ရှက်ကြောနှင့် ချက်ကြော မှားဖြတ်ခဲ့လေခြင်းလား
Vol. 97 Ch. 1269
ရုတ်တရက် နတ်ဘုရားတစ်ပါးမှာ အစာနင်သွားသောကြောင့် တဟွတ်ဟွတ် ချောင်းဆိုးလိုက်သည်။ မကြာမီ နတ်ဘုရားအားလုံး၏အကြည့်သည် ချောင်းဆိုးနေသော သူ့အပေါ်သို့ ရောက်လာ၏။ ထိုနတ်ဘုရားမှာ ချောင်းဆိုးနေရင်းတန်းလန်း အောင့်အည်းလိုက်ရသဖြင့် မျက်နှာကြီးနီရဲလာတော့သည်။
ကောင်းကင်နတ်အရှင်ဟောင်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပြီး မောဟိုက်နေသောအသံဖြင့် ပြောလိုက်လေသည်။ “ကောင်းကင်နတ်အရှင်မူရဲ့ ကျေးဇူးကြောင့်ပါပဲ…မဟုတ်ရင် ဘာတွေဖြစ်သွားမလဲ မှန်းတောင် မမှန်းဝံ့ပါဘူး... သေချာတာကတော့ မဟာဧကရာဇ်လက်ထဲမှာ ကျုပ် သေသွားလောက်ပြီ”
ချင်မူက ထမင်းခုနစ်ရက် မစားထားသော လူမမာကြီးသဖွယ် ပြန်ပြောသည်။ “မိုးကောင်းကင်ဟာ ကူညီသင့်တဲ့သူကို ကူညီပေးစမြဲပါ... ကောင်းကင်နတ်အရှင်ဟောင်က စောစော ကြွေလွင့်သင့်တဲ့သူ မဟုတ်ဘူးလေ… ကျွန်တော်လည်း အဲဒါကြောင့်ပဲ အစွမ်းကုန်ကြိုးစားပြီး ကောင်းကင်နတ်အရှင်ဟောင်ကို ကယ်တင်ပေးခဲ့တာပါဗျာ”
ကောင်းကင်နတ်အရှင်ဟောင်ကလည်း ရေခုနစ်ရက် မသောက်ထားရသော လူမမာကြီးသဖွယ် တုံ့ပြန်သည်။ “အပန်းကြီးစေမိတဲ့အတွက် တောင်းပန်ပါတယ် တာအိုနောင်တော် … ဒီကျေးဇူးက ဆပ်လို့ မကုန်ပါဘူးဗျာ….ပြန်ဆပ်နိုင်ဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်”
ချင်မူမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာကြီးမှာ နီရဲတွတ်လာသည်။ “ခင်ဗျားက သိပ်ကို တည်ကြည်လွန်း၊ လေးနက်လွန်းတာပဲဗျာ…. ကောင်းကင်နတ်အရှင်ဟောင်ဆိုတာ ကောင်းကင်နတ်ဘုံကို အုပ်စိုးနေတဲ့ အင်ပါယာအရှင်သခင်ပဲဟာ ကောင်းကင်နတ်ဘုံအတွက် အမြဲတွေးနေတဲ့သူမျိုးကို ကျွန်တော်က အသက်စွန့်မကယ်ဘဲ ဘယ်နေနိုင်ပါ့မလဲ”
စစ်သူကြီးများနှင့် ကောင်းကင်နတ်အရှင်များသည် တစ်ယောက်ကို တစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြ၏။
ထိုစဉ် ချင်မူနှင့် ကောင်းကင်နတ်အရှင်ဟောင်မှာ အချိန်မရွေး ငေါက်ခနဲ လျှာထွက်လျက် သေသွားကြတော့မည့်အလား ပြိုင်တူ ချောင်းတဟွတ်ဟွတ် ဆိုးလိုက်ကြ၏။
ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုတို့မှာလည်း အခြေအနေဟန်ပုံမပေါ်ဘဲ ချောင်းဆိုးလာကြသည်။
“ကောင်းကင်နတ်အရှင်လေးယောက်စလုံး တစ်ချိန်တည်း ဒဏ်ရာတွေ အပြင်းအထန် ရခဲ့ကြသတဲ့… ဆိုးလိုက်တဲ့အချိန်ပဲကွာ…” တစ်ယောက်က ခပ်တိုးတိုး ရေရွတ်လိုက်၏။
ချင်မူက စိတ်အားတင်းလိုက်ရင်း ကျယ်လောင်စွာ ပြောလိုက်သည်။ “မဟုတ်ဘူး… အဲ့ရွှင်ပျော်ပျော်ကျေးရွာက သူခိုးကြီးချင်ယဲ့နဲ့ ဘွားတော်ကြီးလန်ဝူသာ ဒဏ်ရာအပြင်းအထန် ရထားတာ… အခုက ကျွန်တော်တို့ကောင်းကင်နတ်ဘုံအတွက် နာမည်ယူဖို့ အချိန်ကောင်းပဲ… ကျွန်တော်ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ခေါ်သွားပြီး သူခိုးကြီးချင်ယဲ့ရဲ့ ခေါင်းပြတ်နဲ့ ကောင်းကင်နတ်ဘုံကို အကျိုးပြုပါ့မယ်..”
ကောင်းကင်နတ်မင်းလေးပါး၊ ကောင်းကင်ဆရာသခင်လေးပါးနှင်း နတ်မင်းလေးပါးတို့အားလုံး ချောင်းဆိုးလိုက်ကြသည်။ ပိုင်ယွီကျင့်က သက်ပြင်းချ၏။ “ဒီချောင်းက ကူးတတ်တဲ့ပုံပဲ…”
ကောင်းကင်နတ်အရှင်ဟွေ့က စိုးရိမ်စွာ မေးလေသည်။ “နောင်တော်ဟောင်၊ ဒဏ်ရာတွေက အတော်ပြင်းတာလား…. ကောင်းကင်နတ်အရှင်ရှုနဲ့ ကျွန်တော် ကယ်ချင်ခဲ့ပေမယ့် ခိုင်ဧကရာဇ်နဲ့ လန်ဝူကပါ တိုက်ခိုက်လာလိမ့်မယ်လို့ ထင်မထားလို့ပါ…. ကျွန်တော်တို့ အချိန်မီ ကာကွယ်မပေးနိုင်ခဲ့လိုက်ဘူး”
“ငါ မသေပါဘူးကွ”
ကောင်းကင်နတ်အရှင်ဟောင်သည် သွေးဆုပ်ဖြူလျော်နေသော မျက်နှာဖြင့် စိတ်မ၀င်စားစွာ ပြောသည်။ “ငါ အသက်ရှင်ကျန်ခဲ့တယ်.. အစတုန်းက ဘယ်သူ့ကိုမှ အသိမပေးဘဲ တံခါးပိတ်ကျင့်ကြံဖို့ စီစဉ်ထားခဲ့တာ… ကောင်းကင်နတ်ဘုံသားတစ်ယောက်က သစ္စာဖောက်ပြီး ငါ ကုစားနေတုန်း အန္တရာယ်ပြုဖို့ ကြိုးစားလာလိမ့်မယ် ထင်မထားခဲ့ဘူး…. အဟက်…. ကောင်းလိုက်တဲ့ အကြံပဲမလား”
အကုန်လုံး အံ့ဩမှင်သက်သွားကြပြီး သူတို့အကြည့်များက ချင်မူ့အပေါ် ကျရောက်လာသည်။
ချင်မူသည် မည်သည်ကိုမျှ ခံစားရဟန်မတူဘဲ စားပွဲပေါ်ရှိ ဟင်းခွက်များအား မြှောက်ကာ ပါးစပ်ထဲ သွတ်သွင်းနေ၏။
ပိုင်ယွီကျင့်၊ ရှီမူဟုန်းနှင့် ဇာမဏီနတ်မင်းချီရှားယွီတို့မှာ မျက်နှာအမူအရာ မပျက်သော်လည်း ရင်တထိတ်ထိတ် ဖြစ်နေကြသည်။
သူတို့သည် မဟာလေဟာနယ်မိစ္ဆာကျတ်ကုန်းပေါ်ရှိ အမှောင်ထုတောင်ကြားထဲသို့ ဝင်ရောက်တိုက်ခိုက်ခဲ့သူများ မဟုတ်ပါလော။ ကောင်းကင်နတ်အရှင်ဟောင် သူတို့ကို သတိထားမိခြင်း ရှိ၊ မရှိ မသိနိုင်ပေ။
ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုတို့မှာတော့ တည်ငြိမ်အေးဆေးနေကြသည်။ ကောင်းကင်နတ်အရှင်ရှုက မေးလေသည်။ “အစ်ကိုတော်၊ အစ်ကိုတော့်ကို ဘယ်သူ လုပ်ကြံခဲ့တာလဲ သိလား”
ကောင်းကင်နတ်အရှင်ဟောင်အနေဖြင့် မည်သို့ ထုတ်ပြောနိုင်မည်နည်း….။
ကောင်းကင်နတ်မင်းနှင့် အခြားသူများကို ထုတ်ပြောလိုက်ပါက ကောင်းကင်နတ်အရှင်ရှုနှင့် ကောင်းကင်နတ်အရှင်ဟွေ့အား သူ့ကို သတ်ရန် ဖိအားပေးနေသလို ဖြစ်သွားလိမ့်မည်။ သူသည် ထိုမျှ မတုံးအပေ။
“ငါ့ကို သတ်ခဲ့တဲ့သူက သရုပ်မှန်ကို ဖုံးကွယ်ထားခဲ့တယ်…”
ကောင်းကင်နတ်အရှင်ဟောင်က စိတ်မပါသည့်ပုံဖြင့် ဖြေသည်။ “နောင်ကျရင်တော့ သူတို့ရည်ရွယ်ချက်တွေက ဘာလဲ သိရင် သိလာရမှာပေါ့… အခုကတော့ ငါ့ဒဏ်ရာတွေက ပြင်းထန်လွန်းတယ်… ဒီအကြောင်းမေးဖို့ အချိန်မရှိဘူး…”
ချင်မူက ရုတ်တရက် တူကို ချကာ တအံ့တဩ ပြောလေသည်။ “နောင်တော်ဟောင်ကို ကယ်ခဲ့တုန်းက ကျွန်တော်လည်း မဟာလေဟာနယ်မိစ္ဆာကျတ်ကုန်းထဲ ရောက်နေခဲ့တာဆိုတော့ နောင်တော်ဟောင်ကို လုပ်ကြံခဲ့တဲ့ သစ္စာဖောက်ကို မှတ်မိတယ်”
အကြည့်များ သူ့အပေါ် ရောက်လာကြ၏။
ချင်မူ့မျက်လုံးများက ဒုတိယကောင်းကင်ဆရာသခင် မုန့်ယွင်ကွေ့ဆီ ရွေ့လျားသွားရာ မုန့်ယွင်ကွေ့မှာ သွေးဆုပ်ဖြူလျော်သွားပြီး ကပျာကယာ ဇက်ပုသွားလေသည်။
ချင်မူ့အကြည့်က သူ့ဆီမှ ရွေ့လျား၍ စတုတ္ထကောင်းကင်ဆရာသခင် ကျူရှောင်ပင်းထံ ရောက်သွားသည်။ ကျူရှောင်ပင်းမှာလည်း မျက်နှာတစ်ခုလုံး ဖြူဖပ်သွားတော့သည်။
ချင်မူသည် ကျန်ကောင်းကင်ဆရာသခင်များနှင့် ကောင်းကင်နတ်မင်းများအား တစ်ယောက်ပြီးတစ်ယောက် လိုက်ကြည့်နေသဖြင့် ထိုသူများမှာ လည်ချောင်းဝမှ နှလုံးသားပင် ခုန်ထွက်သွားတော့မတတ် ရင်တုန်နေကြရသည်။
ဤပွဲသို့ တက်ရောက်သော နတ်စစ်သူကြီးများက နတ်ကောင်းကင်ခန်းမအဆင့်၌ အမြင့်ဆုံးပုဂ္ဂိုလ်များ ဖြစ်ကြ၏။ ဤအခိုက်အတန့်တွင် သူတို့အားလုံး ဖင်တုန်အောင် ကြောက်နေကြပြီး သူနှင့် မျက်လုံးချင်းပင် မဆုံရဲပေ။
ချင်မူ၏ တတိယမျက်လုံးထဲမှာ အခြေအနေကို ချောင်းကြည့်နေသည့် ထိုက်ရှီမှာ တလေးတစားဖြင့် ဩချနေတော့သည်။ “လက်ကလေး လှန်လိုက်ရုံ၊ လက်ကလေး မှောက်လိုက်ရုံနဲ့ အခြေအနေကို ပြောင်းလဲပစ်နိုင်တယ်... သူ့ရဲ့ အကြံအစည်တွေ ၊ ဉာဏ်နီဉာဏ်နက်တွေက ထိပ်တန်းပဲ... ကောင်းကင်နတ်အရှင်မူက ငယ်သေးလို့ သိပ်အစွမ်းမထက်သေးပေမယ့် လျှော့တွက်လို့တော့ မရချေဘူး”
ရုတ်တရက် ချင်မူ့အကြည့်က ကောင်းကင်နတ်အရှင်ဟွေ့ဆီသို့ တည့်တည့်ရောက်သွားသည်။ ကောင်းကင်နတ်အရှင်ဟွေ့က မီးကဲ့သို့ တဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် သူ့ကို ပြန်ကြည့်ကာ စကားတစ်ခွန်းမပြောပေ။
“ဟားဟားဟားဟား”
ချင်မူသည် လက်ခုပ်လက်ဝါးတီးလျက် အော်ရယ်လိုက်၏။ “မဟာလေဟာနယ် မိစ္ဆာကျတ်ကုန်းက မှောင်လွန်းပါတယ်... ကျွန်တော်လည်း သူတို့မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ခဲ့တော့ ပေါက်ကရတွေ လျှောက်မပြောရဲပါဘူးဗျာ”
ထိုအခါမှ အကုန်လုံး သက်ပြင်းချနိုင်ကြပြီး နဖူးမှ ချွေးများကို တိတ်တိတ်ကလေး သုတ်လိုက်ကြလေသည်။
ကောင်းကင်နတ်အရှင်ဟောင်က ချင်မူ့ကို အေးစက်စက် ကြည့်၍ အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင်မူက ငါ့ကို လုပ်ကြံခဲ့တဲ့သူက ဘယ်သူမှန်း မသိခဲ့ပေမယ့် အချင်းချင်း တိတ်တဆိတ် ကူညီနေကြတဲ့သူတွေ ရှိတယ်... သူတို့တွေ ငါ့မျက်စိတွေ၊ နားတွေကနေ လွတ်မှာမဟုတ်ဘူး”
သူက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ခပ်မာမာ ခေါ်လိုက်သည်။ “ယင်ချောင်ကျင့်”
ကောင်းကင်ယင်သားတော်မှာ မျက်နှာတစ်ခုလုံး သွေးဆုပ်သွားပြီး ထိုင်ခုံမှ ထကာ ဦးညွှတ်အရိုအသေပေးလိုက်သည်။ “ကောင်းကင်နတ်အရှင် ဘာများအလိုရှိပါသလဲဗျ”
ကောင်းကင်နတ်အရှင်ဟောင်က စားပွဲကို ဒုံးခနဲ ရိုက်လိုက်ကာ အသံမာမာ ပြောသည်။ “ဟိုခွေးသူခိုးကောင်က ငါ ဒဏ်ရာအပြင်းအထန် ရထားတဲ့အချိန် ငါ့ကို လိုက်ဖမ်းခဲ့တယ်.. မင်းရဲ့ ငရဲမြို့ဆီ ရောက်လာတဲ့တုန်းက မင်း ငါ့ကို ဘာလို့ မကယ်ခဲ့တာလဲ”
ကောင်းကင်ယင်သားတော်မှာ လည်ပင်းကို ကျိုးမတတ် ခေါင်းခါရင်း ရှင်းပြသည်။ “ကျွန်တော် ကယ်ဖို့ အခွင့်မသာခဲ့လို့ပါ... မြောက်ကောင်းကင်မင်တုရဲ့ စစ်တပ်နဲ့ မဟာလေဟာနယ်ယိုတုကိုလည်း ကျွန်တော် ကြီးကြပ်ရပါသေးတယ်... ချင်ဖုန်းကျင့်နဲ့ ယမမင်းကလည်း သူခိုးအပေါင်းအပါတွေနဲ့ စစ်ချီတက်လာခဲ့ပါတယ်... မဟာလေဟာနယ်ယိုတုသာ အရေးနိမ့်သွားရင် မဟာလေဟာနယ်ထဲက ကောင်းကင်နတ်ဘုံရဲ့ စစ်သည်တော်တွေ အသေအကြေ ချေမှုန်းခံရမှာပါ... ကောင်းကင်နတ်အရှင်အသာထား၊ ကောင်းကင်နတ်ဧကရာဇ် ဒုက္ခရောက်နေရင်တောင် ကျွန်တော် လာမကယ်နိုင်ပါဘူး”
“တယ်... ရာရာစစ” ကောင်းကင်နတ်အရှင်ဟောင်သည် ဒေါသထွက်လွန်းသဖြင့် အသားတဆတ်ဆတ် တုန်လာ၏။ သူက စားပွဲကို ဘုန်းခနဲ ရိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်ရာ ခပ်ချိုချိုအရသာအား ပါးစပ်ထဲမှ ခံစားလိုက်ရသည်။ သူ့ပုံစံမှာ သွေးတစ်လုပ် ထွေးထုတ်တော့သဖွယ် ထင်ရသော်လည်း ပြန်မြိုချလိုက်သည်။
ကောင်းကင်ယင်သားတော်က လည်ပင်းကို ပြန်မော့လိုက်ကာ ရှင်းပြသည်။ “ကျွန်တော်က မဟာလေဟာနယ်ယိုတုကို ကြီးကြပ်ဖို့ တာဝန်ပေးခံထားရတာပါ... ဒါကြောင့် ရှေ့ရေးကို ကြိုကြည့်ပါတယ်.. ကောင်းကင်နတ်အရှင်အနေနဲ့ ဒီကိစ္စကို အမျက်ထွက်ပြီး အမုန်းပွားရင်တော့ ကောင်းကင်နတ်ဧကရာဇ်ဆီ တင်ပြပြီး ဆုံးဖြတ်ပေးဖို့ တောင်းဆိုရုံပဲ ရှိတော့တယ်... ကောင်းကင်နတ်အရှင် ကျွန်တော့်ကို ဒီမှာ ဒဏ်ခတ်ချင်ရင်တော့ လက်မခံနိုင်ဘူး”
ကောင်းကင်နတ်အရှင်ဟောင်မှာ ဒေါသမထိန်းနိုင်တော့ဘဲ လက်မြှောက်ကာ ရိုက်ချလိုက်သည်။
ဘုန်း
ကောင်းကင်သည် အရောင်ပြောင်းသွားပြီး လေမုန်တိုင်းများ အဆက်မပြတ် တိုက်ခတ်လာ၏။ ကောင်းကင်နတ်အရှင်ဟောင်၏ လက်ဝါးက နေရာဟင်းလင်းပြင် ပြိုကွဲသွားရသည့်တိုင်အောင် ခမ်းနားလှသည်။ သူ လက်ကို ဆန့်ထုတ်လိုက်သည့်အချိန်တွင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် လက်ဝါးတစ်ဖက်ဖြင့် မြေအောက်ဘုံအရှင်သခင်ကို ယိုတုသို့ ပြန်ပို့လိုက်သည့်အလား ထင်ရသည်။
ကောင်းကင်ယင်သားတော်ကလည်း မာန်သွင်းဟိန်းဟောက်လိုက်ရာ ဝုန်းခနဲ မြည်ဟည်းသွားသည်။ သူ့အနောက်၌ မင်တုကောင်းကင်မုခ်ဝ ထူမတ်လာပြီး ပတ်ဝန်းကျင်ရှိ လှိုင်းဂယက်များကို ဖိနှိပ်လိုက်၏။
သူ့အဝတ်စများမှာ တဖတ်ဖတ် ပျံ့လွင့်သွားပြီး သူ့ခေါင်းထက်ရှိ သရဖူမှာ ဘန်းခနဲ ပေါက်ကွဲသွားလေသည်။ လေပြင်းတို့ကြောင့် သူ၏ဆံပင်ရှည်များ ပြေကျလာသည်။
“ဒီတိုင်းတော့ ငြိမ်ခံနေမှာမဟုတ်ဘူး”
ကောင်းကင်ယင်သားတော်သည် ဒေါသတကြီး အော်ဟစ်လိုက်ကာ ကောင်းကင်နန်းဆောင်လေးဆောင် ထုတ်ဖော်လိုက်၏။ မင်တုကောင်းကင်မုခ်ဝထဲတွင်လည်း ကောင်းကင်နန်းဆောင်လေးဆောင် ပေါ်လာရာ ကောင်းကင်နန်းဆောင် ရှစ်ဆောင် ဖွဲ့တည်လာစေသည်။
ကောင်းကင်ယင်သားတော်၏ အရှိန်အဝါကား ကြောက်မက်ဖွယ်ရာ မြင့်တက်လာပြီး ကောင်းကင်နတ်အရှင်ဟောင်၏ လက်ဝါးကို ရင်ဆိုင်လိုက်၏။ သူက အော်ဟစ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ဟောင်၊ မင်းက ဒဏ်ရာရထားတာအောင် ငါ့ကို သတ်နိုင်မယ်ထင်တယ်ပေါ့... ငါ မင်းကို သတ်ပြီး ကောင်းကင်နတ်အရှင်ယင် လုပ်ပစ်မယ်”
ချင်မူက မျက်လုံးများ ကျဉ်းမြောင်း၍ ဝိုင်သောက်နေသည်။ သူက အသိစိတ်အလျဉ်ကို ထိုက်ရှီ၏ ဥဆီသို့ ပေးပို့ကာ မေးနေ၏။ “ထိုက်စု လှုပ်ရှားလိုက်တာလား”
ဥထဲရှိ ထိုက်စုက ပြန်ဖြေသည်။ “အေး ... ကောင်းကင်နတ်အရှင်ဟောင်အနေနဲ့ အဲဒီလောက်အထိ အင်အားမကြီးမားသင့်ဘူး... အလွန်ဆုံး ကောင်းကင်နန်းဆောင်ကိုးဆောင်အထိပဲ ပြုပြင်ရဦးမှာ... ဒါပေမဲ့ သူ့လက်ဝါးမှာ ကောင်းကင်နန်းဆောင် ဆယ့်ရှစ်ဆောင်ရဲ့ အင်အား ပါနေတယ်.. ထိုက်စုက သူ့ကို တိတ်တိတ်ကလေး ကူညီပေးနေတာပဲ”
ကောင်းကင်နတ်အရှင်ဟောင်၏ လက်ဝါး ကျရောက်သွားသည်နှင့် ကမ္ဘာမြေကို တသိမ့်သိမ့် တုန်ခါသွားစေသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ ခန်းမ၊ နန်းဆောင်များ လွင့်ထွက်သွားကြပြီး လက်တါးရာကြီးက ကောင်းကင်ယင်သားတော်နှင့် မင်တုကောင်းကင်မုခ်ဝအား ရိုက်ချထားလေသည်။
စားသောက်ပွဲထဲရှိ ကောင်းကင်နတ်အရှင်များနှင့် စစ်သူကြီးများ ထိတ်လန့်သွားကြသည်။
ကောင်းကင်နတ်အရှင်ဟောင်က လက်ဝါးပြုန်ရုတ်ပြီး အားနည်းနေသောအသံဖြင့် ပြောသည်။ “ငါ့ဒဏ်ရာတွေက ပြင်းထန်နေတော့ အဲဒီကောင်ကို မသတ်နိုင်လိုက်ဘူး”
ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။
ချင်မူက တူကို ကိုက်ပြီး ဝမ်းသာအားရ လက်ခုပ်တီးနေသည်။ “သိပ်ကောင်းလိုက်တာဗျာ... ကျွန်တော်သာ ဒဏ်ရာအပြင်းအထန် မရထားရင် ကောင်းကင်ယင်သားတော်ကို သေချာပေါက် ဝင်တီးပေးပါတယ်”
ကောင်းကင်နတ်အရှင်ဟောင်သည် သူ့ကို ကြည့်လိုက်ပြီး ငယ်ထိပ်ထိ တက်လာသော ဒေါသအား ပြန်ချိုးနှိမ်နေရ၏။ သူက ခွက်မြှောက်ကာ ပြောလိုက်သည်။ “သူ့အပေါ် ဒေါသထွက်နေလို့လည်း မတန်ဘူး... အားလုံးပဲ သောက်ကြပါစို့”
ကောင်းကင်နတ်အရှင်နှစ်ပါး၊ နတ်မင်းသုံးပါး၊ ကောင်းကင်ဆရာသခင်လေးပါး၊ ကောင်းကင်နတ်မင်းလေးပါးနှင့် စစ်သူကြီးများမှာ စကားတစ်ခွန်း မဟရဲကြပေ။ အကုန်လုံး ခွက်ကိုယ်စီ မြှောက်၍ တစ်ကျိုက်တည်း သောက်ချလိုက်ကြသည်။
ကောင်းကင်နတ်အရှင်ဟောင်က ခွက်ကို ချလိုက်သည့်အခါ အပြင်မှ ပျံသန်းလာနေသော သက်တံ့တစ်စင်းအား တွေ့လိုက်သည်။ ကောင်းကင်ယင်သားတော်သည် သွေးအလိမ်းလိမ်းဖြင့် ပြန်ရောက်လာပြီး ဒူးထောက်ကာ ရှိခိုးဦးချနေ၏။ သူ လျှောက်လာခဲ့ရာ လမ်းတစ်လျှောက်တွင် သွေးများ အိုင်ထွန်းကျန်ခဲ့လေသည်။ “ချောင်ကျင့် အမှားကို သိပါပြီ... ခွင့်လွှတ်ပေးတော်မူပါ ကောင်းကင်နတ်အရှင်”
ကောင်းကင်နတ်အရှင်ဟောင်ဆီမှ နှာခေါင်းရှုံ့သံသာ ထွက်လာသည်။
ကောင်းကင်နတ်အရှင်ဟွေ့က ခွက်ကို မြှောက်၍ ကောင်းကင်ယင်သားတော်၏ လက်ထဲ ထည့်ပေးလိုက်ရင်း နွေးထွေးစွာ ပြောသည်။ “ငရဲနတ်မင်း၊ နောင်တော်ဟောင်နဲ့အတူ အရက်သွားသောက်ပြီး တောင်းပန်လိုက်ချည်... နောင်တော်ဟောင်၊ နောင်တော်ယင်မှာလည်း တာဝန်တွေအများကြီး ရှိနေလို့ပါ... စိတ်ထဲ မထားပါနဲ့”
ကောင်းကင်နတ်အရှင်ဟောင်၏ အမူအရာ ပျော့ပျောင်းသွားလေသည်။
ကောင်းကင်ယင်သားတော်သည် ဒူးထောက်ပြီး ခွက်ကို မြှောက်ထား၏။ ကောင်းကင်နတ်အရှင်ဟောင်ကလည်း သူ့ခွက်ကို မြှောက်လိုက်ရင်း ပြော၏။ “ကောင်းပြီ၊ မင့်တာဝန်ကို ငါ သိပြီ.... မင်း ငါ့ကို မကယ်ခဲ့တာလည်း အပြစ်မဆိုသာဘူး... ငါ မင်းကို အပြစ်မတင်တော့ပါဘူး.. ထရပ်တော့” ထိုသို့ပြောပြီးနောက် သူက သူ့ခွက်ထဲရှိ ဝိုင်အား အကုန်မော့လိုက်သည်။
ကောင်းကင်ယင်သားတော်က မျက်ရည်တသွင်သွင် ကျလျက် မြေကြီးပေါ်၌သာ ဒူးထောက်ထားကာ မထပေ။
ကောင်းကင်နတ်အရှင်ဟောင်မှာ ရင်ထဲ လှုပ်ခတ်သွားပြီး ကုန်းရုန်းထလာကာ သူ့ကို ကူထူပေးသည်။ သူက မျက်ရည်ဝိုင်းနေသော မျက်လုံးများဖြင့် ပြောနေ၏။ “မင်းက ငါ့ရဲ့ သွေးသောက်ညီအစ်ကိုလေ.. ငါ မင်းကို စိတ်ဆိုးတာက ငါတို့ညီအစ်ကို သံယောဇဉ်ကို မထောက်ဘဲ ငါ သေမှာကို မင်း ရပ်ကြည့်နေခဲ့လို့ပဲ... ဒါပေမဲ့ ငါ နားလည်ပါပြီ.. ငါ မင်းကို ဒဏ်ရာရအောင် မလုပ်ခဲ့သင့်ဘူး...”
ကောင်းကင်ယင်သားတော်က ဆို့နင့်နေသောအသံဖြင့် ပြန်ပြောသည်။ “ကျွန်တော်လည်း အဲဒီလို ဒေါသစကားတွေ ပြောခဲ့မိတယ်... ကောင်းကင်နတ်အရှင်၊ ဗွေမယူပါနဲ့ဗျာ”
နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ဖေးမရင်း ထိုင်လိုက်ကြ၏။
နတ်ဘုရားအားလုံး မျက်ရည်များ သုတ်နေကြသည်။
“ကောင်းပြီ”
ချင်မူ၏ ရယ်သံကြီးက ကျယ်လောင်စွာ ထွက်လာပြီး သူက မတ်တပ်ရပ်လျက် လက်ခုပ်တီးနေချေသည်။ “တကယ်ပဲဗျာ... ကောင်းကင်နဲ့မြေကြီးတောင် မျက်ရည်ကျလောက်တယ်... ဟိုမှာကြည့်ဦး နတ်ဘုရားတွေရော, သရဲတွေရော ငိုနေကြပြီ... ဒီသတင်းသာ အပြင်ရောက်သွားရင် ကောင်းကင်နတ်ဘုံရဲ့ အောက်မေ့ဖွယ် ဇာတ်လမ်းလေးတစ်ပုဒ်အဖြစ် ရာဇဝင်တွင်သွားတော့မှာပဲဗျာ”
ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်ယင်သားတော်တို့၏ မျက်နှာကြီးများ မည်းမှောင်သွားကြပြီး သူ့အား ချက်ချင်း သတ်ပစ်ချင်လာတော့သည်။
“ကောင်းကင်နတ်အရှင်မူ ဘာလို့ အခုထိ မသေသေးနိုင်တာလဲ”