စွမ်းအား ကြီးမားလာခြင်း
Vol. 18 Ch. 261
Child of light (ကျန်းကုန်း)
Volume 10: Chapter 8 - Large Increase in Power
ကျုပ် သူ့ကိုကြည့်ရင်း အံ့ဩသွားတယ်။
“မင်း.. မင်းနဲ့အတူ လူတွေအများကြီးကို တခါတည်း ခေါ်လာတာလား။ ဒါဆို ငါတို့ အင်အားရဲ့ ထက်ဝက် မဟုတ်ဘူးလား”
ရှို့စစ် ခေါင်းယမ်းရင်း..
“မင်း မှားသွားပြီ။ ငါတို့ လူတွေက အခု (၁၀၀၀)မဟုတ်တော့ဘူး။ (၃၀၀၀)ဖြစ်သွားပြီ”
“ငါတို့မှာ လူအင်အား တိုးသွားတာပေါ့”
ရှို့စစ် သက်ပြင်းချရင်း..
“ဒါတွေအားလုံး အဘိုးကြီး(၅)ယောက် ကြောင့်ကွ။ ငါတို့ရဲ့ အထိုင်စခန်းကို နတ်ဘုရား ကျေးရွာကနေ အားကောင်းမောင်းသန် (၁၀၀၀) ထပ်ခေါ်ထားတယ်။ အရည်အချင်းရှိတဲ့ ဘေးပတ်ဝန်းကျင်က ရွာသူရွာသားတွေလဲ ထပ်ခေါ်လိုက်တော့ (၃၀၀၀)လောက် ဖြစ်သွားပြီ။ ငါနဲ့အတူ ပါလာတဲ့သူတွေက နတ်ဘုရား ကျေးရွာက ထိပ်တန်းတွေကြီးပဲ။ နတ်ဆိုးနဲ့ သားရဲမျိုးနွယ် မဟာမိတ်တွေကြား ညှိနှိုင်းမှုက တော်တော် အရေးကြီးတယ်။ မိစ္ဆာဘုရင်ကို မတိုက်နိုင်ခင် မျိုးနွယ်တွေကြားက ပဋိပက္ခတွေ အရင်ရှင်းပစ်မှရမယ်လေ။ ဒါကြောင့်မို့ အများကြီး ခေါ်လာတာ။ အဘိုးကြိး(၅)ယောက်ကတော့ အောက်ခြေက လူတွေထိအောင်ကို ဆက်လေ့ကျင့်ပေးနေတယ်။ ငါတို့ အခြေစိုက်စခန်းလဲ စနစ်တကျ ဖွဲ့စည်းမှုတွေ လုပ်ပြီးသွားပြီ။ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတာဆိုတော့ အခုဆို ရဲတိုက်ငယ်လေးနဲ့တောင် တူနေပြီ။ မင်းစခန်းပြန်ရောက်ရင် မှတ်တောင် မှတ်မိမှာ မဟုတ်တော့ဘူး”
ရှို့စစ် စကားတွေကြားတော့ မိစ္ဆာဘုရင်နဲ့ တိုက်ဖို့အတွက် ယုံကြည်မှုတွေ ပိုရလာတယ်ဗျ။
ဆက်ပြီး ရှို့စစ်က…
“လက်ရှိ ငါတို့ စွမ်းအားနဲ့ဆို လျှပ်စီးခံတပ်ကို တိုက်ဖို့ မခက်လောက်ဘူး။ (၃)နိုင်ငံနဲ့ ညှိနှိုင်းပြီး သဘောတူချက် လိုချင်တယ်ဆိုရင် ငါတို့တွေ အင်အားပြနိုင်မှရမယ်။ စာထဲမှာ မင်းရေးထားတာတွေ တော်တော် ပြည့်စုံတယ်။ ငါတို့က နတ်ဘုရားအမွေခံသူတွေဆိုတဲ့ အထောက်အထားကို သုံးဖို့လိုလိမ့်မယ်။ ငါတို့တွေ အမှန်တကယ် နတ်ဘုရားဘုရင်ရဲ့ အမွေခံတွေဆိုတာ သူတို့တွေ နားလည်အောင် ငါတို့ စွမ်းအားတွေကို လူသိရှင်ကြား ချပြရလိမ့်မယ်။ ပြီးတော့မှ ငါတို့တွေ အပြန်အလှန်အနေနဲ့ စစ်မှန်တဲ့ အောင်မြင်မှုတွေ ပုံမှန်အတိုင်း ရလာမှာလေ”
“ငါတို့အဖွဲ့ကို ညွှန်ကြားဖို့အတွက် မင်းကိုပဲ ဒုက္ခပေးရလိမ့်မယ်။ ပညာရော အမျှော်အမြင်ရောကြီးတဲ့ အစ်ကိုကြီး ရှို့စစ်နဲ့ဆို ညီလေး လုပ်ရမယ့် အလုပ်တွေကို ကျေကျေနပ်နပ်ကြိး လက်ခံပြီး လိုက်နာမယ်”
ရှို့စစ် ကျုပ်ကို ရွံတဲ့အမူအရာမျိုးနဲ့ ခေါင်းခေါက်ပြီး..
“ချေးထုပ်။ မင်းက ခေါင်းရှောင်ဖို့ ကြိုးစားနေတာလား။ မမေ့နဲ့နော်။ မင်းက ငါ့တို့အဖွဲ့ရဲ့ ခေါင်းဆောင်နော်။ မင်းတာဝန်တွေ ငါ့ခေါင်းပေါ် လာတင်ဖို့တော့ မကြိုးစားနဲ့နော်။ တော်တော်များများမှာ မင်းကောင်းကျိုးအတွက် အကြံပေးတစ်ယောက် ဖြစ်နိုင်ပေမယ့် အသေးစိတ်အချက်အလက်တွေ ငါတို့ကို လမ်းညွှန်ဖို့အတွက် ငါတို့အဖွဲ့ရဲ့ ထက်မြက်တဲ့ ခေါင်းဆောင်အဖြစ် ငါတို့အားလုံး မင်းကို လိုအပ်သေးတယ်။ ဟွင်း ဟွင်း…”
ဒီကောင် ကျုပ်ကို မြှောက်နေပြီ။ ကျုပ်လဲ နှုတ်ခမ်းရွဲ့ ပြုံးပြီး..
“မင်းဒီလောက် ကောက်ကျစ်ဖို့ မလိုပါဘူးကွာ။ မင်း ငါတို့ကို လမ်းပြလဲ အတူတူပဲကို..”
ရှို့စစ် အဆက်မပြတ် ခေါင်းခါရင်း…
“တွေးတောင် မတွေးလိုက်နဲ့။ အမှန်အတိုင်း ပြောရရင် ငါတို့တွေ လွတ်လပ်မှုကို ကြိုက်လို့နော်၊ အာဏာလိုချင် ကြလို့မဟုတ်ဘူးနော်။ အရေးကြီးတဲ့ ကိစ္စတွေရှင်းပြီးတဲ့အချိန် ငါတို့ အသက်ရှင်နေသေးရင် ကမ္ဘာကြီးကို ပတ်ကြမယ်။ သူတို့ရဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေကို ကြုံတွေ့ခံစားနိုင်ဖို့အတွက် နတ်ဆိုးနဲ့ သားရဲ မျိုးနွယ်တွေကို သွားကြည့်ချင်သေးတယ်”
ရှို့စစ်အတွေးတွေက ကျုပ်နဲ့ အတူတူပဲ။
“ကောင်းလိုက်တာကွာ။ ငါလဲ အဲ့လိုပဲ တွေးနေတာ။ အဲဒါ ဆုံးဖြတ်ချက် ချထားလိုက်မယ်။ ဒါပေမယ့် မင်းတာဝန်တော့ မစွန့်လိုက်ပါနဲ့ကွာ။ အဲလိုနဲ့ပဲ ငါတို့တွေ ကြိုးစားသွားရလိမ့်မယ်”
“ငါ့မှာ တာဝန်တွေ ဘေးဖယ်ထားလို့ ရနိုင်မလား။ လုပ်ရမှာပဲမို့လား။ ငါ့မှာ ရွေးချယ်ဖို့ အခွင့်အရေး ရှိသေးလို့လား”
ကျုပ်ပြောလိုက်တော့ နှစ်ယောက်သား ရယ်မောလိုက်ကြတော့တယ်။
ကောင်းသဲနဲ့ ရှင်းအောင်း ကျုပ်တို့ဆီ လျှောက်လာပြီး..
“ဘာပျော်စရာတွေများ ပြောနေကြတာလဲ။ ကျန်းကုန်း အဲ့ကောင်မလေးက နတ်ဆိုးမင်းသမီးလေးလား။ သူ သိပ်လှတဲ့ပုံမပေါ်ပေမယ့် မင်းဝရမ်းပြေး ဖြစ်သွားတာလား”
ရှို့စစ် ကောင်းသဲကို စိုက်ကြည့်ပြီး..
“တော်တော့ အနာကို တုတ်နဲ့ သွားမစွနဲ့..”
ကျုပ်ကပဲ…
“သူက မူကျီပဲ။ နတ်ဆိုးရဲ့ မင်းသမီးပဲ။ သူ့လက်ရှိပုံစံက သူ့မူလပုံစံ မဟုတ်ဘူး။ သူ့ပုံစံကို ပြောင်းထားတယ်။ ငါတို့ကြားက ဆက်ဆံရေးက ပြီးသွားပြီ။ အခုငါ့လို သရဲ တစ္ဆေရုပ်နဲ့ လူ မင်းတို့ တွေ့ဖူးလား”
ရှင်းအောင်း ရုတ်တရက် ဟားတိုက်ရယ်လိုက်တယ်။
ရှင်းအောင်း ရီနေတာ မြင်လိုက်ရတော့ ရှို့စစ် မျက်မှောင်ကြုတ်ပြီး..
“မင်း ဘာကို ရယ်နေတာတုန်း။ အခုလက်ရှိ ကျန်းကုန်း ဘယ်လောက်တောင် ခံစားနေရလဲဆိုတာ မင်းသိရဲ့လား..”
ရှင်းအောင်း ပြုံးရင်းနဲ့..
“မင်းတို့ ကောင်တွေကွာ မြင့်မြတ် သမားတော်ကြီး ဘေးနားထားပြီး အတွေးတိမ်နေကြလို့ ရယ်တာဟ။ အလကား စိတ်ရှုတ်နေတယ်။ ကောင်းကင် နတ်ဘုရား ဦးချိုက သူ့အမာရွတ်တွေကို မကုနိုင်လို့လား”
ရှို့စစ်နဲ့ ကျုပ် ပြိုင်တူ စိုက်ကြည့်လိုက်မိကြတယ်။ ဒီလောက် တုံးလွန်းတဲ့ ရှင်းအောင်း ကျုပ်ကို ဘဝသစ် တစ်ခု ထပ်ပေးလိုက်တာပဲ။
မျှော်လင့်ချက်အပြည့်နဲ့ ရှို့စစ်ကို ကြည့်လိုက်မိတယ်။ ကျုပ်နှလုံးသားတွေလဲ တဒိတ်ဒိတ် ခုန်နေပြီလေ။ ကျုပ်အမာရွတ်တွေကိုသာ ကုပေးနိုင်ရင် မူကျီနဲ့ ပြန်ပေါင်း ထုပ်လို့ရနိုင်သေးတယ်။ အဲဒါကြီးက ကျုပ်အပေါ် ဆွဲဆောင် နိုင်လွန်းတယ်လေ။
ရှို့စစ် ခေါင်းညိတ်ပြီး..
“ဘာ အနှောက်အယှက်မှ မရှိရင် အလုပ်ဖြစ်လောက်တယ်”
ကျုပ် ဝမ်းသာအားရနဲ့ ခုန်ဖက်လိုက်မိတယ်။
“ငါတို့ ဘာကို စောင့်နေတာတုန်း။ အမြန် စလိုက်ရအောင်လေ”
အဲ့အချိန် ခြံဝန်းအပြင်ကနေ လူတစ်ယောက် ပြေးဝင်လာတယ်။ လွင်ယွင် လေဗျာ။ ကျုပ်ဆီရောက်လာပြီး..
“ညီလေ ကျန်းကုန်း မင်း နဂါး ခံတပ်ကလူတွေ စိတ်ပူစရာ မလုပ်ဖို့ ထိန်းအုံးကွ။ အဖေ (၂)နိုင်ငံနဲ့ ပြေလည်သွားပြီ”
ကျုပ်လဲ ယဉ်ယဉ်ကျေးကျေးနဲ့..
“အစ်ကိုကြီး လွင်ယွင်… ကျေးဇူးတင်ပါတယ်…”
လွင်ယွင် အပြုံးနဲ့..
“ဘာတွေ ကျေးဇူးတင်နေတာတုန်း။ မင်းက ငါ့ညီရဲ့ ညီဆိုမှတော့ ငါ့ညီပဲလေ..”
ခြံဝန်းအလယ်မှာ ရပ်ပြီး စုက္ကရေးကို မြှောက်၊ ရှောင်ကျင်းကို စိတ်နဲ့ လှမ်းဆက်သွယ်လိုက်တယ်။ ရွှေရောင် အလင်းတန်းတွေ ကျုပ်ကို ဗဟိုပြုပြီး ဝန်းရံလာတယ်။ လွင်ယွင် ခြောက်ခြားတဲ့ ပုံစံနဲ့..
“မှော်ပညာက တော်တော်ဆန်းကျယ်တာပဲ..”
ဒီတစ်ကြိမ်မှာ ကျုပ်တို့တွေ နီးနေတာဆိုတော့ ရှောင်ကျင်း ပြန်ဆက်သွယ်လာတာကို ခပ်မြန်မြန်ပဲ ခံစားလိုက်ရတယ်။ ကြည်လင်လွန်းတဲ့ နဂါးဟိန်းသံ ကောင်းကင်ကနေ ကြားလိုက်ရတယ်။ အပြာရောင် ကောင်းကင်ကြီးပေါ့်မျာ ရွှေရောင် အလင်းတွေ ထွက်နေတဲ့ ရွှေရောင် နေလုံးလေးတစ်ခု ပေါ်လာတယ်။
“ရှောင်ကျင်း…”
ကျုပ် အမြင်အာရုံထဲမှာ ရှောင်ကျင်း ပုံစံ တဖြည်းဖြည်း ပြည့်လာတယ်။ ဒီကောင် အောက်ဆင်းလာနေတာ သိသာတယ်။ မင်းသား ခြံဝန်းကို မြင်တော့ ရှောင်ကျင်း သူ့အတောင်တွေဖြန့်ပြီး အရှိန်ထိန်းဖို့ လုပ်လိုက်တယ်။ မြေပြင်ကို ဆင်းဖို့ အရှိန်ထိန်းနေတယ်ဆိုတာ ကျုပ်အရင်ကတည်းက ကြုံဖူးထားတယ်လေ။ ကျန်တဲ့သူတွေလဲ သူ့အရှိန်ကို မြင်တော့ ဘေးကို ရှောင်ထွက်သွားကြတယ်။ ကျုပ်ကိုယ်တိုင်လဲ အဆောက်အအုံထဲ ပြေးဝင်ပြီး ဆင်းဖို့ နေရာ အလုံအလောက်ပေးလိုက်တယ်။
ခက်တာက ဆင်းလာတဲ့ အရှိန် အရမ်းမြန်လွန်းနေတယ်။ အတောင်တွေနဲ့ အရှိန်လျှော့ပေမယ့် အရှိန်မထိန်းနိုင် သေးဘူး။ ရှောင်ကျင်း မြေပေါ်ကို အပြင်းအထန် ကျသွားတယ်။
“အုန်း………”
ကျုပ်လဲ စိတ်လှုပ်ရှားတကြိးနဲ့ ပြေးသွားရင်း..
“ရှောင်ကျင်း….”
ရှောင်ကျင်း သူ့အတောင်တွေ (၂)ခါလောက် ယမ်းပြီးမှ မြောင်းကြီးထဲကနေ ထွက်လာတယ်။ သူ့အတောင်ပေါ်က မြေသားတွေ၊ သဲတွေ ကျုပ်ပေါ် ပြန့်ကျဲသွားတာပေါ့။ မြောင်းထဲကနေ တလှုပ်လှုပ်နဲ့ ထွက်လာပြီး လက်သည်းကြီးတွေနဲ့ ခေါင်းကုန်နေလေရဲ့။ ပြုတ်ကျလိုက်တာ ခေါင်းမူးသွားတဲ့ပုံပဲ။
“ရှောင်ကျင်း မင်းအဆင်ပြေရဲ့လား….”
ကျုပ်အသံကြားမှ ရှောင်ကျင်း ခေါင်းပြန်တည့်သွားတယ်။ သူလဲ စိတ်လှုပ်ရှား တကြီးနဲ့…
“သခင်…”
သူ့ အတောင်ကြီး နှစ်ဖက် သုံးပြီး ချက်ချင်း ကျုပ်ကို အုပ်ဖက်ထားလိုက်တယ်။ ရုတ်တရက် အင်အားကြီး တစ်ခုဝင်စောင့်တာဆိုတော့ ကျုပ်တောင် အသက်မရှူနိုင်တော့ဘူး။ သူထုတ်ထားတဲ့ ဖိအားအရှိန်ကြောင့် ကျုပ်တစ်ကိုယ်လုံးက အရိုးတွေ အကြိတ်ခံလိုက်ရသလိုပဲ။ ဖိအားဒဏ်တွေ ခံနိုင်အောင် တိုက်ပွဲစိတ်ဝိညာဉ် ချက်ချင်း ထုတ်လိုက်ရတယ်။ ရှောင်ကျင်း တစ်ခုခု မူမမှန်တာတွေ့မှ ကျုပ်ကို အလျင်စလို လွှတ်ပေးတော့တယ်။
============= (*^*)=============
အပိုင်း( ၂၆၂ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား