အိပ်မက် ကုသခြင်း
Vol. 18 Ch. 262
Child of light (ကျန်းကုန်း)
Volume 10: Chapter 9 - Healing Dream
ကျုပ်လဲ မြေပေါ်ထိုင်ချပြီး အသက်ပြင်းပြင်း ရှူရင်း အသံတိုးတိုးနဲ့..
“အင်း ငါ့ကို သတ်ဖို့ လုပ်နေတာလားကွာ…”
ရှောင်ကျင်း ရှက်ပြီး..
“တောင်းပန်ပါတယ် သခင်။ စိတ်လှုပ်ရှားလွန်းလို့ ခွန်အား ကောင်းကောင်း မထိန်းနိုင်လိုက်ဘူး။ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့တော့..”
“ဟုတ်ပြီ. ဟုတ်ပြီ။ ငါမင်းကို ခွင့်လွှတ်တယ်။ နောက်တခါကျရင်သာ သတိထား။ မင်းလုပ်တာ ငါ့အရိုးတွေ မခံနိုင်ဘူးကွ။ မင်းစာသွားပို့တော့ အစ်ကိုကြီး ရှို့စစ်လူတွေကို ဒုက္ခပေးခဲ့သေးလား”
ရှောင်ကျင်း ခေါင်းတရမ်းရမ်း လုပ်ရင်းမှ..
“သူတို့ စတိုက်တာ။ ငါပြန်မတိုက်ပါဘူး။ အတောင်ပံတွေနဲ့ ကစားယုံ ကစားလိုက်တာ”
ရှို့စစ် ပြုံးရင်းနဲ့..
“ကျန်းကုန်း သူ့ကို အပြစ်တင်မနေနဲ့တော့။ အဲဒါတွေက နားလည်မှု လွဲယုံ သက်သက်ပဲ”
ရှောင်ကျင်း ပုတ်သင်ညိုလေးလို ခေါင်း တဆတ်ဆတ် ညိတ်ပြရင်း..
“ဟုတ်တယ်။ ဟုတ်တယ်။ အဲဒါ နားလည်မှု လွဲတာ။ အစ်ကိုကြီး ရှို့စစ် အရမ်းတော်တယ်။ အာ.. မဟုတ်သေးပါဘူး။ သခင်လဲ အရမ်းတော်တယ်”
ရှောင်ကျင်း ပုံစံက ချစ်စရာကောင်းလွန်းနေတော့ ကျုပ်တို့လူအုပ်ကြီး ဝိုင်းရယ်လိုက်မိကြတယ်။
လွင်ယွင် ရှောင်ကျင်းရှေ့ လျှောက်သွားပြီး လက်ညှိုးညွှန်ရင်း..
“အဲဒါ နဂါးလား။ အရမ်းလှလိုက်တာ..”
ရှောင်ကျင်း သူ့ရင်ဘတ်ကို ခပ်ဖွဖွ ပုတ်ပြရင်း..
“သေချာတာတော့ ငါက ကမ္ဘာပေါ်မှာ အလှဆုံး နဂါးပဲ”
ရှို့စစ်က..
“တော်လောက်ပြီ။ ကြွားမနေနဲ့တော့။ ကျန်းကုန်း မင်းဒဏ်ရာတွေ ခပ်စောစော ကုသင့်တယ်။ ပျောက်ဖို့ အခွင့်အရေး ပိုများတာပေါ့ကွာ”
ရှောင်ကျင်း ရောက်လာကတည်းက မူကျီလဲ ထွက်လာတယ်။ ရှို့စစ် ကျုပ်ဒဏ်ရာတွေ ကုပေးမယ်ဆိုတာ ကြားတော့ ချစ်စရာ ခန္ဓာကိုယ်က ကျုပ်ဘက် ရောက်လာပြီး ကျုပ်လက်တစ်ဖက်ကို ဖက်ထားရင်း စိတ်လှုပ်ရှားတကြီးနဲ့..
“ကျန်းကုန်း နင့်အမာရွတ်တွေ ကုတော့မှာလား။ အရမ်းကောင်းတယ်။ အရမ်းကောင်းတယ်”
“နင် ငါ့အမာရွတ်တွေကို တကယ် သတိမထားမိလို့ လား။ ပျောက်အောင်ကုဖို့ အာမခံချက်မရှိဘူး။ မင်းသမီး ကျေးဇူးပြုပြီး မင်းအမူအရာတွေ ဂရုစိုက်သင့်တယ်”
မူကျီ ကျုပ်လက် ပြန်လွှတ်ပေးပြီး စို့စို့နစ်နစ်နဲ့..
“ကျန်းကုန်း ငါအဲ့လိုပြောတာ မဟုတ်ဘူးဆိုတာ နင်……”
ကျုပ် မူကျီဆက်မပြောအောင် လက်ကာပြပြီး သက်ပြင်းချလိုက်ရတယ်။
“ငါကုပြီးမှ ဒီကိစ္စ ဆက်ပြောရအောင်။ ဒီအမာရွတ်တွေ ပျောက်ပါစေလို့ ဆုတောင်းပါတယ်”
မူကျီ လေးလေးနက်နက် ခေါင်းညိတ်ပြီး ပြတ်ပြတ်သားသားနဲ့..
“ဒါ သေချာပေါက် အဆင်ပြေမှာပါ။ အစ်ကိုကြီး ရှို့စစ် ကုန်းကုန်းကို နင့်လက်ထဲ အပ်လိုက်မယ်”
ရှို့စစ် ပြုံးရင်း..
“မင်းသမီး မပူပါနဲ့။ ငါ အကောင်းဆုံး လုပ်မှာပါ”
ရှို့စစ်နဲ့ ကျုပ် အခန်းထဲ ဝင်သွားလိုက်တယ်။
အစ်ကိုကြီး ကျန်းဟူက..
“ညီနောင်တို့။ ကျန်းကုန်း ဆေးကုနေတုန်း ဝိုင်းပြီး ကာကွယ်ထားကြစို့”
“အင်း…”
တုန်းရီ၊ ရှန့်ယွင်နဲ့ ကျန်တဲ့သူတွေ ခေါင်းညိတ်ပြီး အိမ်ကို ဝိုင်းထားလိုက်တယ်။
ရှို့စစ်နဲ့ ကျုပ် ကုတင်ပေါ်မှာ မျက်နှာချင်းဆိုင် ထိုင်လိုက်တယ်။ ရှို့စစ်က…
“ကျန်းကုန်း မင်းအဝတ်တွေ ချွတ်လိုက်”
ကျုပ် အဝတ်အစားတွေ ချွတ်ရင်း တုန်နေမိတယ်။ တကယ်ကို တုန်းနေမိတာပဲ။ ရှို့စစ် ကျုပ်ခန္ဓာကိုယ်က အမာရွတ်တွေနဲ့ ပြည့်နေတာမြင်ပြီး အေးစက်စက် အသက်ရှင်သံတွေ မထိန်းနိုင်တော့ဘူး။ မျက်လုံးထဲမှာ မျက်ရည်တွေ လည်လာပြီး..
“ညီလေး။ မင်းဒီလောက်တောင် ဒဏ်ရာတွေ ပြင်ထန်သွာတာပဲ။ အာ.. ဒီအစ်ကိုကြီး မင်းကို ရအောင်ကုပေးမယ်။ နည်းနည်းတော့ နာလိမ့်မယ်နော်…”
“အစ်ကိုကြီး ရှို့စစ် လုပ်လိုက်ကြစို့…”
“မင်းမှော်စွမ်းအားတွေ ခန္ဓာကိုယ်ထဲမှာ သေချာ ထိန်းထားလိုက်။ ငါ့စွမ်းအားတွေနဲ့ မထိစေနဲ့။ မင်းကိုယ်ကို သက်တောင့် သက်သာ ပုံစံနေထားလိုက်။ ကဲ.. ငါစပြီ…”
ဖြူစင် တောက်ပလွန်းတဲ့ လရောင်ဦးချိုလေး ရှို့စစ်လက်ထဲမှာ ပေါ်လာတယ်။ ရှို့စစ်အသံကြားတော နည်းနည်း တုန်သွားတဲ့ ပုံစံနဲ့ အသံသဲ့သဲ့ ထုတ်ပေးနေတယ်။
“ဝမ်…. ဝမ်….. “
အဲ့အသံတွေ ကျုပ် ဦးနှောက်ထဲထိ ဝင်ရိုက်တော့တာဗျို့။
ရှို့စစ်ရှေ့မှာ ရပ်တန့်နေတဲ့ အလင်းရောင်တွေကို ကောင်းကင်နတ်ဘုရား ဦးချိုကနေ ထပ်ဆင့် ထုတ်လွှတ်ပေးလိုက်တယ်။ ရှို့စစ်ကတော့ စွမ်းအားတွေ ထိန်းချုပ်ဖို့ပဲ အာရုံစိုက်နေရတော့ မျက်လုံးတွေ မှိတ်ထားတယ်။ ဦးချိုက ထုတ်လွှတ်တဲ့ အဖြူရောင် အလင်းတန်းတွေ ကျုပ်ခန္ဓာကိုယ်ထဲကို ဖြည်းဖြည်းချင်း လွှမ်းခြုံလာတယ်။ ကျုပ်တော့ ဘာအဆင်မပြေမှု တစ်ခုမှ မခံစားရမိဘူး။ ကွဲအက်အက် အသံတစ်သံ ကျုပ်နားထဲ ရစ်ဝဲနေတယ်။ အသံက တခါတလေ စူးရှတယ်၊ တခါတလေ နုညံ့တယ်၊ တခါတလေ တည်ငြိမ်တယ်၊ တခါတလေ စိတ်လှုပ်ရှားနေတယ်။ ကျုပ်ခံစားချက်တွေလဲ တေးသွားလိုမျိုး ပြောင်းသွားတယ်။
ရှို့စစ်က..
“မင်း ပတ်ပတ်လည်က အသံတွေ နားထောင်နေတာ ရပ်လိုက်တော့။ မင်းစိတ်ကို သေချာ စုစည်းပြီး တည်ငြိမ်နေအောင် အကြွင်းမဲ့ အာရုံစိုက်ထားလိုက်”
သူ့စကားတွေကြောင့် ကျုပ်လန့်သွားပြီး အသံတွေ ဝင်ခွင့်ပြုလိုက်တော့တယ်။ ကျုပ်စိတ်လဲ တဖြည်းဖြည်း ငြိမ်လာပြီး သမထ ထိုင်တဲ့ အနေအထားရောက်သွားတယ်။
ရှို့စစ် အသံပြင်းပြင်းနဲ့..
“နတ်ဘုရား ဘုရင် ငါ့ကို ကောင်းကင်နတ်ဘုရား ဦးချို နှင်းအပ်ခဲ့တယ်။ ဦးချိုရဲ့ အော်သံ ဘုံ(၉)ပါးထိ ထိုးဖေါက်နိုင်လိမ့်မယ်”
ရှို့စစ် အော်နေတုန်းမှာကိုပဲ ကျုပ်ခန္ဓာကိုယ် ချွေးပေါက်တွေကနေ တဆင့် ဝင်လာနေတဲ့ စွမ်းအားနွေးနွေးတွေ ခံစားလိုက်ရတယ်။ ခန ကြာတော့ ကျုပ်ခန္ဓာကိုယ်မှာ နာကျင်တာ၊ ယာယံတာ၊ ထုံကျင်တာ တွေ အမျိုးမျိုး ခံစားလိုက်ရတယ်။ တော်တော်ကို အဆင်မပြေတာပဲ။ အမှောင်ဒြပ်စင်တွေ ကျုပ်ခန္ဓာကိုယ်ကို တိုက်စား ချေမွတာထက်ကို ပိုဆိုးနေတော့ ကျုပ်စိတ်တွေ ငြိမ်အောင် ထိန်းမထားနိုင်တော့ဘူး။ နဖူးကနေလဲ ချွေးစေးကြီးတွေ ကျနေပြီ။ ပါးစပ်ကလဲ ညည်းညူသံတွေ သဲ့သဲ့ ထွက်လာတယ်။ ဒါပေမယ့်လဲ မူကျီကို ပြန်ပိုင်ဆိုင်ရဖို့အတွက်ဆိုတော့ ပြောမပြတတ်အောင် နာကျင်တာတွေကို အံကြိတ်ခံနေလိုက်တယ်။ ကျုပ် ခန္ဓာကိုယ်က ကျောက်တုံးကြီးတစ်ခုလို နည်းနည်းလေးမှကို လှုပ်လို့ မရတော့ဘူး။ အစ်ကိုကြီး ရှို့စစ်ကို အပြည့်အဝ ယုံကြည်ထားတာကြောင့် စွမ်းအား(၃)ခုလုံး ကျုပ်ခန္ဓာကိုယ် နက်နက်ရှိုင်းရှိုင်းထဲမှာ ထားပြီး အပူစွမ်းအားတွေ စီးဆင်းအောင် လုပ်ထားလိုက်တယ်။ အပြင်းအထန် ခံစားရမှုအောက်မှာ ကျုပ်စိတ်တွေ အဆုံးမဲ့ အမှောင်ထုကြီးထဲ ရောက်သွားရောဗျာ။
“ကျိ.. ကျလိ ကျလိ.. ကျိ.. ကျိ..”
ကြည်လင်လွန်းတဲ့ ငှက်ငယ်ရဲ့ တေးသံနဲ့ ကျုပ်နိုးလာတယ်။ အခန်းထဲမှာ အလင်းတန်းတွေ အရမ်းတောက်နေတာပဲ။ နေရာင်ခြည်ကလဲ ကျုပ်ခန္ဓာကိုယ်ပေါ် ဖြာကျနေတယ်။ ကျုပ် ပြောမပြတတ်အောင်ကို နှေးနေသလိုပဲ။ တစ်ကိုယ်လုံး ပေါ့ပါးလန်းဆန်းနေတယ်။ အခန်းထဲကို စစ်ဆေးကြည့်လိုက်တော့ စွမ်းအား(၃)မျိုး သူ့နေရာမှာသူ အလိုလို လည်ပတ်နေလေရဲ့။ ကျုပ် ကုတင်ပေါ်ကနေ ခုန်ထလိုက်တယ်။
“အာ …. “
အမာရွတ်တွေ ပျောက်သွားတာ တွေ့လိုက်ရတယ်။ ရွံစရာ အမာရွတ်တွေ ပျောက်သွားပြီး အစက်အပျောက် လေးတွေအဖြစ်နဲ့ အသားအရေလဲ ချောမွေ့နေတာ တွေ့လိုက်ရလို့ ကျုပ်ထအော်မိလိုက်တာဗျ။ ကိုယ့်မျက်နှာကိုယ် ထိကြည့်ပြီး လက်တွေတောင် တုန်နေတယ်။ ထင်ထားတဲ့အတိုင်း အမာရွတ်တွေ ပျောက်သွားပြီ။
ကျုပ်များ အိပ်မက် မက်နေတာလား။ ခြေထောက်နဲ့ အားထည့်ကန်လိုက်မိတယ်။ အာ ယိုး..။ နာတယ်ဟ။ တကယ်ကြီးပေါ့။ ကျုပ်သွေးတွေ ဆူလာပြီး ကျုပ်စိတ်ဓါတ်တွေ တက်ကြွလာတယ်။ ကျုပ်ဘေးမှာ လှဲနေတဲ့ အစ်ကိုကြီး ရှို့စစ်မျက်နှာ ဖြူဖွေးနေတာ တွေ့လိုက်ရတယ်။
သူ့ သွေးခုန်နှုန်း စမ်းကြည့်တော့ တော်တော် အားနည်းနေတာပဲ။ ကျုပ်လဲ သေချာ စစ်ဆေးဖို့ နဂါးအမိန့် တိုက်ပွဲ စိတ်ဝိညာဉ် ထုတ်သုံးလိုက်တယ်။ သူ စွမ်းအား အလွန်အကျွံ သုံးလိုက်လို့ မေ့လဲနေတာထင်တယ်။ ကျုပ် မကူညီနိုင်ပေမယ့် ရှို့စစ် ကျုပ်အတွက်နဲ့ သူ့စွမ်းအား ကုန်တဲ့ထိသုံးခဲ့တော့ ကျုပ်စိတ်ထဲ ကျေနပ်သွားမိတယ်။
သူ ခံနိုင်ရည် မရှိတော့မှာစိုးလို့ သူ့ခန္ဓာကိုယ်ထဲကို တိုက်ပွဲစိတ်ဝိညာဉ် ဖြည်းဖြည်းလေး ထည့်ပေးလိုက်တယ်။ နဂါးအမိန့်စွမ်းအားတွေ သူ့ခန္ဓာကိုယ်ထဲ ဆက်တိုက် ဝင်သွားတာနဲ့အမျှ အစ်ကိုကြီး ရှို့စစ် အသားအရေတွေ သွေးရောင် ပြန်လွှမ်းလာတယ်။
ရှို့စစ် အသက်ပြင်းပြင်းရှူရင်း နိုးလာတယ်။
“အစ်ကိုကြီး ရှို့စစ်၊ အစ်ကိုကြီး ရှို့စစ် မင်းနိုးပြီလား..”
ရှို့စစ် နည်းနည်း ညည်းပြီးမှ မျက်လုံးဖွင့်လာတယ်။ သူနိုးလာတာ မြင်ပြီးမှ ကျုပ်လဲ ဝမ်းသာပြီး..
“ကောင်းလိုက်တာ အစ်ကိုကြီး နိုးလာပြီ..”
ရှို့စစ် ကျုပ်ကို ကြည့်ပြီး စိတ်လှုပ်ရှားနေတဲ့ပုံပဲ။ သူ ကျုပ်လက်ကို ကိုင်ပြီး ထထိုင်ဖို့ လုပ်လိုက်တယ်။ သူ့မျက်လုံးထဲမှာ မျက်ရည်တွေ ကျလာပြီး နာနာကျင်ကျင်နဲ့..
“အာ.. ကျန်းကုန်း.. မင်း ငါ့ကို ခွင့်လွှတ်ပါကွာ…”
============= (*^*)=============
အပိုင်း( ၂၆၃ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား