လူမမာနှစ်ယောက်
Vol. 97 Ch. 1268
ကောင်းကင်နတ်အရှင်ဟောင် ရှိခိုးပြီးသည့်နောက်တွင် ပြိုကျလုဆဲဆဲ ကောင်းကင်နန်းဆောင်ကိုးဆောင်မှာ ဆက်တိုက် ပြန်လည်ကောင်းမွန်လာသည်ကို ခံစားလိုက်ရ၏။ သက်သာလာနှုန်းက အလွန်မြန်လွန်းသဖြင့် သူ့မှာ အံ့ဩ၀မ်းသာနေမိသည်။
ဤသို့တာအိုဒဏ်ရာမျိုးသည် သူ့အတွက် ဖယ်ရှားကုသရန်မှာ ခက်ခဲလှ၏။ နတ်ဘုရားမ ထိုက်စုအတွက် လွယ်ကူလွန်းလိမ့်မည်ဟု ထင်မထားခဲ့ပေ။
မကြာမီ သူ၏ ကောင်းကင်နန်းဆောင်ကိုးဆောင်ကား အကောင်းအတိုင်း ဖွဲ့တည်လာပေတော့မည်။
“ထိုက်စုတာအိုက ဆန်းကြယ်လွန်းတယ်… ငါသာ နားလည်နိုင်ရင်…”
သူ့အတွေးများ တက်ကြွလာပြီး နတ်ဘုရားမထိုက်စုသည် သူ့အတွေးများအား ထိုးဖောက်သိမြင်နေသည့်အလားပင်။ သူမက ပြုံးလျက် ပြော၏။ “ငါ နင့်ရဲ့ ကောင်းကင်နန်းဆောင်ကိုးဆောင်ကို ကူညီပြန်ဆောက်ပေးလို့ ရပေမယ့် နင့်အနေနဲ့ နင့်ဘာသာနင် တခြားကောင်းကင်နန်းဆောင်တွေ ပြန်ဆောက်ဖို့ကတော့ ခက်လိမ့်မယ်... အဲဒီကောင်းကင်နန်းဆောင်တွေက နင် ဖြိုချခံထားရတာမလို့ တာအိုအုတ်မြစ်တွေ ပြိုလဲနေကြပြီ... သူတို့ကို အတင်းအကြပ် ပြန်တည်ဆောက်ပေးလိုက်ရင် င့ါစွမ်းအင်တွေ ကုန်ခမ်းရမှာ အသေအချောပဲ... နင်က နင့်ဘာသာနင် တည်ဆောက်ဖို့ ရွေးချယ်လိုက်မှတော့ ငါလည်း နင့်ကို ဖိအားမပေးတော့ပါဘူး”
ကောင်းကင်နတ်အရှင်ဟောင်သည် သူမအား ကျေးဇူးတင်လိုက်၏။
နတ်ဘုရားမထိုက်စုက ပြောသည်။ “ဘိုးဘေးနန်းတော်ထဲက ထိုက်စုကျောက်တုံးတွင်းက ကောင်းကင်နတ်အရှင်ကုန်းရဲ့ လက်ထဲ ရောက်နေတယ်... ငါ သူ့ကို မနိုင်ဘူး ဒါကြောင့် နင် ငါ့ကို ကူညီရမယ်”
ကောင်းကင်နတ်အရှင်ဟောင်မှာ ရင်ထဲ လှုပ်ခတ်သွားပြီး ဤအမျိုးသမီးထိုက်စုနှင့်ပတ်သက်၍ ပိုမိုစိတ်အေးသွားသလို ခံစားလိုက်ရသည်။ “ဒေါ်လေးက ကျွန်တော့်အသက်ကို ကယ်ပေးခဲ့တာဆိုတော့ ထိုက်စုကျောက်တုံးတွင်းကို ပြန်ယူပေးဖို့ နည်းလမ်းရှာပေးပါ့မယ်”
နတ်ဘုရားမ ထိုက်စုသည် သူ့ဆီမှ အကူအညီတစ်ခုလိုသဖြင့် သူ့အပေါ် အလွန်ကောင်းပေးနေခြင်း ဖြစ်၏။ သူတို့နှစ်ယောက်သာ အတူအလုပ်လုပ်လျှင် နှစ်ယောက်လုံး အမြတ်ထွက်လိမ့်မည်။
ထိုမျှသာမက နတ်ဘုရားမထိုက်စု၏ သိုင်းအခြေခံမှာ သိပ်ထက်သန်လှပေ။ သူမသည် နတ်မင်းလေးပါးအဆင့်ခန့်သာ အလွန်ဆုံး ရှိနိုင်၏။
သို့သော် သူမက အားပြန်ဖြည့်တိုင်းန် ကောင်းကင်နတ်အရှင်ဟောင်အား သူမကို ရှိခိုးခိုင်းလေသည်။ ဤအခြင်းအရာက ကောင်းကင်နတ်အရှင်ဟောင်ကို မပျော်မရွှင် ဖြစ်စေသည်။
နတ်ဘုရားမထိုက်စုက ပြောသည်။ “အဲဒီလိုကြားရလို့ ဝမ်းသာပါတယ်”
များစွာမကြာလိုက်ဘဲ ကောင်းကင်နတ်အရှင်ဟောင်၏ ကောင်းကင်နန်းဆောင်ကိုးဆောင်မှာ ပုံမှန်ပြန်ဖြစ်သွားပြီး တာအိုဒဏ်ရာများလည်း ပျောက်ကွယ်သွားသည်။ သို့သော် သူ၏မူလဝိညာဉ်မှာ မဟာဧကရာဇ်၏ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်ဘုံထဲ၌ ပိတ်မိနေဆဲ ဖြစ်သည်။
နတ်ဘုရားမထိုက်စုက အားတုံအားနာ ပြောလေသည်။ “မဟာဧကရာဇ်ရဲ့ အစွမ်းအစတွေက မြင့်မားလွန်းတော့ ငါ သူ့ကောင်းကင်နတ်သိုင်းကို အခုလောလောဆယ် မဖြေနိုင်သေးဘူး... တူလေးက ကောင်းကင်နန်းဆောင် နှစ်ဆယ်၊ သုံးဆယ်အထိ ကိုယ့်ဘာသာကိုယ် တည်ဆောက်လာခဲ့တဲ့သူဆိုတော့ မူလဝိညာဉ်ပေါ်က အစီအရင်ကိုလည်း ဖြေနိုင်မယ် ထင်ပါတယ်”
ကောင်းကင်နတ်အရှင်ဟောင်၏ နဖူးမှ ချွေးများ ကျလာတော့သည်။ အဓိကပြဿနာကား ... သူ၏ မူလဝိညာဉ်မဟုတ်လော။
သူ၏မူလဝိညာဉ်မှာ မဟာဧကရာဇ်၏ မဟာခြုံလွှမ်းအဆင့်မြင့် အသိစိတ်အလျဉ်ကောင်းကင်ဘုံထဲတွင် ပိတ်မိနေသည်။ ၎င်းမပါဘဲ ပျက်စီးသွားသည့် ကောင်းကင်နန်းဆောင်းများအား ပြန်တည်ဆောက်ရန် သူ၏ ကျင့်စဉ်ကို မထုတ်လွှတ်နိုင်ပေ။
မူလဝိညာဉ်ဆိုသည်မှာ ကျင့်စဉ်၏ ဗဟိုချက် ဖြစ်သည်။ ကောင်းကင်ရတနာခုနစ်ပါးနျင့် ကောင်းကင်နန်းဆောင်အဆင့် ခုနစ်ဆင့်မှ စီးဆင်းလာသော ချီစွမ်းအင်သည် မူလဝိညာဉ်ကို ဖြတ်သန်းပြီးနောက်မှ ကျင့်စဉ်စွမ်းအင်အား နေ့နှင့်အမျှ တိုးတက်စေနိုင်၏။
မူလဝိညာဉ်မရှိလျှင် သူ၏ကျင့်စဉ်မှာ သဲဇကွဲသဖွယ် အသုံးမဝင်တော့ပေ.
ပို၍အရေးကြီးသည်မှာ သူ၏ကောင်းကင်နန်းဆောင် နှစ်ဆယ့်ခြောက်ဆောင်မှာ ပျက်စီးသွားချေပြီ။ ယင်းပျက်စီးမှုမျိုးက လုံးဝဥဿုံ ပျက်စီးမှုမျိုး ဖြစ်သည့်အတွက် တာအိုပိုးအိမ်တစ်ခုပင် ဖွဲ့တည်နိုင်မည်မဟုတ်။
တာအိုပိုးအိမ်သာ ဖွဲ့တည်နိုင်လျှင် အဆုံးသတ်မြို့ပျက်၏ ကောင်းကင်နတ်သိုင်းကို အသုံးပြု၍ မူလအခြေအနေသို့ ပြန်ရောက်နိုင်သေးသည်။ ထိုနည်းလမ်းဖြင့် ဆိုပါက အချိန်သိပ်ကြာမည်မဟုတ်။ အလွန်ဆုံး သုံးလေးငါးလသာ ကြာမည်။
သူ၏ နှစ်ဆယ့်ခြောက်ဆောင်သော ကောင်းကင်နန်းဆောင်များမှာ လုံးလုံးလျားလျား ပျက်စီးပြိုကျသွားသောကြောင့် စလုံးရေစ၊ ဝလုံးရေ ဝမှ ပြန်စရပေမည်။
မူလဝိညာဉ်မပါမှတော့ မည်ကဲ့သို့ကျင့်ကြံနိုင်တော့မည်နည်း။
နတ်ဘုရားမထိုက်စုက သူ့ကို ကြည့်နေပြီး စကားတစ်ခွန်းမှ မပြောပေ။
တခဏကြာသော် ကောင်းကင်နတ်အရှင်ဟောင်မှာ ဒူးထောက်၍ ရှိခိုးလိုက်ပြန်သည်။ “ဒေါ်လေး၊ ကျွန်တော်ရဲ့ ကျန်တဲ့ကောင်းကင်နန်းဆောင်တွေကိုလည်း ကျေးဇူးပြုပြီး တည်ဆောက်ပေးပါဗျာ”
နတ်ဘုရားမထိုက်စုက လှစ်ခနဲ ပြုံးလိုက်သည်။ “နင့်ရဲ့ နည်းလမ်းတွေက ကောင်းကင်နဲ့မြေကြီးကို လှုပ်ခတ်သွားစေခဲ့တဲ့အထိ ဘယ်လောက်ပဲ ခမ်းနားကြီးကျယ်ခဲ့ပါစေ နောက်ဆုံးတော့ ငါ့လက်ထဲ နင် ရောက်လာရသေးတာပါပဲ”
….
ကောင်းကင်နတ်ဘုံ၏ ပင်မစစ်စခန်းဆီသို့ ရွှင်ပျော်ပျော်ကျေးရွာ၏ ထိုးစစ်ဆင်မှုမှာ ကောင်းကင်နတ်ဘုံမှ တပ်ကူများ ရောက်လာသည့်အခါ အပြီးသတ်သွားသည်။ ရွှင်ပျော်ပျော်ကျေးရွာနှင့် ဖန်ဆင်းရှင်များက နယ်မြေသိမ်းပိုက်ရန် မကြိုးစားဘဲ ချင်မူနှင့် ကောင်းကင်နတ်အရှင်ဟောင်၏ တိုက်ပွဲကြောင့် စိတ်ကစဉ့်ကလျား ဖြစ်သွားကြသော ကောင်းကင်နတ်ဘုံသား နတ်ဘုရားမိစ္ဆာများကိုသာ တိုက်ခိုက်သတ်ဖြတ်ခဲ့ကြသည်။
ကောင်းကင်နတ်ဘုံမှ တပ်ကူများ ရောက်လာသည့်အခါတွင်တော့ နောက်ဆုတ်ရုံအပြင် မရှိကြတော့ပေ။
ဤတစ်ကြိမ်တွင် ရွှင်ပျော်ပျော်ကျေးရွာသည် အကြီးအကျယ် အောင်နိုင်ခဲ့သောကြောင့် ကြွေးကြော်သံများ သောင်းသောင်းဖျဖျ ဆူညံနေကြ၏။ သို့သော် တန်ခိုးရှင်သစ်ခုတ်သမားက စစ်သည်တော်များကို ချက်ချင်း ဆုတ်ခွာစေပြီး လေဟာနယ်တံတားအား ခုခံစေသည်။
ရွှင်ပျော်ပျော်ကျေးရွာ၏ အဆင့်မြင့်သိုင်းပညာရှင်များနှင့် ဖန်ဆင်းရှင်များလည်း အခြေအနေကို မြင်ကြ၏။ လေဟာနယ်တံတားကို ခုခံရန် ဆုတ်ခွာခြင်းမှာ မည်သို့မျှ မတတ်နိုင်သောအရာ ဖြစ်ချေသည်။ ရှောင်လွှဲ၍လည်း မရပေ။
ကောင်းကင်နတ်အရှင်ဟောင်နှင့် မဟာဧကရာဇ်၏ တိုက်ပွဲက ကစဉ့်ကလျားဟင်းလင်းပြင်ကို ဖျက်စီးခဲ့သောကြောင့် မဟာလေဟာနယ်ဝင်ပေါက်နှင့် မဟာလေဟာနယ်မြေပြင်အကြား အကွာအဝေးအား အဆများစွာ နီးကပ်သွားစေသည်။ အတိတ်တုန်းက ကောင်းကင်နတ်ဘုံ၏ တပ်ကူများအနေဖြင့် မဟာလေဟာနယ်မြေပြင်သို့ ရောက်ရန် တစ်နှစ်အနည်းဆုံး ကြာသည်။ ယခုမူ တစ်နေ့ပင် မကူးတော့ပေ။
ထိုကဲ့သို့ အခြေအနေမျိုးတွင် ရွှင်ပျော်ပျော်ကျေးရွာကား ကောင်းကင်နတ်ဘုံကို ယှဉ်နိုင်တော့မည်လော။
မဟာလေဟာနယ်မြေထုအား မည်သည့်နည်းနှင့်မျှ ကာကွယ်နိုင်တော့မည်မဟုတ်။ ယခုအချိန်ကတည်းက လေဟာနယ်တံတားဆီ ဆုတ်ခွာထားခြင်းက ဆုံးရှုံးနစ်နာမှုများအား ရှောင်တိမ်းနိုင်မည်။
ထိုမျှသာမက မဟာလေဟာနယ်မြေထုတွင်လည်း စိတ်နှလုံးမိစ္ဆာများနှင့် အလောင်းကောင်ကြီးများ ပြည့်နေပြီမဟုတ်ပါလော။ အကောင်းဘက်မှ တွေးကြည့်လျှင် ကောင်းကင်နတ်ဘုံ၏ စစ်တပ် ချီတက်လာနေသည်ကိုလည်း နှောင့်နှေးစေလိမ့်မည်။ ကောင်းကင်နတ်ဘုံအနေဖြင့် မဟာလေဟာနယ်မြေပြင်အား ရသွားစေကာမူ အသုံးဝင်တော့မည်မဟုတ်ပေ။ စိတ်နှလုံးမိစ္ဆာများ၏ တိုက်ခိုက်မှုကိုသာ စိတ်တထင့်ထင့်ဖြင့် သတိထားနေရလိမ့်မည်။
ကောင်းကင်နတ်ဘုံ၏ ပင်မစစ်စခန်းတွင်
တပ်ကူများ ရောက်လာကြချေပြီ။ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုက ဒဏ်ရာရထားသော ခန္ဓာကိုယ်များဖြင့် အပြင်ထွက်လာကြကာ စစ်တပ်များကို နှစ်သိမ့်ပေးနေသည်။ တပ်ကူ ရောက်လာသည့် ကောင်းကင်နတ်ဘုံစစ်ပတ်မှာ လေဟာနယ်လမ်းကို စောင့်နေခဲ့သော စစ်တပ် ဖြစ်သည်။ သူတို့က အရှေ့နတ်မင်း ကောင်းကင်လက်နက်နှင့် တောင်နတ်မင်း ကောင်းကင်လက်နက်ကိုလည်း ယူလာကြလေသည်။
ကောင်းကင်နတ်အရှင်ဟောင်လည်း ပင်မစစ်စခန်းဆီသို့ ပြန်ရောက်လာရာ အတော်လေး ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ ကောင်းကင်နတ်ဘုံ၏ စစ်သူကြီးအားလုံး လာရောက်ခစားကြပြီး ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုက ကောင်းကင်နတ်အရှင်ဟောင်အတွက် ကြိုဆိုပွဲကျင်းပပေးသည်။ စစ်သူကြီးအားလုံးက ကောင်းကင်နတ်အရှင်ဟောင်၏ ကံဆိုးမှုများ ပိန်းကြာရွက်ပေါ် ရေမတင်သကဲ့သို့ ပပျောက်သွားစေရန် ဆုတောင်းပေးကြလေသည်။
ကောင်းကင်န်အရှင်ဟောင်မှာ နာမကျန်း၍ စိတ်ဓာတ်ကျနေသောအသွင်အပြင် ရှိနေသည်။ သူ့ဒဏ်ရာများက ဆိုးရွားပြင်းထန်လွန်းသဖြင့် မသက်သာသေးသည်မှာ အထင်အရှားပင်။
ဤအခိုက်အတန့်တွင် သတင်းပို့နတ်ဘုရားတစ်ပါးက လူကြားထဲ တိုးဝင်လာရင်း အော်သည်။ “ကောင်းကင်နတ်အရှင်မူ ကြွလာတယ်ဗျို့”
ဆူညံ့ပွက်လောရိုက်နေခဲ့သော ပွဲတစ်ပွဲလုံး ရေဖြင့် လောင်းချခံလိုက်ရသကဲ့သို့ တိတ်ဆိတ်သွားသည်။ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ရှုပင် မည်သည်ကိုမျှ မပြောတော့ပေ။
အားလုံး၏ အကြည့်များက ကောင်းကင်နတ်အရှင်ဟောင်အပေါ် ချက်ချင်း ရောက်လာသည်။ ကောင်းကင်နတ်အရှင်ဟောင်၏ အရှိန်အဝါမှာ အားနည်းနေပြီး တစ်ချက်တစ်ချက် ချောင်းတဟွတ်ဟွတ် ထဆိုးတတ်ရာ ချောင်းဆိုးရင်း အချိန်မရွေး အသက်ပါသွားတော့မည့်အလား ထင်ရသည်။ သူက မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း ပြောလေသည်။ “ကောင်းကင်နတ်အရှင်မူက ကောင်းကင်မဟာမိတ်အဖွဲ့ရဲ့ တည်ထောင်သူအကြီးအကဲငါးယောက်ထဲက တစ်ယောက်ပဲ... သူ့ကို ဘာလို့အပြင်မှာ ရပ်ခိုင်းထားတုန်း... အထဲ ပင့်လိုက်”
ချင်မူသည် မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးကို တိတ်ဆိတ်စွာ ဖွင့်၍ အပြင်၌ အေးအေးဆေးဆေး စောင့်နေ၏။ သူ့မျက်ခုံးကြားရှိ ထိုက်ရှီဥက ညည်းတွားသည်။ “မိတ်ဆွေ၊ ကောင်းကင်နတ်အရှင်ဟောင် မင်းကို သတ်မှာ မကြောက်ဘူးလား... မင်းက သူ့ကို ပယ်ပယ်နှယ်နှယ် အရှက်ခွဲပြီး သူ့သိက္ခာအားလုံး မြောင်းထဲ ပို့ပေးခဲ့တာနော်... သူ မင်းကို သေလောက်အောင် မုန်းနေတာ”
“နောင်ကြီး၊ ခင်ဗျားက သေမျိုးနှလုံးသားကို ပိုင်ဆိုင်ထားပေမယ့် လူ့သဘာဝကို နားမလည်သေးပါဘူး”
ချင်မူ့အသိစိတ်အလျဉ်က လှိုင်းထသွားပြီး သူက အပြုံးတစ်ခုဖြင့် ပြောနေသည်။ “ကျွန်တော်သာ ကောင်းကင်နတ်အရှင်ဟောင်ဆိုရင် ဒဏ်ရာအပြင်းအထန် ရထားလို့ သေရတော့မလို ဟန်ဆောင်ထားမှာပဲ... ကျွန်တော် အားနည်းလေလေ၊ ကျွန်တော့်ကို သတ်ချင်တဲ့သူတွေ လက်ယားလာလေလေပဲ မဟုတ်လား... ပြီးရင် သူတို့အကုန်လုံးကို တစ်ချက်တည်း အမြစ်ဖြုတ်ပစ်လိုက်လို့ ရပြီ... အားလုံး ကြောက်လန့်သွားပြီး ကျွန်တော့်ကို လက်ဖျားနဲ့တောင် ထိရဲတော့မှာမဟုတ်ဘူး... ကောင်းကင်နတ်အရှင်ဟောင် အာဏာပြချင်တာက ကျွန်တော်မဟုတ်ဘူး... ပြီးတော့ ကျွန်တော့်ကို နောင်ကြီး ကာကွယ်ပေးထားတာဆိုတော့ သတ်နိုင်မှာလည်း မဟုတ်ဘူး... ဒါ့ကြောင့် သူ့သိုင်းအခြေခံ ပြန်မသက်သာသေးဘူးလို့ ထင်ရအောင်ပဲ လုပ်မှာ... ကျန်တဲ့ကောင်းကင်နတ်အရှင်တွေက ဒီအခွင့်အရေးကို လက်လွှတ်ခံမှာ မဟုတ်ဘူးလေ”
ထိုက်ရှီက တွေးကြည့်ပြီးနောက် သဘောတူသည်။
“ဒါကြောင့် ကျွန်တော်တို့ တွေ့ရင် ဘာမှမဖြစ်တဲ့အတိုင်း ယဉ်ယဉ်ကျေးကျေး နေကြတာပေါ့”
ချင်မူက သူ့ကို လာကြိုသည့် နတ်ဘုရားကို မြင်လျှင် အရှိန်အဝါအား ချက်ချင်း လျှော့ချလိုက်သည်။ ထိုနတ်ဘုရားမှာ တအံ့တဩ အော်လေသည်။ “ကောင်းကင်နတ်အရှင် ဒဏ်ရာရထားတာလား”
ချင်မူသည် လူမမာကြီးပမာ ခေါင်းညိတ်၍ တုန်ရီနေသော လက်ကို မြှောက်လိုက်သည်။ နတ်ဘုရားက သူ့ကို ကပျာကယာ လာတွဲပြီး စားသောက်ပွဲထဲ ခေါ်သွားလေသည်။ ချင်မူ့အသိစိတ်အလျဉ်က လှုပ်ခတ်သွားပြီး ထိုက်ရှီအား ဆက်ပြောနေ၏။ “ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကျွန်တော်က ဒီတိုင်း နှုတ်ဆက်ရုံလောက်ပဲ လုပ်မှာ... ကောင်းကင်နတ်အရှင်ဟောင်ကို အားလုံးထဲ ထင်ပေါ်ပြီး ဩဇာပိုကြီးမားအောင် လုပ်ပေးနိုင်မယ့်သူက တစ်ယောက်ပဲ ရှိတယ်... ကောင်းကင်ယင်သားတော်ပဲ”
ထိုက်ရှီမှာ ရင်ထဲ လှုပ်ခတ်သွားကာ မေးလိုက်မိသည်။ “ဘာလို့ အဲဒီလို ပြောတာလဲ”
“ကောင်းကင်ယင်သားတော်က ကောင်းကင်နတ်အရှင်ဟောင်ရဲ့ လူယုံတော်လေ... သူက ကောင်းကင်နတ်အရှင်ဟွေ့ထက်တောင် ကောင်းကင်နတ်အရှင်ဟောင်နဲ့ ရင်းနှီးသေးတယ်... သေခြင်းရှင်ခြင်းကို အတူတူဖြတ်ကျော်ခဲ့ဖူးတဲ့ သူငယ်ချင်းတွေလို့တောင် ပြောနိုင်တယ်... ဒါပေမဲ့ ကျွန်တော် ကောင်းကင်နတ်အရှင်ဟောင်နောက် လိုက်ဖမ်းခဲ့တုန်းက ကောင်းကင်ယင်သားတော် သူ့ကို မကယ်ခဲ့ဘူးလေ.. ဒါကြောင့် ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်ယင်သားတော်ကို အသုံးချပြီး သူ့အာဏာကို ပြချင်နေတာ”
ချင်မူ့အသက်ရှူသံမှာ ခပ်မျှဉ်းမျှဉ်းသာ ရှိသည်။ အားလုံး၏ အကြည့်များအောက်တွင် သူ့ခန္ဓာကိုယ်မှာ ကတုန်ကယင်ဖြင့် ရှေ့သို့ လှမ်းနေရ၏။ ထို့နောက် အရုပ်ကြိုးပျက် ထိုင်ချလိုက်ပြီး အားတစ်စက်မှ မရှိသယောင် ထင်ရသည်။ သို့သော် သူ၏အသိစိတ်အလျဉ်က စကားဆက်ပြောနေလေသည်။ “ကောင်းကင်ယင်သားတော်ကလည်း ကောင်းကင်နတ်အရှင်ဟောင်ကို မကယ်မိလို့ အမုန်းခံလိုက်ရမှန်း သိတယ်... အမျက်ပြေအောင် လုပ်ဖို့က ကောင်းကင်နတ်အရှင်ဟောင် ဆော်ပလော်တီးတာ ခံရဖို့ပဲ ရှိတယ်... တယ်... ကောင်းကင်နတ်အရှင်ဟောင်ကလည်း သူ့ကို မှတ်လောက်သားလောက်အောင် ရိုက်ပြီးရင် မုန်းတော့မှာ မဟုတ်ဘူး... ကောင်းကင်ယင်သားတော်ကလည်း ကောင်းကင်နတ်အရှင်ဟောင်အပေါ် ဆက်ပြီးသစ္စာရှိနေပြီး သစ္စာဖောက်ရဲတော့မှာ မဟုတ်ဘူး”
ထိုက်ရှီသည် တခဏ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်၏။ “လူ့စိတ်ဆိုတာ အဆန်းသားဟ... သူတို့ရဲ့ အဲဒီအင်အားတွေနဲ့ ကမ္ဘာလောကကြီးကို စည်းလုံးသွားအောင် လုပ်လို့ မရဘူးလား”
ချင်မူက သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်ရင်း ဝမ်းနည်းနေသောအသံဖြင့် ပြောလိုက်သည်။ “ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှု... ကျွန်တော် ရိုင်းပျမိရင် ခွင့်လွှတ်ပါဗျာ.... ကောင်းကင်နတ်အရှင်ဟောင်ကို ကယ်ရင်း မဟာဧကရာဇ်ကြောင့် ဒဏ်ရာအပြင်းအထန် ရထားလို့ပါ”
သူ ထိုသို့ပြောလိုက်သည်နှင့် လူအုပ်ကြီးမှာ ပို၍ပင် ငြိမ်ကျသွားတော့သည်။ အသားဝါးနေသော နတ်ဘုရားများပင် ဝါးရန် မေ့ကုန်ကြ၏။