← Chapters

အားနည်းသော မဟာမိတ်

Vol. 97 Ch. 1266

အားနည်းသော မဟာမိတ်

Vol. 97 Ch. 1266

အမျိုးသမီး၏ အသံက အေးအေးလူလူ ပြောသည်။ “ဒူးထောက်ပြီး ငါ့ကို ရှိခိုး… နင် ဘာတွေတွေးနေသလဲ ငါ့ကို ပြောပြ”

ကောင်းကင်နတ်အရှင်ဟောင်မှာ အားကုန်ကြိုးစား၍ ထိုအမျိုးသမီး၏ ခြေရင်းတွင် ပြားပြား၀ပ်သည်အထိ ရှိခိုးလိုက်သည်။

သူ့အတွေးများကို ထုတ်ပြောနေသည့်အချိန်မှာပင် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် မှန်းဆမရနိုင်သော အမြန်နှုန်းဖြင့် သက်သာလာနေသည်ကို ခံစားလိုက်ရ၏။

သူ ဆုံးရှုံးခဲ့ရသည့် နတ်သွေးတို့မှာလည်း သူ့ခန္ဓာကိုယ်ထဲသို့ ပြန်လည်စီးဝင်နေကြသည်။

သူ၏ခန္ဓာကိုယ်မှာ အလျင်အမြန်ပင် ပေါ့ပါးလာချေပြီ။

သူ၏လည်ပင်းနှင့် ဦးခေါင်းကြားတွင် အသားစိုင်တို့ လူးလွန်လျက် ပေါ်ထွက်လာပြီး မကြာမီ ပြန်ဆက်သွားကြသည်။ သူ့မှာ ချီနှင့် သွေးပန်းထွက်မှုကြောင့် ဦးခေါင်း ပြတ်ထွက်သွားမည်ကို စိတ်ပူစရာ မလိုတော့ပေ။

တစ်ချိန်တည်းမှာပင် ကြည်လင်ပြတ်သားလှသည့် တာအိုအသံကိုလည်း ကြားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် ကောင်းကင်နန်းဆောင်များ ပြန်လည်ဖွဲ့တည်လာပြီးနောက် တာအိုဒဏ်ရာများကား ပျောက်ကွယ်သွား၏။

ဤသည်က အံ့ဩမှင်သက်ဖွယ်ရာပင်။

ဤအရာသည် ဆေးပညာလည်း မဟုတ်၊ မန္တန်တစ်ခုလည်း မဟုတ်သလို ဖန်ဆင်းခြင်းသိုင်းကွက်လည်း မဟုတ်ပေ။ ထူးခြားဆန်းပြားသော တာအိုတစ်ခုက သူ၏စိတ်အလိုအတိုင်း ကုသပေးနေသယောင်ပင်။

“ထိုက်စုလား…”

ချင်မူ့အသံ နားထဲသို့ ဝင်ရောက်လာသည့်အခါ ကောင်းကင်နတ်အရှင်ဟောင်မှာ အနည်းငယ် ရင်တုန်စိတ်လှုပ်ရှားသွားသည်။ “ထိုက်စု… ငါ့အဖေက ထိုက်ချူ… ဒီမိန်းမက ထိုက်စုတဲ့လား… သူ… သူက ဘိုးဘေးနန်းတော်ရဲ့ ကျောက်တုံးတွင်းထဲက မွေးဖွားလာတဲ့ ကမ္ဘာခေတ်ဦး နတ်ဘုရားတစ်ပါးလား..”

သူ့မှာ အနည်းငယ် စိတ်ရှုပ်ထွေးလာသည်။ ထိုက်စုတာအိုကို ငှားယူ၍ ပြန်လည်ကုစားရာတွင် ဧရာမအန္တရာယ်ကြီးတစ်ခု ကိန်းအောင်းပါရှိလာမည်မှာ သိသာပေသည်။

ထိုက်စုသည် ဤအခွင့်အရေးကို အသုံးချ၍ သူ့အား ထိန်းချုပ်နိုင်လိမ့်မည်။

သို့သော် ကောင်းကင်နတ်အရှင်ဟောင်မှာ စိတ်လျှော့ထားလိုက်သည်။ ထိုက်စုတာအိုကို ငှားယူခြင်းက ဆိုးရွားကောင်း ဆိုးရွားနိုင်သော်လည်း မငှားယူပါက ပို၍ပင် ဆိုးရွားသည်။ အသက်ပင် သေသွားနိုင်၏။

“ကောင်းကင်နတ်အရှင်မူ” အမျိုးသမီး၏ အသံက ထွက်ပေါ်လာသည်။ ထိုအသံသည် နားဝင်ချိုလွန်းပြီး အထူးဆန်းဆုံး တေးသွားလေးအလား ထင်ရသည်။

ချင်မူက ရပ်၍ ကောင်းကင်နတ်အရှင်ဟောင်အနောက်၌ ရပ်နေသော အမျိုးသမီးဆီသို့ ကြည့်လိုက်သည်။

နတ်ဘုရားမမှာ ပြစ်မျိုးမှဲ့မထင် လှပပြီး သူမ ရပ်နေစဉ်တွင် ရောင်ခြည်တော်မျိုးစုံက ပတ်ဝန်းကျင်၌ ဝေ့ဝဲကွန့်မြူးနေကြသည်။ အလင်းရောင်က တဖြည်းဖြည်း ပျံ့ကားလာပြီး လွှမ်းခြုံထားသည့် ဧရိယာမှာ ပို၍ကျယ်ပြန့်လာသည်။

ချင်မူက နောက်ဆုတ်လိုက်ရင်း အပြုံးလေးဖြင့် ပြောသည်။ “ထိုက်စု၊ တာအိုမမကြီးထိုက်စု… ကျွန်တော် မရှိရင် မမကြီး မွေးလာမှာမဟုတ်ဘူးဆိုတာ မမေ့ပါနဲ့နော်… ကျွန်တော်တို့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး… အမှန်က မမကြီးကတောင် ကျွန်တော့်အပေါ် ကျေးဇူးကြွေးတင်နေသေးတယ်… ကျွန်တော်သာ မမကြီးကို ဖန်သားကောင်းကင်စေတီထဲက လွှတ်မပေးလိုက်ရင် မမကြီးအနေနဲ့ သူများ ထိန်းချုပ်တာကို ခံနေရမယ့် ရတနာအဖြစ်နဲ့ပဲ ဆက်ရှိနေဦးမှာ”

အလင်းရောင်သည် ရုတ်တရက် ချင်မူကို အုပ်မိုးလိုက်ကာ ဝှစ်ခနဲ ပိတ်ချလိုက်၏။ ချင်မူ့မျက်ခုံးများ ပင့်တက်သွားပြီး သူက အလင်းရောင်မပိတ်သွားခင် မဟာလေဟာနယ်ယိုတုမှ ထွက်ပြေးလိုက်သည်။ သူက မဟာလေဟာနယ်မြေထုဆီသို့ ပြေးသွားရင်း ပြုံးကာ လှမ်းပြောသည်။ “တာအိုမမကြီးထိုက်စု၊ ဒီနေ့တော့ မမကြီးရဲ့ မျက်နှာ ထောက်ထားပြီး ကောင်းကင်နတ်အရှင်ဟောာင်ရဲ့ အသက်ကို ချမ်းသာပေးလိုက်မယ်… နောင်တော်ဟောင်၊ ခင်ဗျားရဲ့ အသက်ကို အခုတော့ ထားခဲ့ားမယ်နော်… နောက်တစ်နေ့မှ ပြန်လာယူတာပေါ့”

သူ့မှာ မဟာလေဟာနယ်မြေထုပေါ်တွင် ပေါ်လာသော်လည်း အလင်းရောင်သည် သူ့ပတ်ပတ်လည်တွင် ရှိနေသေးကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွား၏။

ချင်မူ တစ်ကိုယ်လုံး အေးခဲသွားသည်။ အလင်းရောင်က ထိုက်စုမဟာတာအိုမှ ဖွဲ့တည်လာသည့်အလျောက် အနှိုင်းမဲ့လောက်အောင် ဆန်းကြယ်သည်။ တခဏအတွင်း ၎င်းသည် သူ၏ ဦးခေါင်းကို ဦးတည်လာသော နတ်လက်နက်သဖွယ် ပြောင်းလဲသွားသဖြင့် သူ့မှာ ထိတ်လန့်သွားလေသည်။

၎င်းမှာ ဧရာမ ခေါင်းလောင်းကြီးတစ်လုံး ဖြစ်၏။ ချင်မူ ထိုက်စုနတ်ဘုရားဥကို စပ်စုခဲ့တုန်းက သူ၏အသိစိတ်အလျဉ်သည် ဥထဲ ဝင်ရောက်သွားခဲ့ပြီး ကျယ်ပြောလှသော ကမ္ဘာဦးဖရိုဖရဲများကိုသာ မြင်ခဲ့ရသည်။ ထိုစဉ်က ကမ္ဘာဦးချီသည် သူ့အရှေ့ရှိ ခေါင်းလောင်းနှင့် တစ်ပုံစံတည်းတူသော ဧရာမခေါင်းလောင်းကြီးအသွင် ဖွဲ့တည်ခဲ့ဖူး၏။

ခေါင်းလောင်းနံရံပေါ်တွင် ငှက်များ၊ သားရဲများ၊ ပိုးကောင်များ၊ ငါးများ၊ နေ၊ လ၊ ကြယ်တာရာ၊ နဂါးငွေ့တန်းနှင့် အရာမျိုးစုံ ရှိနေသည်။ ၎င်းတို့တွင် ကောင်းကင်နှင့် မြေကြီးကို ခွဲခြမ်းပစ်နိုင်သော စွမ်းအား ကိန်းဝပ်နေသည်။

ချင်မူ့မှာ ကြက်သီးတဖြန်းဖြန်း ထလာသည်။ သူက မည်သည်မှ ရှင်းပြမနေတော့ဘဲ ထိုက်ရှီဥကို ထုတ်ကာ ထိုက်ရှီဘာသာစကားဖြင့် ပြောလိုက်သည်။ “တာအိုနောင်တော်ထိုက်ရှီ၊ ခင်ဗျားနဲ့ ထိုက်စုကြားမှာ ဘယ်လိုကိစ္စတွေပဲရှိရှိ ကျွန်တော် ဂရုမစိုက်ဘူး… ဒါပေမဲ့ ခင်ဗျား ကျွန်တော့်ကို ဒီကပ်ဘေးကနေ လွတ်မြောက်အောင် ကူညီပေးမယ်ဆိုရင် ကျွန်တော် ထိုက်ရှီကျောက်တုံးကို ရအောင်ရှာပေးမယ်... ခင်ဗျားကို ကျောက်တုံးတွင်းဆီ ပြန်ခေါ်သွားပေးပြီး ခန္ဓာကိုယ်ဖွဲ့တည်နိုင်အောင် စိတ်ရင်းနဲ့ ကူညီပေးမယ်”

“စောစောက ပြောတာမဟုတ်ဘူး”

ထိုက်ရှီဥထဲက ရယ်သံတစ်သံ ထွက်လာသည်။ ထိုအချိန်မှာပင် ချင်မူ့ခေါင်းပေါ်ရှိ ခေါင်းလောင်းကြီးဆီမှ ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်သည့် စွမ်းအားတစ်ရပ်က ပြေးဝင်လာ၏။ ခေါင်းလောင်း သွားသည့် နေရာတိုင်းတွင် ဟင်းလင်းပြင်ပင်လျှင် ပျောက်ကွယ်သွားပြီး အရာအားလုံး အမှုန့်ဖြစ်ကုန်ကြသည်။

မရေမတွက်နိုင်သော မဟာတာအိုသင်္ကေတများသည် ထိုက်ရှီ၏ ဥပေါ်တွင် ထင်ဟပ်လာပြီး ရှေးဟောင်းနတ်ဘုရားများနှင့် သတ္တဝါများကား နာမည်တစ်ခုတည်းအား ပြိုင်တူရေရွတ်နေသကဲ့သို့သော အသံများ ပျံ့လွင့်လာသည်။ ခမ်းနားထည်ဝါသော အလင်းတန်းတစ်တန်းသည် ခေါင်းလောင်းနှင့် ထိတွေ့သွားပြီး ၎င်းမမြည်နိုင်အောင် တားဆီးလိုက်၏။

ထိုက်ရှီဥထဲမှ ရှေးဟောင်းနတ်ဘုရား၏ အသံက ချင်မူ့စိတ်ထဲတွင် မြည်ဟည်းလာသည်။ “သူက မွေးဖွားပြီးသားမလို့ ငါ သူ့ကို မယှဉ်နိုင်ဘူး… အချိန်အကြာကြီး မတားနိုင်ဘူး… သွားကြစို့”

ချင်မူ့မျက်နှာကြီး မည်းမှောင်သွားသည်။ အစက ထိုက်ရှီဥသည် ထိုက်စု၏ တိုက်ကွက်ကို ခုခံပေးနိုင်မည် ထင်ထားခဲ့သဖြင့် ကျောက်တုံးတွင်းကို ရှာကာ ရုပ်ခန္ဓာဖွဲ့တည်နိုင်‌အောင် ကူညီပေးရန် ကတိပေးခဲ့ခြင်း ဖြစ်၏။

သို့သော် ဤထိုက်ရှီကား ရောင်စုံခဲတံဖြင့် ဆွဲထားသော ငွေရောင်လှံတစ်လက်အလား လှသော်လည်း အသုံးမဝင်ချေ။

သူက လက်နှစ်ဖက်လုံးကို မြှောက်၍ ဥအား မ,ကာ အသားကုန် ပြေးတော့သည်။

ထိုက်စု၏ နတ်ခေါင်းလောင်းက ထိုက်ရှီဥ၏ အလင်းတန်းကို ဖြိုခွဲလိုက်ရင်း ဧရာမဒယ်အိုးကြီးတစ်လုံးအသွင် ပြောင်းလဲလိုက်သည်။ ဒယ်အိုးကြီးအောက်တွင် သိပ်သည်းလှသော ကမ္ဘာဦးချီတို့က နိမ့်လိုက်မြင့်လိုက် လှုပ်ရွနေသည်။ ထို့နောက် ဧရာမဒယ်အိုးကြီးက လည်လာပြီး ထွက်ပြေးနေသည့် ‌ချင်မူမှာ ကောင်းကင်နှင့် မြေကြီး ချာချာလည်လာသလို ခံစားလာရသည်။

သူ့မှာ အသည်းအသန် ပြေးနေသော်လည်း ဒယ်အိုးထဲသို့ အဆက်မပြတ် ကျနေချေသည်။

“ထိုက်ရှီ”

ချင်မူက အော်ဟစ်လိုက်သည့်အခါ ပို၍ရှုပ်ထွေးသော တာအိုသင်္ကေတများက ထိုက်ရှီ၏ဥ၏ မျက်နှာပြင်ထက်၌ ပေါ်လာကြ၏။ ဥသည် ဒယ်အိုးနှင့် ဆန့်ကျင်ဘက်သို့ လှည့်ပတ်လိုက်ပြီး ဆန်းပြားသော တာအိုစာလုံးများက ဥဆီမှ ပျံ့လွင့်လာသည်။ “ယင်နဲ့ယန် တစ်သားတည်း ပေါင်းစည်းခြင်း… ဘ၀တစ်ခုကို ပုံဖော်ခြင်း… အသွင်သဏ္ဍာန် ရှိပေမယ့် ဒြပ်ထု ကင်းမဲ့လျက်”

ထိုက်စုဒယ်အိုးက ကောင်းကင်နှင့် မြေကြီး၏ အချိန်နှင့် နေရာဟင်းကို ပုံပျက်လာနေစေသည်။ သို့သော် ထိုက်ရှီဥထံမှ လျှံထွက်လာနေသော မဟာတာအိုများဖြင့် တိုက်ခိုက်ခံရသည့်အခါ ကောင်းကင်နှင့် မြေကြီး၏ အချိန်နှင့် နေရာဟင်းလင်းပြင်မှာ ပုံပျက်နေခြင်း ရပ်တန့်သွား၏။

ချင်မူက အခွင့်အရေးကို အမိအရယူကာ ထွက်ပြေးတော့သည်။

“တာအိုအစ်ကိုတော်ထိုက်ရှီ”

ထိုက်စု၏အသံက အဝေးမှ ရောက်ရှိလာသည်။ “ရှင်နဲ့ ကျွန်မက ကိစ္စကြီးတစ်ခုအတွက် ပူးပေါင်းဖို့ သဘောတူထားတယ်နော်… အခုမှ စကားကို ပြန်ရုတ်သိမ်းနေတာလား”

ချင်မူက ဥကို မြှောက်လျက် သုတ်ခြေတင် ပြေးနေသည်။ ဥထဲမှ ရယ်သံ ထွက်လာသည်။ “တာအိုနှ‌မတော်ထိုက်စု၊ မင်းက ငါ့ထက် အရင်ဆုံး ခန္ဓာဖြစ်တည်သွားခဲ့တယ် ... ဒါမဲ့ မင်းက မပြည့်စုံသေးဘူး.. ငါ မင်းရဲ့ ရည်ရွယ်ချက်တွေကို သိပါတယ်… မင်းက ငါ့ကို ကြိုးကိုယ်ခြယ်လှယ်နိုင်ဖို့ ငါ့ဥကို ဖျက်ဆီးပြီး သေချာပေါက် စောစောစီးစီး မွေးဖွားခိုင်းမှာမဟုတ်လား … အရင်တုန်းက မဟာမိတ်ဖွဲ့ခဲ့တယ်ဆိုတာ ထိုက်ချူကို တိုက်ခိုက်ဖို့အတွက်ပဲ… အခုတော့ မလိုအပ်တော့ဘူး…ငါ သူနဲ့ ပူးပေါင်းချင်တယ်”

“ရှင် သူနဲ့ ပူးပေါင်းရင် ကျွန်မရဲ့ ရန်သူ ဖြစ်သွားပြီ” ထိုက်စုမှာ အမျက်တချောင်းချောင်း ထွက်နေသည်။

သူတို့နှစ်ယောက်လုံး စကားမပြောတော့ချေ။

ထိုက်ရှီရှိနေသရွေ့ ချင်မူ့အား သတ်ရန် မလွယ်တော့မှန်း ထိုက်စုက လိုက်ဖမ်းနေခြင်း ရပ်လိုက်သည်။

ချင်မူမှာ ထိုက်ရှီဥကို မြှောက်ရင်း မိုင်သောင်းပေါင်းများစွာအထိ ထွက်ပြေးလာခဲ့ပြီးနောက် ရွှင်ပျော်ပျော်ကျေးရွာ၏ နတ်ဘုရားမိစ္ဆာ စစ်တပ်နှင့် ဖန်ဆင်းရှင်များသည် ကောင်းကင်နတ်ဘုံ၏ ပင်မစစ်စခန်းကို တိုက်ခိုက်နေသည်အား တွေ့လိုက်ရ၏။ နှစ်ဖက်လုံးမှ နတ်ဘုရားမိစ္ဆာများမှာ သူသေကိုယ်သေ တိုက်ခိုက်နေကြသောကြောင့် မည်သည့်နေရာတွင်မှ ဘေးမကင်းချေ။

အချိန်အတော်ကြာသော် ချင်မူက ရပ်လိုက်ပြီး ထိုက်ရှီဥအား ချလိုက်သည်။ သူ့မှာ ဥကို လက်ဖဝါးတင်လျက် အသက်လုရှူနေရလေသည်။ ပတ်ဝန်းကျင်တွင် နတ်ဘုရားမိစ္ဆာ ကျဲပါးနေပြီး စစ်ပွဲမှ ထွက်ပြေးလာသူ တချို့သာ ရှိသည်။ သူတို့က ရန်သူဘက်မှ ထွက်ပြေးလာသူများကို တွေ့လျှင် တိုက်ခိုက်နေကြ၏။

“မင်းလက်ကို ဖယ်လိုက်စမ်း… ငါ့ခေါင်းကို လာဖိနေတယ်” ဥထဲမှ အသံက အော်သည်။

ချင်မူမှာ ချက်ချင်း လက်ရုတ်လိုက်ပြီး အမောဆို့နေဆဲပင်။

ဥထဲမှ ထိုက်ရှီက ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ ငါ မင်းနဲ့ ပူးပေါင်းရင် ငါ့အတွက် အကျိုးယုတ်တယ်… မင်းကြောင့်နဲ့ ထိုက်စုကို ရန်စမိခဲ့တယ်… အခု သူက မွေးဖွားပြီးပြီဆိုတော့ ငါ သူ့ကို မယှဉ်ဘူး… မင်းကလည်း ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ပြိုင်ဘက်မဟုတ်ဘူး… ငါတို့နှစ်ယောက်လုံးက အားနည်းလွန်းတယ်… ငါ နစ်နာခဲ့တာမလို့ ငါ့ကို လျော်ကြေးပြန်ပေး”

ချင်မူမှာ ငေးကြောင်သွားပြီး အော်ရယ်လိုက်သည်။ “ဥက ပေါက်တဲ့ ရှေးဟောင်းနတ်ဘုရားတွေအကုန်လုံးက ဒီလိုချည်းပဲလား”

ဥထဲမှ ထိုက်ရှီက ဖြေ၏။ “သေချာ ထွက်ရပ်ပေါက်နိုင်ခဲ့တဲ့သူက ထိုက်ယီပဲ ရှိတယ်… ဘယ်ရှေးဟောင်းနတ်ဘုရားက သာမန်အတိုင်း မွေးဖွားလာလို့လဲ… သေမျိုးလူသားရဲ့ နှောင့်ယှက်တာ ခံရမှတော့ သေမျိုးလူသားတွေရဲ့ စိတ်နှလုံးကို ပိုင်ဆိုင်ရတော့တာပေါ့... ဒါကြောင့် ငါလည်း ထိုက်ယီလို သူတော်စင် မဖြစ်နိုင်ဘူး”

ချင်မူမှာ အနည်းငယ် အပြစ်ရှိသလို ခံစားသွားရပြီး စပ်စုလိုက်သည်။ “ကျွန်တော် ကောင်းကင်နတ်အရှင်ဟောင်ကို တော်တော်ကြီးကို တီးခဲ့မိတာ … ထိုက်စုဆိုရင်တောင်မှ သူ့ကို အချိန်တိုအတွင်း မသက်သာစေလောက်ဘူးမလား”

သူ့မျက်လုံးထဲတွင် ကောင်းကင်နတ်အရှင်ဟောင်၏ ဒဏ်ရာများသည် ပြင်းထန်လွန်းသဖြင့် နှစ်သောင်းပေါင်းများစွာ အချိန်မပေးသရွေ့ သက်သာလာနိုင်မည် မဟုတ်ပေ။

ကောင်းကင်နတ်အရှင်ယွဲ့၏ ဒဏ်ရာများပင်လျှင် ယခုအထိမသက်သာသေးချေ။ ကောင်းကင်နတ်အရှင်ဟောင်၏ ဒဏ်ရာများမှာ ကောင်းကင်နတ်အရှင်ယွဲ့ထက် ဆိုးရွားချေသည်။

All Chapters