← Chapters

မင်းသားစံအိမ် အပြန်

Vol. 18 Ch. 266

မင်းသားစံအိမ် အပြန်

Vol. 18 Ch. 266

Child of light (ကျန်းကုန်း)

Volume 10: Chapter 13 - The Prince Returns Home

စစ်သည်(၄)ယောက် ကျုပ်ကို ဝိုင်ပြီး အရိုအသေပေးကြတယ်။ ခေါင်းဆောင်က

“ကျုပ်တို့ မင်းသမီးလေးကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ကျုပ်တို့ ဂါရဝပြုတာ လက်ခံပေးပါ”

ကျုပ်လဲ ခပ်ပြုံးပြုံးနဲ့ပဲ..

“မိတ်ဆွေ.. ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး”

ဖြေရင်းနဲ့ အဝတ်ပတ်ထားတဲ့ စုက္ကရေးကို အသာရမ်းလိုက်တယ်။ သူတို့ ဦးညွတ်ရာကနေ ပြန်မတ်အောင် လုပ်ပေးလိုက်တာပါဗျာ။ ခေါင်းဆောင်က အံ့ဩတကြီးနဲ့..

“မင်းက အိုက်ရှားရဲ့ ဘယ်ဌာနကလဲ မေးလို့ရမလား။ မင်းမှော်ပညာသုံးတာဆိုတော့ မျော်ဆရာ တစ်ယောက်လား”

ကျုပ်အဖြေ မပေးခင် ကောင်မလေးက..

“ငါ့နာမည် လီရှင်းရှင်းတဲ့။ နင့်မျက်နှာ ကြည့်လို့ရမလား”

ကျုပ်ခေါင်းခါပြီး..

“အဲလောက် မလိုပါဘူး။ အမှတ်တမဲ့ ဆုံတွေ့မိကြလို့ ကျုပ်တို့တွေ သိခွင့်ရတာပဲ။ နောက်လဲ ဆုံကြသေးတာပေါ့”

လီရှင်းရှင်း ရုတ်တရက် ကျုပ်ရှေ့ရောက်လာပြီး မျက်နှာဖုံးကိုဖယ်ဖို့ လက်ဆန့်ထုတ်လုက်တယ်။ အစောင့်တွေက ပြိုင်တူပဲ…..

“သခင်မာလေး အဲ့လိုမလုပ်နဲ့..”

ဒါပေမယ့် တအားတက်ကြွနေတဲ့ အလှလေး ဘယ်နားထောင်လိမ့်မလဲဗျာ။ ခေါင်းမာမာနဲ့ ဆက်လုပ်နေလေရဲ့။ ကြည့်ရတာ သူ အမှားတွေကနေ သင်ခန်းစာ မယူဘဲ ကောင်းကင် ဘယ်လောက် ကျယ်တယ်ဆိုတာ မသိတဲ့ပုံနဲ့။ မျက်စိနဲ့ မမြင်နိုင်တဲ့ အကာအကွယ် အလင်းနယ်မြေတစ်ခု ကျုပ်ရှေ့ ချက်ချင်း ပေါ်လာတယ်..

“ဖျင်း….”

လီလီရှင်း ကျုပ်အလင်းနယ်မြေနဲ့ တိုက်မိပြီး မြေပေါ်လာကျသွားရော။

ကျုပ် ရယ်ရင်းနဲ့..

“ဒါ ကျေးဇူးရှင်ကို ဆက်ဆံတဲ့နည်းလမ်းလား။ မင်းမြင်ချင်တဲ့ ငါ့ရုပ် ပြပေးမယ်”

ကျုပ်ပြောပြီး အလင်းနယ်မြေကို မင်းသမီး ပါယုံချဲ့ပြီး အစောင့်တွေကိုတော့ အပြင်မှာပဲ ချန်ထားလိုက်တယ်။

လီရှင်းရှင်း လဲသွားတာ ခပ်ပေါ့ပေါ့ မဟုတ်ဘူး။ နာသွားတဲ့နေရာကို ပွတ်ရင်း သပ်ရင်းနဲ့ ကြိုးစားထလာတယ်။

ကျုပ် သူ့ရှေ့သွားပြီး..

“ငါ့ရုပ် မြင်ချင်တာ မဟုတ်ဘူးလား။ သေချာကြည့်..”

ပြောပြီးတာနဲ့ မျက်နှာတစ်ခြမ်း ဖွင့်ပြပေးလိုက်တယ်။ ကျုပ်ရယ်သံနဲ့အတူ သူ့ပါးစပ်ကနေ စူးစူးဝါးဝါး လန့်အော်တဲ့ အသံတစ်ပြိုင်တည်း ထွက်လာပြီး တော်တော်လေး ရုပ်ပျက်သွားတယ်။

“အားလုံးပဲ.. မင်းသမီးလေးလဲ တုန်လှုပ်စရာကြုံထားတော့ သူ့ကို ဂရုစိုက်လိုက်ကြ။ ကျုပ်သွားတော့မယ်”

ဒီလောက် ဂွကျတဲ့ ကောင်မလေးကို အပြစ်ပေးကြမယ် မထင်ပါဘူး။

အလင်းတစ်ချက်နဲ့အတူ အားလုံး အမြင်ထဲကနေ ကျုပ်ချက်ချင်း ပျောက်သွားတာပေါ့ဗျာ။

လီရှင်းရှင်း ကတော့ သူ့ဟာသူ တကိုယ်တည်း ရေရွတ်နေလေရဲ့..

“သူ.. သူ.. တကယ်ကို ရုပ်ဆိုးလွန်းတယ်…”

အစောင့်ခေါင်းဆောင် သက်ပြင်းချပြီး..

“မင်းသမီးကို ကယ်ခဲ့တဲ့သူကိ တော်တော် အစွမ်းထက်တဲ့ မှော်ဆရာပါ။ ငါတို့တွေတောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ မင်းသမီး မြန်မြန် ပြန်ကြရအောင်..”

လီရှင်းရှင်း ခေါင်းညိတ်လိုက်ပေမယ့် သူ့မျက်ဝန်းထဲမှာ အသက်မဲ့နေလေရဲ့။

ထောင့်တနေရာမှာ ပုန်းနေတဲ့ ကျုပ်နှလုံးသားမှာ နည်းနည်းတော့ မသက်မသာ ခံစားလိုက်ရတယ်။ ဒီပုံစံကြီးနဲ့ ကောင်မလေးကို အကြောက်လွန်အောင် လုပ်လိုက်မိတာလား။

ကျုပ်လဲ လမ်းလျှောက်ချင်စိတ်ပျောက်ပြီး ခြံဝန်းကိုပဲ ပြန်လှည့်လိုက်တော့တယ်။

......*****…...

“ကျန်းကုန်း မင်းဘယ်သွားနေတာလဲ။ ငါမင်းကို ရှာနေတာကွ”

မင်းသားခြံဝန်းထဲ ဝင်လာပြီးတာနဲ့ အစ်ကိုကြီး ရှန့်ယွင် ကျုပ်ကို လာတွေ့တာပေါ့။

“မင်းငါ့ကို လာရှာတာလား။ ဘာဖြစ်လို့လဲကွ…”

“ကိုယ်ရေးကိုယ်တာပေါ့ကွာ။ ငါ့အစ်ကိုကြီးနဲ့ ငါ ရှေ့တန်း စစ်တပ်ကို တာဝန်ယူမယ်လို့ ငါ့အဖေ ကြေငြာပြီးသွားပြီ။ ဟိုနေ့က ငါတို့ပြောခဲ့တာတွေကို ဆွေးနွေးဖို့ အရှင်မင်းကြီးဆီ ရောက်နေပြီလေ”

ကျုပ်လဲ ခေါင်းဆောင်း ဖြုတ်ပြီး..

“ဦးလေး တော်တော်ကို စိတ်အားသန်နေတာပဲကွ။ အဲ့အဘိုးကြီးကို မလုပ်ပေးလိုက်မိတာ စိတ်တောင် မကောင်းဘူး”

ရှန့်ယွင် သက်ပြင်းချပြီး..

“တကယ်ဆို ငါ့အဖေက ထုတ်မပြောပေမယ့် အဲ့အဘိုးကြီး သင့်မြတ်ချင်နေတယ်ဆိုတာ ငါသိတာပေါ့။ အစစ်အမှန် စိတ်ဓာတ်နွေးတဲ့သူတွေ သိပ်မရှိတော့ဘူးကွ။ ဘယ်သူကရော ငြိမ်းငြိမ်းချမ်းချမ်း မနေချင်မှာလဲ။ ဒါနဲ့ မင်းဒဏ်ရာတွေ အပြည့်အဝ မကောင်းသေးဘူးလို့ ငါကြားတယ်။ မင်းဒဏ်ရာတွေ ကုပေးနိုင်မလားလို့ သမာတော်တွေ ငါကူရှာပေးမယ်”

“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး ရှန့်ယွင်ရာ။ ဒါပေမယ့် အစ်ကိုကြီး ရှို့စစ်ရဲ့ ကောင်းကင်နတ်ဘုရား ဲ ငါ့ကို မကုနိုင်မှတော့ မလိုတော့ပါဘူး။ သာမန်ဆရာဝန်တွေ ကုပေးနိုင်ဖို့ဆိုတာ သံသယ ဖြစ်မိတယ်။ မင်း စေတနာကိုတော့ ငါကျေးဇူးတင်ပါတယ်ကွာ။ ဒါပေမယ့် မျှော်လင့်ချက်ကြီးကြီး ထားမိပြီး ဖြစ်မလာတဲ့အချိန် စိတ်ပျက်ရတဲ့ အရသာ မလိုချင်တော့ဘူးကွာ”

“အေးပါကွာ။ ကိစ္စတွေလဲ ငြိမ်သွားပြီ။ မနက်စာ မစာမစားရေးဘူးဆိုတော့ ငါတို့တွေ ဘယ်သွားစားရင် ကောင်းမလဲ”

“ဒီနေ့ မင်းတာဝန်မကျဘူးလား။ ငါတို့ကိုရော ဘယ်တော့ လိုက်ပို့မလဲ..”

ရှန့်ယွင် ပြုံးရင်းနဲ့..

“နတ်ဆိုးနဲ့ သားရဲ မဟာမိတ်အဖွဲ့တွေ ဘာကြောင့်မှန်းမသိဘဲ (၁၅)ကီလိုမီတာ အကွာထိ ဆုတ်သွားကြတယ်ကွ။ လောလောဆယ် အစ်ကိုကြီး ရှေ့တန်းမှာ စောင့်ကြည့်နေတာဆိုတော့ ငါ အေးအေးဆေးဆေး ဖြစ်နေတာပေါ့ကွာ”

……*****…….

ရှန့်ယွင်နဲ့ ကျုပ် မြိန်ရည်ရှက်ရည် စားသောက်နေရင်းနဲ့..

“အစ်ကိုကြီး ရှန့်ယွင်၊ ရှို့တိနိုင်ငံက ညှိနှိုင်းရေးမှာ ပါဖို့ သဘောတူခဲ့မယ်ဆို နောက်တဆင့် ဘာဆက်ဖြစ်မယ် မင်းထင်လဲ”

ရှန့်ယွင် ကျုပ်ကို တစ်ချက်ကြည့်ပြီးမှ ခပ်ပြုံးပြုံးနဲ့..

“ညီလေး.. မင်းငါ့ကို စမ်းနေတာလား။ မင်းပုံကြည့်ရတာ ဝှက်ဖဲ တစ်ခု ရှိနေတဲ့ပုံပါပဲ”

ကျုပ်လဲ ခပ်ရှက်ရှက်နဲ့ ခေါင်းကုတ်ရင်း..

“အဲဒါတော့ နည်းနည်း တွေးစရာရှိတယ် ဆိုပေမယ့် မင်းအမြင် ငါကြားချင်လို့ပါကွာ..”

“အရှင်မင်းကြီး ညှိနှိုင်းဖို့ သဘောတူတယ်ဆိုရင် နောက်တဆင့်က (၂)နိုင်ငံကို စည်းရုံးရမှာပေါ့။ တလူကိုတော့ စည်းရုံးရတာ ပိုလွယ်လိမ့်မယ်ကွ။ တလူမှာ နောက်ထပ် နာမည်တစ်ခုရှိတယ်ဆိုတာ သိတယ်မို့လား”

ကျုပ် ခေါင်းညိတ်ပြရင်း သူ့ကို ကြည့်လိုက်တော့ နှစ်ယောက်သား ပြိုင်တူပဲ..

“ငြိမ်းချမ်းရေးနိုင်ငံ…”

ရှန့်ယွင်က..

“ငြိမ်းချမ်းရေး နိုင်ငံဆိုတဲ့ နာမည်နဲ့ လိုက်အောင် သူတို့တွေ စစ်ပွဲတွေ သဘောကျမှာမဟုတ်ဘူး။ သေသေချာချာ စည်းရုံးနိုင်ရင် ငါတို့ဘက်က ရပ်တည်ဖို့များတယ်။ အဲလိုသာဆို အိုက်ရှားကို စည်းရုံးဖို့ ပိုလွယ်သွားလိမ့်မယ်။ ဒါပေမယ့် အမြန်ဆုံး ဖြေရှင်းရမယ့် ကိစ္စတစ်ခု ရှိသေးတယ်”

“ဘာ ကိစ္စလဲ…”

ရှန့်ယွင် အမူအရာ ပြောင်းသွားပြီး..

“အဲ့ဒါ နတ်ဆိုးနဲ့ သားရဲမဟာမိတ်တပ်တွေရဲ့ သဘောထား အတည်ပြုဖို့ပေါ့ကွာ။ ဆိုရိုးစကား ရှိတယ်မို့လား။ အဲ့ကောင်တွေက သူတို့ အုပ်စိုးသူတွေ အမိန့်ကလွဲရင် ဘယ်အမိန့်မှ လက်ခံမယ့်သူတွေ မဟုတ်ဘူး။ နတ်ဆိုးနဲ့ သားရဲမျိုးနွယ်ရဲ့ မဟာမိတ်တပ်က မင်းသမီးရဲ့စကားကို နားမထောင်ဘဲ လျှပ်စီးခံတပ်ကို တိုက်ဖို့ ဖိအားပေးမယ် ဆိုရင် မင်းဘယ်လိုလုပ်မလဲ။ အားလုံး ပျက်စီးသွားမှာ မဟုတ်ဘူးလား။ ဒါ့ကြောင့် ငါ့အဖေဆီက အကြောင်းမပြန်ခင် မူကျီကို သေချာ ထိန်းထားနိုင်မှ ရမယ်။ ဆွေးနွေးပွဲမတိုင်ခင် သူတို့သဘောထား အတည်ပြုနိုင်ရင် အကောင်းဆုံးပဲ”

ကျုပ် ဒါကို ဥပေက္ခာပြုထားမိတာပဲ။ ရှန့်ယွင်ပြောတာတွေ သဘာဝကျတယ်။ နတ်ဆိုးနဲ့ သားရဲမျိုးနွယ် မဟာမိတ် စစ်တပ်ကသာ သူတို့အမိန့် နားမထောင်ရင် ကျုပ်ဘာလုပ်ပါ့မလဲ။

“အစ်ကိုကြီး ရှန့်ယွင်… မင်းပြောတာ ဟုတ်တယ်။ ဒီကိစ္စ တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းတာ ပိုကောင်းမယ်ဆိုတော့ နက်ဖန်ပဲ သွားတော့မယ်ကွာ”

“ညစာ စားပြီးသွားရင် အပေါက်ထိ လိုက်ပို့ပေးမယ်။ အဲ့အချိန် မင်းတို့ကို ထုတ်လို့ရအောင် လှည့်ကင်းအဖွဲ့နဲ့ အကြောင်းပြပြီး လိုက်ခဲ့လိုက်မယ်။ မင်းတို့ကို ဟိုတခါလို့ ငါအဖြစ်မခံနိုင်ဘူးဆိုတော့ မင်း အတတ်နိုင်ဆုံး အမြန်ပြန်စေရမယ်”

ကျုပ်တို့ စားပြီးတာနဲ့ ခယ်လွင်သောင် အခန်းကို ပြေးသွားလိုက်တယ်။ အဲ့ကောင် သူ့ဘေးရောက်နေတာတောင် ကျုပ်ကို သတိမထားမိသေးဘဲ ငိုက်နေတာဗျ။ ဒီကောင် ဘယ်လို ကျွမ်းကျင်သူလဲဟ။

ကျုပ်လဲ ရေလုံးတစ်ခုလုပ်ပြီး မျက်နှာကို ချက်ချင်း ပစ်ထုတ်လိုက်တယ်။ အဲ့ဒါ အမေ့ဆီက အတွေ့အကြုံ ယူထားတာလေ တစ်ယောက်ယောက်ကို နိုးချင်ရင် အလွယ်ဆုံးနည်းလမ်းပဲ။

ခယ်လွင်သောင်လဲ လန့်နိုးပြီး ထတောင်ခုန်လာတယ်။

“မိုးရွာတာလားဟ..။ မဖြစ်နိုင်ပါဘူး။ အာ.. ကျန်းကုန်း မင်း ဘယ်လိုရောက်နေတာလဲ..”

ကျုပ်လဲ ရယ်ကျဲကျဲနဲ့..

“မင်း နိုးလာပြီလား။ ပျင်းမနေနဲ့။ အလုပ်ကိစ္စ ဆွေးနွေးဖို့ရှိတယ်..”

============= (*^*)=============

အပိုင်း( ၂၆၇ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters