လူသားနိုင်ငံ(၃)ခုကသာ အဲလိုလုပ်မယ်ဆိုရင် ကျုပ်အလောင်းကို ကျော်သွားမှ ရလိမ့်မယ်”

ကျုပ်လေသံက အေးစက်လွန်းတော့ ကျောက်တုံး အခန်းလေးထဲမှာတောင် အပူချိန်တွေ သိသိသာသာ ကျဆင်းသွားပါလေရော။ ကျန်းဟူတောင် မနေနိုင်ဘဲ တုန်လှုပ်သွားတဲ့အထိ အောင်ပဲ။

မင်းသားက..

“ဒီနတ်ဆိုးတွေအတွက်တော့ လူသားမျိုးနွယ်ကို မင်းမဆန့်ကျင်လောက်ဘူးမို့လား..”

ကျုပ် အေးစက်စက်နဲ့ ထအော်လိုက်တယ်..

“ခင်ဗျား ကျုပ်ကို တွန်းအားပေးတာလား။ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးကသာ ကျုပ်တို့အတွက် အကောင်းဆုံး အဖြေဆိုတာ သူတို့တွေ မသိနိုင်လောက်အောင်ကို လူသားမျိုးနွယ်တွေ ဉာဏ်နည်းနေကြလို့များလား။ ကျုပ်တို့ လူသားတွေ ဂုဏ်သိက္ခာမဲ့နေရင် ဘယ်လိုလုပ် လူသားတွေလို့ သတ်မှတ်နိုင်တော့မှာလဲ။ မူကျီကို ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာပါမယ်လို့ နတ်ဆိုးဧကရာဇ်နဲ့ သဘောတူထားတာမို့ ကျုပ်ကတိတည်ရမှာပဲ။ ကျုပ် လက်ရှိစွမ်းအားနဲ့ လူသားမျိုးနွယ်ကိုသာ တိုက်ခိုက်မယ်ဆိုရင် ခင်ဗျားတို့ လူသားမျိုးနွယ် ဆုံးရှုံးမှုက မသေးမှာတော့ သေချာတယ်”

ကျုပ်စကားကြားတော့ မင်းသား ဒေါသတကြီးနဲ့ ကြည့်တော့ ကျုပ်လဲ သည်းမခံနိုင်တော့ဘဲ ပြန်ပြီး စိုက်ကြည့်နေလိုက်တယ်။ လေထုထဲမှာ သတ်ဖြတ်စိတ်တွေ ပြည့်လာတော့ ကျန်းဟူနဲ့ သူ့အစ်ကိုတွေတောင် ကြားဖြတ်ဝင်ဖို့ မဖြစ်နိုင်တော့ဘူး။

“သတင်းပို့ပါတယ်…”

တိတ်ဆိတ်နေတဲ့ အခန်းမှာ အသံတစ်သံ ထွက်လာတယ်။

မင်းသား သူ့အကြည့်တွေ ပြန်ရုတ်ပြီး လေးလေးနက်နက်နဲ့..

“ဝင်လာခဲ့…”

စစ်သူကြီးတစ်ယောက် အပြေးအလွှားဝင်လာတယ်။

“အရှင်မင်းသား.. အမည်မသိ သတ္တဝါတစ်ကောင် ကောင်းကင်မှာ ရုတ်တရက်ပေါ်လာပြီး လျှပ်စီးခံတပ်ဘက်ကို လာတာ ရှိပါတယ်။ ကောင်းကင်ပြိုကျ တောင်ပေါ်က ဆင်းလာတဲ့ပုံပါ။ ကျန်တဲ့ (၂)နိုင်ငံ အဲ့ကိစ္စဆွေးနွေးဖို့ စစ်ဗျူဟာ ဌာနမှာစုံဖို့ တောင်းဆိုထားပါတယ်”

မင်းသား ကျုပ်ကို စိုက်ကြည့်ပြီး သူသွားတော့မယ့်အချိန်မှာပဲ ကျုပ်ထပြီး..

“အရှင်မင်းသား ခနစောင့်ပါအုံး…”

မင်းသား ခြေလှမ်းရပ်လိုက်ပြီး..

“မင်း ဘာလုပ်ချင်လို့လဲ…”

ကျုပ် စစ်သူကြီးကို..

“အဲ့ အမည်မသိ သတ္တဝါ အခုဘယ်မှာလဲ။ ခန့်မှန်းခြေအနေနဲ့ ဘယ်လို ပုံသဏ္ဍာန်ရှိလဲ”

============= (*^*)=============

အပိုင်း( ၂၆၀ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters