ချင်မူနှင့် ထိုက်ရှီ
Vol. 97 Ch. 1267
ဥထဲမှ ထိုက်ရှီက နှာခေါင်းရှုံ့ကာ သရော်တော်တော် ပြောသည်။ “မင်းတို့ ပြောနေတဲ့ တာအိုဒဏ်ရာတွေဆိုတာ ငါတို့အတွက် ဘာမှမဟုတ်ဘူး…. ထိုက်စုရဲ့အစွမ်းနဲ့ဆို တာအိုဒဏ်ရာတွေကို ကုသပေးဖို့က လွယ်လွယ်လေးပဲ”
ချင်မူမှာ စိတ်ပျက်လက်မှိုင်ကျသွားကာ ဆက်မေး၏။ “ကောင်းကင်နတ်အရှင်ဟောင်ရဲ့ သိုင်းအခြေခံကရော…. သူက ကောင်းကင်နန်းဆောင် ၂၆ ဆောင်ကိုတောင် ဖျက်စီးခဲ့တာနော်…. သူ အဲ့ဒီလိုလုပ်ရအောင် ကျွန်တော် အစွမ်းကုန် ကြိုးစားထားခဲ့ရတာ… ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ကောင်းကင်နန်းဆောင်တွေကို တစ်ခါတည်းနဲ့တော့ ပြန်ပေါ်လာအောင် လုပ်မပေးနိုင်ဘူးမလား… ထိုက်စုမှာ အဲ့လိုစွမ်းအားမျိုးရှိတယ်လို့ ကျွန်တော်တော့ မထင်ဘူး…”
ဥထဲမှ ထိုက်ရှီက သက်ပြင်းချသည်။ “သူ့ရဲ့လက်ရှိစွမ်းအားက ကောင်းကင်နတ်အရှင်တစ်ယောက်ထက် အများကြီးနိမ့်ကျတယ်… အေး…. မင်းကတော့ ခြွင်းချက်ပေါ့”
ချင်မူမှာ စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်မိသည်။ ဥထဲရှိ ရှေးဟောင်နတ်ဘုရားထိုက်ရှီ၏ စကားက သူ့အား စိတ်မချမ်းမြေ့စေသော်လည်း ထိုက်စုအနေဖြင့် ကောင်းကင်နတ်အရှင်ဟောင်ကို အရှင်းသက်သာလာအောင် ပြန်မကုသနိုင်ပေးနိုင်ချေ။ အမြင့်ဆုံးအခြေအနေသို့ ပြန်မရောက်နိုင်သည့် ကောင်းကင်နတ်အရှင်ဟောင်မှာ အမှိုက်တစ်ခုသာ ဖြစ်သည်။ သူကို သတ်ရန် ခက်မည်မဟုတ်ပေ။
“ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ မွေးဖွားလာခဲ့တုန်းက မပြည့်စုံခဲ့ဘူး…. ဒါပေမဲ့ ထိုက်ယီကလွဲရင် သူက ဥကနေ အပြည့်စုံဆုံး မွေးဖွားလာတဲ့ ရှေးဟောင်းနတ်ဘုရားလို့ ပြောလို့ရတယ်”
ဥထဲရှိ ထိုက်ရှီက ဆက်ပြောနေသည်။ “အခု ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ ခွန်အားက ကောင်းကင်ဧကရာဇ်ထိုက်ချူနီးပါး ဖြစ်နေပြီ…. ဒီလိုခွန်အားမျိုးက ထိုက်စုထက် သာလွန်တယ်…. ထိုက်စုက ကောင်းကင်နတ်မင်းလေးပါးထက် အနည်းငယ် သန်မာပေမယ့် ရှေးဟောင်းနတ်မင်းလေးပါးထက် အနည်းငယ် အားနည်းတယ်..”
ချင်မူ့ ရင်ထဲတွင် တင်းကြပ်သွားသည်။ ထိုစွမ်းအားက ပေါ့သေးသေး မဟုတ်ပေ။
အရောင်နတ်မင်းလေးပါးဖြစ်သည့် ကောင်းကင်ယင်သားတော်၊ အဖြူနတ်မင်း၊ ချီရှားယွီနှင့် အစိမ်းနတ်မင်းတို့သည်ပင် အံ့ဩငေးမောဖွယ် စွမ်းဆောင်ရည်များကို ပိုင်ဆိုင်ထားကြချေပြီ။ ရှေးဟောင်းနတ်မင်းလေးပါးကမူ ကောင်းကင်နတ်အရှင်များသာ ရင်ဆိုင်တိုက်ခိုက်နိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်ကြ၏။
ထိုက်စု၏ အစွမ်းအစများက သူတို့နှင့် ကောင်းကင်နန်းဆောင် ဆယ်ဆောင်အထိ ဖွဲ့တည်၍ အသေးစားကောင်းကင်နတ်ဘုံအဆင့် ရောက်ရှိနေသည့် သိုင်းပညာရှင်တို့အကြား၌ ရှိလိမ့်မည်။
“ဒါပေမဲ့ ထိုက်စုက ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ကောင်းကင်နန်းဆောင်ကို ပြန်ကောင်းလာစေနိုင်တယ်...”
ဥထဲမှ ထိုက်ရှီက စကားဆက်သည်။ “သူက ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ခန္ဓာကိုယ်ထဲက ထိန်းချုပ်မရတဲ့ စွမ်းအင်ကို ချုပ်ကိုင်ပြီး သူ့ရဲ့ ကောင်းကင်နန်းဆောင်ကိုးဆောင်ကို အလျင်အမြန် သက်သာလာစေနိုင်တယ်…. တခြားကောင်းကင်နန်းတောင် ၂၆ ဆောင်ကလည်း သူ့အတွက် အနှေးနဲ့ အမြန်ပဲ..”
ချင်မူက တခဏ တွေးတောနေပြီးနောက် မေး၏။ “ဘယ်လောက် ကြာမယ်ထင်လဲ”
ဥထဲမှ ထိုက်ရှီက တခဏ စဉ်းစားပြီးနောက် ဖြေသည်။ “ထိုက်စုရဲ့ ကိုယ်ပိုင်ခွန်အားကို မထိခိုက်ဘဲဆိုရင် နှစ်တစ်ရာကြာလိမ့်မယ်”
ချင်မူက တိကျပြတ်သားစွာ ပြော၏။ “ဒါဆိုရင် ကောင်းကင်နတ်အရှင်ဟောင်က သူ့အထွတ်အထိပ်အခြေအနေကို နှစ်ငါးဆယ်အတွင်းမှာ ပြန်ရောက်နိုင်တာပေါ့”
ထိုက်ရှီက စဉ်းစားပြီးနောက် ခေါင်းညိတ်သည်။ “မှန်တယ်…. ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ကောင်းကင်နန်းဆောင်ကိုးဆောင် သက်သာလာပြီးရင် ကောင်းကင်နန်းဆောင်တွေကို သူ့ဘာသာသူ ပြည့်စုံလာအောင် လုပ်လို့ရတယ်… ထိုက်စုရဲ့ ကုသပေးမှုနဲ့ဆိုရင် အထွတ်အထိပ်အခြေအနေအထိ နှစ်ငါးဆယ်အတွင်း ပြန်ရောက်နိုင်လိမ့်မယ်”
ချင်မူက ထိုက်ရှီဥကို ပတ်လျက် လျှောက်နေသည်။ ထိုဥမှာ တိတ်ဆိတ်နေပြီး မလှုပ်ပေ။
‘ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နန်းတောင်ကိုးဆောင်ကို အချိန်တိုအတွင်း ပြန်ပြုပြင်နိုင်တယ်… အခုလောလောဆယ်တော့ သူက အန္တရာယ်မရှိသေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ… သူ့စွမ်းဆောင်နိုင်စွမ်းတွေက ပြန်သက်သာမလာသေးတော့ တခြားသူတွေ ရိပ်မိမှာစိုးလို့ လုပ်နိုင်စွမ်းကို ထုတ်မပြဘဲ အချိန်ဆွဲထားလိမ့်မယ်’
ရုတ်တရက် ချင်မူက တုံ့ခနဲ ရပ်၍ ထိုက်ရှီဥထံ ကြည့်လိုက်သည်။ “ထိုက်စုက သူ့ဆုတောင်းကို အမြဲဖြည့်ဆည်းပေးမှာပဲ… ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နန်းဆောင် ၃၆ ဆောင်မြောက်ကို လိုချင်ရင်ရော…. ထိုက်စုက ပေးနိုင်လား”
ထိုက်ရှီက တွေးတောစဉ်းစားလျက် ဖြေ၏။ “မဖြစ်နိုင်တာတော့ မဟုတ်ဘူး…”
ချင်မူမှာ တုန်လှုပ်သွားတော့သည်။
ဥထဲမှ ထိုက်ရှီက ဆက်ပြော၏။ “အဲ့ဒီလိုဆိုရင် ကောင်းကင်နတ်အရှင်ဟောင်အနေနဲ့ ဒြပ်ထုတွေနဲ့ နက်နက်ရှိုင်းရှိုင်း ပက်သက်လာပြီးတော့ ဒြပ်ထုတွေရဲ့ ရုပ်သေးဖြစ်လာလိမ့်မယ်…. ဆန္ဒကို ဖြည့်ဆည်းပေးနိုင်တယ်ဆိုတာက အလကားတော့ မဟုတ်ဘူး… ပိုတောင်းဆိုလေလေ ထိန်းချုပ်တာ ပိုခံရလေလေပဲ…”
ချင်မူက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ “ဆိုလိုတာက….”
ဥထဲမှ ထိုက်ရှီက ရှင်းပြသည်။ “ထိုက်စုသာ ကောင်းကင်နတ်အရှင်ဟောင်ကို ၃၆ ဆောင်မြောက် ကောင်းကင်နန်းဆောင် ပေးလိုက်ရင် ကောင်းကင်နတ်အရှင်ဟောင်အနေနဲ့ တကယ့် ကောင်းကင်နတ်ဘုံအဆင့်ကို ရောက်တော့မှာမဟုတ်ဘူး…. သူ့တာအိုလမ်းစဉ်က မဟာဧကရာဇ်လို အမြဲလိုအပ်ချက်တွေ ရှိနေလိမ့်မယ်…. ကောင်းကင်နတ်ဘုံကျင့်စဉ်စနစ်က စွမ်းအားကိုပဲ အရေးထားတာဆိုပေမယ့် ကောင်းကင်နတ်အရှင်ဟောင်က အမြင့်ဆုံးစွမ်းအားကို ပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူး”
“ကောင်းကင်နတ်အရှင်ဟောင်ဆိုတဲ့ နာမည်က အလကားဖြစ်လာတာမှ မဟုတ်တာ…. ထိုက်စု သူ့ကို ထိန်းချုပ်ဖို့ ခက်လိမ့်မယ်”
ချင်မူ့အကြည့်များက ရိပ်ခနဲ ဖြတ်ပြေးသွားပြီး သူက စပ်စုလိုက်သည်။ “ဒါဆိုရင် ကောင်းကင်ဘုံ ၃၆ ဘုံအဆင့်ရောက်သွားရင် ပြီးပြည့်စုံတဲ့ ကျင့်စဉ်စနစ်တစ်ခု ဖြစ်ပြီ ထင်လား…”
ထိုက်ရှီက ခပ်ဟဟ ရယ်၏။ “ဒီလောကမှာ ပြီးပြည့်စုံတဲ့ ကျင့်စဉ်စနစ်ဆိုတာ ဘယ်လိုလုပ် ရှိမှာလဲ… ပြီးပြည့်စုံတယ်ဆိုရင် ကောင်းကင်နတ်အရှင်ချင်နဲ့ ဂိုဏ်းသခင်ချင်က ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါတော့မလား”
ချင်မူက တဟားဟား ရယ်လျက် သတိကပ်ထားသည်။ ‘ဒီထိုက်ရှီက ဆီအိုးထဲ လိမ့်ကြော်ခံထားရတာတောင် အသက်ရှင်ပြန်လာတဲ့ မြေခွေးအိုကြီးတစ်ကောင်ပဲ…. သူ့စကားတွေက ခိုင်လုံတယ်”
“တာအိုနောင်တော်ထိုက်ရှီနဲ့ တာအိုအစ်မတော်ထိုက်စုတို့ ဥထဲမှာ စကားပြောနေကြတုန်းက ဘာတွေများ ပြောနေခဲ့ကြတာလဲ” သူက စိတ်မ၀င်စားဟန်ဖြင့် မေးလိုက်သည်။
စိတ်မ၀င်စားဟန် ဖမ်းထားသော်လည်း ချင်မူမှာ ဤကိစ္စနှင့်ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်နေ၏။
ထိုက်ရှီနှင့် ထိုက်စုသည် တစ်ယောက်ကို တစ်ယောက် တစ်ကြိမ်ထက်မနည်း ဆက်သွယ်ခဲ့ကြသည်။ ချင်မူ့အသိစိတ်အလျဉ် ရောက်ရှိလာချိန်တိုင်းတွင် နှစ်ယောက်သား ချက်ချင်း တိတ်ဆိတ်သွားစမြဲပင်။
“အဲ့ဒါက….”
ထိုက်ရှီက ရယ်၏။ “အသေးအဖွဲကိစ္စလေးတွေပါ…. ထိုက်ချူ ငါ့ကို အကျဉ်းချခဲ့တဲ့အကြောင်း ပြောပြတော့ သူကလည်း နတ်မင်းရွှမ်းနဲ့ နတ်မင်းဝူ သူ့ကို ရတနာအဖြစ် ဘယ်လိုသွန်းလုပ်ခဲ့ကြောင်း ပြောပြတယ်လေ…. ငါတို့က ထိုက်ချူနဲ့ မဟူရာလိပ်နတ်မင်းကို ဘယ်လိုကလဲ့စားချေရမလဲ တိုင်ပင်ခဲ့ကြရုံပါပဲ”
ချင်မူမှာ မယုံသော်လည်း ထိုက်ရှီက ဆက်မပြောပြသဖြင့် ထပ်မမေးတော့ပေ။
ထိုက်ရှီက အကြံပေး၏။ “ကောင်းကင်နတ်အရှင်ဟောင်ရဲ့ ကောင်းကင်နန်းဆောင်ကိုးဆောင် ပြန်ကောင်းမွန်လာရင် မင်း သူနဲ့ တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး… ငါတို့ ဘိုးဘေးနန်းတော်ဆီပဲ ပြန်ပြီးတော့ ပုန်းနေကြရအောင်လား… ဘိုးဘေးနန်းတော်ထဲက ထိုက်ရှီကျောက်တုံးတွင်းက နတ်အရှင်မယန်ရဲ့လက်ထဲမှာ… သူကလည်း ကောင်းကင်နတ်ဘုံဆီ ရောက်နေတယ်…. ငါတို့ ဒီအခွင့်အရေးကို အသုံးချပြီး အဲ့မိန်းမရဲ့ ပိုင်နက်ကို သိမ်းပိုက်ကြရအောင်လေ…. ငါ အကျိုးအမြတ်ကို မင်းနဲ့ တစ်ယောက်တစ်၀က်ဆီ ခွဲယူပါ့မယ်…”
ချင်မူမှာ ငိုရခက်၊ ရယ်ရခက် ဖြစ်နေသည်။ ထိုက်ရှီသည် အဘယ်ကြောင့် ဤသို့ဖြစ်နေရသနည်း။ သူကား ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူကဲ့သို့ ဖြစ်တည်မှုမျိုးဖြစ်သော်လည်း ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူမှာ ဤသို့စကားမျိုးကို တစ်ခါမှ မပြောဖူးချေ။
‘မဟာလေဟာနယ်မှာ ငါ့ညီလေးတစ်ယောက် ရှိသေးတယ်… သူ့ကို ရှာရဦးမယ်’
ချင်မူက ပြုံးလိုက်၏။ “တစ်၀က်စီနော်… ကျွန်တော် မှတ်ထားပါ့မယ်… စိတ်မပူပါနဲ့… ကျွန်တော့်ညီလေးကို ရှာပြီးရင် ဒီစိတ်ပျက်စရာ နေရာကြီးကို ထားခဲ့ပြီး ဘိုးဘေးနန်းတော်ဆီ ပြန်မှာပါ…”
ဥထဲရှိ ရှေးဟောင်းနတ်ဘုရားသည် တခဏ တိတ်ဆိတ်သွားပြီးနောက် ပြော၏။ “တစ်ယောက်တစ်၀က်ဆိုတာ နောက်လိုက်တာ… အတည်မယူနဲ့”
မဟာလေဟာနယ်ယိုတု.. မင်မြို့တွင်…
ကောင်းကင်နတ်အရှင်ဟောင်၏ ဒဏ်ရာများမှာ သက်သာလာနေသည်။ သူက မျက်လုံးများ ဖွင့်၍ ခက်ခက်ခဲခဲ ကုန်းထလိုက်ပြီးနောက် လှည့်၍ အရိုအသေပေးလိုက်၏။ “ကျေးဇူးတင်ပါတယ် တာအိုမိတ်ဆွေ….”
သူ ခေါင်းမော့ကြည့်လိုက်သည့်အခါ အမျိုးသမီးတစ်ဦး၏ မျက်နှာကို တွေ့လိုက်ရ၏။ ရုတ်တရက် သူ၏မျက်နှာအမူအရာမှာ တည်ကြည်သွားပြီး သူ၏မျက်၀န်းများတွင် စိတ်ရှုပ်ထွေးမှုအား မြင်ရနိုင်သည်။
သူ့ဘေးတွင် ရပ်နေသော အမျိုးသမီး၏ ရုပ်ရည်သွင်ပြင်မှာ အရှင်မယွမ်မုနှင့် ဆင်နေလေသည်။
“လိုချင်တာ ရှိရင် ငါ့ကို ပေးတယ်… လိုချင်တာရှိရင် လုပ်ဆောင်ရတယ်… နင့်ရဲ့နှလုံးသားမှာ အလိုရှိနေတဲ့သူက ငါနဲ့ ဆင်တူနေလိမ့်မယ်…”
ထိုက်စုဟုခေါ်သော အမျိုးသမီးက ပြုံးလိုက်သည်။ “အဲ့ဒီလိုအတွေးတွေ မရှိရင်တော့ ငါ့ရဲ့ ရုပ်အစစ်ကို နင် မြင်နိုင်မှာပါ...”
ကောင်းကင်နတ်အရှင်ဟောင်က မျက်လုံးမှိတ်လိုက်ပြီး မျက်လုံးပြန်ဖွင့်လိုက်သည့် အချိန်တွင် ထိုက်စု၏ ရုပ်သွင်ပြင်မှာ ပြောင်းလဲသွားကြောင်း တွေ့လိုက်ရ၏။
သူ့မျက်လုံးထဲတွင် ထိုက်စုသည် အရှင်မယွမ်မု၏ ရုပ်ရည်မရှိတော့ဘဲ မရင်းနှီးသော အမျိုးသမီးတစ်ယောက် ဖြစ်နေသည်။ သူမသည် မောက်မာ၍ အေးစက်မည့်ဟန်ပန် ရှိပြီး အသိသဏ္ဍာန် ရှိသလိုလို၊ မရှိသလိုလို ထင်ရသော အလင်းရောင်တစ်ခုက သူမ၏ဦးခေါင်းနောက်တွင် တောက်ပနေ၏။ အလင်းရောင်က လှပပြီး အသွင်မဲ့မှုနှင့် အသွင်ရှိမှုအကြား ပြောင်းလဲနေသည်။
ကောင်းကင်နတ်အရှင်ဟောင် ကြားခဲ့ရသည့် ရယ်သံမှာ ဤအမျိုးသမီး၏ ရယ်သံ မဟုတ်ဘဲ ကောင်းကင်နတ်အရှင်ဟောင်၏ စိတ်ထဲမှသာ ကြားချင်နေခဲ့သော ရယ်သံ ဖြစ်၏။
အမှန်တကယ်တွင် ထိုက်စုနတ်ဘုရားမသည် တစ်ကြိမ်တစ်ခါမှ ပြုံးရယ်ခြင်း မရှိပေ။
ဤရှေးဟောင်းနတ်ဘုရား၏ ဖြစ်တည်မှုကား သာမန်လူများ နားလည်နိုင်ရန် ခက်ခဲချေသည်။
နတ်ဘုရားမထိုက်စုက ကောင်းကင်နတ်အရှင်ဟောင်ထံ လှမ်းကြည့်လိုက်ရာ သူသည် အချိန်တိုအတွင်း ဆန်းကြယ်သော တာအိုသင်္ကေတများကြားမှ နိုးထလာသည်ကို တွေ့လိုက်ရ၏။ သူမက အသိအမှတ်ပြုသော မျက်နှာအမူအရာဖြင့် ပြောသည်။ “ထိုက်ချူရဲ့သားက တကယ့် အံ့မခန်းလိလိ စွမ်းအားကို ပိုင်ဆိုင်ထားတာပဲ…. ဟောင်၊ နင်က အခု အပြင်းအထန် ဒဏ်ရာရထားတော့ ငါ့ရဲ့ စွမ်းရည်တွေနဲ့ နှစ်တစ်ရာအတွင်း ကောင်းကင်နန်းဆောင် ၃၅ ဆောင်အထိ ပြန်ပိုင်ဆိုင်နိုင်အောင် လုပ်ပေးနိုင်တယ်… ကောင်းကင်နန်းဆောင် နောက်တစ်ဆောင်ပေးပြီး ကောင်းကင်နတ်ဘုံအဆင့်အထိ အပြည့်အ၀ ကျင့်ကြံနိုင်အောင်လည်း လုပ်ပေးနိုင်တယ်…”
ကောင်းကင်နတ်အရှင်ဟောင်က ခေါင်းငုံ့လျက် ပြော၏။ “ဒါဆို ဒေါ်လေးစုပေါ့… ဒေါ်လေးအနေနဲ့ ကျွန်တော့်ရဲ့ ကောင်းကင်နန်းဆောင်ကိုးဆောင်အထိပဲ ပြန်သက်သာလာအောင် လုပ်ပေးပါ… ကျန်တဲ့ ကောင်းကင်နန်းဆောင်တွေကိုတော့ ကျွန်တော့်ဘာသာ နည်းလမ်းရှာလိုက်ပါ့မယ်”
နတ်ဘုရားမထိုက်စုသည် မျက်ဝန်းများ တောက်သွားပြီး သူ့အား ကြည့်လိုက်သော်လည်း သူ့မျက်နှာအမူအရာကို မမြင်ရချေ။
တခဏကြာသော် သူမက ပြုံးလျက် ပြော၏။ “ကောင်းပြီ… နင့်ရဲ့ ကောင်းကင်နန်းဆောင်ကိုးဆောင်ကို ပြန်တည်ဆောက်ပေးမယ်…. ငါ့ကို အခု ရှိခိုးလို့ရပြီ”
ကောင်းကင်နတ်အရှင်ဟောင်က မြေပြင်တွင် ဒူးထောက်ချ၍ ရှိခိုးဦးညွှတ်လိုက်လေသည်။