← Chapters

မိစ္ဆာ ပျောက်ကွယ်သွားခြင်း

Vol. 19 Ch. 272

မိစ္ဆာ ပျောက်ကွယ်သွားခြင်း

Vol. 19 Ch. 272

Child of light (ကျန်းကုန်း)

Volume 10: Chapter 19 - The Monster Disappears

ကျုပ် အသံကျယ်ကျယ်နဲ့….

“အားလုံး အသင့်ပြင်ထား.. နတ်ဘုရားဘုရင်ကိုယ်တိုင် ငါ့ကို သန့်ရှင်းသောဓားအပ်နှင်းထားတဲ့အတွက် ကောင်းကင်ဘုံထိ အရှိန်အဟုန်နဲ့ တောက်ပစေရမယ်ဟေ့… တိုက်….”

ငွေရောင် သန့်ရှင်းသောဓား အောက်ဘက် ထိုးဆင်းသွားတယ်။ ရှို့စစ်နဲ့ ကျန်တဲ့သူတွေလဲ နတ်ဘုရား လက်နက်တွေ အသီးသီး အသက်သွင်းလိုက်ကြတယ်။ ကျာစစ်ခယ်လီသောင် တိုက်ကွက်တွေ ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားပြီး အမှောင်မိစ္ဆာဓားကို ကိုင်ရင်း ဆွေးဆွေးမြေ့မြေ့ တစ်ချက် အော်လိုက်တယ်။ ဒါပေမယ့် သူ့စွမ်းအားတွေ နည်းသွားတဲ့အတွက် ကြာကြာမခံနိုင်တော့ဘူးဆိုတာ ကျုပ်သိတယ်။ ခန်းနားကြီးကျယ်လွန်းတဲ့ နတ်ဘုရားလက်နက် (၅)ခုအောက်မှာ လွတ်ဖို့ မျှော်လင့်ချက် ဘယ်ရှိမှာတုန်း။ သူ့ခန္ဓာကိုယ်တဝိုက်က မီးခိုးရောင် အရှိန်အဝါတွေလဲ တဖြည်းဖြည်း ပါးသွားပြီး ပါးစပ်ပေါက်ကနေ မီးခိုးရောင် အရေတွေ ထွက်လာတယ်။

ရုတ်တရက် ပုံရိပ်တစ်ခု ဖြတ်ပြေးသွားတယ်။ ကျာစစ်ခယ်လီသောင်နဲ့ အလုပ်ရှုတ်နေရင်း တစ်ချက်ကြည့်လိုက်တော့ နတ်ဆိုးဘုရင် ရှီးယု ဖြစ်နေတယ်။

ရှီးယု အားရကျေနပ်စွာနဲ့..

“နတ်ဘုရား အမွေခံတို့ ကျေးဇူးပြုပြီး သနားညှာတာကြပါ။ ငါ့အစ်ကို ကို မသတ်ကြပါနဲ့..”

ကြားရတော့ ရင်ထိတ်သွားမိလိုက်တယ်။ ဟုတ်တာပေါ့။ လက်ရှိမှာ ကျာစစ်ခယ်လီသောင်က နတ်ဆိုးဘုရင် မာနတ်ရဲ့ ခန္ဓာကိုယ်ကို အပိုင်စီးထားတာလေ။ ကျုပ်တို့တွေ သူ့ကို သတ်ရင် မာနတ်ကိုပါ တခါတည်း သတ်ရလိမ့်မယ်။ အဲလိုသာဆို ရှီးယု ကျုပ်တို့နဲ့ ဘယ်လိုလုပ် ပူးပေါင်းတော့မှာလဲ။ အဲဒါ တွေးလိုက်မိတော့ ကျုပ်လက်ထဲက နတ်ဘုရားစွမ်းအားတွေ လျော့ချလိုက်တယ်။

ကျာစစ်ခယ်လီသောင် ကျုပ်တို့တိုက်ကွက်တွေကို ကာကွယ်ဖို့ မီးခိုးရောင်စွမ်းအားတွေစုရင်း အချိန်ကောင်း စောင့်နေတာလေ။ သူ့ခန္ဓာကိုယ်က မီးခိုးရောင် အငွေ့တွေ ထွက်လာပြီး အောက်ဖက်ကို ရွေ့သွားတယ်။

ကျုပ် သတိထားမိလိုက်တာနဲ့..

“မကောင်းတော့ဘူး….”

အောက်လိုက်ပေမယ့် အောက်ဘက်ကို ချပ်ပိတ်ဖို့ အစ်ကိုကြီး ကျန်းဟူမရှိတော့ ကျုပ်တို့ချိပ်စည်းမှာ ဟာကွက် ဖြစ်နေတာလေ။ ပြီးတော့ ရှီးယုရဲ့ ရည်ရွယ်ချက်ကလဲ ကျာစစ်ခယ်လီသောင် လွတ်ဖို့ပဲလေ။ ကျာစစ်ခယ်လီသောင်အပေါ်မှာ မီးခိုးရောင် မြူခိုးတွေပေါ်မှာ နတ်ဘုရားစွမ်းအား(၅)မျိုး အကြီးအကျယ် ပိတ်စို့တိုက်ခိုက်နေတော့ နာနာကျင်ကျင် အော်လိုက်ရသေးတယ်။ မီးခိုးရောင် မြူခိုးတွေ နဂိုကထက် (၃)ပုံ(၁)ပုံလောက်ထိ ကျုံ့ဝင်သွားပြီး အနောက်ဘက် အမြန်ရွေ့သွားပြန်ရော။

“မီကျားလီ…. စောင့်နေလိုက်။ ဘုရင်ကြီး ဒီလောကကို ပြန်ရောက်လာတာနဲ့ ငါ့စွမ်းအားတွေ နောက်တခါ ပြန်ရလာလိမ့်မယ်။ အဲ့တော့မှ နင့်အသက်အတွက် ငါပြန်လာခဲ့မယ်…”

နတ်ဆိုးဘုရင် ရှီးယု ဆွေးဆွေးမြေ့မြေ့ ကြည့်နေပေမယ့် ဘာစကားမှ ပြန်မပြောနိုင်လိုက်ဘူး။

ရှို့စစ် ကျုပ်နားပြေးလာပြီး စိုးရိမ်တကြီးနဲ့..

“အဲ့လူ တော်တော် အစွမ်းထက်တာပဲ။ ငါတို့(၅)ယောက်ပေါင်းထားတာတောင် အပြတ်မရှင်းနိုင်လိုက်ဘူး။ နောက်ဆို သူနဲ့ တိုက်ရင် လွယ်မှာမဟုတ်လောက်တော့ဘူး..”

ကျုပ်လဲ လေးလေးနက်နက်နဲ့..

“သူက မိစ္ဆာဘုရင် လက်အောက်က မိစ္ဆာဘီလူး (၃)ယောက်ထဲက တစ်ယောက်ပဲလေ။ မိစ္ဆာဘုရင်သာ ပြန်လာရင် ဘယ်လိုဖြစ်သွားမလဲ…”

ရှီးယု ခပ်ရှက်ရှက်နဲ့ပဲ..

“ငါစိတ်မကောင်းပါဘူးကွာ။ ဒါပေမယ့် ငါ့ရဲ့ တစ်ဦးတည်းသော အစ်ကို ဖြစ်နေတယ်။ ဒီအတိုင်း သေသွားမှာ ကြည့်မနေနိုင်ဘူးကွာ..”

ကျုပ်တို့တွေ သူ့ဂုဏ်ပုဒ်ကို ဂရုမစိုက်ကြဘူးလေ။ အစပိုင်းတော့ သူ့ကို နိပ်ကွပ်ချင်ပေမယ့် နတ်ဆိုးနဲ့ သားရဲမဟာမိတ်တပ်တွေနဲ့ ညှိနှိုင်းဖို့အတွက် ကျုပ်မှာရွေးစရာမရှိတော့လို့ ပြောချင်တာတွေ မျိုသိပ်ပြီး..

“မေ့လိုက်ပါဗျာ။ နောက်ထပ် အခွင့်အရေးတွေ ရှိပါသေးတယ်။ နတ်ဆိုးဘုရင် မာနတ်ကို ကယ်ဖို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်။ ပြန်ကြစို့..”

ကျုပ်လဲ အစောပိုင်းက သူတို့တွေ စုပေးထားတဲ့ စွမ်းအားတွေအကုန် သုံးလိုက်ပြီလေ။ ရုတ်တရက် ကျုပ်အားနည်းသွားပြီး နည်းနည်း ယိုင်သွားတယ်။ ရှို့စစ် ကျုပ်ကို ဖမ်းထိန်းပြီး ဒဏ်ရာရနေတဲ့ အမြူတေကို ကုဖို့ သူ့ဦးချိုစွမ်းအားတွေ သုံးလိုက်တယ်။

အစ်ကိုကြီး ရှန့်ယွင်ကို အကြောင်းကြားဖို့ ရှောင်ကျင်းကို ပြန်ခိုင်းလိုက်ပြီး အားလုံး အောက်ကို ဆင်းလာလိုက်ကြတယ်။ မူကျီနဲ့ ခယ်လွင်သောင်တို့ အစ်ကိုကြီး ကျန်းဟူကို စောင့်ပေးနေကြတယ်။ မူကျီ ရှီးယုကို ဇွတ်တရွတ်နဲ့..

“ဦးလေး…… နင်…..”

ရှီးယု သူ့အပြစ်နဲ့သူ ခေါင်းငုံ့ပြီး စစ်တပ်အမိန့်ပေး တံဆိပ်ပြား ထုတ်ပြီး မူကျီကို ပေးလိုက်တယ်..

“ဒါ နတ်ဆိုးစစ်တပ်ရဲ့ အမိန့်ပေးတံဆိပ်ပြားပဲ။ အခု မင်းကို ပေးလိုက်တော့မယ်။ မူကျီ မင်းဦးလေးရဲ့ ခံစားချက်ကို နားလည်ပေးပါကွာ။ မာနတ်ကို မိစ္ဆာမျိုးနွယ်က သိမ်းပိုက်ထားပေမယ့် ငါ….”

ကျုပ် လျှောက်သွားပြီး မူကျီ ပခုံးကို လက်တင်ရင်း..

“မေ့လိုက်တော့။ အဲ့အတွက်တော့ နတ်ဆိုးဘုရင်ကြီး ရှီးယုကို အပြစ်တင်လို့မရဘူး။ မိစ္ဆာမျိုးနွယ်ရဲ့ တည်ရှိမှုက အမှန်တရားဆိုတာ အခုတော့ ယုံကြပြီမို့လား..”

ဒီလောက် တဝုန်းဝုန်း ဖြစ်ပြီးမှတော့ ရှီးယု မယုံကြည်နိုင်လောက်အောင်ဖြစ်ပြီး အသာပဲ ခေါင်းညိတ်ပြတော့တယ်။

ကျုပ်လဲ မူကျီကို..

“မူကျီ.. နင် စစ်တပ်အမိန့်ပေး တံဆိပ်ကို နတ်ဆိုးဘုရင်ကြီးဆီ ပြန်ပေးလိုက်သင့်တယ်။ တပ်ဖွဲ့တွေကို နိုင်နိုင်နင်းနင်း အုပ်ချုပ်ဖို့အတွက် နတ်ဆိုးဘုရင်ကို အားကိုးမှရမယ်လေ”

ရှီးယု အံ့ဩတကြီးနဲ့ ခေါင်းမော့လာပြီး..

“မင်း ငါ့ကို ယုံတယ်ပေါ့…”

ခယ်လွင်သောင် ခပ်ပြုံးပြုံးနဲ့..

“နတ်ဆိုးဘုရင်က ဧကရာဇ်ကို သစ္စာရှိနေမှတော့ ကျုပ်တို့တွေ မင်းကို မယုံစရာလား။ ကျုပ်တို့မျိုးနွယ်ရဲ့ ခမ်းနားတဲ့ တပ်ကြီးကို ကွပ်ကဲဖို့ ခင်ဗျားထက် သင့်တော်တဲ့သူ ရှိပါ့မလား”

စကားဆုံးတော့ ခယ်လွင်သောင် ကျုပ်ကို လေးလေးစားစား ကြည့်နေလေရဲ့။

ရှီးယု မူကျီဆီက စစ်တပ်အမိန့်ပေးတံဆိပ်ကို လက်ခံယူရင်း..

“လက်ရှိ ကမ္ဘာကြီးက မျိုးဆက်သစ်တွေ ခေတ်ပါကွာ။ ငါ တကယ်ကို အသက်ကြီးသွားပြီ။ ဒီကိစ္စတွေ ပြီးရင်တော့ ဧကရာဇ်ကြီးကို တောင်းပန်ပြီး အိမ်ပြန် အနားယူတော့မယ်ကွာ။ တိုက်ကြမလား ညှိနှိုင်းမလားဆိုတာ အားလုံးအပေါ်မှာပဲ မူတည်တာပါလေ။ ကဲ ဆွေးနွေးဖို့ ပင်မစခန်းကို ပြန်ကြစို့”

ခယ်လွင်သောင် ရှီးယုအနောက်ဘက်က အပျက်အစီးတွေကို ကြည့်ပြီး..

“ပင်မစခန်းက ကွက်လပ်ကြီးဖြစ်နေပြီ။ တနေရာ ရှာတာကောင်းမယ် ထင်တယ်..”

အဘိုးကြီး ရှီးယု မျက်နှာတွေ နီလာပြီး..

“အစေခံတွေ.. ဒီနေရာကို ရှင်းပြီး တဲကြီး အမြန်ဆောက်လိုက်ကြစမ်း။ ပြီးတော့ မြောက်ဝံဘုရင်ကို ဖိတ်ဖို့ သားရဲတပ်ဘက်ကို တစ်ယောက် သွားသတင်ပို့လိုက်”

အဲ့အချိန်မှာပဲ အသံဝါကြီးနဲ့..

“လုပ်မနေနဲ့တော့။ မင်းနေရာမှာ ဒီလောက် တရုန်းရုန်းဖြစ်နေတာကို။ ငါမပါလို့ ရမလားကွ..”

အနက်ရောင် အရိပ်ကြီးတစ်ခု ကောင်းကင်ပေါ်မှာ ကြယ်တွေတောင် ကွယ်သွားတယ်။ လှည့်ကြည့်လိုက်တော့ ကျုပ်တောင် လန့်သွားမိတယ်။ အာ.. ဒါကြီး လူသားမဟုတ်မှန်း ပြောနိုင်တော့ သားရဲမျိုးနွယ်က ဖြစ်လောက်တယ်။ အနည်းဆုံး (၅)မီတာလောက် မြင့်ပြီး၊ ချပ်ဝတ်ထူထူကြီး ဝတ်ထားလိုက်တာ ခေါင်းနဲ့ လက်တွေပဲ ပေါ်နေတယ်။ သူ့လက်မောင်းကြီးမှာ အမွှေးစိမ်းတွေနဲ့ ပြည့်နေတာပဲ။ ဘီးလုံးကြီးလို မျက်လုံးတွေနဲ့ အကြည့်ပြင်းပြင်းတွေ ကြည့်နေလေရဲ့။ ခေါင်းတစ်ဝက်လောက်က ပြောင်နေပြီး နောက်တစ်ခြမ်းမှာပဲ အမွှေးဝါတွေကို စုစည်းထားလေရဲ့။ ခန္ဓာကိုယ်မှာလဲ ကြေးနီရောင် အရေခွံတွေနဲ့ဗျ။ သူ့လက်တစ်ချောင်းတောင် ကျုပ်လက်မောင်းလောက်ရှိတယ်ဗျို့။ လက်ထဲမှာ (၃)မီတာလောက်ရှည်တဲ့ ဝံပုလွေသွား လှံကြီးတစ်ချောင်းနဲ့။ အကျယ်ဆုံး ဗျက်နေရာက (၅၀)စင်တီမီတာထက်ကို ပိုကျယ်လောက်မယ်။ ဘယ်လောက် လေးမယ်ဆိုတာ မမှန်းနိုင်ပေမယ့် သူ့လက်ထဲမှာကိုင်ထားတဲ့ ပုံစံကတော့ သာသာယာယာပဲ။

ရှီးယု အလျှင်စလိုနဲ့..

“အာ.. အစ်ကိုဝက်ဝံကြီး ရောက်လာပြီပဲ။ ကောင်းပြီလေ ဆွေးနွေးပွဲ လုပ်လိုက်ကြတာပေါ့..”

ဝက်ဝံကြီးရဲ့ မျက်တောင်တွေ ခတ်ပြီး…

“ထားလိုက်တော့။ မင်းတဲက ရစရာမရှိတော့ဘူး။ ဒီမှာပဲ ဆွေးနွေးလိုက်တာပေါ့။ ဘာပြဿနာရှိလို့လဲ။ အစောက ကောင်းကင်ပေါ်မှာ မီးရှူးမီးပန်းတွေ ပစ်လိုက်သလိုပဲ။ မင်းတို့ ပွဲတစ်ခုလုပ်နေတယ် ထင်လိုက်တာ”

ရှီးယု မချိပြုံး ပြုံးပြီး..

“ဘယ်နှယ့် ပွဲလုပ်ရမှာလဲကွာ။ ပြောရမှာ ရှည်တယ်ဟေ့..”

စကားဆုံးတာနဲ့ ကျုပ်ကို လှည့်ကြည့်လို့ ခေါင်းညိတ်ပြလိုက်တာတွေ့တော့ သူကပဲ ဆက်ပြီး..

“ဒါဆိုလဲ ဒီမှာပဲ စကားပြောကြတာပေါ့ကွာ။ အစေခံတွေ စားပွဲကြီးတစ်လုံးနဲ့ ထိုင်ဖို့ ခုံတွေ ယူခဲ့ကြဟေ့။ တပ်သားတွေလဲ ကိုယ့်နေရာကိုယ်ပြန်ပြီး အနားယူလိုက်ကြ။ ငါ့အမိန့်မရဘဲ ပင်မတဲရဲ့ မီတာ(၅၀၀)အကွာထိ ဘယ်သူမှ မရှိစေနဲ့..”

......*****…..

တိုက်ပွဲ ကွင်းပြင်မှာပဲ အားလုံး စားပွဲကြီးတစ်လုံးနဲ့ ညလေထုအောက်မှာ ထူးထူးခြားခြား လန်းဆန်းနေကြတယ်။ ကျုပ်ခန္ဓာကိုယ်ထဲက စွမ်းအား(၃)ခုလဲ နည်းနည်း ပြန်ကောင်းလာပြီ။ ဒဏ်ရာရသွားတဲ့ အမြူတေတွေလဲ ရှို့စစ် ကုပေးခဲ့တယ်လေ။ အစ်ကိုကြီး ကျန်းဟု ထိုင်နေရာက ထရပ်လိုက်တယ်။ ဝက်ဝံဘုရင်ကြီးကတော့ ခန္ဓာကိုယ် ကြီးလွန်းအားကြီးတော့ မြေပေါ်မှာပဲ ထိုင်နေလေရဲ့။

ရှီးယု ကျုပ်တို့ကို ညွှန်ပြရင်း..

“အစ်ကို ဝက်ဝံကြီး မင်းကို မိတ်ဆက်ပေးရအုံးမယ်ကွ။ ဒါငါတို့ မြင့်မြတ်အလင်း အင်ပါယာရဲ့ မင်းသမီးလေး၊ ဧကရာဇ်ရဲ့ ဆက်ခံသူပေါ့။ ဒါက နတ်ဆိုးမျိုးနွယ် ထိပ်တန်းစစ်သည်တော်၊ ဒါကတော့ ဝက်ဝံမျိုးနွယ်က အဘိုးကြီး ဆန်းစစ်ဝက်ဝံ ကြီးပေါ့”

============= (*^*)=============

အပိုင်း( ၂၇၃ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters