← Chapters

အောင်မြင်မှု

Vol. 97 Ch. 1265

အောင်မြင်မှု

Vol. 97 Ch. 1265

ချင်မူနှင့် ကောင်းကင်နတ်အရှင်ဟောင်တို့ကား ကောင်းကင်နတ်ဘုံ၏ ပင်မစခန်းအထိ ရောက်လာကြချေပြီ။ တခဏအတွင်း စစ်စခန်းတစ်ခုလုံး ဖရိုဖရဲ ဖြစ်သွားသည်။ နတ်ဘုရားများနှင့် စစ်သည်တော်များ ထွက်ပြေးနေကြပြီး တာ၀န်ကျသော နတ်တပ်မှူးများမှာလည်း ဆွံ့အနေကြသည်။ သူတို့မှာ ချင်မူ ကောင်းကင်နတ်သိုင်းများ ထုတ်လွှတ်လျက် စခန်းတစ်ခုလုံးအား ဖျက်ဆီးနေသည်ကို ကြည့်ရုံသာ တတ်နိုင်ကြလေသည်။

ထိုစဉ် ကောင်းကင်နတ်အရှင်ဟောင်သည် အစိမ်းနတ်မင်းနှင့် အဖြူနတ်မင်းဆီသို့ ပြေးနေ၏။

နတ်မင်းများ၊ ကောင်းကင်ဆရာသခင်များနှင့် ကောင်းကင်နတ်မင်းများ ခေါင်းနပန်းကြီးသွားကြသည်။ စတုတ္ထကောင်းကင်ဆရာသခင် ကျူရှောက်ပင်းက သက်ပြင်းချသည်။ “ကောင်းကင်ယင်သားတော်၊ ဘယ်ရောက်နေလဲ”

“ကောင်းကင်ယင်သားတော်က ဘယ်လောက် လည်တာမှတ်လို့… သူ ဒီအကြောင်း သိနေရင်တောင်မှ လာမှာမဟုတ်ဘူး.. ဒီမီးခဲကို ကျုပ်တို့လက်ထဲပဲ ထိုးထည့်မှာ”

မုန့်ယွင်ကွေ့က အံကြိတ်လျက် ပြောသည်။ “အားလုံးပဲ အခု ကောင်းကင်နတ်အရှင်ဟောင်က ကျုပ်တို့ဆီ ပြေးလာနေမှတော့ လှုပ်ရှားမှရတော့မယ်”

အားလုံး စိတ်ထဲ မွန်းကြပ်သွားကြသော်လည်း တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။

ကောင်းကင်နတ်အရှင်ဟောင်သည် သူတို့ကို သေချာပေါက် တွေ့သွား၍သာ ပြေးလာနေခြင်းဖြစ်၏။ သူ့ကို မကယ်ပါက အပြစ်ရှိပေလိမ့်မည်။

ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်နတ်အရှင်မူဆိုသည်မှာ ကျင့်ကြံနိုင်မည့် လမ်းစဉ်အား လူအများထံ ဖြန့်ဝေပေးခဲ့သော ပုဂ္ဂိုလ်များ မဟုတ်ပါလော။ မည်သူက သူတို့ကို ပေါ်ပေါ်ထင်ထင် သတ်ဖြတ်ရဲမည်နည်း။

သူတို့သာ မကယ်လျင် ကောင်းကင်နတ်ဘုံ၏ ဒဏ်ခတ်မှုအား ချေပနိုင်မည် မဟုတ်ပေ။

လောကကြီးထဲရှိ သက်ရှိသတ္တဝါများသည်လည်း သူတို့ကို အပြစ်တင်ကဲ့ရဲ့ကြလိမ့်မည်။ သေသွားလျှင် ကိစ္စမရှိသော်လည်း နာမည်ကြီးသွားပါက ပြဿနာတစ်ရပ် ဖြစ်လာပေလိမ့်မည်။

သူတို့ တိုက်ခိုက်ကြတော့မည့်အချိန် ဝုန်းခနဲ အသံကြီးတစ်သံအား ကြားလိုက်ကြရသည်။ ကောင်းကင်နတ်အရှင်ဟောင်နှင့် ချင်မူကား အတူတကွ ပျောက်ကွယ်သွားချေပြီ။

အားလုံး အံ့အားသင့်သွားလျက် ငေးကျန်ခဲ့ကြသည်။ ရုတ်တရက် မုန့်ယွင်ကွေ့က သဘောပေါက်နားလည်သွားပြီး အော်ဟစ်လိုက်၏။ “ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်အရှင်ဟောင်ကို မဟာလေဟာနယ်ယိုတုဆီ ဆွဲခေါ်သွားပြီ”

အားလုံးမှာ အကြောင်သားဖြစ်နေကြ၏။ မြောက်ကောင်းကင်နတ်မင်းရီလော့က ပြုံးလျက် ပြောသည်။ “မဟာလေဟာနယ်ယိုတုက ကောင်းကင်ယင်သားတော်ရဲ့ စခန်းနဲ့ သိပ်မဝေးဘူး… အခု ကောင်းကင်ယင်သားတော်အနေနဲ့ လှုပ်ရှားရုံကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူး”

မဟာလေဟာနယ်၏ ယိုတုထဲတွင် ကောင်းကင်ယင်သားတော်သည် ချင်မူ ကောင်းကင်နတ်အရှင်ဟောင်ကို လိုက်ဖမ်းနေသည့်သတင်းအား ကြားထားပြီးသား ဖြစ်၏။ သူ၏မျက်နှာမှာ သွေးဆုပ်ဖြူလျော်နေပြီး သူ့မှာ ဖင်တကြွကြွနှင့် ဂနာမငြိမ်ပေ။

ချင်မူက ကောင်းကင်နတ်အရှင်ဟောင်ကို သတ်ဖြတ်နိုင်သည်အထိ အစွမ်းထက်နေမည့်အပေါ် သူ မစိုးရိမ်ပေ။ ကောင်းကင်နတ်အရှင်ဟောင်သည် မဟာဧကရာဇ်နှင့် တိုက်ပွဲတွင် ဒဏ်ရာရခဲ့သည်ဟု သူ သိထားသော်လည်း ဒဏ်ရာများက ဤမျှ ပြင်းထန်နေလိမ့်မည်ဟု မ‌မျှော်လင့်မိခြင်းသာ ရှိသည်။

ကောင်းကင်နတ်ဘုံမှ အသိအမှတ်ပြုထားသော နံပါတ်တစ် ကောင်းကင်နတ်အရှင်ကား ချင်မူ့လက်မှ အသက်လု၍ ထွက်ပြေးနေရပြီ ဟူသတတ်။

ကောင်းကင်ယင်သားတော်အနေဖြင့် ကောင်းကင်နတ်အရှင်ဟောင်ကို ကယ်တင်လိုစိတ် မရှိပေ။ အကြောင်းပြချက်မှာ မုန့်ယွင်ကွေ့တို့နှင့် အတူတူပင် ဖြစ်သည်။ ကောင်းကင်နတ်အရှင်ဟောင်သည် ချင်မူ၏ ပယ်ပယ်နှယ်နှယ် အရိုက်ခံနေရသည်မဟုတ်ပါလော။ ၎င်းက မည်မျှ ရှက်စရာကောင်းလှသနည်း။

ကောင်းကင်နတ်အရှင်ဟောင်သာ အသက်ရှင်ကျန်ရစ်ခဲ့ပါက သူ၏ ဂုဏ်သိက္ခာကို အဖတ်ဆယ်နိုင်ရန် ဤအကြောင်းသိထားသမျှ လူတိုင်းအား ရှင်းလင်းပေလိမ့်မည်။

များများသိလေလေ မြန်မြန်သေရလေ ဆိုသည့်အတိုင်းပင်။ ကောင်းကင်ယင်သားတော်သည် ဤသဘောတရားကို မည်သူမဆိုထက် ကောင်းကောင်းနားလည်၏။

ကောင်းကင်နတ်အရှင်ဟောင် မဟာနေဧကရာဇ်အား မည်သို့နှုတ်ပိတ်ခဲ့သည်ကို သူကိုယ်တိုင် တွေ့မြင်ခဲ့ရသည် မဟုတ်ပါလော။

“ဒါပေမဲ့ ချင်မူက ကောင်းကင်နတ်အရှင်ဟောင်ကို ယိုတုစစ်စခန်းအရှေ့ ခေါ်လာခဲ့လို့ ငါ သူ့ကို မကယ်ရင်…”

ကောင်းကင်ယင်သားတော် အဝေးသို့ လှမ်းကြည့်လိုက်သည့်အခါ ကောင်းကင်နတ်ရှင်ဟောင်အား အကြိတ်အနယ်တီးနေသော ချင်မူ့ကို တွေ့လိုက်ရသည်။ ကောင်းကင်နတ်သိုင်းမျိုးစုံသည် ကောင်းကင်ထက်တွင် ကခုန်နေကြပြီး ကောင်းကင်နတ်အရှင်ဟောင်မှာ ၎င်းတို့ကို ခုခံရင်း ယိုတုစစ်စခန်းသို့ ထွက်ပြေးလာနေသည်။

သို့သော် သူ့မှာ ဆီကုန်နေသော မီးအိမ်တစ်အိမ်သဖွယ် ဖြစ်နေသဖြင့် ကြာကြာတောင့်ခံနိုင်ရန် ခက်ပေလိမ့်မည်။

ချင်မူက အသာစီးရထားသည့်အလျောက် သူ့အား ကောင်းကင်မှ မြေကြီး၊ မဟာလေဟာနယ်မြေထုမှ ယိုတု၊ ဤစစ်စခန်းမှ ထိုစစ်စခန်းအထိ တရစပ် လိုက်တိုက်ခိုက်နေသည်။ ယခုအချိန်တွင် ကောင်းကင်နတ်အရှင်ဟောင်မှာ ကောင်းကင်နန်းဆောင် ၂၆ ကို ဖယ်ရှားခဲ့ရသောကြောင့် ကိုးဆောင်သာ ကျန်ရစ်တော့ချေပြီ။

သို့သော် သူ့မှာ ဒဏ်ရာများကို မချုပ်ထားနိုင်သေးပေ။ သူသာ ကောင်းကင်နန်းဆောင်များကို ဆက်လက် ဖယ်ရှားနေလျှင် နောက်ဆုံးတွင် သိုင်းအခြေခံ ပြိုလဲသွားပြီး ချင်မူ့လက်ထဲ၌ သေရပေလိမ့်မည်။

သူကား မရှုမလှ ခံနေရသည့်အပြင် ကောင်းကင်နတ်ဘုံ ပင်မစစ်စခန်း၏ စစ်သည်တော်အားလုံးအရှေ့တွင် အရှက်ကွဲခဲ့ပြီးပြီးဖြစ်သော်လည်း ဇွဲကောင်းစွာဖြင့် တောင့်ခံနေဆဲပင်။

ကောင်းကင်ယင်သားတော်မှာတော့ မြို့မျှော်စင်ထက်တွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ သူ၏မျက်နှာအမူအရာက မည်းမှောင်သွားလိုက်၊ တည်ကြည်သွားလိုက် ဖြစ်နေသည်။ “ချင်မူနဲ့ ငါ့ကြားမှာ ငါ့မိန်းမနဲ့ သားကို သတ်သွားတဲ့ ရန်ငြိုးရှိနေတော့ ကလဲ့စားချေမှ ဖြစ်မယ်… ဒါပေမဲ့ ငါ အခု လှုပ်ရှားလိုက်ရင် နောင်တစ်ချိန်ကျ ဒုတိယမြောက်မဟာနေဧကရာဇ် ဖြစ်သွားနိုင်တယ်….”

သူ့မှာ ဒွိဟဖြစ်နေတော့သည်။ ကောင်းကင်နတ်အရှင်ဟောင်သည် သူ၏ ကျောထောက်နောက်ခံ ဖြစ်သည့်အတွက် မဟူရာနတ်မင်းဟူသော ရာထူးကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားနိုင်ခဲ့ခြင်းမှာ ကောင်းကင်နတ်အရှင်ဟောင်၏ ထောက်ပံ့မှုကြောင့် ပါလေသည်။

ချင်မူ ကောင်းကင်နတ်အရှင်ဟောင်ကို အမှန်တကယ် သတ်ဖြတ်လိုက်ပါက သူ၏အထောက်အပံ့ ပြိုလဲသွားလိမ့်မည်။ အသတ်တော့ သေမည်မဟုတ်သော်လည်း သူ၏အာဏာနှင့် ရာထူးဂုဏ်ဝါကိုတော့ ကာကွယ်ရန် ခက်သွားလိမ့်မည်။

တစ်ဖက်တွင် သူ၏အသက် ရှိနေပြီး ကျန်တစ်ဖက်ကတော့ သူ၏အာဏာ တည်ရှိနေသည်။ ရွေးချယ်ရန်မှာ အလွန်ဘေးကြပ်နံကြပ် ဖြစ်လှသည်။

သူ တွန့်ဆုတ်နေသည့်အချိန်မှာပင် ဗုံသံများသည် မိုးခြိမ်းသံများအလား မြည်ဟီးလာကြပြီး နတ်ဘုရားတစ်ပါးက လာရောက်အစီရင်ခံသည်။ “အရှင်မင်းကြီး၊ သူပုန်ချင်ဖုန်းကျင့်နဲ့ ယမမင်းတို့ ကျူးကျော်လာကြပါတယ်”

“အသက်ကယ်ကြိုးပဲကွာ”

ကောင်းကင်ယင်သားတော်မှာ စိတ်တက်ကြွလာပြီး အော်ဟစ်လိုက်သည်။ “စစ်တပ်ကို စုစည်းပြီး တိုက်ခိုက်ကြ… သစ္စာဖောက်အားလုံး သတ်ပစ်”

မြောက်နတ်မင်းတပ်မှူးတစ်ယောက်မှာ တွန့်ဆုတ်နေသည်။ “အရှင်မင်းကြီး၊ ကောင်းကင်နတ်အရှင်ဟောင်…”

ကောင်းကင်ယင်သားတော်က သူ့ဆီသို့ တစ်ချက်ကြည့်လိုက်ရာ ထိုနတ်ဘုရားမှာ ရေခဲကန်ထဲ ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ သူ့မှာ ကြောက်ရွံ့လာသောကြောင့် တိတ်ဆိတ်သွားပြီး မည်သည့်စကားမှ မပြောရဲတော့ပေ။

ရွှင်ပျော်ပျော်ကျေးရွာနှင့် ပရမတ္တကမ္ဘာတို့သည်လည်း ချင်မူ ကောင်းကင်နတ်အရှင်ဟောင်ကို လိုက်ဖမ်းနေသည်ဟူသော သတင်းအား ရရှိခဲ့ကြ၏။ ချင်မူက ကောင်းကင်နတ်အရှင်ဟောင်ကို မိုင်သောင်းပေါင်းများစွာအထိ လိုက်ဖမ်းခဲ့သည့်အပြင် ကောင်းကင်နတ်ဘုံ၏ စစ်စခန်းထဲတွင်လည်း ဖရိုဖရဲဖြစ်သွားစေခဲ့သည်ကိုလည်း သတင်းရခဲ့ကြသည်။

ရွှင်ပျော်ပျော်ကျေးရွာ၏ အထက်လူကြီးများမှာ တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ချောက်ခြားစွာ ကြည့်နေမိကြ၏။ သို့သော် ပရမတ္တကမ္ဘာ၏ ဖန်ဆင်းရှင်များမှာတော့ ပျော်ရွှင်ဝမ်းမြောက်စွာ ချီးကျူးနေကြလေသည်။ “အထွတ်အမြတ်ကလေးငယ်က ပြိုင်ဘက်ကင်းပါပေတယ်”

သစ်ခုတ်သမား၊ ယန်ယွင်ရှီ၊ သိုင်းပညာကောင်းကင်ဆရာသခင်၊ ရှုကျုံး၊ ခန်းနွီနှင့် ကျန်သူများမှာ ပင်မစစ်စခန်းဆီသို့ လွတ်မြောက်လာခဲ့ကြပြီဖြစ်သည်။ ထိုသတင်းကိုကြားသည့်အခါ သူတို့လည်း ပြောပြမတတ်အောင် အံအားသင့်ကုန်ကြပြီး မျက်လုံးများပြူးကျယ်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြတော့သည်။

သစ်ခုတ်သမားက သက်ပြင်းချ၏။ “မူအာက ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ဂုဏ်သိက္ခာကို မြောင်းထဲပို့ဖို့ ကောင်းကင်နတ်ဘုံရဲ့ ပင်မစစ်စခန်းအထိ တမင်လိုက်တိုက်တာပဲ … သူ့ရဲ့ ဂုဏ်ကျက်သရေနဲ့ ပြိုင်ဘက်ကင်းပါတယ်ဆိုတဲ့ ပုံရိပ်ကို ဖျက်စီးလိုက်တာပေါ့… သူ့အနေနဲ့ ကောင်းကင်နတ်အရှင်ဟောင်ကို သတ်နိုင်တယ်ဆိုရင် ဒီလိုလုပ်နေစရာ မလိုဘူး”

သစ်ခုတ်သမားသည် ဉာဏ်ကြီးမားသူပီပီ ကောင်းကောင်းသိ၏။

ချင်မူ ကောင်းကင်နတ်အရှင်ဟောင်၏ ဂုဏ်သိက္ခာနှင့် နာမည်ကို ဖျက်စီးလိုက်ရသည့် အကြောင်းအရင်းမှာ ကောင်းကင်နတ်အရှင်ဟောင်အား သတ်ရန် ယုံကြည်ချက်မရှိသောကြောင့်ပင်။ သို့ဖြစ်၍ မစားရသည့်အမဲ သဲနှင့်ပက် ဆိုသကဲ့သို့ တာအိုမျိုးစေ့ကို ကောင်းကင်နတ်ဘုံ နတ်ဘုရားများအရှေ့တွင် စိုက်ပျိုးပြီး ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုနှလုံးသားအပေါ်၌ ဧရာမအရိပ်ကြီး အုပ်မိုးသွားစေရန် ကြံရွယ်ထားခြင်း ဖြစ်သည်။

တန်ခိုးရှင်သစ်ခုတ်သမားမှာ စိတ်လှုပ်ရှားလာပြန်၏။ “ဒါပေမဲ့ အခုအချိန်က ကောင်းကင်နတ်ဘုံရဲ့ ပင်မစစ်စခန်းကို တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ပဲ”

သူ အမိန့်ပေးတော့မည့်အချိန် ရွှင်ပျော်ပျော်ကျေးရွာနှင့် ပရမတ္တကမ္ဘာမှ နတ်ဘုရားမိစ္ဆာစစ်တပ်များက ကောင်းကင်နတ်ဘုံ၏ ပင်မစစ်စခန်းကို တိုက်ခိုက်နှင့်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

တန်ခိုးရှင်သစ်ခုတ်သမားမှာ ကြောင်အသွား၏။ သူ မော့ကြည့်လိုက်သည့်အခါ ဘုန်းကြီးတစ်ပါးနှင့် တာအိုရသေ့တစ်ယောက်က ရွှင်ပျော်ပျော်ကျေးရွာနှင့် ပရမတ္တကမ္ဘာမှ ဖန်ဆင်းရှင်များကို စုရုံးနေကြောင်း တွေ့လိုက်ရသည်။ သူတို့ဘေးတွင်မူ ကောင်းကင်နတ်ဘုံ၏ နံပါတ်တစ် ကောင်းကင်ဆရာသခင်ဟောင်း ယွဲ့ထင်းကဲ ရှိနေသည်။

တန်ခိုးရှင်သစ်ခုတ်သမားက ပြုံးလိုက်သည်။ “ငါတပည့်နှစ်ယောက်က သိပ်တော်ကြတာပဲ… သူတို့အစ်ကိုကြီးကပဲ မကြိုးစားတာ… ဒါပေမဲ့ အခုလို တပည့်ကောင်းနှစ်ယောက် ရထားတာ မဆိုးလှပါဘူးလေ”

ဝုန်း… ကောင်းကင်နတ်အရှင်ဟောင်မှာ ဒလိမ့်ခေါက်ခွေး လိမ့်၍ ကောင်းကင်ယင်သားတော်၏ ယိုတုစစ်စခန်းဆီသို့ ဝင်တိုက်သွားသည်။ ဤမြို့သည် ကောင်းကင်ယင်သားတော် တပ်ချထားသည့် မင်မြို့ဖြစ်၏။ သို့သော် မြို့ထဲတွင် စစ်သားတစ်ယောက်တလေမှ မရှိသောကြောင့် ကောင်းကင်နတ်အရှင်ဟောင်မှာ ဒေါသူပုန်ထသွားတော့သည်။

ကောင်းကင်ယင်သားတော်သည် စစ်သည်တော်များကို မြို့မှ ထွက်ခွာ၍ ရွှင်ပျော်ပျော်ကျေးရွာအား တိုက်ခိုက်ရန် အမိန့်ပေးခဲ့၏။

“ယင်ချောင်ကျင့်...”

ကောင်းကင်နတ်အရှင်ဟောင်က အံကြိတ်တင်းတင်း၍ တုန်တုန်ရီရီ ထရပ်လိုက်သည်။ ရုတ်တရက် သူ့မှာ ဒူးမခိုင်တော့ဘဲ မြေပြင်ပေါ် ဒူးထောက်ကျသွားပြီး ပြန်ထမလာနိုင်တော့ပေ။

သူ့ခေါင်းမှာ ငိုက်စိုက်ကျနေပြီး သူ့လက်များက မြေပြင်ကို တွန်းကန်ထားသည်။ သို့သော် သူ့လက်များရှိ အားအင်တို့မှာလည်း တဖြည်းဖြည်း ဆုတ်ယုတ်သွားချေပြီ။

သူ့ခန္ဓာကိုယ်က ရှေ့သို့ ယိုင်ကျသွားပြီး မျက်နှာနှင့် မြေကြီးအား မိတ်ဆက်သွားသည်။ သူ့မှာ အေးစက်နေသော မြေပြင်တလျှောက် လျှောကျသွားပြီး ခြေကားယား၊ လက်ကားယား ဖြစ်နေ၏။

သွေးတို့က သူ၏ပါးစပ်မှ စီးကျနေသည်။

သူ့မှာ ကြိုးစားခေါင်းမော့၍ ‌ချင်မူ ရှိသည့်နေရာသို့ ကြည့်လိုက်ချင်သော်လည်း ခေါင်းပင် မမော့နိုင်တော့ပေ။

သူ့တွင် နိုင်ဖဲတစ်ချက် ကျန်သေး၏။ ၎င်းက သူ၏ ကျန်ကောင်းကင်နန်းဆောင်များကို ဖြိုခွဲ၍ ပင်မကောင်းကင်နန်းဆောင်တစ်ခုတည်းသာ ထားခဲ့ရန် ဖြစ်သည်။ ဤနည်းဖြင့် သူ၏ကိုယ်ပိုင်အားအင်ကို ထိန်းချုပ်နိုင်လိမ့်မည်။

သို့သော် ထိုသို့လုပ်လိုက်ပါက သူ့ကိုယ်သူ ကောင်းကင်နတ်ဘုံအဆင့်မှ ဖယ်ရှားလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ဧကရာဇ်ပလ္လင်အဆင့်သို့ ကိုယ်တိုင် ပြန်ဆင်းသွားခြင်းနှင့် ထပ်တူညီ၏။

ထိုမျှသာမက သူ၏သိုင်းအဆင့် နိမ့်ကျသွားရသည့်တိုင် ဒဏ်ရာများက ရှိနေလိမ့်ဦးမည်။ ချင်မူ့ကို ရှင်းပစ်နိုင်မည့် စွမ်းအားလည်း ရှိနိုင်တော့မည်မဟုတ်။ ယင်းတို့ သူ အဖြစ်မခံနိုင်။ သို့သော် ရွေးချယ်စရာလည်း မရှိ။

ထိုအခိုက်အတန့်တွင် ခြေသံများ ကြားလိုက်ရသည်။ ချင်မူ့ခြေသံများ ဖြစ်လိမ့်မည်။

သို့သော် ချင်မူ့အနောက်တွင် ခြေသံနောက်တစ်သံ ကပ်ပါလာခြင်းက သူ့ကို ဇဝေဇဝါ ဖြစ်သွားစေသည်။

ချင်မူ့ခြေလှမ်းများက တန့်သွားပြီး သူနှင့် ခပ်လှမ်းလှမ်းတွင် ရပ်နေသည်။ ချင်မူသည် သူ့အနောက်ရှိ ပုဂ္ဂိုလ်ကို အင်မတန် ကြောက်ရွံ့နေသည်မှာ သိသာလှ၏။

ထိုစဉ် နူးညံ့သာယာသော အမျိုးသမီးတစ်ဦး၏ အသံတစ်သံက သူ၏နားထဲသို့ ညင်သာစွာ ဝင်ရောက်လာသည်ကို ကောင်းကင်နတ်အရှင်ဟောင် ခံစားလိုက်ရသည်။ “ကောင်းကင်နတ်အရှင်ဟောင်၊ ဒဏ်ရာတွေကို သက်သာစေချင်လား”

ကောင်းကင်နတ်အရှင်ဟောင်မှာ မူးနောက်နေပြီး သူ၏လည်ချောင်းဝတွင်လည်း သွေးတို့ ပြည့်ကြပ်နေသောကြောင့် သူ့ထံမှ ဂလုဂလုအသံများသာ ထွက်လာသည်။

“နင် သက်သာချင်တယ်လို့ ပြောလိုက်တာနဲ့ နင့်ဒဏ်ရာတွေ သက်သာလာစေရမယ်”

ထိုအမျိုးသမီး၏အသံမှာ သာယာနာပျော်ဖွယ်ကောင်းလှပြီး အလိုအလျောက် ညှို့ငင်ဖမ်းစားနိုင်နေ၏။ သူမက နူးညံ့ချိုသာစွာ ပြောသည်။ “နင် အလိုရှိသရွေ့ နင့်ရဲ့ ပြိုလဲနေတဲ့ ကောင်းကင်နန်းဆောင်တွေကိုလည်း ပြန်တည်ဆောက်လို့ရတယ်… နင် အလိုရှိသရွေ့ နင့်ရဲ့ သိုင်းအခြေခံကိုလည်း ပြန်ရယူနိုင်တယ်”

ထိုအသံမှာ အိပ်မက်မက်နေသကဲ့သို့ ဝေးကွာနေပြီး သူ၏နှလုံးသား အနက်ရှိုင်းဆုံး တစ်နေရာမှ ထွက်ပေါ်လာသယောင် ထင်ရသည်။ “နင်လိုချင်သရွေ့ နင့်ရဲ့ တာအိုဒဏ်ရာတွေကို ကုသပေးနိုင်တယ်… နင် လိုချင်တယ်ဆိုရင် လူတိုင်းကို နင်းချေပြီး ကောင်းကင်နယ်စားမင်းနဲ့ မြေအောက်ဘုံအရှင်သခင်ကို သတ်ပစ်နိုင်တယ်... ကောင်းကင်နတ်ဧကရာဇ် ဖြစ်လာဖို့ အတားအဆီးတွေမှန်သမျှ ဖယ်ရှားပစ်နိုင်တယ်… ဘယ်လိုလဲ အလိုရှိရဲ့လား..”

ကောင်းကင်နတ်အရှင်ဟောင်က ပါးစပ်ထဲမှ သွေးများကို ကြိုးစား၍ ထွေးထုတ်လိုက်သည်။ သူ့မှာ နောက်ဆုံးတော့ စကားပြောနိုင်သွားချေပြီ။ သူ၏အသံမှာ အက်ကွဲကြမ်းတမ်းနေ၏။ “အလိုရှိတယ်...”

All Chapters