← Chapters

နာမည်ဖျက်ပြီး မျိုးဖြုတ်ပစ်မည်

Vol. 97 Ch. 1264.2

နာမည်ဖျက်ပြီး မျိုးဖြုတ်ပစ်မည်

Vol. 97 Ch. 1264.2

ကောင်းကင်နတ်အရှင်ဟောင်မှာ ဤအလင်းတန်းများကို ထိတွေ့ကြည့်ရာ မိုးကြိုးပစ်ခံရသည့်အလား ခံစားလိုက်ရသည်။ လက်ရှိအချိန်တွင် ဝိညာဉ်ခုနစ်သွယ်မြက်က စွမ်းအင်များ အဆက်မပြတ် စုပ်ယူနေသောကြောင့် မဟာခြုံလွှမ်း အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲရှိ သူ၏မူလဝိညာဉ်မှာ တဆတ်ဆတ် တုန်နေချေသည်။

ဝိညာဉ်ခုနစ်သွယ်မြက်သည် ဖန်ဆင်းရှင်တို့၏ အထွတ်အမြတ်အရာတစ်ခု ဖြစ်၏။ ဤအခိုက်အတန့်တွင် ၎င်းမှာ ပြည့်လုဆဲဆဲ ဖြစ်နေသောကြောင့် နို့နှစ်ရောင် တောက်ပနေကော ဆက်လက် မစားသုံးနိုင်တော့ပေ။ ထို့နောက် ဝိညာဉ်ခုနစ်သွယ်မြက်က ကောင်းကင်နတ်အရှင်ဟောင်၏ မျက်ခုံးနှစ်ဖက်ကြားမှ ပျံထွက်လပြီး မြေကြီးထဲ တိုးဝင်ကာ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။

“မြက်ကလေး၊ မင်းက တကယ်အသုံးမ၀င်တာပဲ”

ချင်မူ အသွင်ပြောင်းလဲထားသော မြေအောက်ဘုံအရှင်သခင်က ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး အကန့်အသတ်မဲ့သော မိစ္ဆာချီငွေ့တို့က သူ့အား ဝန်းရံရစ်သိုင်းလေသည်။ သူ လက်တစ်ဖက် မြှောက်လိုက်သည့်အခါ ယိုတု၏ မဟာတာအိုသည် ငရဲမြစ်အသွင် ဖွဲ့တည်လာပြီးနောက် ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်အပေါ် ကျသွားရောက်သော ကြာပွတ်တစ်လက် ဖြစ်လာသည်။ မိစ္ဆာအလင်းရောင်များလည်း ကွန့်မြူးတောက်ပလာသဖြင့် ကောင်းကင်နတ်အရှင်ဟောင်က ခန္ဓာကိုယ်ကို ဂျင်သဖွယ် လှည့်လျက် အလင်းရောင်တို့အား ပြန်ကန်ထွက်သွားစေသည်။

မဟာခြုံလွှမ်း အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲတွင် ကောင်းကင်နတ်အရှင်ဟောင်၏ မူလဝိညာဉ်ဆီမှ အနက်ရောင်မီးခိုးငွေ့များ တ‌ထောင်း‌ထောင်း ထနေသည်။ ဤကြာပွတ်သည် ဝိညာဉ်အား ရိုက်နှက်နိုင်သော ကြာပွတ်တစ်လက် ဖြစ်၏။ ဤမိစ္ဆာအလင်းရောင်တို့မှာလည်း မူလဝိညာဉ်ကို ဖိနှိပ်ပြုပြင်မည့် အလင်းရောင် ဖြစ်သည်။ ချင်မူကား ယိုတု၏အားသာချက်ကို သိသိသာသာပင် အသုံးချလျက် သူ၏မူလဝိညာဉ်နှင့် ဝိညာဉ်ကို ဖိနှိပ်ချေမှုန်းနေချေပြီ။

ချင်မူက ကြာပွတ်ကို တရွှမ်းရွှမ်း လွှဲရိုက်နေသောကြောင့် ကောင်းကင်နတ်အရှင်ဟောင်မှာ မရှောင်နိုင်တော့ပေ။ သူ၏မူလဝိညာဉ်မှာ တဖြည်းဖြည်း ဒဏ်ရာရလာသည်။ သူ့မူလဝိညာဥ်သည် မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံကို ခုခံနိုင်သေးသော်လည်း ချင်မူ၏ ရိုက်ချက်များကြောင့် အလျင်အမြန် အားနည်းလာနေသလို ခံစားနေရသည်။

ချင်မူ့ရည်ရွယ်ချက်က ကောင်းကင်နတ်အရှင်ဟောင်၏ မူလဝိညာဉ်ကို တစ်ယောက်တည်း ဖျက်ဆီးပစ်နိုင်ရန် မဟုတ်ပေ။ ချင်မူအနေဖြင့် သူ၏မူလဝိညာဉ်ကို မဖျက်ဆီးနိုင်ချေ။ ဝိညာဉ်ခုနစ်သွယ်မြက်နောက်ဆယ်ပင် ရှိစေကာမူ ယင်းမြက်ပင်တို့မှာ ကောင်းကင်နတ်အရှင်ဟောင်၏ မူလဝိညာဉ်ထဲရှိ စွမ်းအင်မှန်သမျှအား စုပ်ယူနိုင်လိမ့်မည်မဟုတ်။

ချင်မူ့ရည်ရွယ်ချက်က ကောင်းကင်နတ်အရှင်ဟောင်၏ မူလဝိညာဉ်ကို အားနည်းလာအောင် ဖိအားပေးရင်း မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အသိစိတ်အလျဉ်ကောင်းကင်ဘုံကြောင့် ပျက်စီးသွားစေရန် ဖြစ်သည်။

ကောင်းကင်နတ်အရှင်ဟောင်မှာ အလွန်ကြောက်ရွံ့လာတော့သည်။ ချင်မူ့ဉာဏ်ပညာက ထက်မြက်လှ၏။ ချင်မူကား သူ့ကို သတ်နိုင်ရန်လေးအတွက် ငှားယူနိုင်သမျှ စွမ်းအားအလုံးစုံ ငှားယူထားချေပြီ။

ဤအတိုင်းသာ ဆက်သွားပါက သူ့ခန္ဓာကိုယ်သည် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားပြီး ဝိညာဉ်လည်း ကြေကွဲရ‌တော့မည်။

ဝှစ်…

ကောင်းကင်နတ်အရှင်ဟောင်မှာ ကောင်းကင်နန်းဆောင်တစ်ခုပြီးတစ်ခုအား ဖြိုခွဲပစ်နေ၏။ သူကား သိုင်းအခြေခံအားနည်းသွားမည်ကို ဂရုမစိုက်ဘဲ ကောင်းကင်နန်းဆောင်ဆယ်ဆောင် ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

ထိုကောင်းကင်နန်းဆောင်များကို ဖယ်ရှားလိုက်ပြီးနောက်၌ အချိန်မရွေး‌ ပေါက်ကွဲရမည့် ခံစားချက်ကြီးမှာ လျော့ကျလာသည်။

သူ့နှလုံးသွေးများ စက်စက်ယိုနေချေသည်။ ထိုကောင်းကင်နန်းဆောင်များကို ဖျက်သိမ်းလိုက်သော်ငြား ၎င်းတို့ကို မည်သည့်အချိန်မှ ပြန်လည်တည်ဆောက်နိုင်တော့မည်မှန်း သူ သေချာမသိပေ။ သို့သော် ကောင်းကင်နန်းဆောင်များအား ဖယ်ရှားလိုက်ခြင်းက သူ့အား အနည်းငယ် အသက်ရှူချောင်စေခဲ့သည်။

ဝုန်းခနဲ တုန်ခါသံကြီးနှင့်အတူ သူသည် မဟူရာကျောက်တိုင်ကြီးတစ်တိုင်ကို ရိုက်ချိုးလျက် ယိုတု၀င်္ကပါမှ လွတ်မြောက်သွား၏။

သူ့အနောက်မှ ချင်မူက တောင်တစ်လုံးသဖွယ် ကြီးမားလှသော လက်သီးတစ်ဖက်ကို မြှောက်လိုက်ပြီး သူ၏ကျောနောက်တည့်တည့်သို့ ထိုးချလိုက်ရာ ကောင်းကင်နတ်အရှင်ဟောင်မှာ မြေပြင်ပေါ် ဟပ်ထိုးလဲကျသွားပြီး အဝေးသို့ လိမ့်ထွက်သွားတော့သည်။

ဖြန်း….

ထိုစဉ် ငရဲမြစ်ကြာပွတ်က ကျဆင်းလာပြီး ကောင်းကင်နတ်အရှင်ဟောင်အား လေလယ်မှပင် ရိုက်ချလိုက်သည်။ သူ၏ဒွာရပေါက်ခုနစ်ပေါက်မှ သွေးစိမ်းရှင်ရှင် စီးကျလာပြီး သူ့မှာ လင်ဗန်းထဲ လှိမ့်ခံနေရသော လောက်စလုံးသဖွယ် လိမ့်ထွက်သွားပြန်သည်။

ချင်မူက ကြာပွတ်အား နောက်တစ်ကြိမ် လွှဲရမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ဧရာမဦးခေါင်းကြီးက ရှေ့သို့ ကဲကြည့်လိုက်သည်။ သူ့မျက်ခုံးနှစ်ဖက်ကြားရှိ မြေအောက်ဘုံအရှင်သခင်၏ ဒေါင်လိုက်မျက်လုံးက ပွင့်လာပြီး လှပတင့်တယ်သော လိပ်ပြာတောင်ပံသဏ္ဍာန်ရှိသည့် တာအိုသင်္ကေတများစွာက ဒေါင်လိုက်မျက်လုံးထံမှ ပျံ့နှံ့လာကြ၏။

ဝီ…

တိုင်လုံးကြီးပမာ ကြီးမားတုတ်ခိုင်လှသော မိစ္ဆာရောင်စုတ်တံတစ်လက်သည် ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်ကို ဖောက်ထွက်၍ မြေပြင်တွင် ထိုးစိုက်လိုက်၏။ ၎င်းက သူ၏ခန္ဓာကိုယ်ကို မိုင်ရာပေါင်းရောက်သည့်တိုင်အောင် တွန်းသယ်သွားသောကြောင့် သူ့မှာ တောင်များကို ဝင်တိုက်ရင်း လွင့်ထွက်သွားလေသည်။

ထိုတောင်တန်းများမှာ မိစ္ဆာအလင်းရောင်ကြောင့် နှစ်ခြမ်းကွဲကုန်ကြ၏။

ရုတ်တရက် ကောင်းကင်နတ်အရှင်ဟောင်၏ အရိပ် ပျောက်ကွယ်သွားသည်။ သူက မူလချီကို စုစည်းလျက် မဟာလေဟာနယ်ယိုတုမှ မဟာလေဟာနယ်မြေထုဆီသို့ ထွက်ပြေးတော့သည်။

“ထွက်ပြေးတယ်ပေါ့… ခင်ဗျား ကျုပ်လက်က လွတ်နိုင်မယ် ထင်လို့လား”

မြေအောက်ဘုံအရှင်သခင် ချင်မူက ပြေးလိုက်ရာ ‌‌ခြေလှမ်းအနည်းငယ်အတွင်း မဟာလေဟာနယ်မြေထုဆီသို့ ရောက်လာ၏။ သူ့ခန္ဓာကိုယ်က မြေအောက်ဘုံအရှင်သခင်မှ ကောင်းကင်နယ်စားမင်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်နယ်စားမင်းချင်မူ လက်မြှောက်လိုက်သည့်အခါ ကောင်းကင်ထက်တွင် ကြယ်တာရာများ ဆိုင်းမဆင့်ဗုံမဆင့် ဖွဲ့တည်လာသည်။

ကြယ်တာရာများသည် မဟာလေဟာနယ်မြေထုနှင့် နီးကပ်လာသည့်အလား တစတစ ကြီးမားလာကြသည်။ ထို့နောက် ပိုက်များ၊ ထီးများ၊ ချိပ်တံဆိပ်များ၊ ပုံဆောင်ခဲများ၊ ယပ်တောင်များ၊ ဇွန်းများ၊ အဖုံးများ အစရှိသဖြင့် ကောင်းကင်ရတနာမျိုးစုံအသွင်ဆောင်လျက် အရှိန်မသေသေးသော ကောင်းကင်နတ်အရှင်ဟောင်အား ၀င်တိုက်သွားကြသည်။

ကောင်းကင်ရတနာ ၄၉ ခု၏ တဖွဲဖွဲ ကျဆင်းလာနေမှုကြောင့် မြေပြင်မှာ တသိမ့်သိမ့် တုန်ခါနေ၏။ မှိုပွင့်သဏ္ဍာန် မီးခိုးတိမ်တိုက်များလည်း တစ်ခုပြီးတစ်ခု မြောက်တက်လာကြပြီး မိုင်ရာပေါင်းများစွာ မြင့်မားနေကြသည်။ အံ့ဩငေးမောဖွယ်ကောင်းလှသော မြင်ကွင်းတစ်ခုပင် ဖြစ်နေတော့သည်။

ကောင်းကင်နတ်ဘုံ၏ ပင်မစစ်စခန်းထဲရှိ နတ်မျက်လုံးမျိုးနွယ်မှ နတ်ဘုရားက ပတ်ဝန်းကျင်အား ကြည့်နေစဉ် ရုတ်တရက် သိသိသာသာ မျက်နှာပျက်သွားသည်။ ထိုနတ်ဘုရားက မြို့စားမင်းများဆီသို့ အလောတကြီး သတင်းပို့လိုက်၏။ “သတင်းဆိုးဟေ့…. ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်ဟောင်ကို လိုက်ဖမ်းနေတယ်… ယိုတုကနေ မဟာလေဟာနယ်အထိ လိုက်တိုက်ခိုက်နေပြီ”

နတ်ဘုရားမြို့များအား စောင့်ရှောက်နေသော မြို့စားမင်းအားလုံးသည် ကောင်းကင်နတ်ဘုံ၏ ထိပ်သီးသိုင်းပညာရှင်များ ဖြစ်ကြသော ကောင်းကင်ဆရာသခင်များ၊ ကောင်းကင်နတ်မင်းများနှင့် နတ်မင်းလေးပါးတို့ ဖြစ်ချေသည်။ သူတို့က သူ့အော်သံကို ကြားလျှင် ရယ်မောလိုက်ကြသည်။ “အဓိပ္ပာယ်မရှိတာတွေ ပြောနေပြန်ပြီ… ကောင်းကင်နတ်အရှင်မူက ကောင်စုတ်လေးတစ်ကောင်ပါကွာ… သူလို ငချွတ်ကလေးက ကောင်းကင်နတ်အရှင်ဟောင်ကို ဘယ်လိုလုပ် သတ်နိုင်မှာတုန်း… ကောင်းကင်နတ်အရှင်ဟောင်က နှာချေရုံနဲ့တင် ‌သူ့ကို သတ်ပစ်လို့ရတယ်”

“အမှန်ပဲ”

ကောင်းကင်နတ်ဘုံစစ်စခန်း၏ တပ်မှူးများက အခြေအနေအား ကြည့်ရန် မြို့မျှော်စင်အပေါ် တက်လာကြသည်။ ကောင်းကင်နတ်အရှင်ဟောင်ကို လိုက်ဖမ်းနေသည့် ချင်မူ့အား တွေ့လိုက်ရသည့်အခါ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ချားစွာ ကြည့်ရင်း သွေးပျက်ကုန်ကြလေသည်။ သူတို့မျက်နှာများတွင်လည်း သွေးပင် မရှိကြတော့။

ဤမြင်ကွင်းက ချင်မူ ကောင်းကင်နတ်အရှင်ဟောင်ကို အမှန်တကယ် လိုက်ဖမ်းနေသည့် မြင်ကွင်းပင်။

ချင်မူနှင့် ကောင်းကင်နတ်အရှင်ဟောင်အကြားရှိ သိုင်းအဆင့်ကွာဟမှုမှာ မိုးနှင့်မြေပမာ ရှိသည် မဟုတ်ပေလော။ သို့သော် ကောင်းကင်နတ်အရှင်ဟောင်မှာ ချင်မူ လိုက်ဖမ်းနေသည်ကို ပြန်တိုက်ခိုက်နိုင်ဘဲ အသက်လုပြေးနေရှာသည်။ လွတ်ပင် မလွတ်နိုင်သေးချေ။

ကောင်းကင်နတ်ဘုံ၏ တပ်မှူးများမှာ ငေးကြောင်စွာဖြင့် ခြေမကိုင်မိ၊ လက်မကိုင်မိ ‌ဖြစ်ကုန်ကြတော့သည်။

သူတို့အားလုံး ကောင်းကင်နတ်အရှင်ဟောင် ချင်မူ၏ ပယ်ပယ်နှယ်နှယ် အရိုက်ခံနေရသည်ကို မြင်တွေ့လိုက်ရသည့်အတွက် မုချသေကြရတော့မည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင်နတ်အရှင်ဟောင်အတွက် ကောင်းကင်နတ်ဘုံ၏ စစ်စခန်းရှေ့တွင် အရှက်ကွဲရခြင်းက သေခြင်းထက် ဆိုးရွားသည် မဟုတ်လော။

“သတင်းကို လျှို့ဝှက်ထားကြမယ်”

ကောင်းကင်နတ်ဘုံ၏ တပ်မှူးအားလုံး အကြံတူကြသည်။ ဤသတင်းကို လျှို့ဝှက်ထားပြီး စစ်တပ်ထဲ ပျံ့မသွားအောင် တားရပေမည်။ ကောင်းကင်နတ်အရှင်ဟောင်ဆိုသည်မှာ ကောင်းကင်နတ်ဘုံ၏ ပြယုဂ် မဟုတ်လော။ ကောင်းကင်နတ်အရှင်ဟောင် ရိုက်နှက်ခံရခြင်းက မပြောပသော်လည်း ကောင်းကင်နတ်ဘုံအတွက် အကြီးအကျယ် စိတ်ဓာတ်ကျစရာ ဖြစ်နိုင်သည်။

စစ်တပ်များသာ ချင်မူ့ကို‌ ကြောက်ရွံ့သွားလျှင် ကောင်းကင်နတ်အရှင်ဟောင်က သိက္ခာပြန်ဆယ်ရန် သူတို့ကို သတ်ဖြတ်ပေလိမ့်မည်။ ဤသည်က ကောင်းကင်နတ်ဘုံအတွက် ဆုံးရှုံးမှုကြီး ဖြစ်လာမည်။

‘ငါ ဒီကိစ္စကို ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှုဆီ တင်ပြရမယ်’

ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုထံ သွားရောက်အစီရင်ခံမည့် အတွေးက သူတို့စိတ်ထဲတွင် ပေါ်လာသည်။ သို့သော် ထိုကောင်းကင်နတ်အရှင်နှစ်ပါးမှာ ဒဏ်ရာအပြင်းအထန် ရခဲ့သောကြောင့် တံခါးပိတ် ကျင့်ကြံနေကြ၏။

တပ်မှူးများမှာ အခြေအနေ စောင့်ကြည့်နေကြသော်လည်း ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုတို့က သူတို့အား မဆင့်ခေါ်ကြသေးပေ။ ထို့ကြောင့် သူတို့မှာ အိုးပူပေါ်ရှိ ပုရွက်ဆိတ်များသဖွယ် ရှေ့လျှောက်လိုက်၊ နောက်‌လျှောက်လိုက် ဂနာမငြိမ် ဖြစ်နေကြသည်။

“ငါတို့ ကောင်းကင်နတ်အရှင်ဟောင်ကို အရင်ကယ်မှ ရမယ်”

ရုတ်တရက် အနောက်ကောင်းကင်မှ အဖြူနတ်မင်းက အော်ဟစ်လိုက်၏။ “ကောင်းကင်နတ်အရှင်မူကို ဒီတိုင်း လွှတ်ထားလိုက်ရင် ကောင်းကင်နတ်အရှင်ဟောင် ဒုက္ခရောက်လိမ့်မယ်”

အရှေ့ကောင်းကင်မှ အစိမ်းနတ်မင်းက သူ့ကို တစ်ချက်ကြည့်၍ ပြောသည်။ “အကြံကောင်းပဲ…. တာအိုမိတ်ဆွေ အဖြူနတ်မင်း၊ ကောင်းကင်နတ်အရှင်ဟောင်ကို အရင်သွားကယ်လိုက်…. ကျုပ်တို့ နောက်က လိုက်လာခဲ့မယ်”

အဖြူနတ်မင်းမှာ တွန့်ဆုတ်သွားသည်။ ‘ဒီပုဂ္ဂိုလ်က ကောင်းကင်နတ်အရှင်ရှောင်ရဲ့ သွေးဆက်ဟာ…. ငါ ကောင်းကင်နတ်အရှင်ဟောင်ကို သွားကယ်ဖို့ သူက ဘာလို့ လိုလိုလားလား တိုက်တွန်းနေတာပါလိမ့်…. ဟုတ်သားပဲ... ကောင်းကင်နတ်အရှင်ဟောင်ကို ကယ်မှဖြစ်မယ်…. ကောင်းကင်နတ်အရှင်ဟောင် ကောင်းကင်နတ်အရှင်မူရဲ့ ပိုးစိုးပက်စက် အရိုက်ခံရတာကို ငါ တွေ့ခဲ့တာ ... ငါတော့ ဒုက္ခရောက်ပါပြီ’

သူက မည်သည်ကိုမှ ထပ်မပြောတော့ပေ။ ကျန်ကောင်းကင်နတ်မင်းများနှင့် ကောင်းကင်ဆရာသခင်များလည်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး တီးတိုးတီးတိုး ပြောနေကြသည်။

တခဏကြာသော် ဒုတိယကောင်းကင်ဆရာသခင် မုန့်ယွင်ကွေ့က ချောင်းဟန့်လိုက်ရင်း ပြော၏။ “ကျုပ်တို့တွေ ကျုပ်တို့လက်အောက်ငယ်သား တပ်မှူးတစ်ယောက်စီ လွှတ်ပြီး ကောင်းကင်နတ်အရှင်မူကို ဖမ်းသင့်တယ်… နောက်ဆက်တွဲကိစ္စတွေကိုတော့ ဘာမှမသိဘူးဘဲ ထားလိုက်ကြတာပေါ့”

အကုန်လုံး တစ်ယောက်ကိုတစ်ယောက် ကြည့်၍ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် နတ်မျက်လုံးတပ်မှူးက အလျင်အမြန် အစီအရင်ခံလေသည်။ “သတင်းဆိုးပဲဗျို့… ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်ဟောင်ကို မြို့ထဲ ကန်ထည့်လိုက်ပြီ”

ကောင်းကင်ဆရာသခင်များ၊ ကောင်းကင်နတ်မင်းများနှင့် အခြားနတ်မင်းများမှာ စိတ်နှလုံးများ အေးခဲသွားကြကာ အော်ဟစ်ပစ်ချင်လာတော့သည်။ ကောင်းကင်နတ်အရှင်ဟောင်၏ ဂုဏ်သတင်းကား ရစရာမရှိအောင် စုတ်ပြတ်နေလေပြီ။

“ကျုပ်တို့ ဘာလုပ်ကြမတုံး…” မုန်ယွင်ကွေ့မှာ ကူကယ်ရာမဲ့စွာဖြင့် ရေရွတ်လိုက်တော့သည်။

All Chapters