လွတ်လွတ်လပ်လပ် ဆွေးနွေးကြခြင်း
Vol. 19 Ch. 280
Volume 10: Chapter 27 - Freely Talking about the Situation
မိုးလင်းတော့ (၃)နိုင်ငံ ပင်မစခန်း ဆွေးနွေးခန်းထဲမှာ အဝါရောင် ဝတ်ရုံနဲ့ သွမ့်ယုရှီးက..
“အမတ်ကြီး ဖန်းဟောင်… ရှို့တိက လူအိုကြီးကတော့ နတ်ဘုရားအမွေခံတွေကို ခနနေ ခေါ်လာမယ်တဲ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားရော ဘယ်လိုထင်လဲ..”
သွမ့်ယု မိစ္ဆာဘုရင်အကြောင်း သိထားပေမယ့် ကျုပ်ရဲ့ နတ်ဘုရား အမွေခံ ကိစ္စ သူသိမထားဘူးလေ။
အမတ်ကြီးဖန်ဟောင်က အရပ်ရှည်ရှည် ရုပ်ဖြောင့်ဖြောင့်နဲ့ စစ်သူကြီး ဝတ်စုံ ဝတ်ထားလေရဲ့။ ဗျူဟာ မြေပုံကို ကြည့်ရင်းနဲ့..
“မင်းသားလဲ ဒီကစ္စအတွက် ပြင်ဆင်မှုတွေ လုပ်ထားလောက်တယ်။ အမှန်အတိုင်း ပြောရရင် စေ့စပ်ညှိနှိုင်းရေးကို ကျုပ်ထောက်ခံတယ်ဗျ။ ဒါပေမယ့် နတ်ဆိုးနဲ့ သားရဲ မဟာမိတ်အဖွဲ့တွေ ဘယ်လောက်ထိ ရိုးသားမှုရှိမယ်ဆိုတာ ကျုပ်လဲမသိဘူး။ စစ်ဆိုတာ တကယ်ကို ကြမ်းတမ်းလွန်းတာပဲလေ”
“သတင်းပို့ပါတယ်… မင်းသား ကြွရောက်လာပါပြီ…..”
“သူတို့ကို အမြန်ဝင်ခွင့်ပေးလိုက်ဟေ့…”
ရှို့စစ်၊ ကျန်းဟူ၊ ရှင်းအောင်း၊ ကောင်းသဲ၊ တုန်းရီ၊ ခယ်လွင်သောင်၊ မူကျီနဲ့ ကျုပ် မင်းသားနောက်ကနေ အခန်းထဲ ဝင်လိုက်ကြတယ်။ သတိထားမိသွားမှာစိုးလို့ မူကျီနဲ့ ကျုပ် နောက်ဆုံးက လိုက်လာခဲ့လိုက်တယ်။
မင်းသားက ရယ်ရင်းနဲ့..
“လာကြ လာကြ.. မင်းတို့အဖွဲ့ကို မိတ်ဆက်ပေးရအုံးမယ်။ ဒါ တလူက အမတ်ကြီး ဖန်ဟောင်၊ ပြီးတော့ အိုက်ရှားနိုင်ငံ တော်ဝင်မှော်သမ္မဂ္ဂ ခေါင်းဆောင် မှော်သခင်ကြီး သွမ့်ယုရှီးပေါ့”
အမတ်ကြီး ဖန်ဟောင် အပြုံးတွေနဲ့..
“အားလုံးကို ကြိုဆိုပါတယ်.. ကျေးဇူးပြုပြီး ထိုင်ကြပါ…”
ကျုပ်တို့ရဲ့ ပင်ကိုပုံစံတွေ ဖျောက်ထားတာဆိုတော့ ကျုပ်တို့ကို နတ်ဘုရား အမွေခံတွေအဖြစ် အသိအမှတ် မပြုနိုင်ဘူးဆိုတာ ကျုပ်ကြားထားတယ်လေ။
“မင်းသားကတော့ မိစ္ဆာမျိုးနွယ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ ပြောပြီးပါပြီလေ။ မှော်သခင်ကြီး သွမ့်ယုရှီးကလဲ မိစ္ဆာမျိုးနွယ်တွေ ဒီကမ္ဘာကြီးပေါ်မှာ ပေါ်လာတာ တွေ့ထားတယ်တဲ့။ ငါတို့တွေ ဒင်းကို တွန်းလှန်ရမယ်။ ဒါပေမယ့် မင်းတို့မှာ အဲ့ဒီအတွက် အစီအစဉ် အခိုင်အမာ လုပ်ထားပြီးပြီလား..”
ပြောချင်တာကတော့ မင်းတို့လို လူငယ်တွေ ဘာကြောင့် ဒီလောက် မိုက်မဲနေကြရတာလဲပေါ့လေ။ အမတ်ကြီး ဖန်ဟောင် စေ့စပ်ညှိနှိုင်းရေး ခေါင်းစဉ်ကို ရှောင်ပြီး မိစ္ဆာမျိုးနွယ် တွန်းလှန်ခြင်းနဲ့ ပတ်သက်ပြီး အတိုချုံး မှတ်ချက်ပေးလိုက်တာဗျ။
ရှို့စစ် တည်တည်ငြိမ်ငြိမ်နဲ့ ပြုံးပြီး..
“ခင်ဗျားမေးလိုက်တာ ဘယ်လောက်တောင် ကောင်းလိုက်သလဲဗျာ။ ကျုပ်တို့ သိထားရသလောက်ဆို မိစ္ဆာမျိုးနွယ်က တော်တော် အစွမ်းထက်တယ်။ တကယ်လို့ ဒီလောကမှာသာ ပေါ်လာခဲ့ရင် ကမ္ဘာပေါ်က သက်ရှိတွေအားလုံးကို သေချာပေါက် ပျက်စီးမှုတွေ ဖန်တီးပစ်လိုက်လိမ့်မယ်။ ဒါ့ကြောင့် သူတို့ ပေါ်လာနိုင်မယ့်အချိန်မှာ ရှေ့တန်း စစ်မျက်နှာမျာ အဆင်သင့်ရှိနိုင်အောင် သူတို့ ပေါ်မလာခင် ကြိုတင်ပြင်ဆင်ထားနိုင်မှ ဖြစ်မယ်။ အပြီးပြတ်ချေမှုန်းနိုင်မလား၊ မောင်းထုတ်နိုင်မလားဆိုတာ အာမ မခံနိုင်ပေမယ့် ကျုပ်တို့ ဖြစ်ချင်တဲ့ ပန်းတိုင်ရောက်ဖို့အတွက် ပေးဆပ်ရမယ့်တန်ဘိုးကို ဆုံးရှုံးမှု အနည်းဆုံး ဖြစ်အောင်တော့ ထိန်းသိမ်းထားနိုင်ဖို့တော့ သေချာပါတယ်”
စကားဆုံးတော့ စဉ်းစားရင်း ခေါင်းညိတ်နေတဲ့ အဘိုးကြီးတွေကို တစ်ချက် အကဲခတ်ရင်း တမင်သက်သက် စကားရပ်ထားလိုက်သေးတယ်။ ပြီးတော့မှ ဆက်ပြီး..
“ထင်ထားသလိုပါပဲ… ကျုပ်တို့တွေ အင်အားကြီးလွန်းတဲ့ မိစ္ဆာမျိုးနွယ်ကို အမှန်တကယ် တွန်းလှန် ချင်တယ်ဆိုရင် ကျုပ်တို့ လူသားမျိုးနွယ်တစ်ခုတည်းနဲ့ လုပ်နိုင်မှာမဟုတ်ဘူး။ ကျုပ်တို့ လူသားမျိုးနွယ်တွေ ကမ္ဘာပေါ်မှာ စွမ်းအားကြီးတဲ့ မျိုးနွယ်တစ်ခုဆိုတာ ငြင်းမရပါဘူး။ ဒါပေမယ့် ကျုပ်တို့တွေ စွမ်းအား ကြီးကြီးမားမား ပိုင်ဆိုင်ထားသလို နတ်ဆိုးနဲ့ သားရဲမျိုးနွယ်တွေကလဲ စွမ်းအား မသေးဘူးနော”
“ကျုပ်အနေနဲ့ဆို နတ်ဆိုးနဲ့ သားရဲမျိုးနွယ်တွေ စမတိုက်သေးတဲ့အတွက် ကျုပ်တို့ဘက်ကလဲ သူတို့ကို သွားတိုက်လို့ မရနိုင်တော့ အခုလိုမျိုး ကန့်ကွက်နေတာ လုံးဝကို အဓိပ္ပါယ် မရှိဘူးဗျာ။ ဒီလိုသာ ဆက်လုပ်နေရင် မျိုးနွယ်ပေါင်းစုံ အရင်းအမြစ်တွေနဲ့အတူ အင်အားတွေပါ ပျက်စီးကုန်လိမ့်မယ်။ ကျုပ်တို့ လူသားမျိုးနွယ်၊ နတ်ဆိုးမျိုးနွယ်နဲ့ သားရဲမျိုးနွယ်တွေက ကမ္ဘာကြီးပေါ်မှာ အစွမ်းအထက်ဆုံး မျိုးနွယ်(၃)ခုလေ။ တကယ်လို့ အဲ့ မျိုးနွယ်(၃)ခုသာ ထိခိုက်သွားရင် မိစ္ဆာဘုရင် ကျုပ်တို့ ကမ္ဘာကြီးကို ကျူးကျော်တဲ့အချိန် အလွယ်လေး အနိုင်ယူသွားလိမ့်မယ်။ အခု မျိုးနွယ်(၃)ခုကို စည်းရုံးပေါင်းစပ်နိုင်သွားရင် ကျုပ်တို့ အားလုံးအတွက် အကျိုးရှိသွားလိမ့်မယ်။ လောလောဆယ်တော့ မိစ္ဆာမျိုးနွယ်ကို တိုက်ခိုက်နိုင်ဖို့ ရနိုင်သမျှ အင်အားတွေအကုန် စုဆောင်းရမှာပဲလေ”
ရှို့စစ်ရဲ့ စကားပြောစွမ်းရည် ကောင်းလွန်းတာကြောင့် မူကျီနဲ့ ကျုပ် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိတဲ့ အထိပဲ။ သူပြောသွားသမျှမှာ အကျိုးအကြောင်း အချက်အလက်တွေပေါ်မှာ အခြေခံ ပြောထားတာဆိုတော့ လျစ်လူရှုပြီး ဆုံးဖြတ်လို့ မရနိုင်ဘူးလေ။
အမတ်ကြီး ဖန်ဟောင် ခေါင်းအသာညိတ်ပြီး..
“မင်းပြောတာ မှန်တယ်။ တကယ်လို့ မိစ္ဆာမျိုးနွယ်က အရမ်းအစွမ်းထက်ပြီး အမှောင်ထဲမှာ ရှိနေသေးတယ် ဆိုတော့ ငါတို့တွေ ကြုံတွေ့နေရတဲ့ အခြေအနေက တော်တော်ကို အန္တရာယ်များနေပြီ။ ဒါပေမယ့် နတ်ဆိုးနဲ့ မဟာမိတ်အဖွဲ့ကလဲ သူတို့တွေ အချိန်ယူပြင်ဆင်ထားရတာဆိုတော့ ဒီစေ့စပ် ညှိနှိုင်းမှုမှာ တကယ့်စိတ်ရင်းအမှန် ဆိုတာ ဘယ်လိုလုပ် ယုံကြည်နိုင်ရပါ့မလဲ..”
ရှို့စစ်ကပဲ..
“မကြာခင်ကပဲ နတ်ဘုရားအမွှေခံတွေရဲ့ ခေါင်းဆောင်က နတ်ဆိုးမျိုးနွယ်ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ပြီး သွားခဲ့လိုက်တယ်။ ပြီးတော့ နတ်ဆိုးမျိုးနွယ်ကို တိုက်ရိုက်သွားပြီး နတ်ဆိုးဧကရာဇ်ကို တုန်လှုပ်ခြောက်ခြားစရာ ကိစ္စတွေ ပြောပြခဲ့တယ်။ ကျုပ်တို့ ခေါင်းဆောင်ရဲ့ ဦးဆောင်မှုနဲ့ပဲ နတ်ဆိုးဧကရာဇ်ကို စည်းရုံးနိုင်ပြီး စေ့စပ်ညှိနှိုင်းဖို့ အတည်ပြုနိုင်ခဲ့လိုက်တယ်လေ”
သွမ့်ယုရှိး အံ့အားတကြီးနဲ့..
“နတ်ဆိုးမျိုးနွယ်က လူသားမျိုးနွယ်တွေနဲ့ ညှိနိုင်းဖို့ ဆန္ဒရှိတယ်တဲ့လား။ ငါတို့ လူသားမျိုးနွယ်အပေါ် မုန်းတီးနေပုံနဲ့ ဘယ်လိုမှ မဖြစ်နိုင်အောင်ပါပဲ…”
ရှို့စစ် အလေးအနက် အမူအရာနဲ့..
“ဟုတ်ပါတယ်.. ဒီကိစ္စက အခုပြောပြသလောက် ဘယ်လွယ်ပါလိမ့်မလဲ။ နတ်ဘုရား အမွေခံတွေရဲ့ ခေါင်းဆောင် နတ်ဆိုးဧကရာဇ်နဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့ရတယ်။ နတ်ဘုရားဘုရင် ပေးထားတဲ့ စွမ်းအားတွေကို သုံးပြီး အမှောင်နတ်ဆိုးနဂါး စီးထားတဲ့ နတ်ဆိုးဧကရာဇ်နဲ့ ရင်ဆိုင် တိုက်ခိုက်နိုင်ခဲ့တယ်။ ပြီးတော့ နတ်ဆိုးဧကရာဇ်ရဲ့ လေးစားမှုရပြီး စေ့စပ်ညှိနှိုင်းဖို့ အခွင့်အရေး ရခဲ့တာ။ အဲ့ဒီလို နတ်ဆိုးဧကရာဇ်ဆီက စေ့စပ်ညှိနှိုင်းဖို့ သဘောတူညီမှု ရဖို့အတွက် ပေးဆပ်လိုက်ရတဲ့ တန်ကြေးက အရမ်းပြင်းလွန်းအားကြီးတယ်။ နတ်ဘုရားအမွေခံ ခေါင်းဆောင်က ဒဏ်ရာအပြင်းအထန်ရပြီး နဂိုက ချောမောခန့်ညားတဲ့ ရုပ်ရည်ကို တော်တော် ထိခိုက်ခံလိုက်ရတယ်”
ရှို့စစ် လေသံ အဖိအဖွ၊ အဆွဲအငင်နဲ့ ပြောချက်တွေ ထိမိနေရောပဲ။ ဒီကောင်း လိမ်တဲ့နေရာမှာ တော်တော် ဆရာကျတာပဲ။ ကျုပ် လုံးဝရှုံးသွားတာတောင် သူပြောလိုက်မှပဲ နတ်ဆိုး ဧကရာဇ်နဲ့ တန်းတူအနေအထား ပြောတဲ့အချိန် အသံတုန်တာတွေ၊ မျက်နှာ နီရဲနေတာတွေတောင် မဖြစ်လိုက်ဘူး။ အစ်ကိုကြီး ရှို့စစ် ဘယ်လောက် အရည်အချင်းရှိတယ်ဆိုတာ ပထမဆုံး သိလိုက်ရတာပဲဗျို့။
ရှို့စစ်စကား ကြားလိုက်တော့ ဒီအကြောင်း မသိသေးတဲ့ မင်းသားအပါအဝင် (၃)နိုင်ငံ တပ်မှူးတွေ တပြိုင်နက်တည်း ထိတ်လန့်သွားကြလေရဲ့။ သူတို့နှလုံးသားထဲမှာ နတ်ဆိုးဧကရာဇ်ကို အနိုင်မယူနိုင်ကြဘူးလေ။ သူနဲ့ တိုက်ခိုက် မိတ်ဆွေဖွဲ့နိုင်တဲ့ လူသားမျိုးနွယ်ထဲက တစ်ယောက်ရှိတယ်ဆိုတာ သိလိုက်ရတော့ မအံ့ဩဘဲ နေနိုင်ကြတော့မှာလား။
ဖန်ဟောင် အလျင်စလိုနဲ့..
“အဲ့ဒီ ကြီးမြတ်တဲ့ နတ်ဘုရား အမွေခံ အခုဘယ်မှာလဲ။ အဲ့ သူရဲကောင်းကို အခုတွေ့လို့ရမလား။ စေ့စပ်ညှိနှိုင်းမှု အောင်မြင်တာ ဘေးဖယ်ထားမယ်ဆိုရင်တောင် နတ်ဆိုးဧကရာဇ်နဲ့ တိုက်ခိုက် မိတ်ဖွဲ့နိုင်လိုက်တာနဲ့တင် လူသား(၃)နိုင်ငံမှာ သူရဲကောင်း တစ်ယောက်အဖြစ် ထာဝရ လေးစားခံရလိမ့်မယ်”
ရှို့စစ် လှည့်ကြည့်ပြီး မျက်စိနဲ့ပဲ ညွှန်ပြလိုက်တယ်။ အဲ့ကောင် ကျုပ်နဲ့ မိတ်ဆက်တဲ့နေရာမှာ ဘယ်လိုမျိုး ရှေ့တန်းတင်ပေးရမလဲဆိုတာ ကောင်းကောင်းသိနေတယ်လေ။ ကျုပ်မှာလဲ ရွေးစရာမရှိတော့တဲ့အတူတူ ရှေ့ကို အသာထွက်ပြီး သူတို့ကို ဦးညွှတ်ရင်း..
“အမတ်ကြီးနဲ့ ဆရာရှီးကို နှုတ်ဆက်ပါတယ်။ ကျုပ်ကို မှတ်မိသေးရဲ့လား..”
သွမ့်ယုရှီး တကယ်လုံး တုန်ပြီး..
“မင်း.. မင်း… မင်းက..”
ကျုပ်လဲ ပြောရင်းနဲ့ ကျုပ်ရုပ်ဖျက်ထားတာတွေ၊ ဦးထုပ်တွေကို ဖယ်ပြီး..
“သေချာ ကြည့်စမ်းပါအုံး..”
ကျုပ် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားပေမယ့် ကျုပ်ဝတ်ရုံနဲ့ လေသံကို သွမ့်ယုရှီး စိတ်ထဲမှာ ဆွဲနေပြီးသားလေ။ သူရုတ်တရက်ပဲ..
“ကျန်းကုန်း.. ကျန်းကုန်း.. မင်း ကျန်းကုန်းပဲ….”
ကျုပ် ဦးထုပ်ပြန်ဆောင်းပြီး ခေါင်းညိတ်ရင်း..
“ဆရာရှီး.. ကျုပ်ပါ။ မတွေ့ဖြစ်တာတောင် တော်တော်ကြာပြီ။ အဆင်ပြေရဲ့လား..”
သွမ့်ယုရှီး ကျုပ်ရုပ်ကိုကြည့်ပြီး သက်ပြင်းချရင်း..
“ငါအဆင်ပြေပါတယ်ကွာ.. ဒါပေမယ့် မင်းဘယ်လိုဖြစ်သွားတာလဲ..”
“အစ်ကိုကြီး ရှို့စစ် ပြောပြီးသွားပြီလေ..”
သွမ့်ယုရှိ ထိတ်ကနဲ တုန်သွားပြီးမှ..
“မင်း နတ်ဆိုးဧကရာဇ်နဲ့ တိုက်ခိုက်မိတ်ဖွဲ့နိုင်တဲ့ နတ်ဘုရားအမွေခံပေါ့ ဟုတ်လား..”
ကျုပ် ခေါင်းညိတ်ပြပြီး..
“အမှန်ပဲ.. နတ်ဘုရားဘုရင်က ကျုပ်ကို အသိအမှတ်ပြုပြီး သန့်ရှင်းသောဓားကို ကိုယ်တိုင် အပ်နှင်းပြီး မိစ္ဆာဘုရင်ကို သုတ်သင်ဖို့ တာဝန်ပေးလိုက်တယ်။ ကျုပ်မျက်နှာပေါ်က ဒဏ်ရာတွေက နတ်ဆိုးဧကရာဇ်နဲ့ တိုက်ခိုက်ပြီး ကျန်နေတဲ့ ဒဏ်ရာတွေပေါ့..”
============= (*^*)=============
အပိုင်း( ၂၈၁ )မျှော်
မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်
ဘာသာပြန်သူ = ငတက်ပြား