နတ်ဆိုးမျိုးနွယ် ပင်မစခန်း
Vol. 18 Ch. 267
Child of light (ကျန်းကုန်း)
Volume 10: Chapter 14 - Demon Race’s Main Camp
ခယ်လွင်သောင် သူ့မျက်လုံးတွေ ပွတ်သပ်ပြီး..
“ဘာကိစ္စ ဆွေးနွေးနေရအုံးမှာလဲ။ မနေ့ညက အိပ်မပျော်လို့ကွ။ (၁၀)နာရီထိ မအိပ်ရရင် ငါတော့ မျက်ကွင်း ညိုမှာသေချာတယ်။ ငါပြန်သွားလို့ အာရှို့သာ မယူချင်ဘူးဆိုရင် မင်းတရားခံပဲ။ မူကျီကို ငါပြန်ခိုးမှာ။ ဟွင့်…”
ကျုပ်လဲ နောက်ထပ် ရေလုံးလေးတွေ ထလုပ်ပြီး နည်းနည်း ခြိမ်းခြောက်လိုက်တယ်..
“မင်း လုပ်ရဲလား။ ဒါကို တစ်ချက်ကြည့်လိုက်။ မြန်မြန်ထတော့။ ငါမင်းနဲ့ အရေးကြီးကိစ္စ ဆွေးနွေးဖို့ရှိတယ်”
ကျုပ်လက်ထဲက ရေလုံးတွေကို ကြည့်ပြီး ခယ်လွင်သောင် အမြန်ထထိုင်လိုက်ပြီး မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ပြီး..
“ထပြီ ထပြီ… မထလို့မရဘူးလားကွာ။ ဘာတွေဖြစ်လို့လဲ။ ပြောကွာ..”
ကျုပ်လဲ ကျေနပ်အားရသွားပြီး ရေလုံးတွေ ပြန်ဖျောက်လိုက်တယ်။
“ဒီလိုကွ…”
ကျုပ်နဲ့ ရှန့်ယွင် ပြောခဲ့တဲ့စကားတွေ ပြန်ပြောပြပြီး..
“ဒါကြောင့် ဒီည မင်းနဲ့ မူကျီ နတ်ဆိုးနဲ့ သားရဲမျိုးနွယ် မဟာမိတ်တပ်ကို သွားစေချင်တယ်။ သူတို့တွေ ခံတပ်ကို နောက်တစ်ခါ ထပ်မတိုက်ဖို့၊ စစ်ရေးတည်ငြိမ်ဖို့လေ။ အဲ့လိုမှပဲ ငါတို့တွေ လုပ်ရမယ့် တာဝန် လွယ်လွယ်နဲ့ ပြီးနိုင်မှာကွ”
ခယ်လွင်သောင် အဲ့တော့မှ အသိစိတ်ကပ်ပြီး လေးလေးနက်နက်နဲ့..
“မင်းပြောတာ သဘာဝကျတယ်။ ကောင်းပြီလေ ဒီည သွားတာပေါ့။ ဒါပေမယ့် ငါ့မှာ တောင်းဆိုဖို့ တစ်ခုရှိတယ်ကွ”
“တောင်းဆိုဖို့… ဘာတောင်းဆိုမှာလဲ…”
ခယ်လွင်သောင် တခစ်ခစ်နဲ့ ရယ်ပြီး..
“ထပ်အိပ်ချင်သေးတယ်ကွာ။ နည်းနည်းလောက် အနှောက်အယှက်ကင်းကင်းနဲ့ ထပ်အိပ်ပါရစေဟ..”
ကျုပ် သူ့ကို ရေလုံးနဲ့ ထပ်ပစ်ပြီးမှ သဘောတကျနဲ့..
“တော်တော် ဟုတ်တဲ့ကောင်။ ငါ့ကို တစ်ပတ်ရိုက်ရဲတယ်ပေါ့လေ..”
ခယ်လွင်သောင် ရေလုံးတွေကို ကာကွယ်ပြီးမှ..
“အေးပါ အေးပါ။ မင်း သွားနားသင့်ပြီ။ မင်းသမီးလို့ ခေါ်မနေနဲ့တော့။ သူ မနေ့က မင်းအတွက် ဘယ်လောက်ထိ စိတ်ပူနေလဲဆိုတာ မင်းမသိလို့နော်။ ဒီတော့ အနားယူလိုက်အုံး။ ဒီည သွားမယ့်အချိန် မင်းကို အကြောင်း ကြားလိုက်မယ်။ ဟုတ်သားပဲ မင်း ဘယ်သူနဲ့ လိုက်လာမယ် စဉ်းစားထားလဲ”
“သွားဖို့က အရေအတွက်ထက် အရည်အချင်း အဓိကထားရမယ်။ တော်ကြာ သံသယတွေ များသွားနိုင်တယ်။ နတ်ဘုရား အမွေခံတွေပဲ သွားသင့်တယ် ထင်တယ်ကွ။ မင်းရော ဘယ်လိုထင်လဲ”
ခယ်လွင်သောင် ခေါင်းညိတ်ပြီး..
“အဲလိုပဲ ကောင်းပါတယ်။ သူတို့တွေ ငါတို့ကို ဘာမှ မလုပ်ရဲပါဘူး။ စိတ်ပူမနေနဲ့။ နတ်ဆိုးမျိုးနွယ်တွေ နှလုံးသားထဲမှာ မင်းသမီးလေးက ဒုတိယ အရှင်မင်းမြတ်ပဲ။ ပြီးတော့ သိုင်းပညာလဲကောင်း၊ ရုပ်ချော သဘောကောင်း၊ အစွမ်းထက်ပြီး မြင့်မြတ်တဲ့ ကာကွယ်ရေးအစောင့်အရှောက်ခေါင်းဆောင် ဖြစ်တဲ့ ငါတစ်ယောက်လုံး ပါနေတာပဲ။ သားရဲမျိုးနွယ်နဲ့ ပတ်သက်ရင် ပိုတောင် လွယ်သေးတယ်။ အဲ့ကောင်တွေ ဦးနှောက်နည်းလွန်းတော့ တချိန်လုံး နတ်ဆိုးမျိုးနွယ်နောက်ကို မျက်စိစုံမှိတ်လိုက်နေကြတာ။ သားရဲမျိုးနွယ် ခေါင်းဆောင်က မြောက်ဝံဘီလူး ဘုရင်ဖြစ်လောက်တယ်။ အဲ့ကောင် ဘယ်လို တိုက်ခိုက်ရမလဲ ဆိုတာပဲ သိတဲ့ကောင်။ မင်းသတိထားရမှာက ငါတို့ နတ်ဆိုးမျိုးနွယ်ရဲ့ မင်းသားဖြစ်တဲ့ မာနတ်က တော်ဝင်မြို့တော်ကို ပြန်ရောက်တော့ လူသားတွေကို တိုက်ဖို့ မြှောက်ပေးတဲ့သူရှိတယ်ဆိုတာ မင်းသိလောက်မှာပါ။ နတ်ဆိုးမြို့က ထွက်လာတော့ အရှင်မင်းကြီးက မင်းသားကို အကျယ်ချုပ် ချထားလိုက်တယ်။ အခုဆို နတ်ဆိုးမျိုးနွယ်ကို အုပ်ချုပ်နေတာက နတ်ဆိုးဘုရင် ရှီးယု ဖြစ်လောက်မယ်။ သူလဲ တိုက်ပွဲလိုလားသူ ဆိုပေမယ့် မင်းသားနဲ့ ယှဉ်ရင်တော့ တော်တော်လေး ပြောလို့ ဆိုလို့ လွယ်တယ်။ ပြီးတော့ ရှီးယုဆိုတာ မင်းသမီးလေးအပေါ် ချစ်ချက်က အရှင်မင်းကြီးအောက် မကျဘူး။ ဒီတော့ အခုခရီးစဉ်မှာ အထစ်အငေါ့ မရှိလောက်ဘူး ခံစားရတာပဲကွာ”
သူ့စကားကြားတော့ ကျုပ်စိတ်ထဲ တော်တော်လေး သက်သာသွားတယ်။
“အဲ့လို့ အခြေအနေ ဆိုရင်တောင် သတိလွတ်လို့တော့ မဖြစ်သေးဘူး။ ကောင်းပြီလေ။ မင်းကို အနားယူခွင့် ပေးလိုက်တော့မယ်။ ညစာ စားပြီးရင် ငါလာခေါ်မယ်”
......
အနောက်အရပ်ဆီမှာ နေရောင်လဲ ပျောက်သွားပြီ။ လှပလွန်းတဲ့ မီးလျှံလုံးကြိး တိမ်တိုက်တွေထဲ ငုံလျှိုးသွားသလိုမျိုး ငြိမ်သက်မှုတွေ ရောက်လာပြန်ပြီပေါ့။ ရာသီဥတုက သာယာနေတော့ ဒီနေ့ည ကောင်းကင်မျာ ကြယ်တွေစုံနေလေရဲ့။
ကျုပ်တို့ (၈)ယောက်အဖွဲ့ အစ်ကိုကြီး ရှန့်ယွင်ရဲ့ နဂါးတပ်စုလေးထဲမှာ ရောနှောပြီး လျှပ်စီးခံတပ်ကနေ ခိုးထွက်ခဲ့လိုက်ကြတယ်။
“ကင်းမျှော်စင်ကကောင်တွေ ဒီနေရာထိတော့ မမြင်ရလောက်ဘူးကွ။ မြန်မြန်သွားကြ။ ငါတို့ ဒီနားတဝိုက် ကင်းလှည့်ရင်း မင်းတို့ကို စောင့်နေမယ်။ အကူအညီလိုရင်လဲ ငါပေးထားတဲ့ အချက်ပြ မီးကျည် သုံးဖို့ သတိရအုံး”
ကျုပ်တို့အဖွဲ့လဲ ရှန့်ယွင်ကို နှုတ်ဆက်ပြီး ညဝတ်စုံတွေ လဲလိုက်ကြတယ်။ ပြီးတော့ နတ်ဆိုးနဲ့ သားရဲမျိုးနွယ် မဟာမိတ်ရဲ့ ပင်မစခန်းကို ချီတက်ခဲ့ကြတော့တာပေါ့ဗျာ။
ခယ်လွင်သောင်က..
“ကျန်းကုန်း နောက်ပိုင်း ဘာပဲ ဖြစ်ဖြစ် မင်းလုံးဝမလှုပ်ရှားနဲ့၊ ဖြေရှင်းဖို့ကိစ္စ ငါနဲ့လွှဲထားလိုက်။ ငါတို့တွေ နတ်ဆိုးမျိုးနွယ်ဘက်ကို အရင်သွားကြမယ်။ အရှင် ရှီးယုကိုသာ စည်းရုံးနိုင်မယ်ဆိုရင် သားရဲတွေကို ကိုင်တွယ်ဖို့ တော်တော်လွယ်သွားမှာကွ”
......
“မင်းတို့ ဘယ်သူတွေလဲ…”
“ငါ ခယ်လွင်သောင်ဟေ့။ မြို့တော်က ပြန်လာတာ”
“အာ.. အရှင်ခယ်လွင်သောင်လား။ ခန လေးနော်”
ရဲတိုက် တံခါးဝ ပွင့်လာပြီး မြင်းစီးတပ်သားတွေ ထွက်လာတယ်။ သူတို့တွေ ကျုပ်တို့အဖွဲ့ကို အလေးမထားပေမယ့် ခယ်လွင်သောင်ကတော့ နတ်ဆိုးမျိုးနွယ်ရဲ့ ထိပ်တန်းစစ်သည်တော်ဆိုတဲ့ ဂုဏ်ပုဒ်က စစ်သည်တော်တွေ လေးစားခံရတာပေါ့။ ခယ်လွင်သောင်ကို သေချာမြင်ပြီးမှ စစ်သည်ခေါင်းဆောင်က..
“တကယ်ကြီး အရှင်ခယ်လွင်သောင်ပဲ။ ဘာလို့များ လျှပ်စီးခံတပ်ဘက်က လာရတာလဲ”
ခယ်လွင်သောင် အမူအရာ နည်းနည်းလေး ညှိုးသွားပြီး..
“ငါ လှို့ဝှက် တာဝန်တစ်ခု လုပ်နေတာကွ။ ဒါမျိုး မင်း မေးသင့်တဲ့ ကိစ္စလား”
အဲ့စစ်သား ပုံစံပြောင်းသားပေမယ့် တောင်းပန်စကားတော့ ပြောလာသေးတယ်..
“ကျုပ် စကားများသွားပါတယ်။ ကျုပ်ကလဲ ကျုပ်အလုပ်ကျုပ် လုပ်နေတာမို့ သတိလေး ကပ်ပေးပါ။ ကျေးဇူးပြုပြီး စိတ်မကွက်လိုက်ပါနဲ့..”
ခယ်လွင်သောင် စိတ်လျှော့လိုက်ပြီး..
“ကောင်းပြိလေ။ လောလောဆယ် ငါ့ကို ခံတပ်ထဲ အမြန်ခေါ်သွားပေး။ အရှင် ရှီးယုကို အစီရင်ခံဖို့ အရေးကြီး ကိစ္စရှိတယ်”
“ဟုတ်ကဲ့ပါ။ ကျေးဇူးပြုပြီး လိုက်ခဲ့ပါ။ အရှင် သူတို့ကရော ဘယ်သူတွေလဲ”
“သူတို့ကို ကူညီဖို့ ဧကရာဇ် တာဝန်ပေးထားတယ်”
မူကျီ သူ့ကိုယ်သူ ရုပ်လုံးပြဖို့ အချိန်ကောင်းရွေးပြီး ခြုံထားတဲ့ အနက်ရောင် အဝတ်ကြီးဖယ်လိုက်တယ်။ သူ့အရောင် အဝါကြောင့် ခေါင်းဆောင်စစ်သားတောင် စကားဆက်မပြောဘဲ နှုတ်ဆွံ့သွားတယ်။ ပြီးတော့ အထိတ်တလန့်နဲ့..
“အာ.. အမှောင်နတ်ဘုရားမပဲ။ တောင်းပန်ပါတယ်။ ကျုပ်ဘာမှ ဆက်မမေးတော့ပါဘူး။ အားလုံး မြန်မြန်လေး ဝင်လိုက်ကြပါ”
တံခါးမြင့်မြင့်ကြီးတွေ တစ်ခုပြီးတစ်ခု ဖြတ်လို့ နတ်ဆိုးရဲတိုက်ထဲ ဝင်သွားကြတယ်။ ဘုရားသခင်… ရဲတိုက်ထဲမှာ အရမ်းကို တောက်ပနေတာပဲ။ လှည့်ကင်းသမားတွေကလဲ စည်းကမ်းစနစ်ကျချက်တော့ဗျာ။ ရွက်ဖျင်တဲတွေကို ဦးချိုပုံ စက်ဝိုင်းဒီဇိုင်း စီထားတာဆိုတော့ ကျူးကျော်သူတွေ ဝင်လာမယ်ဆိုရင် အပြန်အလှန် ကူညီနိုင်သေးတယ်လေ။ အရေးကြီးဆုံးက သူတို့တွေအကုန်လုံး တိုက်ပွဲအတွေ့အကြုံရင့်တဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ပုံပဲ။
ခယ်လွင်သောင် တိုးတိုးလေးနဲ့..
“ငါတို့ နတ်ဆိုးမျိုးနွယ် စစ်တပ် ဘယ့်နှယ့်လဲကွ။ ကျေနပ်ရဲ့လား”
“ထိပ်သီး ကျွမ်းကျင်သူတွေကြီးပဲ။ ခံတပ်က စီစဉ်ထားတာ ကောင်းချက်တော့”
ခယ်လွင်သောင် ကျေကျေနပ်နပ်နဲ့..
“အမှန်ပေါ့။ ဒီရဲတိုက်အတွက် ငါ့မှာ အများကြီး ကြိုးစားထားရတာ။ ဒီနေရာမှာ လျှို့ဝှက် မှော်ဝင်္ကပါတွေလဲ ရှိတယ်။ တကယ်လို့ လူသားတွေ ခိုးဝင်ဖို့ ကြိုးစားရင် အဝင်ပဲရှိပြီး ပြန်လွှတ်ဖို့ မစဉ်းစားနဲ့တော့”
“ဒီရဲတိုက်က မင်းစီစဉ်ထားတာပေါ့လေ”
ခယ်လွင်သောင် သူ့ရင်ဘတ်သူ ပုတ်ပြရင်း..
“အေးလေ။ ဘာလဲ မင်း မယုံလို့လား။ အနည်းဆုံးတော့ ဒီလောက်လေးမှ မလုပ်နိုင်ရင် ဧကရာဇ်ကြီးရဲ့ အသိအမှတ်ပြုမှု ဘယ်လိုလုပ်ရနိုင်မှာလဲ။ နတ်ဆိုးမျိုးနွယ်ရဲ့ ထိပ်တန်းစစ်သူကြီးဘွဲ့ ဘယ်လိုလုပ် ကိုင်ထားနိုင်မှာတုန်း”
မူကျီအသံ ထွက်လာတယ်..
“တော်လောက်ပြီ။ ငြင်းခုံ မနေကြနဲ့တော့။ ပင်မစခန်းနဲ့ နီးနေပြီ”
ခပ်လှမ်းလှမ်းမှာ တဲကြီးတစ်လုံး ရှိနေတယ်လေ။ တဲအသေးလေး (၂)လုံးကလဲ လကို ဝိုင်းထားတဲ့ ကြယ်တွေလို့တောင် ထင်ရတယ်။ တဲကြီးကို ဝိုင်ပြီး ကင်းမျှော်စင် (၆)ခုကလဲ ရှိသေးတယ်။ ခယ်လွင်သောင် ပြောသလိုပဲ နာရီမလပ် တာဝန်ကျ စစ်သည်တွေနဲ့ စဉ်ဆက်မပြတ်ပဲဗျို့။
ပင်မစခန်းနားမှာ အရင်ကတွေ့ခဲ့ဖူးတဲ့ အနက်ရောင် ချပ်ဝတ်နတ်ဆိုးမျိုးနွယ်တွေ အနီရောင် ဝတ်ထားတာ တွေ့ရတယ်။
ခယ်လွင်သောင် တိုးတိုးလေးနဲ့..
“အဲ့ဒါ ငါတို့ရဲ့ အနီရောင်ချပ်ဝတ် စစ်သည်တွေပေါ့။ သာမန်စစ်သည်တွေထက် တော်တော် အဆင့်မြင့်တယ်လေ။
ထင်ထားတဲ့အတိုင်း ကျုပ်တို့ကို လမ်းပြနေတဲ့ စစ်သည်ကို ချပ်ဝတ်နီ အစောင့်က တားလိုက်တယ်။
============= (*^*)=============
အပိုင်း( ၂၆၈ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား