← Chapters

ရှောင်ကျင်း ပြန်လာပြီ

Vol. 18 Ch. 260

ရှောင်ကျင်း ပြန်လာပြီ

Vol. 18 Ch. 260

Child of light (ကျန်းကုန်း)

Volume 10: Chapter 7 - Xiao Jin Returns

စစ်သူကြီး မင်းသားကိုကြည့်ပြီး အံ့ဩသွားတဲ့ပုံပဲ။ မင်းသား ကျုပ်မေးခွန်းကို ဖြေဖို့ အချက်ပြလိုက်တော့မှ..

“မီတာ ဆယ်ချီရှည်တဲ့ ဧရာမ သတ္တဝါကြီးပါ။ ဒဏ္ဍာရီလာ နဂါးနဲ့တူပြီး လျှပ်စီးခံတပ်ကို မိုးထားတယ်။ အရှင် သွမ့်ယုရှီး ကတော့ မှော်သလင်းအမြှောက် (၁၀)လုံးနဲ့ ပစ်မှတ်ကို ချိန်ထားဖို့ အမိန့်ပေးထားတယ်။ မသင်္ကာစရာ လှုပ်ရှားမှု တစ်ခုခုဆိုရင် ချက်ချင်း ပစ်လိမ့်မယ်”

ကျုပ်လဲ မင်းသားကို..

“ကျေးဇူးပြုပြီး တစ်ခုလောက် လုပ်ပေးလို့ရမလား။ အဲ့ဒီ ကောင်းကင်မှာ ပျံနေတဲ့ သတ္တဝါက ကျုပ်မိတ်ဆွေ လက်သည်း(၅)ခု ရွှေနဂါးပါ”

တကယ်ဆို သွမ့်ယုရှီး ရှောင်ကျင်းကို မြင်ဖူးပေမယ့် ရှောင်ကျင်းရဲ့ လက်ရှိပုံစံက သူ့နဂိုက ပုံစံထက် အများကြီး ပိုကြီးနေတော့ မမှတ်မိတာ အံ့ဩစရာတော့မဟုတ်ပါဘူး။ သူ့အရွယ်အစား အဲ့လောက် ကြီးမယ်လို့ ဘယ်သူက စိတ်ကူးမိမှာတုန်းလို့။

ကျန်းဟူကလဲ အံ့ဩပြီး..

“အာ… ရှောင်ကျင်း ပြန်လာတာလား..”

ရှောင်ကျင်းသတင်း ကြားလိုက်ရတာနဲ့ ကျုပ်လဲ စိတ်လှုပ်ရှားပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ …

“ဒါ သူပဲ ဖြစ်မှာပဲလေ”

မင်းသား အံ့ဩသွားပြီး..

“မင်းမှာလဲ နဂါးရှိတယ်လား..”

ကျုပ် ခေါင်းညိတ်ပြပြီး..

“သူက ကျုပ်မှော်သားရဲလို့ သတ်မှတ်လို့ရတယ်။ ကျေးဇူးပြုပြီး ကူညီပေးနိုင်မလား”

မင်းသား ခေါင်းညိတ်ပြီး..

“ငါ ကြိုးစားပေးမယ်။ ငါတို့တွေ နတ်ဆိုးမျိုးနွယ်ကို တိုက်ခိုက်ဖို့ ရှန့်ယွင်ရဲ့ နဂါးမျိုးနွယ် မိတ်ဆွေလို့ ပြောရမှာပေါ့”

ကျုပ်လဲ တစ်ခုတွေးမိတော့…

“အဲ့ကောင်ကြီးက နဂါး၊ မှော်သားရဲတစ်ကောင် လို့ပြောလိုက်တာ ပိုကောင်းမယ်ထင်တယ်။ အစောင့်တပ်တွေ သူ့ကို မတိုက်အောင် တားဖို့ပဲ လိုတာလေ။ ပြီးတော့ မင်းသားအတွ် သူ့မျိုးနွယ်တွေကို ခေါ်ဖို့လဲ နည်းလမ်းရှိသေးတယ်။ စောစောက ဆွေးနွေးတာတွေနဲ့ ပတ်သက်ပြီး ကျုပ်မိတ်ဆွေကိစ္စရှင်းပြီးမှ ဆက်ပြောကြတာပေါ့။ အဲလိုဆိုရင်ရော မင်းသားအနေနဲ့ ဘယ်လိုမြင်လဲ”

မင်းသာက..

“တကယ်ဆို မင်းအစောက ပြောခဲ့တာတွေ အရမ်းမှန်တယ်။ ဒီမှာ စီမံစရာတွေ စီမံပြီးရင် အရှင်မင်းကြီးကို တင်ပြဖို့ ချက်ချင်းပြန်မယ်”ေကျန်းဟူ အံ့ဩပြီး ချက်ချင်းပဲ..

“အဖေ.. ခုနက ကျုပ်တို့ကို ကူညီမယ်လို့ ပြောလိုက်တာလား”

မင်းသား ပြုံးစိစိနဲ့..

“ဘယ်လိုမှ မဟုတ်ဘူး။ ကျန်းကုန်းက ငါ့ကို ယုံတယ်။ ပြီးတော့ ငါ့သားက နတ်ဘုရားအမွေခံတွေထဲက တစ်ယောက်။ ကျန်တဲ့ အမွေခံတွေကလဲ ငါတို့ ရှို့တိကပဲ။ ဒီလိုကိစ္စ ဂုဏ်ယူရမှာလေ။ ရှန့်ယွင်ကလဲ သူနဲ့ မတိုက်ခိုက်ချင်ဘူးလို့ ပြောဖူးတော့ မင်းတို့နှစ်ယောက် သူ့ဘက်ပါမှတော့ ငါမတွေးလို့ရမလားကွ။ အရှင်မင်းကြီးတော့ ငါ့အမြင်ကို သုံးသပ်မယ်လို့ ယုံတယ်ကွာ..”

ကျုပ်လဲ မင်းသားကို လေးလေးနက်နက် အရိုအသေပေးပြီး..

“ကျေးဇူးတင်ပါတယ်.. ဦးလေး..”

မင်းသား ပြုံးပြုံးကြီးနဲ့..

“ဦးလေးတဲ့လား။ မင်းအဲ့လိုခေါ်တာ သဘောကျသဟေ့။ ကျန်းကုန်း မင်းတော်တော် ထူးချွန်တာပဲကွ။ မင်းလုပ်ချင်သမျှ လုပ်နိုင်အောင် ငါကူညီဖို့ ကြိုးစားပေးမယ်။ ထားတော့။ မင်း မိတ်ဆွေ နဂါးနဲ့ တွေ့လို့ရအောင် ငါကူညီလိုက်မယ်။ လွင်ယွင် မင်းငါနဲ့လိုက်ခဲ့။ ဟို(၂)နိုင်ငံနဲ့ ဆွေးနွေးဝိုင်းအတွက် လွင်ယွင်ကို သွားအကြောင်းကြား ခိုင်းလိုက်မယ်။ ကျန်းကုန်း မြေပြင်ကို တိုက်ခိုက်မှုတွေ မလုပ်အောင် မင်းကောင်ကြီးကို လှမ်းအသိပေးထားသင့်တယ်။ တော်ကြာ အခြေအနေတွေ ဖြေရှင်းဖို့ ခက်လိမ့်မယ်။ မင်းတို့တွေ မင်းသားခြံဝန်း ထဲ ပြန်သွားသင့်တယ်။ ရှန့်ယွင် သူတို့ကို ဂရုစိုက်လိုက်”

“ဟုတ်ကဲ့ အဖေ..”

“အာ… ကျန်းဟူ၊ မင်းကြပ်ကြပ်သတိထား။ မင်းအတွက်ပဲ စိုးရိမ်နေရတာ”

ကျန်းဟူ မသမာပြုံး ပြုံးရင်း..

“စိတ်ပူမနေနဲ့ အဘိုးကြီး။ ဒီတစ်ကြိမ်တော့ မောင်းထုတ်ရင်တောင် ထွက်မသွားတော့ဘူး”

မင်းသား အသာခေါင်းရမ်းရင်း လွင်ယွင်ကို ခေါ်ပြီး ထွက်သွားကြတယ်။ မင်းသား ခေါင်းငြိမ့်ပြပြီးမှ ရှန့်ယွင်၊ ကျန်းဟူတို့နဲ့အတူ ခြံဝန်းကို ပြန်လာခဲ့တော့မှ ကျုပ်စိတ်တွေ တော်တော်လေး ပေါ့သွားတော့တယ်။

......*****…..

မင်းသားခြံဝန်း အဝရောက်ယုံရှိသေး လှမ်းကြည့်လိုက်တာနဲ့တင် အထဲကနေ ပျော်ရွှင် ရယ်မော တသောသော သံတွေ ကြားလိုက်ရတယ်။

ရှန့်ယွင် အနားရှိတဲ့ အစောင့်ကို..

“ဘာတွေ ဖြစ်နေတာလဲ..”

အစောင့်က တလေးတစားနဲ့..

“အစောက လူနည်းနည်းရောက်လာပြီး မင်းတို့ မိတ်ဆွေတွေလို့ ပြောကြတယ်။ မင်း ခေါ်ခဲ့တဲ့ သူတွေကလဲ သိနေတဲ့ ပုံပဲ။ အဲဒါကြောင့် သူတို့ကို ဝင်ခွင့်ပေးလိုက်တာ။ အားလုံး ဧည့်ခန်းထဲမှာပါ”

ရှန့်ယွင် ကျုပ်ကိုကြည့်ပြီး နားလည်သွားတယ်။

“ရှို့စစ်နဲ့ ကျန်တဲ့သူတွေ ရောက်လာကြပြီထင်တယ်။ ဝင်ကြရအောင်..”

ထင်ထားသလိုပါပဲဗျာ အခန်းတံခါးဖွင့်လိုက်တာနဲ့ ရှို့စစ်ကို တမ်းတွေ့လိုက်ရတယ်။

“အစ်ကိုကြီး ရှို့စစ် နောက်ဆုံးတော့ မင်း ရောက်လာပြီပေါ့”

ရှို့စစ် ကျုပ်ကို လှည့်ကြည့်ပြီး ခန္ဓာကိုယ် တောင့်တင်းသွားတယ်။ ရုတ်တရက် ကျုပ်ဆီ ခုန်ဝင်လာပြီး ကျုပ်ပုခုံးပေါ် သူ့လက်တွေနဲ့ တင်းတင်းကြပ်ကြပ် ကိုင်ရင်း…

“ကျန်းကုန်း မင်းတော်တော် ဒုက္ခရောက်သွားတာပဲ။ အားလုံးက ဖြစ်ပျက်ခဲ့တာတွေ ပြောပြကြတယ်ကွ”

ရှို့စစ်အကြည့်တွေ အရင်ကနဲ့ မတူတော့ဘူး၊ တော်တော်ကို ပြတ်သားလာတယ်။ သူ့ပုံစံကြည့်လိုက်တာနဲ့တင် သိုင်းစွမ်းအားတွေ သိသိသာသာ တိုးလာတဲ့ပုံပဲ။ တစ်ချက် ကြည့်တာနဲ့တင် တမ်းသိလိုက်ရတယ်။

ကျုပ်လဲ သက်ပြင်းချပြီး..

“ပြီးခဲ့ပါပြီလေ။ ဟုတ်သားပဲ ရှင်းအောင်းနဲ့ ကောင်းသဲတို့ရော..”

“ကျန်းကုန်း ငါတို့ ဒီမှာကွ..”

ရှို့စစ်နောက်မှာ ဧယာမ ခန္ဓာကိုယ်ကြီး နှစ်ခုပေါ်လာတယ်။ ရှို့စစ်ကို ခံစားရတာနဲ့ မတူဘူးဗျ။ သူတို့မှာ လွှမ်းမိုး ချယ်လှယ်တဲ့ အရှိန်အဝါတွေ မရှိတော့ဘူး။ တကယ်က ဘာမှန်းမသိတဲ့ ခံစားချက်တွေ ပေါ်နေတာ။ ပြီးခဲ့တဲ့ လတွေမှာ ဒီကောင်တွေ ကောင်းကောင်း မကျင့်ခဲ့ကြဘူးလား မသိပါဘူး။

ကျန်းဟူ အပြုံးနဲ့..

“မင်းကောင်တွေ တော်တော်ထူးခြားတာပဲ။ မင်းတို့ တိုးတက်လာတာ ကောင်းတယ်ကွ”

ရှိုူ့စစ်က…

“ဒါတွေအားလုံး အကြီးအကဲ (၅)ယောက် အနီးကပ် လမ်းပြခဲ့လို့ပါကွာ။ ငါ့တို့ သိုင်းစွမ်းအား တော်တော် တိုးတက်လာတယ်ကွ။ ကျန်းကုန်း .. မင်းအဖိုးတန် နဂါးကြီး ကောင်းကင်မှာ ရှိနေတုန်းပဲနော်။ ဘယ်လို ဖြေရှင်းမလဲ..”

“သူ မင်းတို့နဲ့ ဘာလို့ အတူလာတာလဲ။ ရှောင်ကျင်း အရှိန်နဲ့ဆို မင်းတို့ထက် ပိုမြန်မှာပါ..”

ရှို့စစ်က ပြုံးပြီး..

“မင်း ပြောရဲသေးတယ်နော်။ အဲ့ကောင် ငါ့လူတွေကို တော်တော် ဒုက္ခပေးခဲ့တာကွ။ သူရောက်တဲ့ နေ့က ငါတို့တွေ လေ့ကျင့်နေတာ။ ကင်းလှည့်နေတဲ့ ညီအစ်ကိုတွေ သူ့ကို မသိတော့ မိစ္ဆာမျိုးနွယ်က လာတယ်ထင်ပြီး ရှောင်ကျင်းကို တိုက်ကြတယ်လေ။ ရှောင်ကျင်း စွမ်းအားတွေ ဘယ်လောက် ရက်စက်တယ်ဆိုတာ မင်းလဲသိတာပဲ။ ဒီကောင် လူမသတ်ပေမယ့် ညီအစ်ကို(၁၀၀)လောက် ဒဏ်ရာရသွားတယ်ကွ။ အဘိုးကြီး (၅)ယောက် ပေါင်းပြီး အနိုင်ယူလိုက်ရတယ်။ အရင်က မြင်ဖူးပေမယ့် သူ့ပုံစံက သိသိသာသာ ပြောင်းသွားတော့ မမှတ်မိလိုက်ဘူးလေ။ တော်သေးတာပေါ့ကွာ ငါ့ကို စိတ်နဲ့ လှမ်းအကြောင်းကြားလို့ဟေ့။ အဲ့ကျမှ နားလည်မှုလွဲတာတွေ ရှင်းသွားတော့တယ်။ သူ စာပေးပြီး ပြန်ချင်ပေမယ့် လျှပ်စီးခံတပ်ကို ရောက်ရင် အဲ့လို ထပ်ဖြစ်မယ် ထင်လိုက်တယ်လေ။ အဲ့ကောင်ကြီး စိတ်မပါပေမယ့် အဘိုးကြီး(၅)ယောက် သူ့ကို နှိပ်ကွပ်ထားလို့ တော်သေးတယ်။ အဲဒါကြောင့် နည်းနည်း စိတ်လျော့သွားတာ။ ဒီလိုမှာမဟုတ်ရင် လျှပ်စီးခံတပ်ကို ပြောင်းပြန် လှန်ပစ်လိမ့်မယ်ဟ”

ကျုပ်လဲ ရှက်ပြုံး ပြုံးရင်း..

“ငါ့အမှားတွေပါကွာ။ သူ့ကို ကောင်းကောင်း ဆုံးမမထားမိခဲ့ဘူး။ အစ်ကိုကြီး ရှို့စစ် မင်းတွေးမိလိုက်တယ်ပေါ့။ ရှောင်ကျင်း အဆင်ပြေအောင် တစ်ယောက်ကို ငါအကူအညီတောင်းထားတယ်။ လျှပ်စီးခံတပ်က သူနဲ့ မတိုက်တော့ဘူးဆိုတာနဲ့ သူ့မျိုးနွယ်တွေ ခေါ်ခိုင်းလိုက်မယ်”

ရှို့စစ် ခေါင်းညိတ်ပြီး..

“မင်း နတ်ဆိုးမျိုးနွယ်ကို သွားတဲ့ ခရီးမှာ တော်တော် ဒုက္ခရောက်ခဲ့တာပဲ။ (၃)နိုင်ငံ ညှိနှိုင်းဖို့ကရော ဘယ့်နှယ့်လဲ”

“တော်တော်ခက်မှာ။ ဒါပေမယ့် တပ်မှူးတစ်ယောက်ဖြစ်တဲ့ ရှို့တိက မင်းသားနဲ့ ညှိနှိုင်းပြီးပြီ။ သူက အစ်ကိုကြီး ကျန်းဟူရဲ့ အဖေလေ။ အဲ့အဘိုးကြီး ငါတို့ကို ကူညီပြီး ရှို့တိ ဘုရင်ကို တင်ပြပေးမယ်တဲ့။ အစ်ကိုကြီး ရှို့စစ်၊ ဒီတစ်ကြိမ် ညီအစ်ကိုတွေ ဘယ်နှယောက်လောက် ခေါ်လာခဲ့လိုက်လဲ”

ရှို့စစ် ကျုပ်ကို ထောင့်တနေရာထိ ဆွဲခေါ်သွားပြီး လျှို့ဝှက်အပြုံးတစ်ခုနဲ့..

“ငါနဲ့ (၅၀၀)ကျော် ခေါ်လာတယ်။ အားလုံးက ထိပ်တန်းတွေကြီးပဲ…”

============= (*^*)=============

အပိုင်း( ၂၆၁ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters