ခံစားချက်မျိုးကွဲပညာရပ်
Vol. 94 Ch. 1320
အခန်း (၁၃၂၀) ခံစားချက်မျိုးကွဲပညာရပ်
“နေဝန်းထက်ယံအရှင်သခင်နဲ့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အကြောင်း ပြောရမယ်ဆိုရင်တော့...”
ယွဲ့ကျန့်ပေက ရန်ကျောက်ကဲကိုကြည့်ရင်း စကားဆိုလိုက်သည်။
“အရင်တုန်းက... ပိုးသားဧကရာဇ်က နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ ပဲဖြစ်တဲ့ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ကြောင့် ကပ်ဘေးကျော်ဖြတ်ဖို့ အတင်းအကျပ် ဖိအားပေးခံခဲ့ရတယ်”
သူက ဆက်ပြောသည်။
“မင်း အရင်က ပြေခဲ့တာကို မှတ်မိသေးတယ် ၊ ပိုးသားဧကရာဇ်သာ ခံစားချက်ရှိတဲ့လမ်းကိုလျှောက်ခဲ့မယ်ဆိုရင် နေဝန်းထက်ယံအရှင်သခင်မှာ သူ့ကိုတိုးတက်အောင်လုပ်ပေးနိုင်ဖို့ နည်းလမ်းရှိတယ်ဆိုတာလေ”
အနက်ရောင်ပိုးသားဧကရာဇ်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်လက်ချက်ဖြင့် ကျဆုံးသွားပြီဖြစ်သည်။
ယခု ပိုးသားဧကရာဇ် (၂)ယောက်တွင် အဖြူရောင်ပိုးသားဧကရာဇ်သာလျှင် ကျန်ရှိတော့သည်။
သို့ဖြစ်ရာ အနက်ရောင်ပိုးသားဧကရာဇ် ၊ အဖြူရောင်ပိုးသားဧကရာဇ်ဟု ခွဲခြားနေစရာမလိုတော့ဘဲ ပိုးသားဧကရာဇ်’ဖုယွင်ချီ’ တစ်ပါးတည်းသာ ကျန်ရှိတော့သည်။
မြောက်ဖေးတောင်ထွတ်၏ ကျောက်ဂူအိမ်တော်က ရန်ကျောက်ကဲနှင့်အတူ အထက်ဘုံကမ္ဘာမှထွက်ခွာသွားခဲ့သလို တာအိုစကြာဝဠာမှလည်း ထွက်ခွာသွားခဲ့သည်.
သူတို့အုပ်စုကိုဦးဆောင်သူက ကြာပန်းနီကမ်းပါး ဖြစ်၏။
သို့ဖြစ်ရာ ပိုးသားဧကရာဇ် ဖုယွင်ချီ၏သဘောထားကို ပြောနေစရာပင် မလိုအပ်တော့ပေ။
ပိုးသားဧကရာဇ်ကို နှစ်ယောက်ကွဲသွားစေခဲ့သူက ရန်ကျောက်ကဲဖြစ်သည့်တိုင် အနက်ရောင်ပိုးသားဧကရာဇ်ကို ရှင်းပစ်ခဲ့သည့်အတွက် ဖုယွင်ချီက သူ့အား အလွန်ကျေးဇူးတင်ရှိခဲ့သည်။
သူ့ရင်ထဲမှ ထိုကျေးဇူးတင်ရှိမှုကြောင့်ပင် သူက အထ်ကဘုံကမ္ဘာမှထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း ရှေ့တွင် ပြဿနာတစ်ခုက ရှိနေသေးသည်။
ကျင့်ကြံခြင်းသွေဖယ်သွားပြီးနောက် သူ၏ဖြောင့်မတ်ခြင်းလမ်းစဉ်ကို မည်သို့ ဆက်လက်လျှောက်လမ်းပြီး တာအိုလမ်းစဉ်ကို မည်သို့ ရှေ့ဆက်ပါမည်နည်း။
ခံစားချက်ကင်းမဲ့သည့်လမ်းစဉ်ကို လျှောက်လှမ်းမည်ဆိုပါက သူ၏အနာဂတ်လမ်းက ထင်ရှားသည်အမှန်ပင်။
ဖုထင်နှင့် မန်ဝမ်တို့၏တည်ရှိမှုကို ဖျက်ဆီးပစ်ပြီး ထိုက်ယိလက်သီးသိုင်းကိုရယူကာ ထိုက်ယိဟွာတိမ်တိုက်ကိုပြန်လည်သန့်စင်မည် ဖြစ်သည်။
ထိုသို့ပြုလုပ်လျှင် သူက ရန်ကျောက်ကဲနှင့်ရန်တိတို့၏ ရန်သူဖြစ်လာပြီး တစ်ယောက်နှင်တစ်ယောက် အသက်ရှင်လျက် ထားနိုင်ကြမည် မဟုတ်ပေ။
သို့ပေသိ ခံစားချက်ရှိသည့်လမ်းကြောင်းကိုလျှောက်မည်ဆိုလျှင်တော့ သူသွားမည့်လမ်းက ရှင်းလင်းခြင်း မရှိပေ။
မည်သို့ပင်ဆိုစေကာမူ အရာအားလုံးကို အစပြုခဲ့သူဖြစ်သည့် ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်ဟုသိရှိထားသည့် နေဝန်းထက်ယံအရှင်သခင်ကောင်းဟန်တွင်တော့ ပိုးသားဧကရာဇ် ပြန်လည်ကျင့်ကြံနိုင်မည့် နည်းလမ်းတစ်ခု ရှိကောင်းရှိနိုင်သည်။
ကောင်းဟန်၏ဆန္ဒက အထက်ဘုံကမ္ဘာအပေါ် အမတခုံရုံး၏သြဇာသက်ရောက်မှုကို ဖြတ်တောက်ပစ်ရန် ဖြစ်သည်။
သူ့တွင် ဖုယွင်ချီနှင့် ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးမရှိသလို ဖုယွင်ချီ၏ အနာဂတ်လမ်းကြောင်းကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ချက် မရှိပေ။
ထို့ကြောင့် ပိုးသားဧကရာဇ် ခံစားချက်ရှိသည့်လမ်းကြောင်းကို ရွေးချယ်မည်ဆိုလျှင် ဆက်လက်ကျင့်ကြံနိုင်ရန်အတွက် နည်းလမ်းတစ်ခု ပြင်ဆင်ထားမည် ဖြစ်သည်။
ကောင်းဟန်အနေဖြင့် ပိုးသားဧကရာဇ်ကို ဇာတ်လမ်းဆင်ချိန်တွင် ထိုက်ယိဟွာတိမ်တိုက်က ဤလောကတွင် ထွက်ပေါ်လာခြင်း မရှိသေးပေ။ ဘယ်အချိန်မှ ထွက်ပေါ်လာမည်ကိုလည်း သူ မသိရှိပေ။
ကောင်းဟန်၏ ကိုယ်ရည်ကိုယ်သွေးအရဆိုလျှင် ကွဲပြားလွန်းသည့်အရာတစ်ခုကို ရွေးချယ်မည် မဟုတ်ပေ။
သို့ဖြစ်ရာ သူ့တွင် လက်ရှိ ပိုးသားဧကရာဇ်၏ ပြဿနာအတွက် အဖြေတစ်ခု ရှိကောင်းရှိနိုင်သည်။
ပိုးသားဧကရာဇ်ကအလည်း အခြေအနေကိုနားလည်သည်ဖြစ်ရာ ထိုအကျက်ကို လွန်စွာပင် သတိပြုမိသည်။
မည်သို့ပင်ဖြစ်စေ အဆုံးသတ်မှာတော့ သူက ရန်ကျောက်ကဲနှင့်အတူ ထွက်ခွာသွားရန် ရွေးချယ်ခဲ့သည်။
သူ၏ အလောတကြီးခံစားနေရသော စိတ်ခံစားချက်များကြောင့် ထိုသို့ဆုံးဖြတ်ခြင်းဖြစ်နိုင်သော်လည်း ဤသည်က သူ၏ လက်ရှိစိတ်အခြေအနေနှင့်လည်း သက်ဆိုင်သည်။
ဤသည်က သူ့အပေါ် ကံကြမ္မာက လှည့်စားသည်ဟု ယူဆနိုင်သည်။
ရန်ကျောက်ကဲက တွေးတောရင်း...
“ကျွန်တော့်ခန့်မှန်းချက်အရဆိုရင်တော့... ဒါက ဇာတ်လမ်းပဲ”
သူက ဆက်ပြောသည်။
“အရင်ကတော့ မတွေးမိပေမယ့် လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်က နေဝန်းထက်ယံအရှင်သခင်ရဲ့ ကိုယ်ပွားဆိုတာ သိခဲ့ရပြီးတဲ့နောက် ကိစ္စတချို့ကို နားလည်သွားခဲ့တယ်”
“အိုး ဟုတ်လား”
ယွဲ့ကျန့်ပေက ရန်ကျောက်ကဲကို ကြည့်လိုက်သည်။
ရန်ကျောက်ကဲက...
“ကျွန်တော် ပြင်ပလောကမှာ လှည့်လည်သွားလာနေတုန်းက... ထိုက်ကျိယင်ယန်လက်ဝါးသိုင်းရဲ့ ပြီးပြည့်စုံခြင်းမရှိတဲ့ ပညာရပ်တစ်ခုကို ရရှိခဲ့တယ် ၊ အဲဒါကို ဆရာဦးလေးလည်း သိတယ် မဟုတ်လား”
သူက ဆက်ပြောသည်။
“အပြည့်စုံတဲ့ ထိုက်ကျိယင်ယန်လက်ဝါးသိုင်းအပြင် မဟာကပ်ဘေးကြီးမတိုင်ခင်က ဆင်းသက်လာခဲ့တဲ့ တခြားရှေးဟောင်းကျမ်းစာတွေလည်း ရရခဲ့တယ် ၊ အဲဒါတွေက ထိပ်တန်းသိုင်းပညာတွေတော့မဟုတ်ဘူး ၊ လူတစ်ယောက်ရေးသားထားတဲ့ စာတွေပဲ”
ယွဲ့ကျန့်ပေက စကားဖြတ်မပြောဘဲ ခေါင်းအသာညိတ်ပြလိုက်သည်။
ရန်ကျောက်ကဲက ဆက်ပြောသည်။
“အဲဒီစာတွေထဲမှာ ထိုက်ချင်အဆက်အနွယ်ရဲ့သိုင်းပညာအချို့အကြောင်းကို ဖော်ပြထားတယ် ၊ သူတို့ပြောတဲ့ပညာရပ်က ‘ခံစားချက်မျိုးကွဲ’ ပညာရပ်လို့ပြောတယ် ၊ အဲဒီတုန်းက ကျွန်တော် သိပ်ပြီးအရေးမစိုက်မိဘူး ၊ ဒါပေမဲ့ အခုမှစဉ်းစားမိတာက နေဝန်းထက်ယံအရှင်သခင်ရဲ့အစီအစဉ်က အဲဒီပညာရပ်ဖြစ်နိုင်တယ်”
“ခံစားချက်မျိုးကွဲပညာရပ်...”
ယွဲ့ကျန့်ပေက ထပ်ခါရေရွတ်လိုက်သည်။
ရန်ကျောက်ကဲ ခေါင်းညိတ်ရင်း…
"အမှန်ပဲ"
ခံစားချက်မျိုးကွဲပညာရပ်ဆိုသည်က မဟာကပ်ဘေးကြီးမတိုင်ခင်က ထိုက်ချင်အဆက်အနွယ်မှတန်ခိုးစွမ်းအားရှင်တစ်ယောက် လျှို့ဝှက်ဖန်တီးခဲ့သော ပညာရပ်တစ်ခု ဖြစ်သည်။
ကောင်းကင်ဘုံနန်းတော် သိုင်းကျမ်းစာကြည့်တိုက်တွင် ထိုပညာရပ် အသေးစိတ်ကို ကျမ်းစာများထဲ ဖော်ပြထားခြင်းသာရှိပြီး အသေးစိတ်အချက်အလက်များကို မှတ်တမ်းတင်ထားခြင်း မရှိပေ။
အကြမ်းဖျင်းပြောရလျှင် ထိုနည်းလမ်းက ကိုယ်ပွားတစ်ခု သန့်စင်သည့်နည်းလမ်းတစ်ခု ဖြစ်သည်။
ကောင်းဟန်က ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အား ကိုယ်ပွားအဖြစ် သန့်စင်ရာတွင် ယွိချင်အဆက်အနွယ် ပညာရပ်အမွေအနှစ်များကို အသုံးပြုခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် ယန်ချဲ့က ကောင်းဟန်၏ကိုယ်ပွားဖြစ်ကြောင်း မည်သူမှသတိမပြုမိသည်က ထူးဆန်းလှသည်။
ပိုးသားဧကရာဇ် အရေးကိစ္စနှင့်ပတ်သက်ပြီး ရန်ကျောက်ကဲ တွေးဆမိသည်မှာ ကောင်းဟန်က ထိုက်ချင်အဆက်အနွယ်မှပညာရပ်ကို မမှတ်မထင် ရရှိခဲ့ဟန်တူသည်ဟူ၍ ဖြစ်၏။
ထို့ကြောင့် ကောင်းဟန်က သူ၏ကိုယ်ပွားကိုသန့်စင်သည့်အခါ ကိုးကားချက်အချို့ကို ရယူနိုင်ခဲ့သည်။
ဤအချက်ကြောင့် သူက ပိုးသားဧကရာဇ်ကိုလှည့်စားရာတွင် ယုံကြည်မှုရှိနေခဲ့ခြင်း ဖြစ်သည်။ သူ့တွင် ပြန်လည်ပြုပြင်နိုင်သည့် နည်းလမ်းများ ရှိနေခဲ့သည်။
ခဏမျှစဉ်းစားပြီးနောက် ယွဲ့ကျန့်ပေက...
“ဒီလို လျှို့ဝှက်ပညာရပ်မျိုးရှိမယ်ဆိုရင်... ပိုးသားဧကရာဇ်ရဲ့အနာဂတ် ကျင့်စဉ်လမ်းကို ပြန်ပြီးတည်ဆောက်ဖို့အတွက် ကြီးမားတဲ့အကူအညီ ရရှိနိုင်တာပေါ့”
သူက ဆက်ပြောသည်။
“ခံစားချက်မျိုးကွဲပညာရပ်က ခံစားချက်တွေကို အောင်အောင်မြင်မြင် ပြန်လည်ရယူပြီး နောက်တစ်ကြိမ် ပြန်မေ့ပစ်တာနဲ့ အတူတူပဲလေ”
သို့ဖြစ်လျှင် ပိုးသားဧကရာဇ်သည် ယခင်ကကဲ့သို့ မေ့ပျောက်သည့်အဆင့်သို့ ပြန်လည်ရောက်ရှိသွားပြီး လမ်းမှန်သို့ ပြန်လျှောက်နိုင်မည်ဟု ယူဆရသည်။
ထိုက်ယိဟွာတိမ်တိုက်ကိုသန့်စင်ပြီး ကျင့်ကြံခြင်းတိုးတက်အောင်ပြုလုပ်မည့် အနက်ရောင်ပိုးသားဧကရာဇ်နှင့်ယှဉ်လျှင် ယခု ပိုးသားဧကရာဇ်၏တိုးတက်မှုက အကန့်အသတ်အနည်းငယ်ဖြင့် ပိုပြီး ထူးခြားသည်ဟုပင် ဆိုနိုင်ပေမည်။
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ကျွန်တော်လည်း အဲဒီလိုပဲတွေးထားပါတယ်”
ယွဲ့ကျန့်ပေက စဉ်းစားရင်း...
“ဒီတစ်ခေါက်တော့ ပိုးသားဧကရာဇ်က သူ့ရွေးချယ်မှုနဲ့ပတ်သက်ပြီး စွန့်လွှတ်အနစ်နာခံတာတွေ အများကြီးလုပ်ခဲ့ရတယ်”
ရန်ကျောက်ကဲက ယွဲ့ကျန့်ပေ၏ တည်ငြိမ်သောမျက်ဝန်းများကို ရင်ဆိုင်ကြည့်လိုက်ရင်း...
“ကျွန်တော် နတ်ဘုရားတံခါးကိုဖွင့်လှစ်ပြီးရင်တော့ တချို့ကိစ္စတွေကို စမ်းသပ်ကြည့်ရမယ် ၊ အခြေအနေကို ပြောင်းပြန်လှန်နိုင်တဲ့အခွင့်အရေးမျိုး ကျွန်တော်တို့ ရကောင်းရနိုင်မျာပါ”
သူက ဆက်ပြောသည်။
“ထိုက်ချင်အဆက်အနွယ်ရဲ့ ရှန်းထျန်းဝူထိုက် ထိပ်တန်းသိုင်းပညာအားလုံးကို ကျွန်တော် စုဆောင်းထားပြီးပြီ ၊ ဒါပေမဲ့ အချိန်နဲ့ခံနိုင်ရည်ရှိမှုအကန့်သတ်ကြောင့် အဲဒီပညာရပ်တွေထဲက အချို့ပညာရပ်တွေကို လော့လာထားပေမယ့် မကျင့်ကြံရသေးဘူး”
“ထိုက်ချင်အဆက်အနွယ် ထိပ်တန်းသိုင်းပညာရပ်တွေကို နက်နက်နဲနဲနားလည်ပြီးရင် ခံစားချက်မျိုးကွဲပညာရပ်ကို ပိုးသားဧကရာဇ်နဲ့အတူ ပြန်ရယူဖို့ ဖြစ်နိုင်ခြေရှိတယ် ၊ ဘာလို့လဲဆိုတော့ ယေဘူယျအယူအဆကို ကျွန်တော်က သိပြီးသားလေ ၊ ကျွန်တော်မသိတာက အသေးစိတ်အချက်အလက်တွေနဲ့ပတ်သက်တဲ့ ဖြစ်စဉ်ကိုပဲ မသိတာ”
ရန်ကျောက်ကဲက ရယ်မောရင်း...
“ပြောရရင်တော့ ကျွန်တော့်ကို သစ္စာမရှိဘူးဆိုပြီး မဆူစေချင်ဘူး ၊ ယွင်ချင်အဆက်အနွယ်သိုင်းပညာရပ်တွေထက် သင်ယူရတာလွယ်ကူလို့ ထိုက်ချင်အဆက်အနွယ်သိုင်းပညာကို ကျင့်ကြံတယ်လို့ မထင်စေချင်ဘူး”
ရန်ကျောက်ကဲစကားကိုကြားသည်နှင့် ယွဲ့ကျန့်ပေ၏ တည်ကြည်လေးနက်သောမျက်နှာထက် အနည်းငယ် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။
ရန်ကျောက်ကဲစကားကို သူက ရယ်ရမလား ငိုရမလားမသိ ဖြစ်သွားသည်။
နောက်ဆုံးတော့ ကူရာကယ်ရာမဲ့စွာ ခေါင်းခါယမ်းရင်း...
“သူများတွေ စန်းချင်း(၃)ပါးအဆက်အနွယ်အားလုံးရဲ့ လမ်းစဉ်ကိုကျင့်ကြံတယ်ဆိုတာ ရည်မှန်းချက်ကြီးမားလို့ပဲ ၊ မင်းကတော့ မင်းအရည်အချင်းနဲ့ကိုက်ညီလို့ကျင့်ကြံတာဆိုတော့ ပြဿနာမရှိပါဘူး”
ရန်ကျောက်ကဲက အရှက်မရှိစွာပင် ရယ်မောလိုက်ရင်း...
“ဆရာဦးလေးက အရမ်းချီးကျူးလွန်းနေပြီ”
ယွဲ့ကျန်ပေနှင့် ခဏမျှ စကားစမြည်ပြောဆိုပြီးနောက် သူတို့နှစ်ယောက် ခရမ်းရောင်ဝိညာဉ်ခန်းမထဲမှ အတူတူ ထွက်ခွာလာကြသည်။
သူတို့နှစ်ယောက် အဂ္ဂိရတ်ခန်းမစကြာဝဠာထဲတွင် ဖြည်းညင်းစွာလှည့်ပတ်ကြပြီးနောက် အလင်းစီးကြောင်းပင်လယ်ကြီးဆီသို့ ရောက်ရှိလာကြသည်။
အလင်းစီးကြောင်းပင်လယ်ကြီးက ဖြည်းဖြည်းချင်းကျယ်ပြန့်နေသည်။
သို့သော် နယ်နိမိတ်အရံအတားများက မှုံဝါးနေပြီး တည်ငြိမ်ရန် ခက်ခဲနေသေးသည်။
အလင်းပင်လယ်ကြီးထဲမှာတော့ အထက်ဘုံကမ္ဘာမှ ခွဲထုတ်ထားသော နယ်မြေအသီးသီးက တဖြည်းဖြည်း ပြန်လည်အသားကျ ကောင်းမွန်လာပေပြီ။
နယ်မြေများကို လွတ်လပ်သောနယ်မြေများအဖြစ် သီးခြားခွဲထုတ်ထားပြီး ၎င်းတို့ကို ပြန်လည်ချိတ်ဆက်ခြင်း မရှိသေးပေ။ အကြောင်းမှာ နယ်နိမိတ်အရံအတားများ မခွဲခြားရသေးသောကြောင့် ဖြစ်၏။
အထက်ဘုံကမ္ဘာတွင် စုစည်းထားသော လူပေါင်းများစွာသည်လည်း ယခု ကွဲပြားသွားကြသည်။ သူတို့က သူတို့ဂိုဏ်းတည်ရှိရာနေရာများသို့ ပြန်သွားခဲ့ကြသည်။
သေမျိုးလူသားများကတော့ ဘာကိုမှ သတိမပြုမိသော အနေအထားတွင် ရှိနေဆဲပင်။
အဆင့်နိမ့်ကျင့်ကြံသူအများစုကတော့ သတိပြန်ဝင်စ ပြုလာပြီ ဖြစ်၏။
လက်ရှိတွင် ရန်ကျောက်ကဲက အဂ္ဂိရတ်ခန်းမကို ထိန်းချုပ်ထားသူဖြစ်သဖြင့် သူက ခန်းမအတွင်း မည်သည့်နေရာကိုမဆို ဖြတ်သန်းသွားလာနိုင်စွမ်း ရှိသည်။
အစောပိုင်းက ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို ယွင်ကဲတောင် ၊ ရွှမ်လျိုကျောင်းတော်သို့ပို့ဆောင်ပေးပြီး ကွမ်းယွိလော်ကို ကြိုတင်နိုးထစေခဲ့သည်။
ယခု ယွဲ့ကျန့်ပေက သူ၏ကိုယ်ပိုင်နေရာဖြစ်သော ကျောက်စိမ်းကျောက်ဆောင် တည်ရှိရာသို့ ထွက်ခွာသွားသည်။
ရန်ကျောက်ကဲကတော့ ဖန်းယွင်ရှန်းကိုခေါ်ဆောင်ပြီး သူတို့နှစ်ယောက်အတူ ကြာပန်းနီကမ်းပါးသို့ ဦးတည်ခဲ့ကြသည်။
ရန်ကျောက်ကဲက ဖုထင်နှင့် ဟယ်ရှီးရှင်ကို စကားပြောရန် ပြင်ဆင်ထားခဲ့သည်။
ကွမ်းယွိလော်နှင့်တွေ့ဆုံပြီးနောက် ဖန်းယွင်ရှန်းက မန်ဝင်နှင့်တွေ့ဆုံချင်သလို ဝါဒတောင်မှ အခြားသူများနှင့်လည်း တွေ့ဆုံလိုသေးသည်။
“ဆရာကျန်းနဲ့ တခြားသူတွေက ယွိလော်ကို ဂရုစိုက်ပေးနေကြတယ်”
သူတို့နှစ်ယောက်တွေ့ဆုံကြပြီးနောက် ဖန်းယွင်ရှန်းက ရိုးရှင်းသည့်လေသံဖြင့်ပင် ဆိုလိုက်သည်။ သူမ၏ စိတ်ခံစားချက်များ တည်ငြိမ်သွားပြီ ဖြစ်ဟန်တူ၏။
ဖန်းယွင်ရှန်းအခြေအနေကိုမြင်တော့ ရန်ကျောက်ကဲက မည်သည့်အပိုစကားမှ ထပ်မပြောတော့ပေ။
သူက အခြားကိစ္စများကိုသာ စကားလမ်းကြောင်းပြောင်းလိုက်သည်။
“ဒါနဲ့... ငရဲကိုးထပ်မှာ ပထမဆုံး မင်းထားခဲ့တဲ့ သတင်းစကားကို ငါမြင်ခဲ့တယ်... သိလား”