လန်ယွီထျန်း၏ လမ်းစဉ်
Vol. 97 Ch. 1270
ချင်မူမှလွဲ၍ ကျန်ရှိသူတိုင်းမှာ ဤစားသောက်ပွဲ၌ မပျော်ကြပေ။ ကြောက်သူက ကြောက်နေကြပြီး ဒေါသထွက်သူက ထွက်နေကြသည်။ သို့သော် အခြေအနေကတော့ ထိန်းထိန်းသိမ်းသိမ်း ရှိနေဆဲပင်။
ချင်မူက ရွှင်ပျော်ပျော်ကျေးရွာအား တိုက်ခိုက်ရန် စစ်တပ်ကြီးကို ဦးဆောင်ပေးမည်ဟု အဆိုပြုသော်လည်း စစ်သူကြီးများက ဝိုင်းကန့်ကွက်ကြသည်။ “ကောင်းကင်နတ်အရှင်က ဒဏ်ရာဒီလောက် ရထားတာ အေးအေးဆေးဆေး နေပြီး အနားယူသင့်ပါတယ်... မဟုတ်ရင် စစ်မြေပြင်ပေါ်မှာ လဲသေနေဦးမယ်”
ချင်မူလည်း အပေါက်ပိတ်သွားတော့သည်။
ကောင်းကင်နတ်အရှင်ဟွေ့မှာ ချင်မူ့ကို စစ်မြေပြင်သို့ ခေါ်သွားပြီး လုပ်ကြံသတ်ဖြတ်ချင်သော်လည်း စစ်သူကြီးများက ချင်မူ့ကို ဝိုင်းဖိထားကြကာ စစ်တပ်ကြီးအား ဦးဆောင်ခွင့်မပေးပေ။ ထို့အပြင် ချင်မူက ချောင်းတဟွတ်ဟွတ် ဆိုး၍ မည်မျှဒဏ်ရာရထားကြောင်း ညည်းတွားနေရာ ကောင်းကင်နတ်အရှင်ဟွေ့အနေဖြင့် ဝင်ပြောရန် မသင့်တော်ပေ။
စားသောက်ပွဲပြီးနောက် ချင်မူက ‘အနားယူ’နေပြီး ကောင်းကင်နတ်ဘုံမှာတော့ မဟာလေဟာနယ်မြေပြင်တစ်ဝန်း ထကြွသောင်းကျန်းနေကြသော အလောင်းကောင်များနှင့် စိတ်နှလုံးမိစ္ဆာများကို ဖိနှိပ်ချေမှုန်း၍ ရွှင်ပျော်ပျော်ကျေးရွာသားတို့အား သတ်ဖြတ်ရန် ထွက်သွားကြသည်။
သို့သော် မကြာမီမှာပဲ သတင်းရလိုက်ကြ၏။ မဟာလေဟာနယ်၊ ယိုတုနှင့် ရွှင်ပျော်ပျော်ကျေးရွာမှာ သူခိုးသူပုန်များသည် တပ်ဆုတ်၍ အရှေ့ထောင့်စွန်း၌ ပုန်းလျှိုနေကြချေပြီ။
ချင်မူက ပိုင်ယွီကျင့်ကို တိုးတိုးတိတ်တိတ် သွားတွေ့ကာ လန်ယွီတျန်း ထူးဆန်းသောအခြေအနေမှ ထွက်လာပြီလား မေးကြည့်သည်။
ပိုင်ယွီကျင့်မှာ ကောင်းကင်နတ်အရှင်ဟောင်ကြောင့် ဒဏ်ရာရထားသည့်အတွက် နာလန်မထူနိုင်သေးပေ။ “မောင်လေးလန်... ကောင်းကင်နတ်အရှင်ယွီက တာအိုမှာ နစ်မျောနေတုန်းပဲ ထင်တယ်... တစ်ချိန်လုံး ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ မီးအိမ်ထဲမှာပဲ ရှိနေတာ”
သူမက ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ်ကို ထုတ်၍ မီးအိမ်တံခါးသေးသေးလေးအား ဖွင့်လိုက်သည်။ အထဲသို့ မြင်လိုက်ရသည့်အခါ သူမ မှင်သက်သွားလေသည်။
မီးအိမ်သည် ဗလာကျင်းနေပြီး လန်ယွီတျန်း၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့။
နှစ်ယောက်သား ချွေးပြန်လာကြသည်။ ပိုင်ယွီကျင့်က စိုးရိမ်ပူပန်စွာ အော်လေသည်။ “သူ ဘယ်ထွက်သွားတာလဲ.. ဘယ်အချိန်တုန်းက ထွက်သွားတာလဲ”
ချင်မူ့နဖူးတွင်လည်း သွေးကြောများ ထောင်နေပြီး သူက အလေးအနက် ပြောသည်။ “မပျာသွားနဲ့.... သူများတွေ သိကုန်မယ်.. လိုက်ရှာကြည့်ကြစို့”
နှစ်ယောက်သား အနားပတ်ဝန်းကျင်တွင် ကပျာကယာ လိုက်ရှာကြသော်လည်း လန်ယွီတျန်းသည် ပျောက်ချင်းမလှ ပျောက်နေ၏။
ပိုင်ယွီကျင့်က စံအိမ်ထဲရှိ အစေခံမိန်းကလေးများကို မေးမြန်းကြည့်ရာ သူတို့က ဖြေသည်။ “ကောင်းကင်ဆရာသခင် တံခါးပိတ် ကျင့်ကြံနေတုန်းက အဲဒီမောင်လေးက ကောင်းကင်ဆရာသခင်ရဲ့ မောင်လေးလို့ ပြောပြီး အပြင်ထွက်သွားတာပဲ”
ချင်မူမှာ စိတ်အားတက်သွားပြီး ပြောလိုက်၏။ “သဲလွန်စရတာပဲ တော်သေးတယ်.... ဒါဆို ကောင်းကင်ဆရာသခင်ရဲ့ အနောက်နတ်မြို့တော်မှာပဲ ရှိလောက်ဦးမယ်”
နှစ်ယောက်သား တစ်မြို့လုံး အနှံ့လိုက်ရှာသော်လည်း လန်ယွီတျန်းကို ရှာမတွေ့။ စစ်သည်တော်တစ်ဦးက ပြောသည်။ “အဲဒီတစ်ယောက်က လူတချို့ကို ဒဏ်ရာရအောင် လုပ်ပြီး မြို့အပြင် ခေါ်သွားတယ်”
ချင်မူနှင့် ပိုင်ယွီကျင့် ခေါင်းကြီးသွားသည်။ လန်ယွီတျန်းသည် တာအိုတရားပေါက်လိုစိတ်သော ရှိသူများအတွက် သံလိုက်သဖွယ် ဆွဲဆောင်မှုရှိနေကြောင်း သူတို့နှစ်ယောက်လုံး သိကြ၏။ သူ အပြင်ထွက်လာလျှင်ချင်း ယခုလို လူတစ်အုပ်ကို ဆွဲဆောင်နိုင်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ပိုင်ယွီကျင့်က မေးလိုက်သည်။ “သူနဲ့အတူ စစ်သည်တော် ဘယ်နှယောက် ပါသွားလဲ”
ထိုနတ်စစ်သည်တော်က ဖြေ၏။ “အစတုန်းက ဆယ်ယောက်ကျော်ပဲ သူ့နောက် လိုက်သွားတာ... ဒါပေမဲ့ သူ မြို့အပြင် ရောက်တော့ လူတစ်ရာကျော် ရှိနေပြီ”
ပိုင်ယွီကျင့် ဒေါသူပုန်ထသွားသည်။ “ငါ့ကို ဘာလို့ အကြောင်းမကြားတာလဲ”
“ကောင်းကင်ဆရာသခင်က စားသောက်ပွဲ တက်နေလို့ပါ”
ပိုင်ယွီကျင့်မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသဖြင့် ချင်မူက နှစ်သိမ့်ပေးနေသည်. “သူ့နောက် လူအယောက်တစ်ရာ လိုက်သွားတယ်ဆိုတော့ သူ့ကို ရှာဖို့ လွယ်သွားပါပြီ”
ပိုင်ယွီကျင့်က ခေါင်းညိတ်သည်။
နှစ်ယောက်သား နတ်ဘုရားအယောက်တစ်ရာ၏ ခြေရာများအတိုင်း လိုက်သွားသည့်အခါ ကောင်းကင်နတ်အရှင်စခန်းဆီသို့ ဦးတည်နေသော လန်ယွီတျန်းအား တွေ့လိုက်ရလေသည်။
“သောက်ကျိုးနည်း”
ချင်မူနှင့် ပိုင်ယွီကျင့်မှာ ချွေးသံရွှဲလဲဖြင့် သူတို့နောက်သို့ ကမန်းကတန်း လိုက်သွားကြသည်။ ထို့နောက် လန်ယွီတျန်းတို့အုပ်စု ကောင်းကင်နတ်အရှင်စခန်းဆီမှ ကွေ့သွားကြကြောင်း မြင်လိုက်ရသည်။ ကောင်းကင်နတ်အရှင်တို့၏ စခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်မသွားပေ။
ချင်မူမှာ ဝမ်းသာသွားပြီး ပြုံးလိုက်မိသည်။ “သူ လမ်းပျောက်နေပြန်ပြီပဲ”
ပိုင်ယွီကျင့်လည်း ပြုံးသည်။ “သူ လမ်းမသိဘူး”
နှစ်ယောက်သား အပြေးတစ်ပိုင်း သွားလိုက်ကြ၏။ လန်ယွီတျန်းတို့ ချန်ခဲ့သော ခြေရာများအရ လန်ယွီတျန်းနောက် လိုက်သွားသူများ ပိုများလာချေပြီ။ စောစောက လူအယောက်တစ်ရာသာ ရှိသေးသော်လည်း ယခုမူ အယောက်တစ်ထောင်ကျော်နေသည်။
လမ်းတစ်လျှောက်တွင် နောက်ကျန်ရစ်ခဲ့သော နတ်ဘုရားတချို့အား သူတို့နှစ်ယောက်သား လိုက်မှီသွားကြသည်။
ချင်မူလည်း မေးမြန်းကြည့်သည့်အခါ နတ်ဘုရားက ပြောသည်။ “သူ့နောက် ဘယ်လိုလိုက်သွားမိမှန်းတောင် မသိပါဘူး... အာရုံတွေ ရှုပ်နေတဲ့အချိန် သူ့နောက် လိုက်သွားမှပဲ အေးချမ်းသလို ခံစားခဲ့ရလို့ လိုက်သွားတာပါ... တာအိုသံ နားထောင်ပြီး တာအိုသံ လိုက်ရွတ်ရင်း ပျော်လာပြီး စိတ်အေးချမ်းမိလို့လေ”
ချင်မူက မေးသည်။ “ဒါဆို ဘာလို့ နောက်ကျန်ခဲ့တာလဲ”
ထိုနတ်ဘုရားသည် ဖြေ၏။ “သူတို့နောက် လိုက်နေတာ အတော်တော့ ကြာလိုက်တယ်... ဒါပေမဲ ရုတ်တရက်ကြီး နိုးလာပြီး ဒီအထိ ရောက်လာမှန်း သတိထားမိလိုက်တာ... သူ မိစ္ဆာကျင့်စဉ်တွေနဲ့ ကျုပ်တို့ကို ညှို့ငင်ဖမ်းစားနေတယ်ထင်လို့ ဆက်မလိုက်ရဲတော့တာပါ”
ပိုင်ယွီကျင့်က နေရာဟင်းလင်းပြင်ထဲ၌ ဝင်ပုန်းနေပြီး ချင်မူ့ကို လှမ်းမေးသည်။ “သူ့ကို မေးကြည့်... အဲဒီလူဆီက ဒီလောက် အများကြီး နားထောင်ပြီးတာတောင် မိစ္ဆာကျင့်စဉ်လို့ ထင်သေးတာလား”
ချင်မူလည်း သူမမေးသည့်အတိုင်း မေးကြည့်လိုက်သည့်အခါ နတ်ဘုရားသည် ဇဝေဇဝါဖြင့် ခေါင်းယမ်း၏။ “အဲဒါ မိစ္ဆာကျင့်စဉ်တော့ မဟုတ်ပါဘူး.. သူ့ဆီကနေ အများကြီး သင်ယူခဲ့ရတဲ့အပြင် အရင်တုန်းက နားမလည်ခဲ့တာတွေလည်း ရုတ်တရက်ကြီး ရှင်းလင်းသွားခဲ့တယ်... ဒါပေမဲ့ ဒီလို ဖြစ်လာလေလေ၊ ကြောက်လာလေလေပဲ... အဲဒါကြောင့် ဆက်မလိုက်ရဲတော့တာပါ”
“ဒီလူက ရေစက်မပါဘူးပဲ” ပိုင်ယွီကျင့်က ချင်မူ့ကို ပြောသည်။
ချင်မူလည်း ခေါင်းညိတ်လိုက်ပြီး လန်ယွီတျန်းတို့ ချန်ခဲ့သော ခြေရာများအတိုင်း ဆက်လိုက်သွားသည်။ လမ်းတွင် နောက်ကျန်ခဲ့သော နတ်ဘုရားများ တွေ့ရလေသည်။
ဤနတ်ဘုရားများသည် စောစောက နတ်ဘုရားအတိုင်း သံသယတို့ ဝင်လာသဖြင့် ဆက်မလိုက်ခဲ့ကြခြင်း ဖြစ်၏။ လမ်းတစ်လျှောက်တွင် ကောင်းကင်နတ်ဘုံ၏ ကင်းစောင့်မျှော်စင်များစွာ တွေ့မြင်ရပြီး အတော်များများမှာ ဗလာကျင်းနေချေပြီ။ လန်ယွီတျန်းနောက် ပါသွားကြခြင်း ဖြစ်ပေမည်။
ချင်မူတို့က လမ်းတွင် ဇဝေဇဝါ ဖြစ်နေသော နတ်ဘုရားတချို့နှင့် တွေ့ကြရ၏။ ကန်ဘေးတွင် ငိုင်ငိုင်ငေးငေး ထိုင်နေကြသူများက ထိုင်နေကြကာ သစ်ပင်တို့ရိပ်အာဝါသအောက်တွင် လဲနေသူက လဲနေကြသည်။ တချို့က ခေါင်းကို ကိုင်လျက် အတွေးထဲ နစ်မျောနေကြပြီး တချို့ကတော့ တတွတ်တွတ် ရွတ်နေကြသည်။ မြေပြင်တွင် လှဲ၍ အိပ်နေကြသူများလည်း ရှိကြသည်။
တချို့က မဟာလေဟာနယ်မှ ထွက်ခွာကာ အိမ်ပြန်ရန် ပြင်နေကြလေသည်။
ချင်မူနှင့် ပိုင်ယွီကျင့်မှာ တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါ ကြည့်လိုက်မိကြသည်။ နောက်ကျန်ခဲ့သော ဤလူများမှာ စိတ်ဝိညာဉ်သို့ ရိုက်ချက်ပြင်းပြင်းဖြင့် ထိုးနှက်ခံလိုက်ရသကဲ့သို့ ထူးဆန်းနေကြ၏။
မြေပြင်တွင် ချန်ခဲ့သော ခြေရာများအရ လန်ယွီတျန်းနောက် လိုက်နေကြသော ကောင်းကင်နတ်ဘုံသား နတ်ဘုရားသုံးထောင်ကျော် ရှိနေချေပြီ။
ချင်မူက ရုတ်တရက် သက်ပြင်းချလိုက်ပြီး ခပ်တိုးတိုး ရေရွတ်နေသည်။ “ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ပြီး အယူဝါဒလမ်းစဉ် ချမှတ်ပေးရမယ်၊ ကောင်းမှုကုသိုလ် ဆောက်တည်ရမယ် ... ဒီသုံးမျိုး ပြီးမြောက်မှ စိတ်အခြေအနေက ဘယ်သူမှ မယှဉ်နိုင်တဲ့အဆင့်အထိ မြင့်မားသွားပြီး ခြောက်ပစ်သလဲကင်းစင်တဲ့ စိတ်အနေအထားနဲ့ သူတော်စင်တန်ခိုးရှင် ဖြစ်နိုင်မယ်တဲ့... လန်ယွီတျန်းက သူ့ကိုယ်သူတောင် မသိလိုက်ဘဲ အဲဒါတွေ လုပ်ခဲ့ပြီးပြီ... ငါတို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်း ပြောသလို သူတော်စင်တန်ခိုးရှင် ဖြစ်လာဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ... သူသာ သက်ရှိသတ္တဝါအားလုံးကို အကျိုးရှိစေမယ့် ကျင့်စဉ်တစ်ခု ဖန်တီးရင်... ကျင့်စဉ်စနစ်တွေ၊ ကောင်းကင်နတ်သိုင်းစနစ်တွေ ပြောင်းလဲပစ်ပြီး ကောင်းမှုတွေ ဆောက်တည်နိုင်သွားရင် သူတော်စင်တန်ခိုးရှင် ဖြစ်လာပြီပဲ”
ပိုင်ယွီကျင့်မှာ နားမလည်ပေ။
ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ဂိုဏ်းသခင် ဖြစ်သည့်အလျောက် ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ အယူဝါဒများက ချင်မူ့အပေါ် ကြီးကြီးမားမား လွှမ်းမိုးမှု ရှိသည်။ ဂိုဏ်းတစ်ဂိုဏ်းထူထောင်ရန်၊ အယူဝါဒလမ်းစဉ် ချမှတ်ပေးရန်၊ ကောင်းမှုကုသိုလ်တည်ဆောက်ရန် နှင့် သူတော်စင်တန်ခိုးရှင် ဖြစ်လာရန်မှာ ချင်မူ၏ တစ်သက်တာ ပန်းတိုင်များနှင့် စည်းမျဉ်းများ ဖြစ်လာခဲ့သည်။
ကောင်းကင်တန်ခိုးရှင်ဂိုဏ်းတွင် ဂိုဏ်းသခင်များစွာ ရှိသော်လည်း မည်သူမျှ ဤအဆင့်သို့ မရောက်နိုင်ခဲ့ပေ။
သစ်ခုတ်သမားသည် ကောင်းကင်တန်ခိုးရှင်လမ်းစဉ်၏ တည်ထောင်သူ ဖြစ်သော်လည်း သူပင်လျှင် သူတော်စင်တန်ခိုးရှင်တစ်ဦး ဖြစ်မလာခဲ့ပေ။ သူ၏ဆန္ဒက ကမ္ဘာခေတ်နှောင်းတာအိုများအတွက် လမ်းစဉ်တစ်ခု ဖန်တီးပေးရန်ပင်။ သို့သော် သူ၏ ရည်မှန်းချက်သည် ကြီးမားလွန်း၏။
သူ့တွင် သုံးရာ့ခြောက်ဆယ်သော လမ်းစဉ်များနှင့် သုံးရာ့ခြောက်ဆယ်သော မဟာတာအိုများ ရှိသည်။ သို့တိုင်အောင် ကမ္ဘာခေတ်နှောင်း ကောင်းကင်နတ်ဘုံကျင့်စဉ်စနစ်တစ်ခုအား တခမ်းတနား တည်ထောင်၍ လူသားများအား အကျိုးပြုနေသည်။
ထိုမျှ ကြီးမားလှသည့် ရည်မှန်းချက်ကြောင့်ပင် နဂါးသွဲ့ရေကန်အဆင့်မှ မတက်နိုင်တော့သလို၊ နတ်ဘုရားစီရင်ရာစင်မြင့်မှာ သူ မည်သို့မျှ ဖြတ်မကျော်နိုင်မည့် အတားအဆီးသဖွယ် ဖြစ်လာခဲ့သည်။
ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ တည်ထောင်သူဂိုဏ်းသခင် ဝေစွေ့ဖုန်းလည်း ထိုသို့ မလုပ်နိုင်ခဲ့ပေ။ ဝေစွေ့ဖုန်းသည် တန်ခိုးရှင်သစ်ခုတ်သမား၏ အယူအဆများကို နာယူကျင့်သုံး၍ ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ခဲ့ကာ အယူဝါဒလမ်းစဉ် ချမှတ်ပေးခဲ့သည်။ သူ့အတွက် ကောင်းမှုကုသိုလ် ဆောက်တည်ရန်သာ လိုအပ်ပေသည်။
သို့သော် သူသည် သမိုင်း၏ လျှို့ဝှက်ချက်အား ဖော်ထုတ်လိုသည်၊ မင်းဆက်အဆက်ဆက်၏ အပြောင်းအလဲများအား ဖော်ထုတ်ချင်၏။ ပြင်ပကောင်းကင်နတ်ဘုံကို သုတ်သင်ချေမှုန်း၍ ငြိမ်းချမ်းရေးသာ ကမ္ဘာလောကများဆီသို့ ဆောင်ကြဉ်းပေးချင်သည်။
ယင်းက ကုသိုလ်ကောင်းမှုကြီး ဖြစ်ပေသည်။ သို့သော် သူ၏ပန်းတိုင်မှာ ကြီးမားလွန်းသည်။ ပြင်ပကောင်းကင်နတ်ဘုံ၏ အဆုံးမဲ့တိမ်တိုက် ဖြစ်လာသည့်အခါ သူ၏သရုပ်မှန် ပေါ်သွားပြီး အပြစ်ဒဏ်အနေဖြင့် မာန်ဟုန်မြစ်အောက် မြှုပ်နှံ့ခံခဲ့ရသည်။ ချင်မူ သူ့ကို ကယ်ပေးခဲ့၍သာ မဟုတ်လျှင် တစ္ဆေသင်္ဘောတွင်သာ ပိတ်မိနေလိမ့်မည်။
ချင်မူကမူ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို သူ၏ဂိုဏ်းသဖွယ် အသုံးချပြီး ပြုပြင်ပြောင်းလဲမှုအား သူ၏အယူဝါဒလမ်းစဉ်သဖွယ် သဘောထားသည်။ သူသည် ကောင်းကင်နတ်ဘုံကို တော်လှန်ပုန်ကန်ပြီး မတရားမှုမှန်သမျှအား အမြစ်မှ ဖယ်ထုတ်ခြင်းဖြင့် ကောင်းမှုကုသိုလ်ဆောက်တည်ကာ သူတော်စင်တန်ခိုးရှင်တစ်ဦး ဖြစ်လာလို၏။ ကမ္ဘာလောကကြီး၏ ကောင်းကင်နတ်သိုင်းများ၊ ကျင့်စဉ်လမ်းစဉ်များနှင့် သိုင်းကွက်များ၏ စနစ်တို့ကိုလည်း ပြောင်းလဲပေးချင်သည်။
သို့သော် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေး ဖြစ်ပေါ်လာသည့်အခါ သူ့မှာ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့သောကြောင့် ဤပန်းတိုင်အတွက် ကြိုးကြိုးစားစား လုပ်ဆောင်နေဆဲ ရှိသေးသည်။
နဂါးဟန်ခေတ်၏ သမိုင်းတစ်လျှောက်တွင် ဂိုဏ်းတည်ထောင်၍ အယူဝါဒလမ်းစဉ်ချမှတ်ကာ ကောင်းမှုကုသိုလ်များ တည်ဆောက်ရင်း သူတော်စင်တန်ခိုးရှင် ဖြစ်လာခဲ့သူ ကိုးယောက်သာ ရှိခဲ့သည်။ သို့သော် သူတို့ကိုးယောက်လုံး၏ ကောင်းမှုကုသိုလ်များအား ပေါင်းစုလိုက်မှသာ သူတော်စင်တန်ခိုးရှင်ဟူသော ဘွဲ့နှင့် ထိုက်တန်ပေသည်။
ဤကိုးယောက်သည် နဂါးဟန်ခေတ်၏ ကောင်းကင်နတ်အရှင်ကိုးပါးပင် ဖြစ်၏။
ကောင်းကင်နတ်အရှင်ယွီ၊ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ဟွေ့၊ ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ရုံ၊ ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်ချင်နှင့် ကောင်းကင်နတ်အရှင်မူတို့က ကောင်းကင်ရတနာကျင့်စဉ်စနစ်နှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်အား တည်ထောင်ခဲ့သည်။ ကိုးယောက်လုံး၏ ကောင်းမှုက သူတော်စင်တန်ခိုးရှင်နှင့် ထိုက်တန်သော်လည်း တစ်ယောက်ချင်းစီကမူ အလှမ်းဝေးကွာသေးသည်။
“ကြည့်ရတာ ပထမဆုံး သူတော်စင်တန်ခိုးရှင် ဖြစ်လာမယ့်သူက လန်ယွီတျန်း ဖြစ်နေမယ် ထင်တယ်”
ချင်မူက အဝေးသို့ ကြည့်လိုက်သည်။ လန်ယွီတျန်းသည် သူ၏ သုံးထောင်သော တပည့်များကို ဦးဆောင်လျက် ခံ့ညားနေသယောင် ရှိနေ၏။ လမ်းပျောက်သူ လန်ယွီတျန်း၏ ဦးဆောင်မှုအောက်တွင် ငေးကြောင်နေသော နတ်ဘုရားများမှာ ရွှင်ပျော်ပျော်ကျေးရွာဆီသို့ ဦးတည်နေကြရှာသည်။
“လန်ယွီတျန်းက ကောင်းကင်နတ်အရှင်ယွီမဟုတ်ဘူး... ငါ့လိုပဲ ကောင်းကင်နတ်အရှင်ယွီရဲ့ ခန္ဓာကိုယ်ကနေ မွေးဖွားလာတဲ့ ဒုတိယအသိစိတ်အလျဉ် ဖြစ်လိမ့်မယ်... သူကမှ တာအိုလမ်းစဉ်ကို ရှာဖွေဖို့ မွေးဖွားလာတဲ့ စင်ကြယ်တဲ့ပုဂ္ဂိုလ်တစ်ယောက်ပဲ”
ချင်မူ့မျက်နှာထက်တွင် ဂုဏ်ယူနေသော ဖခင်တစ်ယောက်၏ အပြုံးမျိုး ထင်ဟပ်လာသည်။ လန်ယွီတျန်း၏ လမ်းပြတစ်ယောက်အနေဖြင့် ၊ လန်ယွီတျန်းနှင့် အတွေ့အကြံချင်း တူသူတစ်ယောက်အနေဖြင့် ချင်မူ အလွန်ဂုဏ်ယူဝမ်းမြောက်မိသည်။
နောက်ဆုံးတော့ လန်ယွီတျန်းတစ်ယောက် အရွယ်ရောက်လာခဲ့ချေပြီ။
“ကောင်းကင်ဆရာသခင်၊ ခင်ဗျား ဘာကြောင့် တောင်နတ်မင်းကျူချွဲ မဖြစ်ချင်တာလဲ ကျွန်တော် နားလည်ပြီ”
ချင်မူက ပိုင်ယွီကျင့်ဘက်သို့ လှည့်ပြုံးပြလိုက်သည်။ “ကျွန်တော့်အခြေအနေက ခင်ဗျားနဲ့ လန်ယွီတျန်းလိုပါပဲ.. အခုကစပြီး ကျွန်တော် ခင်ဗျားကို တောင်နတ်မင်းကျူချွဲ ပြန်လုပ်ဖို့ ဖိအားမပေးတော့ပါဘူး ... ပြန်ကြစို့”