မင်းသားရှီးယု
Vol. 18 Ch. 268
Child of light (ကျန်းကုန်း)
Volume 10: Chapter 15 - Prince Xiu Yu
“ဒီကို ဘာလာလုပ်တာလဲ။ ဒီနေရာက မင်းဝင်လို့ရတဲ့နေရာလား”
“တောင်းပန်ပါတယ်။ အရှင် ခယ်လွင်သောင် ရောက်လာလို့ အထူသတင်း လာပို့တာပါ”
ခယ်လွင်သောင် လူအုပ်ထဲကနေ ထွက်လာရင်း ခေါင်းမော့ပြီး..
“အရှင် ရှီးယုဆီ သွားသတင်းပို့လိုက်။ ငါ သူနဲ့ ဆွေးနွေးစရာတွေ ရှိတယ်”
အစောင့်စစ်သည် ခယ်လွင်သောင်ကို မြင်တော့မှာ အချိုးပြေသွားပြီး လေးလေးစားစားနဲ့ စခန်းထဲ ဝင်သွားတယ်။
ခယ်လွင်သောင် အစောင့်စစ်သည်ကို ကြည့်ပြီး..
“မင်း တော်တော် ဝီရိယကောင်းတာပဲ။ အခု မင်းပြန်လို့ရပြီ။ အခွင့်အရေးကြုံရင် နေရာကောင်းကောင်း ရောက်လိမ့်မယ်ဟေ့”
အဲ့စစ်သည်ကတော့ ကျေးဇူးတွေ တင်နေလေရဲ့။ ခယ်လွင်သောင် ဦးဆောင်ပြီး ကျုပ်တို့အဖွဲ့ အတားအဆီးမရှိ ဆက်လျှောက် လာခဲ့လိုက်ကြတယ်။ ချပ်ဝတ်နီနဲ့ စစ်သည် ပြေးလာပြီး..
“အရှင် ရှီးယုကို သတင်းပို့ခဲ့ပြီ။ ပင်မ ခန်းမထဲမှာ တွေ့မယ်တဲ့”
“အင်း…”
မူကျီ အသံတိုးတိုးနဲ့..
“အားလုံးကို သတိနဲ့ လုပ်”
မူကျီကို ကြည့်ရတာ အန္တရာယ် တစ်ခုမှမရှိတဲ့ သူ့ကိုယ်ပိုင် နယ်မြေထဲမှာကိုပဲ သတိတွေ ပိုကဲနေသလိုပဲ။ သူလဲ တပ်မှူးစိတ်ထားနဲ့ဆိုတော့ နတ်ဆိုးဧကရာဇ် သူ့ကို ဆက်ခံသူရွေးလိုက်တာ အံ့ဩစရာ မရှိတော့ဘူးပေါ့။
အဝင်နားရောက်တော့ ချပ်ဝတ်နီ (၁၂)ယောက်ရှိတယ်။ ခယ်လွင်သောင်ကို မြင်တော့ ဦးညွတ်ပြီး..
“အရှင် ခယ်လွင်သောင် ရောက်လာပါပြီ..”
အဲ့ အစောင့် (၁၂)ယောက် သိပ်မရိုးရှင်းဘူးဗျ။ အကုန်လုံး ထိပ်သီး ကျွမ်းကျင် သူရဲကောင်းတွေပဲ။
ခယ်လွင်သောင် နောက်ကို ဆက်လို့ဖို့ လုပ်တော့ ချပ်ဝတ်နီတွေ အတားခံလိုက်ရတယ်။ ခယ်လွင်သောင် မျက်မှောင်ကြုတ်ပြီး..
“မင်းတို့ ဘာလုပ်တာလဲ။ သူတို့ကို ကူညီရမယ်လို့ ဧကရာဇ်ကြီး တာဝန်ပေးထားတယ်။ ဝင်ခွင့်ပေးလိုက်”
ချပ်ဝတ်နီ အစောင့် စစ်သည်က..
“အရှင် ရှီးယုက အရှင်တစ်ယောက်ထဲကိုပဲ တွေ့ချင်တယ်တဲ့..”
ခယ်လွင်သောင်နဲ့ မူကျီ တစ်ယောက်နဲ့ တစ်ယောက် ကြည့်ပြီး ခယ်လွင်သောင်က..
“ဒါဆိုလဲ ငါနဲ့ အတူ(၂)ယောက် လိုက်ရလိမ့်မယ်။ သူတို့က အရှင်ရှီးယုနဲ့တွေ့ဖို့ ဧကရာဇ် အမိန့်ပေးထားတဲ့သူတွေ”
ပြောနေတုန်းမှာပဲ မူကျီနဲ့ ကျုပ်ကို ညွှန်ပြလိုက်သေးတယ်။ ဒီတော့ အစောင့်က..
“ဒါဆိုရင် လက်နက်တွေ ထားခဲ့ပေးပါ။ အရှင့် အမိန့်အရ စခန်းထဲကို ဘယ်သူမှ လက်နက်ယူပိုင်ခွင့် မပေးပါဘူး”
“သူတို့ အရှင်ရှီးယုက အမြဲ သတိ တော်တော်ကြီးတာပဲ..”
ပြောပြီးတာနဲ့ သူ့ဓားကို အရင်ဆုံး ချလိုက်တဘ်။ မူကျီ ဘာလက်နက်မှ ယူမလာတော့ ကျုပ်က စုက္ကရေးကို ကျန်းဟူဆီ ပေးလိုက်တယ်။ ဒီတော့မှ ချပ်ဝတ်နီ အစောင့် ဘေးဘယ်လေးတော့တယ်။ ကျုပ် ကျန်းဟူနဲ့ ရှို့စစ်ကို အကြည့်တစ်ချက် လွှတ်ပြီးမှ မူကျီ၊ ခယ်လွင်သောင်တို့နဲ့ တဲကြီးထဲ ဝင်လိုက်သွားလိုက်တယ်။
“တူလေး.. မင်းပြန်လာပြီလား..”
ညှင်သာတဲ့ အသံတစ်ခု ကြားလိုက်ရတယ်ဗျ။ ခေါင်းမော့ကြည့်လိုက်တော့ တဲထဲက စားပွဲ အကြီးကြီးနောက်မှာ လူတစ်ယောက် ထိုင်နေတာ တွေ့လိုက်ရတယ်။ အဲလူ မျက်နှာထား တင်းတင်း၊ နှုတ်ခမ်းပါးပါးနဲ့ မျက်လုံးတော်တော် လျှင်တဲ့ပုံနဲ့ ကြည့်နေတယ်။ သာမန် မှော်ဆရာဝတ်စုံ ဝတ်ထားပေးမယ့် တော်ဝင်အရှိန်အဝါ တွေနဲ့ လွှမ်းနေလေရဲ့။ သူ့အရှိန်အဝါက နတ်ဆိုးဧကရာဇ်နဲ့ မယှဉ်နိုင်ပေမယ့် သာမန်တော့ မဟုတ်ဘူးဗျ။ နတ်ဆိုးဘုရင် ရှီယု ဆိုတာပဲ ဖြစ်ရမယ်။
ခယ်လွင်သောင် ပြန်မဖြေတော့ မူကျီ သူ့အပေါ်လွှာ ဆွဲချွတ်လိုက်တယ်။ ပြီးတော့ ရုပ်ဖျက်ထားတာတွေပါ ဖျက်ပြီး အပြေးလေး သွားရင်း နွဲ့ဆိုး ဆိုးသလိုနဲ့..
“ဦးလေးရှီးယုကို တွေ့ချင်လွန်းလို့ မူကျီ လာတာလေ”
ရှီးယု ပထမတော့ လန့်သွားတဲ့ပုံဖြစ်ပြီး မူကျီကို မြင်ပြီးမှာ သတိထားနေတဲ့ မျက်နှာမှာ သံယောဇဉ် အငွေ့အသက်တွေ ပြည့်နှက်သွားတယ်။ သူ့လက်နှစ်ဖက် ဆန့်ရင်း စားပွဲကနေ ထလာတယ်။
“အော.. ငါ့ရဲ့ မူကျီလေးပဲ။ အမြန်လာစမ်းပါအုံး။ မင်းဘကြီး ကြည့်စမ်းပါရစေအုံး။ ဘကြီး မင်းနဲ့ မတွေ့ရတာတောင် နှစ်အတော်ကြာနေပြီ။ သေလောက်အောင်ကို လွမ်းနေတာဟေ့..”
မူကျီ ဆန့်ထားတဲ့ လက်(၂)ဖက်ကြား ဝင်သွားပြီး ဖက်ထားလေရဲ့။ အခုပုံစံက အဲ့လူကြီး နတ်ဆိုးဘုရင်ဆိုတဲ့ ပုံစံ မြင်ကို မမြင်ပါဘူးဗျာ။ သူ့ပုံစံကြည့်ရတာ ကလေးချစ်တတ်တဲ့ လူကြီးတစ်ယောက်လိုပဲ။ ဘာကြောင့်မှန်း မသိပေမယ့် ရင်ထဲမှာ စူးကနဲ တစ်ချက် ခံစားလိုက်ရတယ်။
ရှီယု မူကျီကို လွှတ်ပေးလိုက်ပြီး..
“ဝေလောင် မင်း မျက်နှာဖုံး အနက်တွေနဲ့ လူတွေ ခေါ်လာတယ်လို့ အစောင့်ကပြောတော့ တစ်ခုခုတော့ ဖြစ်နေပြီ ထင်လိုက်တာ။ လက်စသတ်တော့ ငါ့ မူကျီလေးပဲကို။ မင်းက ဘကြီးကို စိတ်ပူအောင် လုပ်လိုက်တာပဲ”
ခယ်လွင်သောင် ရှုံ့မဲ့သွားပြီး..
“ဒီတူလေးကိုတောင် မယုံဘူးပေါ့လေ..”
ရှီးယု သူ့ကို လက်လျှူရှုရင်း..
“ဒါတွေ လာမပြောနဲ့။ ငါ့အနေနဲ့ သတိထားကို ထားရမယ်လေ။ ငါ့ဂုဏ်ပုဒ်က မြင့်တာရယ်၊ ရှေ့တန်း ရောက်နေတာရောဆိုတော့ အမြဲမပြတ်သတိထားတာ ပိုကောင်းတယ်လေ”
ကျုပ်လဲ မနေနိုင်တော့ပဲ..
“ခင်ဗျားက မူကျီကိုကျ ယုံတယ်ပေါ့လေ..”
ရှီးယု မျက်မှောင်ကြုတ်ပြီး ကျုပ်ကိုကြည့်ပြီးမှ မူကျီကို ကြည့်လိုက်ပြန်ရော။ သူ့ ကလေးချစ်တတ်သူကြီး ပုံစံက ချက်ချင်းကို ပျောက်သွားပြီ..
“မူကျီကို ဘာလို့ မယုံရမှာလဲ။ နတ်ဆိုးဧကရာဇ်ကိုသာ မယုံရင်နေမယ် မူကျီကိုတော့ ယုံတယ်ကွ။ သူငယ်ငယ်ကလေးထဲက ငါပြုစု စောင့်ရှောက်လာတာကွ။ ငါ့မှာ သားသမီး မရှိဘူး။ ဒီတော့ မူကျီက ငါ့သမီးပဲလေ။ နောက်ပြီး သူဘယ်လောက် ဒုက္ခပေးပေး ငါခံယူပြီးသားပဲ”
ရှီးယု မူကျီကို ဒီလောက်ထိ ချစ်တော့ ကျုပ်တော်တော် အံ့ဩသွားမိတယ်။
မူကျီ ချစ်စရာပုံစံလေးနဲ့..
“ဦးလေး အကောင်းဆုံးပဲ..”
သူ့စကားက ကျုပ်ကို စောင်းပြောနေသလိုပဲ။ ကျုပ် ဆုံးဖြတ်ချက်ကို ပြန်မရုပ်သေးတော့ စကားလုံးတွေနဲ့ ကျုပ်အပေါ် မကျေနပ်ချက်တွေ ဖွင့်ဟနေလေရဲ့။
ရှီးယု အမိန့်ပေးလိုက်တယ်..
“အစေခံတွေ.. အကောင်းဆုံးဆုံး စားဖွယ်တွေ ပြင်လိုက်ကြစမ်း။ ဒီမှာ ငါ့အရေးကြီး ဧည့်သည်တွေကို ဧည့်ခံရမယ်ဟေ့”
“ဦးလေး.. အပြင်မှာ သူငယ်ချင်းတွေ ကျန်သေးတယ်။ သူတို့ကိုရော ဝင်ခွင့်ပေးလို့ရမလား”
ရှီးယု မျက်ခုံး(၂)ခုကြားကနေ အေးစက်စက် အလင်းတစ်ချက် လက်ပြီးမှ..
“ကောင်းပြီလေ။ သူတို့ကို ဝင်ခွင့်ပေးလိုက်”
ခနကြာတော့ တဲကြီးထဲမှာ စားစရာ သောက်စရာတွေနဲ့ ပြည့်နေပြီ။ ရှီးယု မူကျီကို ဝိုင်ခွက် မြှောက်ရင်း..
“ရပ်ဝေးကလာရတဲ့ ငါ့တူမလေးကို ကြိုဆိုပါတယ်ဟေ့..”
စကားဆုံးတာနဲ့ တစ်ငုံတည်းနဲ့ ကုန်တဲ့ထိ မော့သောက်ပစ်လိုက်ရော ဗျို့။ မူကျီလဲ သူ့လို လိုက်သောက်နေလေရဲ့။ ရှီးယု မူကျီကို မမေးသေးဘဲ ကျုပ်တို့တွေကို တစ်ချက်ဝှေ့ကြည့်ပြီး..
“ငါ့တူမလေး.. ဦးလေးနဲ့ တွေ့ဖို့ သက်သက်ပဲ မဟုတ်ဘူးလား။ သူတို့အကြောင်း ပြောစမ်းပါအုံး”
မူကျီ သူ့သိုလှောင်အိတ်ထဲကနေ စာလိပ်တစ်ခု ထုတ်လိုက်လိုက်တယ်။ ရှီးယု စာလိပ်ကို ကြည့်ပြီး မျက်နှာ အမူအရာ သိသိသာသာ ပြောင်းသွားတယ်။
မူကျီ မတ်တပ်ရပ်ပြီး..
“နတ်ဆိုးဘုရင် ရှီးယု သင့်အမိန့်စာ လက်ခံလိုက်ပါ..”
ရှီးယု ဝိုင်ခွက် အောက်ချပြီး ချက်ချင်း ဒူးထောက်ပြီး..
“ကျွန်ယုံတော်ကြီး ကျွန်ုပ် ရှိပါတယ်..”
“ဧကရာဇ်ကြီးရဲ့ အမိန့်။ နတ်ဆိုးဘုရင် နာခံပါ။ ထူးဆန်းတဲ့ လေဟာနယ်ကနေ ကမ္ဘာကြီးကို ကျူးကျော်ဝင်လာမယ့် ထူးဆန်းတဲ့ရန်သူတွေ ရှိနေတာကြောင့်၊ မင်းသမီး(၃)မူကျီကို လူသားတွေနဲ့အတူ တာဝန်ထမ်းဆောင်ဖို့ အထူးအမိန်ပေးအပ်လိုက်သည်။ နတ်ဆိုးဘုရင် ရှီးယုအနေဖြင့် မင်းသီးအား အစွမ်းကုန် ကူညီ၍ သားရဲမျိုးနွယ်များနှင့် လက်တွဲဆောင်ရွက်ရန် အကြောင်းကြားလိုက်သည်။ မင်းသမီးလေး သင့်အနားရှိနေခိုက်တွင် ပုဂ္ဂိုလ်ရေးအရ သီးခြား ဆက်ဆံနိုင်ပေသည်”
ဒီတော့ နတ်ဆိုးဧကရာဇ်ရဲ့ အမိန့်စာပဲ။ မူကျီမှာ ထိရောက်တဲ့ ဝှက်ဖဲတွေ ရှိနေတဲ့ပုံပဲကိုး။
နတ်ဆိုးဘုရင် ရှီးယု အမိန့်စာကို နည်းနည်းမှ စောဒက မတက်ဝံ့ဘဲ..
“ရှီးယု အမိန့်လက်ခံပါတယ်။ ဧကရာဇ်ကြီး သက်တော် ရာကျော် ရှည်ပါစေ..”
ရှီးယု အမိန့်ကို လက်ခံပြီးမှ မူကျီကို သေချာကြည့်ပြီး..
“ငါ့ အချစ်ဆုံး မင်းသမီးလေး။ ဘာတွေဖြစ်နေလဲ ရှင်းပြစမ်းပါအုံး..”
မူကျီပြုံးပြီးမှ မစ္ဆာမျိုးနွယ် ကျူးကျော်မယ့် အကြောင်းတွေ ပြောပြလိုက်တယ်။ ပြီးတော့ နတ်ဆိုးမျိုးနွယ်ထဲ ဝင်လာတဲ့ ကျုပ်တို့အဖွဲ့လေးအကြောင်းရော၊ ဧကရာဇ်ကြီးကို ဘယ်လို စည်းရုံးနိုင်လိုက်တယ် ဆိုတာတွေရော အကုန်ပြန်ပြောပြလိုက်တယ်။
မူကျီ အသေးစိတ်ရှင်းပြပြီးတဲ့အချိန်ကျမှ ရှီးယု မျက်လုံးတွေ တဖြတ်ဖြတ်တောက်လာပြီး..
“ဒါဆို ဧကရာဇ်ကြီးက လူသားမျိုးနွယ်နဲ့ ရင်ကြားစေ့ရေးကို အမှန်တကယ် လိုလားနေတာလို့ ပြောလို့ရတယ်။ ဒါပေမယ့် အခု ငါတို့တွေ နှစ်ပေါင်း များစွာ ကြိုတင်ပြင်ဆင်မှုတွေ ဖြုန်းတီးပစ်ရတယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ဘူးလား”
============= (*^*)=============
အပိုင်း( ၂၆၉ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား