သားရဲတပ်ဖွဲ့ နောက်ဆုတ်ခြင်း
Vol. 19 Ch. 274
Child of light (ကျန်းကုန်း)
Volume 10: Chapter 21 - The Magic Beasts Retreat
ကျုပ်ပြုံးပြုံးကြီးနဲ့ မျက်လုံးချင်း စုံကြည့်လိုက်ပြီး..
“အစ်ကိုကြီး အံ့ဩစရာ ပွဲကောင်းတစ်ပွဲ စောင့်ကြည့်လိုက်စမ်းပါ။ ရှင်းအောင် မရှုံးနိုင်ဘူး။ ဝက်ဝံကြီး အစွမ်း ထက်ပေမယ့် သူ့စိတ်ဝိညာဉ် မသန်မာဘူးကွ”
ဝက်ဝံကြီး နည်းနည်းလေး နိမ့်သွာားပေမယ့် တိုက်ခိုက်လိုစိတ်ကတော့ ပိုကြွလာတယ်။ အစောက တိုက်ကွက်ကြောင့် ဝံပုလွေသွား (၂)ချောင်း ကျိုးသွားတာ မြင်ပြီး အသံကျယ်ကျယ်နဲ့ အားသွင်းအော်ရင်း ရှင်းအောင်းဆီ နောက်တစ်ကြိမ် တိုးဝင်သွားတယ်။ ရှင်းအောင်းလဲ အေးစက်စက်အော်ပြီး သူ့တူကြီးကိုင်ထားလေရဲ့။
“အုန်း.. ထုန်း…အုန်း.. ထုန်း…”
လူတိုင်းနားထဲမှာ အသံတွေ ဆက်တိုက်ကြားနေရတယ်။ သူတို့နှစ်ယောက် ထိပ်တိုက် ရင်ဆိုင်နေကြတာပဲ။ ကျုပ်တို့ ပရိသတ်တွေအနေနဲ့တော့ စွမ်းအားကောင်းကောင်း အရှိန်ပြင်းပြင်းနဲ့ အရိုးရှင်းဆုံး တိုက်ပွဲကြီးတစ်ခုကို စကားမပြောဘဲ ငြိမ်ကြည့်နေကြတယ်။
ကွင်းထဲက ဖုန်တွေသဲတွေကို လေပြေတစ်ချက် သုတ်သွားလေရဲ့။ ဝက်ဝံဘုရင်တော့ မတ်တပ်ရပ်နိုင်ဖို့ သူ့ဝံပုလွေသွားလှံကြီး ထောက်ထားရပြီး အမောတကော အသက်ရှူနေလေရဲ့။ သူ့နှုတ်ခမ်းမှာလဲ သွေးစနည်းနည်း ထွက်နေတယ်။ ရှင်းအောင်ကတော့ နည်းနည်း အခြေအနေ ပိုကောင်းတယ်။ သူ့ထက်ပိုသာတဲ့ တိုက်တန်နတ်ဘုရားတူ ကို စုတ်ပြတ်နေတဲ့ ချပ်ဝတ်နဲ့ဝက်ဝံကြီး သည်းမခံနိုင်ဘဲ စိုက်ကြည့်နေရင်း အတော်တော်ကို မောနေတာဗျ။
ဝက်ဝံဘုရင်က..
“ဒါ ကျေနပ်စရာပဲ။ တကယ်ကို ကျေနပ်စရာကြီး။ ဒီလောက် ပျော်စရာကောင်းတဲ့ တိုက်ပွဲကြုံလိုက်ရတယ်..”
ရှင်းအောင်း ရယ်ရင်းမောရင်းနဲ့ပဲ..
“မင်း ထပ်တိုက်ချင်သေးလား..”
ဝက်ဝံကြီးက..
“ငါ့အတွက်တော့ လုံလောက်သွားပြီ။ ငါမင်းကို အနိုင်မတိုက်နိုင်ဘူး။ ဒါပေမယ့် ငါရှုံးသွားတာ ယုံကို မယုံနိုင်ဘူး။ မင်းက လက်ထဲက တူကြီးနဲ့ ငါ့ကို အနိုင်ယူသွားတာ။ နောက်နောင် အခွင့်အရေးရလို့ မင်းကို ထပ်စိန်မခေါ်ခင် လက်နက်ကောင်း တစ်ခုလောက်တော့ ပိုင်နိုင်လောက်ပါတယ်”
ရှင်းအောင်းကတော့ ပွင့်ပွင့်လင်းလင်းနဲ့ပဲ..
“ငါ့လက်နက်ကြောင့် မင်းကိုအနိုင်ရလိုက်တယ်ဆိုတာ ငါဝန်ခံပါတယ်။ ခွန်အားအရဆို မင်းက ပိုသန်မာတယ်ကွ။ ဒီလိုဆိုရင်ရောဗျာ။ ကျုပ်တို့တွေ သရေလို့ သတ်မှတ်လိုက်တာပေါ့”
ပြိုင်ဖက်က သူ့ကိုမျက်နှာသာ ပေးတာမြင်တော့ ဝက်ဝံဘုရင် တိုက်ပွဲမြေပြင်ပေါ်မှာ ငြိမ်သွားပြီး..
“ကောင်းပြီလေ။ မင်းကို ငါ့ညီအဖြစ် အသိအမှတ်ပြုတယ်။ နောက်နောင် မင်းလိုအပ်တာရှိရင် ငါ့ကိုပြောလိုက်ယုံနဲ့ ရစေရမယ်”
ဒီလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဇာတ်သိမ်းသွားတာတွေ့ရတော့ အရမ်း အံ့ဩသွားမိတယ်။ ရှို့စစ် ကျုပ်ကို တိုးတိုးလေးနဲ့..
“သားရဲတွေ ဉာဏ်ရည်နိမ့်တယ်လို့ ဘယ်သူပြောလဲ။ အဲ့ကောင်ကြီး ရှင်းအောင်းကို အနိုင်မယူနိုင်ဘူးဆိုတာ သိတာနဲ့ တိုက်ပွဲရပ်ပြီး ရှင်းအောင်းကို ညီအစ်ကိုအဖြစ် သတ်မှတ်လိုက်တယ်။ ဒီလို အစွမ်းကုန် တိုက်ခိုက်ပွဲက သူ့နာမည် မထိခိုက်စေဘဲ နတ်ဆိုးနဲ့ သားရဲမျိုးနွယ်ကြားက သူ့ဂုဏ်သိက္ခာ ပိုတက်သွားတယ်လေ”
“ဒီကောင်ကြီး တော်တော် အစွမ်းထက်တာပဲ။ သူ နတ်ဆိုးဧကရာဇ်ကလွဲရင် သားရဲမျိုးနွယ်မဟာမိတ်အဖွဲ့မှာ ဩဇာအကြီးဆုံးပဲလေ။ တကယ်လို့ သူ့ကိုသာ စစ်မြေပြင်မှာ တွေ့ရမယ်ဆိုရင် လူသားမျိုးနွယ်က ဘယ်လောက်တောင် ဆုံးရှုံးသွားရမယ် မသိနိုင်ဘူး။ စွမ်းအားကို ကြည့်ရင်လဲ အကြီးအကဲ(၅)ယောက်တောင် နိုင်မယ်လို့ အာမမခံနိုင်ဘူး”
ဝက်ဝံကြီးနဲ့ ရှင်းအောင် အတူလျှောက်လာတယ်။ ဝက်ဝံကြီးကတော့ ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းနဲ့..
“အစ်ကိုကြီး ဒီကကိစ္စတွေနဲ့ ပတ်သက်ပြီး ငါမင်းစကားတွေ နားထောင်မယ်။ ဒါပေမယ့် ငါ့အကြီးအကဲနဲ့ ဆွေးနွေးဖို့ လိုတယ်ကွ။ ငါစိတ်နဲ့ငါ ဆုံးဖြတ်လို့ မရဘူးကွ”
မူကျီ အပြုံးနဲ့..
“ဦးလေး ဝက်ဝံ၊ ဒီကိစ္စ ဆွေးနွေးစရာ မလိုဘူးလို့ ငါထင်တယ်။ ငါနတ်ဆိုးမြို့တော်က ထွက်လာတုန်းက တော်ဝင်အဖေ ဦးလေးရဲ့ သားရဲဧကရာဇ်ကို အကြောင်းကြားဖို့ သံတမန်တွေ လွှတ်လိုက်ပြီးသား။ အဲ့သတင်း ဦးလေးဆီ မရောက်သေးလို့ပါ”
ဝက်ဝံကြီး လှည့်ကြည့်ပြီးမှ..
“ကောင်းပြီလေ။ ဒီတော့ ငါလုပ်စရာမလိုတော့ဘူးပေါ့။ ငါတို့တွေ အခုချိန်ကစပြီး မိတ်ဆွေကောင်းတွေ ဖြစ်လာလိမ့်မယ်။ ဒီကိစ္စတွေ ထားလိုက်တော့။ ငါစခန်းပြန်လိုက်အုံးမယ်။ ဟုန်သားပဲ.. ညီနောင် မင်းနာမည် ဘယ်လိုခေါ်လဲ..”
ရှင်းအောင်း အပြုံးနဲ့ပဲ..
“အစ်ကိုကြီး ဝက်ဝံ.. ကျုပ်ကို ရှင်းအောင်းလို့ ခေါ်လို့ရတယ်။ ကျုပ်သူငယ်ချင်းတွေလဲ အဲ့လို့ပဲ ခေါ်ကြတာလေ”
ဝက်ဝံကြီးက..
“အင်း.. ညီနောင်ကောင်းလေး… မင်းအချိန်ရရင် ငါတို့ သားရဲမျိုးနွယ်ကို လာလည်လှည့်ကွာ။ အဲ့လိုလာရင်း ငါကောင်းကောင်း ဧည့်ခံမယ်ဟေ့။ နတ်ဘုရားအမွေခံတွေ၊ မင်းသမီး၊ အစ်ကိုရှီးယု ငါပြန်နားလိုက်အုံးမယ်”
ကျုပ်တို့တွေ ဒီလောက်ကြီးလွန်းတဲ့ ထူးထူးဆန်းဆန်း သားရဲကြီးကို နှုတ်ဆက်လိုက်တယ်။ သူ့ကျောပြင် တဖြည်းဖြည်း မှိန်ပျောက်သွားတဲ့အချိန်ကျ ရုတ်တရက် ရှင်းအောင်း ပါးစပ်ကနေ သွေးတွေ အံထွက်လာတယ်။ ရှို့စစ် ချက်ချင်း တွဲပေးလိုက်ပြီး..
“မင်း နေကောင်းလား။ အဆင်ပြေရဲ့လား..”
ရှင်းအောင်း ခေါင်းယမ်းရင်း..
“အဲ့ကောင်ကြီး အစွမ်းထက်လွန်းတယ်။ တကယ်လို့သာ ကျောက်နတ်ဘုရားတူကြီးရဲ့ စွမ်းအား(၆၀)ရာခိုင်နှုန်းလောက် သုံးနိုင်အောင် ကျန်းကုန်းသာ သူ့အစွမ်းနဲ့ မကူညီရင် ငါထိန်းထားနိုင်မှာမဟုတ်ဘူးကွ”
ကျန်းဟူ ရုတ်တရက် သဘောပေါက်သွားပြီး..
“ကျန်းကုန်း.. ဒီလိုကိုး.. မင်းဝင်ရှုတ်လိုက်တယ် ပေါ့လေ။ ဟိုကောင် ရှင်းအောင်း အချိန်တိုလေးနဲ့ ဒီလောက်စွမ်းအား တိုးမလာနိုင်ဘူးဆိုတာ ငါသိတာပေါ့”
ရှင်းအောင်းက..
“သူ့စွမ်းအားတွေက ငါမကြုံဖူးလောက်အောင်ပဲကွ။ နတ်ဆိုးဧကရာဇ် ကမ္ဘာပေါ်မှာ အသန်မာဆုံးလို့ မင်းသမီး မူကျီပြောတာ အံ့ဩစရာ မဟုတ်တော့ဘူး။ ကျောက်နတ်ဘုရားတူက ငါ့လက်ရှိစွမ်းအားတွေကို (၃)ဆ တိုးစေတယ်ဆိုတာ မင်းသိလား။ ဝက်ဝံကြီးရဲ့ စွမ်းအားက ငါနဲ့ယှဉ်ရင် (၃)ဆပိုကောင်းတယ်လို့ ပြောရလိမ့်မယ်။ ဒီတိုက်ပွဲမှာ သူ့ကိုနိုင်လိုက်တာ ကံကောင်းလို့ကွ..”
ကျန်းဟူက..
“ကျန်းကုန်းက ဝက်ဝံကြီးနဲ့ ငါတို့ကြားက စွမ်းအားကွာခြားချက်အတွက် အောင်ပွဲခံနိုင်တဲ့ တစ်ခုတည်းသော အစွမ်းရှိမယ့်ပုံပဲ..”
ကျုပ်လဲ ပြုံးရင်းနဲ့..
“အဲ့လို မပြောပါနဲ့ကွာ။ ဖြစ်နိုင်ချေ တစ်ခု ရှိပါသေးတယ်ကွာ..”
ကျန်းဟူ အံ့ဩသွားပြီး..
“နောက်တစ်ယောက် ရှိသေးတယ်လား။ ဘယ်သူပါလိမ့်။ သေချာတာတော့ ငါမဟုတ်လောက်ပါဘူး”
ကျုပ်လဲ အပြုံးလေးနဲ့..
“တုန်းရီ ပေါ့ဟ..”
“မဖြစ်နိုင်ဘူး။ တုန်းရီ ကျင့်ကြံမှုက ရှင်းအောင်းထက် အဆင့်မြင့်ပေမယ့် ငါ့ထက် အားနည်းသေးတယ်လေ။ ဝက်ဝံဘုရင်ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာတုန်း”
ကျုပ် ရှို့စစ်ကို ကြည့်ပြီး ဝှက်ဖဲကိုင်ထားတဲ့ပုံနဲ့..
“အစ်ကိုကြီး ရှို့စစ်.. အစ်ကိုကြီး ကျန်းဟူကို ရှင်းပြလိုက်စမ်းပါကွာ..”
ရှို့စစ် လှောင်ပြုံးပြုံးပြီး..
“အင်း တော်တော်ကို ထမင်ရည်ပူ လျှာလွှဲ လုပ်တဲ့ကောင်ပဲကွ..”
“မင်းပဲ ငါ့အတွက် ဗျူဟာမှူး ဖြစ်ချင်တယ်ဆို။ ဒီလို အခြေအနေမှာ ရှင်းပြဖို့က မင်းပဲ ဖြစ်သင့်တာပေါ့ မဟုတ်ဘူးလား..”
“ကျန်းကုန်း မင်းတော်တော် ဟန်ဆောင်ကောင်းတဲ့ကောင်ပဲ။ တုန်းရီ အနိုင်ရနိုင်တယ်ဆိုတာ ဝက်ဝံကြီးနဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့မဟုတ်ဘူးကွ။ သဘာဝနတ်သူငယ်တွေရဲ့ လှုပ်ရှားနိုင်မှုနဲ့ လေနတ်ဘုရားလေးရဲ့ အတားအဆီးမှန်သမျှ ထိုးဖေါက်နိုင်တာဆိုတော့ ဝက်ဝံကြီးက ပစ်မှတ်သက်သက် ဖြစ်နေမှာပဲ။ အဲ့လိုသာဆို တုန်းရီ ရှို့းမယ်ထင်လား..”
တုန်းရီ ရှက်ကိုးရှက်ကန်းနဲ့..
“မြှောက်မနေစမ်းပါနဲ့တော့ကွာ..”
နတ်ဆိုးဘုရင် ရှီးယုက..
“ဒီ ဝက်ဝံအိုကြီးကိုသာ စည်းရုံးနိုင်လိုက်ရင် ဒီမှာရှိတဲ့ မဟာမိတ်အဖွဲ့တွေအားလုံးကို စည်းရုံးနိုင်ပြီပေါ့။ မင်းသမီးလေး ဘယ်လို စီစဉ်လိုက်ရမလဲ”
မူကျီ တတွတ်တွတ် ရေရွတ်ရင်းနဲ့..
“ဦးလေး ဒီလိုဆိုရင်ရော။ ဦးလေး မဟာမိတ်တပ်တွေကို (၁၅)မီတာ လောက်ထိ ဦးဆောင် နောက်ဆုတ် ရေရှည်စစ်မျက်နှာတည်ဖို့အတွက် အထိုင်စခန်းတွေ ဆောက်လိုက်။ အဲဒါကလွဲရင် ကျန်တာတွေ ရှင်းလိုက်တော့။ (၃)နိုင်ငံ လူသားမျိုးနွယ်က ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းလို့ သဘောတူတာနဲ့ ဆွေးနွေးဖို့ ကိုယ်စားလှယ်အနေနဲ့ ဆောင်ရွက်ပေးမယ်လေ”
ရှီးယု မျက်မှောင်ကြုတ်ပြိး..
“မင်းသမီးလေး… အဲ့လိုလုပ်တာ အန္တရာယ်မများဘူးလား။ သမီး လုံခြုံရေး ငါစိုးရိမ်တယ်ကွာ..”
ခယ်လွင်သောင် အပြုံးနဲ့ပဲ..
“အရှင် စိုးရိမ်နေစရာ မလိုပါဘူး။ နတ်ဘုရား အမွေခံ (၆)ယောက် အကာအကွယ်နဲ့ဆို လျှပ်စီးခံတပ်ကနေ ထွက်ဖို့ ပြဿနာမရှိဘူး”
ရှီးယု ကျုပ်တို့ကို လေးလေးစားစားကြည့်နေလေရဲ့။ ရှင်းအောင် အစောက အစွမ်းပြလိုက်လို့ ကျုပ်တို့ ကျင့်ကြံမှုတွေ အတည်ပြုနိုင်လိုက်တော့ ကျုပ်တို့အပေါ် ယုံကြည်မှုတွေ တိုးလာလာတယ်လေ။
“ကောင်းပြီလေ။ နတ်ဘုရားအမွေခံတို့ မူကျီကို မင်းတို့ လက်ထဲ ငါအပ်လိုက်မယ်။ သူ သာဒုက္ခ တစ်ခုခုတွေ့ရင် မင်းတို့တွေ အားလုံး ငါနဲ့တွေ့မယ်.”
ကျုပ် ရှေ့ထွက်သွားပြီး..
“အရှင်.. စိတ်ချထားပါ။ ကျုပ်တို့ရဲ့ နောက်ဆုံးပန်းတိုင်က ကမ္ဘာကြီး ငြိမ်းချမ်းရေးနဲ့ သင့်မြတ်ရေးပါပဲ။ ကျုပ်ခန္ဓာကိုယ် အသက်ရှင်နေသရွေ့ မူကျီကို ဘယ်သူမှ လက်ဖျားနဲ့ မထိနိုင်စေရဘူး”
ကျုပ်လဲ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာနဲ့ ပြောလိုက်တော့တာပေါ့။
============= (*^*)=============
အပိုင်း( ၂၇၅ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား