သက်ဆုံးထိ ချစ်ကတိ
Vol. 19 Ch. 279
Child of light (ကျန်းကုန်း)
Volume 10: Chapter 26 - Pledge of Undying Love
မင်းသား အံ့ဩပြီးရယ်ရင်းနဲ့..
“ဒါဆို ဒီကိစ္စ ငါစိတ်အေးသွားတာပေါ့ကွာ.. မနက်ဖြန် (၂)နိုင်ငံက တပ်မှူး(၂)ယောက်နဲ့ တွေ့ဖို့ ငါနဲ့ လိုက်မလား။ သူတို့နိုင်ငံက အမိန့်မရောက်သေးပေမဘ့် လက်ရှိအခြေအနေတွေ သူတို့ကို ရှင်းပြထားတာ ပိုကောင်းလိမ့်မယ်”
“အဲ့ဒါ ကျုပ်တာဝန်ဆိုတော့ ပြဿနာမရှိပါဘူး.. မနက်ဖြန် ဦးလေးနဲ့ လိုက်ခဲ့ပါ့မယ်”
“ကောင်းပြီလေ.. မင်းအနားယူလိုက်အုံးဟေ့.. ငါ မနှောက်ယှက်တော့ဘူး..”
ကျုပ်တို့တွေ မတ်တပ်ရပ်ပြီး မင်းသားကို နှုတ်ဆက်လိုက်ကြတယ်။
မင်းသား ပြန်သွားတော့ ဘယ်တုန်းကမှ ဒေါသမထွက်ဘူးတဲ့ ရှို့စစ်က..
“ကျန်းဟူ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းအဖေကို ဘာလို့ပြောလိုက်ရတာလဲ.. အဆင်မပြေခဲ့ရင် ငါတို့တွေ ခါးခါးသီးသီးနဲ့ တည်ဆောက်ထားခဲ့ရသမျှ ပျက်စီးသွားနိုင်တယ်… မင်းနားမလည်ဘူးလား.. မင်း ဘယ်လိုများ တာဝန်မဲ့ရတာလဲကွာ..”
ကျန်းဟူ ကျုပ်ကို အားကိုးတကြီးနဲ့ ကြည့်ပြီး တတွတ်တွတ်နဲ့..
“ငါ.. ငါ ပြောလိုက်မိတယ်ကွာ။ ငါ တောင်းပန်ပါတယ်..”
ကျုပ် ရှို့စစ် ကျောပြင်ကို ပုတ်ရင်း..
“ဒီကိစ္စ ထားလိုက်တော့… အစ်ကိုကြီး ရှို့စစ်.. အစ်ကိုကြီးကျန်းဟူလဲ ဘယ်လိုလုပ် မှားချင်မှာလဲ.. မဟုတ်လဲ သူတို့တွေ မကြာခင် သိသွားကြမှာပဲကို..”
ရှို့စစ် သက်ပြင်းချပြီး..
“ကျန်းဟူ ငါ့ကို ကြမ်းတယ်ပဲ ပြောချင်ပြော.. အခု ငါတို့တွေ အရေးကြီးတဲ့ လမ်းကြောင်းပေါ် ရောကနေကြတာ ဆိုတော့ နည်းနည်းလေးမှ အမှားမခံနိုင်ဘူး.. တကယ်လို့ အမှားအယွင်း တစ်ခုခု ဖြစ်သွားရင် ငါတို့တွေတင် ကိစ္စချောမှာမဟုတ်ဘူး.. မိစ္ဆာဘုရင်နဲ့ ရင်ဆိုဖို့ မျိုးနွယ်ပေါင်းစုံကို ကြားဝင်စေ့စပ်ပေးမယ့် အဖွဲ့ဆိုတာ ကမ္ဘာပေါ်မှာ ရှိတော့မှာမဟုတ်တော့ဘူး..”
ကျုပ် ချွေးတွေရွဲနေတဲ့ ကျန်းဟူကို ပခုံးပုတ်ရင်း..
“အစ်ကိုကြီး ရှို့စစ်ပြောတာ မှန်တယ်ကွ.. အစ်ကိုကြီး နောက်ဆို မင်း သတိနည်းနည်း ပိုထားမှဖြစ်မယ်.. မင်းသားနဲ့ ကျန်တဲ့သူတွေ မင်းနဲ့ ရင်းနှီးပေမယ့် ကမ္ဘာကြီးရဲ့ ကံကြမ္မာကို ဖြေရှင်းဖို့ကိစ္စမှာ ငါတို့ သတိပြတ်လို့ မရဘူး… ရှို့စစ်လဲ မမှားဘူး.. သေချာတာတော့ ကိုယ်ရေး ကိုယ်တာ မဟုတ်ဘူးလေ..”
ကျန်းဟူ ခပ်ရှက်ရှက်နဲ့..
“ငါမှားသွားပြီဆိုတာ ငါနားလည်ပြီ. ကျန်းကုန်း အခုကစပြီး ငါ့ပါးစပ် လုံစေရမယ်ကွာ..”
“ဒါအကောင်းဆုံးပဲ… ကောင်းပြီလေ.. အခုနောက်ကျနေပြီ.. ညစာ စားကြရင် ဘယ်နှယ့်လဲ… အစ်ကိုကြီး ရှို့စစ် မင်းလဲ စိတ်ဆိုး မနေပါနဲ့တော့ကွာ..”
......*****......
မူကျီနဲ့ ကျုပ် ခြံဝန်းထဲမှာ လမ်းလျှောက်နေကြတာလေ။ ညက သာယာနေတယ်ဗျ။ လေပြေလေး တိုက်နေတော့ လန်းဆန်းသွားတာပဲ။
မူကျီ ကျုပ်လက် ကိုင်ထားပြီး..
“ကျန်းကုန်း.. နောက်ဆုံးတော့ ငါတို့စီစဉ်ထားတာတွေ မျှော်လင့်ချက်တွေ ရှိလာပြီ.. ဒါပေမယ့် နင်ဘာလို့ စိတ်မရွှင်သေးတာလဲ..”
“အခုက ငါတို့အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတာကိုး.. အရေးကြီးတယ် ဆိုပေမယ့် အရေးအကြီးဆုံး အပိုင်း မဟုတ်သေးဘူး.. မိစ္ဆာဘုရင် ငါတို့ရှေ့ ရုတ်တရက်ကြီး ပေါ်လာနိုင်တယ်ဆိုတာ ငါတို့မသိနိုင်မှာ စိုးရိမ်မိတယ်.. သူ အမှောင်ထဲမှာ ပုန်းနေပေမယ့် ငါတို့က အလင်းထဲမှာရောက်နေတယ်… ငါ အကောင်းဆုံး လုပ်နေတာတောင် သူ့စွမ်းအားကို ပုံဖော်ဖို့ ကြိုးစားတိုင်း အတားအဆီး တစ်ခု ခံစားနေရတယ်.. ဒီကိစ္စတွေ ပြီးရင်တော့ ငါ့စွမ်းအားတိုးဖို့အတွက် နေရာတစ်နေရာကို သွားချင်တယ်.. အဲ့ကို သွားမှ မိစ္ဆာဘုရင်နဲ့ တိုက်နိုင်တဲ့ စွမ်းအားရမယ်လို့ နတ်ဘုရား ဘုရင်ပြောထားတယ်”
“ဘယ်နေရာလဲ… အဲ့ကိစ္စ နင့်ဆီက တခါမှ မကြားဖူးသေးဘူး..”
“အခုတော့ ပြောလို့မရသေးဘူး.. အဲ့ကို သွားရတာ အကောင်းလား အဆိုးလား မသိသေးဘူး.. မူကျီ… တကယ်လို့ ငါတစ်ခုခုဖြစ်သွားရင် ကျေးဇူးပြုပြီး နင့်ကိုယ်နင် ဂရုစိုက်ပြီး နင့်ကို ချစ်မယ့်သူရှာဖို့ ကတိပေးပါလား..”
ကျုပ်စကားကြားတော့ မူကျီ မျက်လုံးတွေ နီရဲလာပြီး..
“ကျန်းကုန်း.. နင်ဘာလို့ ငါ့ကို ဒီလိုတွေ ပြောနေတာလဲ.. ဒီကမ္ဘာပေါ်မှာ ငါ့ကို ပျော်အောင် ထားနိုင်တာဆိုလို့ နင်တစ်ယောက်ပဲ ရှိတယ်.. ဒီလောက် အနိမ့်အမြင့် အတက်အကျတွေနဲ့ ကြုံပြီးတာတောင်မှ နင် ငါ့ကို မယုံသေးတာလား..”
ကျုပ် ခေါင်းခါလို့ မျက်ရည်စတွေ သုတ်ပစ်လိုက်ရင်း အပြုံးနဲ့ပဲ..
“အထင်မလွဲပါနဲ့.. ငါ နင့်ကို မယုံတာမဟုတ်ဘူး.. ဒါပေမယ့် တစ်ယောက်ယောက်ကို ချစ်မိရင် သူ့အတွက် အကောင်းဆုံး ဆုတောင်းပေးတာ သဘာဝပဲလေ.. အရာအားလုံး ပြီးသွားလို့ ငါအသက်ရှင်နေသေးရင်တော့ ငါတို့တွေ အခုလိုပဲ ဆက်ရှိမှာပေါ့.. ငါနင့်ကို ထာဝရ စောင့်ရှောက်သွားမယ်.. ဒါပေမယ့် နင်ရော ငါရော ဘာတွေဖြစ်မယ်ဆိုတာ ခန့်မှန်းရ ခက်တယ်လေ.. နင့်ဘဝရဲ့ ပျော်ရွှင်မှုကိုတော့ ငါ့အတွက် မစွန့်လွှတ်စေချင်ဘူး.. နင် နားလည်တယ်မို့လား.. ဘာပဲဖြစ်ဖြစ် နင်ပျော်ပျော်ရွှင်ရွှင်နဲ့ နေသွားမယ်လို့ ကတိပေးဟာ.. ဟုတ်ပြီလား”
မူကျီလဲ မျက်ရည်တွေ ဝဲလာပြီး ကျုပ်လည်ပင်းကို သိုင်းဖက်လိုက်တယ်။ နောက်ဆုံးတော့ ကျုပ်လဲ မျိုသိပ် ထားခဲ့ရသမျှ ဖွင့်ပြောလိုက်ရလို့ နေသာသွားတယ်။ ခံစားချက်တွေ လွတ်လွတ်လပ်လပ် ဖွင့်ထုတ်ပြီးတာနဲ့ သူ့ခါးလေးကို ဖက်ထားလိုက်မိတယ်။
မူကျီ တော်တော်ကြာမှ အငိုရပ်သွားတယ်။ ကျုပ် ပခုံးက အဝတ်တွေလဲ ရွှဲနေပြီ။ သူ့ မျက်နှာလှလှလေး မော့ပြီး..
“နင် တော်တော် မုန်းဖို့ကောင်းတယ်.. ငါ့ကို ဘယ်လို အနိုင်ကျင့်ရမလဲပဲ သိတာ..”
သူ့နဖူးလေးကို အသာလေး နမ်းပြီး..
“ငါ စောစော အကြံပေးတာ ဘယ့်နှယ့်လဲ.. ငါ့ကို မဖြေသေးဘူးလား..”
အငိုရပ်ထားတဲ့ မူကျီ မျက်ရည်တွေ ပြန်ကျလာပြန်ရော..
“မကောင်းဘူး.. မကောင်းဘူး.. အပြန် တစ်သောင်းလောက်ကို မကောင်းတာ..”
ကျုပ် သူ့လက်ကလေး ကိုင်ရင်း..
“မူကျီ.. အဲလို မဖြစ်နဲ့လေ.. နင် ဘာလို့ ကလေးလေးလို လုပ်နေတာလဲ.. အဖြစ်မှန်ကို လက်ခံရမယ် မဟုတ်ဘူးလား..”
သူမှားသွားတာ သိသွားလို့ထင်တယ်။ မူကျီ ခေါင်းလေး မော့ပြီး..
“ဘာလို့လဲ.. နင် ငါ့ကို အမြဲတမ်း မောင်းထုတ်နေရတာလဲ.. အဖြေတစ်ခု ခပ်ရှင်းရှင်းပဲ ပြောလိုက်မယ်.. မူကျီက ကျန်းကုန်းကို ထာဝရ ချစ်သွားမှာ.. နင် ဘယ်လိုပဲ ပြောင်းသွားပြောင်းသွား နင်အသက်ရှင်နေသရွေ့ နင့်ရဲ့ ချစ်ဇနီး တစ်ယောက်အနေနဲ့ တစ်သက်လုံး နင့်အနားပဲ ရှိနေမှာ.. အမြဲတမ်း နင့်ကို ပြုစုပေးနေမှာ.. တကယ်လို့ နင်သေသွားရင်တောင် လုံးဝမပြောင်းလဲဘဲ နင့်မိန်းမအဖြစ်နေ နောက်ဘဝထိ လိုက်အုံးမှာ.. ကျေးဇူးပြုပြီး ငါ့ကို မောင်းထုတ်မနေနဲ့.. ဒါတောင်မှ နင်ငါ့ကို မယူချင်ရင် အခုပဲ နင့်ရှေ့မှာ သေပစ်လိုက်မယ်..”
မူကျီရဲ့ ခိုင်မာတဲ့ သစ္စာတရားက ကျုပ်ရဲ့ နောက်ဆုံးပိတ် တင်းထားတဲ့ စိတ်ကလေး ပြိုကျသွားပြီ။ သူ့ခံစားချက်တွေ လျှံထွက်နေတော့ မငြင်းနိုင်တော့ဘူးလေ။ ကျုပ် သူ့ကို ကျစ်နေအောင် ဖက်ပြီး နောက်ဆုံးတော့ အားရပါးရ အနမ်းမိုးချွေပစ်လိုက်တော့တယ်။ မူကျီ သူ့ကို ချစ်တဲ့ အမူအရာ တွေ့သွားတာနဲ့ သူရော စိတ်ပါလာလေရော။
ကံကောင်းလို့ပေါ့ဗျာ။ ကျုပ်တို့တွေ အခန်းထဲမှာ မဟုတ်ဘဲ ခြံဝန်းထဲ ရောက်နေလို့ပေါ့။ အဲ့လိုမှ မဟုတ်ရင် ဘာတွေ ဆက်ဖြစ်သွားမလဲ မပြောတတ်တော့ဘူး။ ကျုပ်လဲ အားရအောင် နမ်းပြီးမှ ရပ်လိုက်တော့တယ်။ သူနဲ့ မျက်လုံးချင်း ဆိုင်ကြည့်ပြီး..
“မူကျီ.. ငါနင့်ကို ချစ်တယ်.. တကယ်ပြောတာ.. နင့်ကို ချစ်တဲ့ ငါ့အချစ်တွေ ဘယ်တော့မှ ပြောင်းမှာ မဟုတ်ဘူး.. နင့်ကို ဒီကမ္ဘာပေါ်မှာ အပျော်ဆုံး မိန်းကလေး ဖြစ်အောင် ငါရှောင်မနေတော့ဘူး.. နင့်ကို ကာကွယ်ဖို့ ငါ့အစွမ်းရှိသလောက် သုံးမယ်.. ငါ့ဇနီးအဖြစ် နေပေးနိုင်မလား..”
ကျုပ်တို့ တစ်ယောက်နဲ့တစ်ယောက် ဒီအတိုင်းပဲ ကြည့်နေမိကြတယ်။ သူ ပုတ်သင်ညိုလေးလို တဆတ်ဆတ် ခေါင်းညိတ်ပြရင်း မျက်ရည်တွေလဲ စီးကျနေလေရဲ့။ ဒါပေမယ့်လဲ သူ့မျက်ရည်တွေက လေနဲ့အတူ လွှင့်ပါးသွားရင်း ညပန်းချီလှလှ တစ်ချပ် ဖန်တီးသွားပါရောလား..”
“ဆန္ဒရှိတယ်.. တကယ်.. တကယ်.. ငါ ကျန်းကုန်းဝေရဲ့ ဇနီး ဖြစ်ချင်တဲ့အပြင် နင့်ကို ဘယ်တော့မှ ထားခဲ့မှာ မဟုတ်ဘူး..”
ကြီးမြတ်လွန်းတဲ့ နတ်ဘုရားအမွေခံ.. အလင်းရဲ့သားတော်… မှော်သခင်ကြီး ကျန်းကုန်းဝေနဲ့ နတ်ဆိုးမျိုးနွယ်ရဲ့ မင်းသမီးလေး အမှောင်နတ်ဘုရားမ မူကျီတို့တွေ ရာသက်ပန် အတူနေဖို့ ကတိသစ္စာပြုပြီး ညက အချစ်သက်သေအဖြစ် အသိအမှတ်ပြုလိုက်လေရဲ့..”
============= (*^*)=============
အပိုင်း( ၂၈၀ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား