← Chapters

ခေါင်းပြတ် မဟာဧကရာဇ်

Vol. 97 Ch. 1272

ခေါင်းပြတ် မဟာဧကရာဇ်

Vol. 97 Ch. 1272

ချင်မူသည် မဟာလေဟာနယ်မြေပြင်မှ ထွက်လာပြီး သိပ်မလျှောက်ရသေးခင်မှာပင် ဝင်ပေါက်သို့ ရောက်သွားခဲ့၏။

သူ နောက်ပြန်လှည့်ကြည့်သည့်အခါ မဟာလေဟာနယ်မြေပြင်အား တန်းမြင်ရသည်။

ကစဉ့်ကလျားဟင်းလင်းပြင် ဖျက်စီးသွားခဲ့သောကြောင့် မဟာလေဟာနယ်မြေပြင်မှာ ထင်းလင်းစွာ ပေါ်လွင်လာခဲ့သည်။ ဖန်ဆင်းရှင်များမှာ မဟာလေဟာနယ်မြေပြင်အား မခုခံနိုင်တော့သဖြင့် လေဟာနယ်တံတားသို့ ဆုတ်ခွာကာ တောင်ခံကြရလေသည်။ သို့သော် မည်မျှကြာကြာ ‌တောင့်ခံနိုင်မည်လဲ သူတို့ မသိပေ။

မဟာလေဟာနယ်၏ ဝင်ပေါက်မှ ကောင်းကင်နတ်ဘုံသို့ ခြေလျင် ပြန်လျှင် လပိုင်းမျှ ကြာမည်။

မဟာလေဟာနယ်၏ မြေပြင်အနေအထားက ထူးဆန်းသောကြောင့် အင်အားဖြည့်ရန် စွမ်းအင်အကူးအပြောင်းတံတားအား သုံးမရပေ။ ထို့ကြောင့် ကောင်းကင်နတ်ဘုံ၏ စစ်တပ်အတွက် ဤနေရာသို့ ရောက်ရန် နှစ်ဝက်မှ တစ်နှစ်အထိ ကြာလိမ့်မည်။

သို့သော် ကောင်းကင်နတ်အရှင်များအတွက်မူ အမြန်ဆုံးသွားလျှင် ရက်ပိုင်းမျှဖြင့် ရောက်နိုင်သည်။

ဤသည်ကား အန္တရာယ်များလွန်း၏။

အတိတ်တုန်းက ခိုင်ဧကရာဇ်သည် ကောင်းကင်နတ်ဘုံကို ရန်ပြု၍ ကျန်ကောင်းကင်နတ်အရှင်များအား ခြိမ်းခြောက်နိုင်ခဲ့သည်မှာ ကောင်းကင်နတ်ဘုံက မဟာလေဟာနယ်ဆီမှ ဝေးကွားလွန်းသောကြောင့်သာ ဖြစ်သည်။ ကောင်းကင်နတ်အရှင်များအတွက် အသွားအပြန်လုပ်ရန် အချိန်အတော်ယူခဲ့လေသည်။

ယခုမူ ခရီးကား များစွာတိုသွားခဲ့ချေပြီ။ မဟာလေဟာနယ်မြေထုအနေဖြင့် အချိန်မရွေး ဖျက်စီးခံရမည့် အန္တရာယ်ရှိနေသည်။

“ဟင်းလင်းပြင်တံတားကို စောင့်ကြပ်ထားဖို့က ကောင်းကင်နတ်အရှင်ယွဲ့ကို လိုသေးတယ်... ဟင်းလင်းပြင်တံတားရဲ့ တစ်ဖက်ခြမ်းက အခန်းသုံးခန်းကို သူ ဖန်တီးခဲ့တာ မဟုတ်လား”

ချင်မူ မျက်မှောင်ကြုတ်သွားသည်။ ကောင်းကင်နတ်အရှင်ယွဲ့၏ ဒဏ်ရာများမှာ မပျောက်သေးပေ။ ခြေထောက်များလည်း ကျိုးထားသေးရာ သူမကို ထိုအန္တရာယ်အား ရင်မဆိုင်ဖို့ မခိုင်းရက်ပေ။

‘ထိုက်ရှီမှာ ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ တာအိုဒဏ်ရာတွေကို ကုသပေးနိုင်တဲ့ အစွမ်း ရှိလောက်တယ်... ဒါပေမဲ့ ထိုက်ရှီရဲ့ အခြေအနေကလည်း ယုံကြည်မရဘူး... မွေးတောင် မွေးမလာသေးတဲ့ဟာ”

သူ မျက်မှောင်ကြုတ်သွားမိသည်။ ရှေးဟောင်းနတ်ဘုရားထိုက်ရှီမှာ ကောင်းကင်နတ်ဧကရာဇ်၏ ကျောက်ယန်ခန်းမထဲတွင် နှစ်ပေါင်းများစွာ အကျဉ်းချခံခဲ့ရသဖြင့် အတိုင်းထက်အလွန် သတိကြီးလေသည်။ ထို့အပြင် လည်လည်း လည်သည်။ သူသည် ကောင်းကင်နတ်အရှင်ယွဲ့ကို ဓားစာခံအဖြစ် အသုံးချကာ ချင်မူ လက်မခံနိုင်သော အခြေအနေများကို တောင်းဆိုလိမ့်မည်။

သူ့ကို မွေးဖွားလာပြီး ကောင်းကင်နတ်အရှင်ယွဲ့အား ကုပေးပါဟု ဖျောင်းဖျရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

“ငါ ဘိုးဘေးနန်းတော်ဆီ သွားပြီး ဘိုးဘိုး‌ဆေးဆရာရဲ့ လက်ရှိဆေးပညာက တာအိုဒဏ်ရာကို ကုသပေးနိုင်ပြီလား မေးကြည့်ရမယ်”

ချင်မူ စိတ်ပိုင်းဖြတ်လိုက်သည်။ သူက ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ် ထုတ်ကာ ကောင်းကင်နတ်ဘုံသို့ လမ်းလျှောက်သွားလေသည်။ ဤမီးအိမ်ဖြင့် ရက်ပိုင်းအတွင်း ကောင်းကင်နတ်ဘုံသို့ ရောက်နိုင်လိမ့်မည်။

ကောင်းကင်နတ်ဘုံသို့ သွားနေရင်းတန်းလန်း ချင်မူမှာ ရုတ်တရက် တွေးမိသွား၏။ ‘မဟာဧကရာဇ် ဘာလုပ်နေမလဲ မသိဘူး...”

တိုက်ပွဲတွင် မဟာဧကရာဇ်ရော၊ ကောင်းကင်နတ်ဧကရာဇ်ပါ ဒဏ်ရာရခဲ့သဖြင့် မဟာဧကရာဇ်၏ ဒဏ်ရာများမှာ ကောင်းကင်နတ်အရှင်ဟောင်အောက် မနည်းလောက်ပေ။ ပို၍ပင် ဆိုးရွားသေးသည်။

ကောင်းကင်နတ်အရှင်မချန်းလည်း ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး သူမ၏ ဒဏ်ရာများက မဟာဧကရာဇ်အောက် မနိမ့်ကျချေ။

‘မဟာလေဟာနယ်မှာ အန္တိမဟင်းလင်းပြင် မရှိဘူး... အပြင်လောကမှာပဲ ရှိတာ... ငါ အပြင်ရောက်တာနဲ့ အန္တိမဟင်းလင်းပြင်ထဲမှာ ရှိနေတဲ့ မဟာဧကရာဇ်ရဲ့ မဟာခြုံလွှမ်းအသိစိတ်အလျဉ်က ဆင်းလာနိုင်မှာပဲ... ငါ့အသိစိတ်အလျဉ်က အားပြန်ပြည့်တာ မြန်တယ်... တာအိုဒဏ်ရာတွေလည်း မြန်မြန် ပြန်ကောင်းနိုင်တယ်... နေပါဦး’

ချင်မူ ရုတ်ခြည်းဆိုသလို သတိအနေထား ဖြစ်သွားသည်။ ‘ဘာလို့ မဟာဧကရာဇ်ကို တွေးလိုက်မိတာလဲ... အကြောင်းအရင်းက တစ်ခုပဲ ရှိတယ်.. ငါ့အတွေး... ငါ့အသိစိတ်အလျဉ်က ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးထဲက တစ်ခု ဖြစ်နေပြီလေ... ဒါ အခုလို တွေးလိုက်မိတဲ့ အကြောင်းရင်းက ...’

သူ၏မျက်ဝန်းထောင့်စွန်းများ တွန့်သွားသည်။ ထိုစဉ်မှာပဲ ကောင်းကင်နတ်ဘုံသို့ သွားရာလမ်းမှ သွေဖီလာခဲ့ကြောင်း သတိထားမိလိုက်သည်။ သူ၏အတွေးများအပေါ် သက်ရောက်ပြီး သူပင် သတိမထားမိစေဘဲ လမ်းမှ သွေဖယ်သွားစေနိုင်သည့် တစ်ခုတည်းသောအရာမှာ... သူ၏အသိစိတ်အလျဉ်ထက် များစွာ အင်အားကြီးမားသော ဖြစ်တည်မှုသာ ဖြစ်လိမ့်မည်။

ချင်မူက ခန့်မှန်းမိလျှင်ချင်း ‌ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ်ကို ချက်ချင်း အရှိန်မြှင့်လိုက်သည်။ မီးအိမ်ထဲရှိ စွမ်းအင်သည် တရှိန်ထိုး ပေါ်ထွက်လာပြီး ဆယ်မိုင်ကျော် ရှည်လျားသော အလင်းကြိုးမျှင်တစ်မျှင်ဖြစ်သွား၏။

သူ့မှာ ကောင်းကင်နတ်အရှင်ယွဲ့၏ နေရာဟင်းလင်းပြင်လမ်းစဉ်ကို မကျင့်ကြံရသေးသလို၊ ကောင်းကင်နတ်အရှင်ယွဲ့ သို့မဟုတ် ပိုင်ယွီကျင့်ဆီမှလည်း မသင်ယူခဲ့ရပေ။ အတွေ့အကြုံကိုသာ အားကိုး၍ စမ်းကြည့်နေရခြင်းဖြစ်သည်။ ထို့ကြောင့် ထွက်ပေါ်လာသော အလင်းကြိုးမျှင်မှာ ပိုင်ယွီကျင့် ထုတ်ဖော်ခဲ့စဉ်တုန်းကလောက် မခမ်းနားပေ။

မီးအိမ် အသက်ဝင်လာပြီးနောက် ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြား၌ ဖျတ်ခနဲ လက်သွားသည်။ ဘုတ်ခနဲ မြည်သံနှစ်ချက်နှင့်အတူ ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မု၏ အခေါင်းများ ပျံထွက်လာ၏။ အခေါင်းများက တစ်ပြိုင်တည်း ပွင့်လာကြသည်။

သူ၏အသိစိတ်အလျဉ်က အလောင်းများထဲ ဝင်ရောက်သွားရာ ချွတ်စွပ်တူသော ရှေးဟောင်းနတ်ဘုရားမနှစ်ပါးသည် အ‌ခေါင်းထဲမှ ထွက်လာကြချေပြီ။ သူတို့၏ အင်္ကျီလက်အိုးများက လေတွင် နူးညံ့ညင်သာစွာ လှုပ်ခတ်သွားပြီး နတ်ရောင်နတ်ဝါများ ကွန့်မြူးတောက်ပလာတော့သည်။

တစ်ချိန်တည်းမှာပင် သူက အသိစိတ်အလျဉ်ဖြင့် အဆုံးသတ်မြို့ပျက်၏ အမြွှာနတ်ဘုရားမနှစ်ပါးအား ထိန်းချုပ်ရင်း ပတ်ဝန်းကျင်သို့ သတိတကြီး ကြည့်နေသည်။

အဆုံးသတ်မြို့ပျက် အမြွှာညီမနှစ်ဖော်၏ အတိုက်အခိုက်စွမ်းရည်က ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၊ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် အမိကမ္ဘာမြေအဆင့်အထိ မရောက်သေးသော်လည်း ရှေးဟောင်းနတ်မင်းလေးပါးထက်တော့ သာလွန်သည်။

ချင်မူက အသိစိတ်အလျဉ်ဖြင့် ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မတို့၏ အ‌လောင်းများအား ထိန်းချုပ်ပြီးနောက် မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးကို ဖွင့်ကာ ထိုက်ရှီဥအား ပျံထွက်လာစေသည်။

သူက ညာလက်ကို မြှောက်၍ ဥကြီးအား လက်တစ်ဖက်တည်းဖြင့် မ,ထားလေသည်။

သတိဝင်သွားသည့် အခိုက်အတန့်မှ ဤအရာအားလုံး ပြင်ဆင်ပြီးသည့်အချိန်အထိ တခဏသာ ကြာလိုက်သည်။

“မဟာဧကရာဇ်၊ ထွက်လာခဲ့ အပေးအယူလုပ်မယ်” ချင်မူက အသိစိတ်အလျဉ်ကို ပတ်ဝန်းကျင်သို့ ဖြန့်ကျက်လိုက်ရင်း တည်ကြည်လေးနက်စွာ ပြောသည်။

ပတ်ဝန်းကျင်ကား တိတ်ဆိတ်လျက်။

ဤနေရာသည် ကောင်းကင်နတ်ဘုံနှင့် မဟာလေဟာနယ်မှ အတော်လေး အလှမ်းဝေး၏။ အပေါ်တွင် ကောင်းကင် မရှိသလို၊ အောက်တွင်လည်း မြေကြီး မရှိပေ။

ကောင်းကင်နတ်ဘုံမှ ဖြစ်စေ၊ မဟာလေဟာနယ်မှ ဖြစ်စေ တိုင်းတာလိုက်လျှင် ဤနေရာသည် ဗဟိုနေရာလောက် သွားကျ၏။ မဟာဧကရာဇ် ကောင်းကင်နတ်အရှင်ဟောင်ကို သတ်ရန် ရွေးချယ်ခဲ့သော အမှတ်နှင့် အတူတူပင်။

မဟာဧကရာဇ်သည် ကောင်းကင်နတ်အရှင်ဟောင် မဟာလေဟာနယ်သို့ ထွက်မပြေးနိုင်အောင် ချောင်ပိတ်ခဲ့သည့်အတိုင်း သူ့ကိုလည်း မဟာလေဟာနယ်သို့ ထွက်မပြေးနိုင်အောင် အကွက်ချထားချေပြီ။

ယခုတွင် ချင်မူမှာ ကောင်းကင်နတ်ဘုံသို့လည်း သွားမရ၊ မဟာလေဟာနယ်သို့လည်း ပြန်မရ ဖြစ်နေတော့သည်။

ချင်မူ စကားပြောပြီးသည့်နောက်တွင်ပင် မည်သည့်အသံမှ ထွက်မလာသေးပေ။

ချင်မူက သရော်တော်တော် နှာခေါင်းရှုံ့လိုက်၏။ သူ ကောင်းကင်နတ်ဧကရီတို့ညီမနှစ်ယောက်၏ အကာကွယ်ဖြင့် ကောင်းကင်နတ်ဘုံသို့ ဦးတည်ရန် ပြင်လိုက်စဉ် ဟင်းလင်းပြင်အနက်ပိုင်းထဲမှ သွေးပျက်ချောက်ချားဖွယ် အော်ဟစ်သံများ ကြားလိုက်ရသည်။ ငရဲခံနေရသကဲ့သို့ အသံနက်ကြီးများလည်း ထွက်လာသည်။

“မဟာဧကရာဇ်၊ ထွက်သာ ထွက်လာပြီး ကျုပ်နဲ့ ထိပ်တိုက်တွေ့စမ်းပါ.. ဘာတွေ အကွက်ဆင်နေတာလဲ”

ချင်မူ သရော်လိုက်သည့်အချိန်မှာပဲ ဟင်းလင်းပြင်အနက်ပိုင်းထဲမှ အလင်းတန်းတစ်တန်း ထွက်လာသည်။ အလင်းတန်းကား နီးသထက် နီးလာချေပြီ။ အနားရောက်လာသည့်အခါ ရောင်စုံအဝတ်အစားများဖြင့် ထူးဆန်းသော အမျိုးသားတချို့နှင့် အမျိုးသမီးတချို့က ခေါင်းတလားကို သယ်လျက် ပျံသန်းနေကြကြောင်း တွေ့လိုက်ရသည်။

လူထူးဆန်းအမျိုးသားများနှင့် အမျိုးသမီးတို့၏ မျက်နှာများတွင် မျက်နှာချေများ လိမ်းခြယ်ထားသောကြောင့် ဖြူဆုတ်နေကြသည်။ ပါးပြင်ထက်တွင်မူ အနက်ရောင်အစက်များ ရှိနေ၏။ သူတို့၏ မျက်လုံးများကလည်း မျက်ဆံမပါဘဲ ဖြူဆွတ်နေကြသည်။

အစိမ်းရောင်အဝတ်များ ဝတ်ဆင်ထားသည့် ယောက်ျားမိန်းမတချို့ကမူ နှဲများ မှုတ်နေကြသည်။ သံစဉ်မှာ ဝမ်းနည်းကြေကွဲစရာ ကောင်းလွန်းသဖြင့် ကြားရသူတိုင်းအား တိတ်တဆိတ် မျက်ရည်ကျမိစေနိုင်သည်။

ဤသည်ကား စျာပနပွဲ ဖြစ်၏။

ဤဟင်းလင်းပြင်တွင် ကြယ်တာရာများ ကင်းမဲ့နေပြီး ရုတ်တရက်ကြီး အသုဘချနေသော အဖွဲ့ ပေါ်လာခြင်းကသာ ထူးဆန်းနေသည်။ အဝတ်အစားများကလည်း ထူးဆန်းလွန်း၍ ကြက်သီးပင် ထမိစေနိုင်သည်။

“ကောင်းကင်နတ်အရှင်မူ၊ အခေါင်းပေါ်မှာ ရေးထားတဲ့ နာမည်ကို ကြည့်လိုက်” ဥထဲမှ ထိုက်ရှီ၏အသံ ထွက်လာသည်။

ချင်မူက မထီမဲ့မြင် အမူအရာဖြင့် ကျယ်လောင်စွာ ပြောနေသည်။ “မဟာဧကရာဇ်၊ ခင်ဗျား ကျုပ်ကို ဘာမှ လုပ်မရဘူး... ဒီအသုံးမကျတဲ့ဟာတွေ သုံးနေတာက တော်တော် ရယ်စရာကောင်းတာပဲ... ခင်ဗျား အခေါင်းလိုချင်သပဆိုရင် ကျုပ်မှာ အခေါင်းနှစ်လုံး ရှိတယ်.. နှစ်လုံးစလုံးက ထိပ်တန်းအခေါင်းတွေ”

စျာပနပွဲ ရပ်သွားပြီး ထူးဆန်းသော အမျိုးသား၊ အမျိုးသမီးများက သူ့ဘက် လှည့်ကြည့်ကြသည်။ သူတို့က ပြိုင်တူ ပြောလေသည်။ “မင်းရဲ့ အခေါင်းတွေမှာ ကောင်းကင်နတ်ဧကရီတို့ ညီအစ်မနှစ်ဖော် ရှိထားပြီးသား... ဒါကြောင့် သူတို့မှာ ပိုင်ရှင်ရှိတယ်... ငါတို့အခေါင်းကတော့ ကောင်းကင်နတ်အရှင်မူကို မြှပ်နှံပေးဖို့ အဆင်သင့်ပဲ”

ချင်မူက တဟားဟား အော်ရယ်သည်။ “မဟာဧကရာဇ်၊ ကစားနေတာ ရပ်လိုက်ပါတော့... ကိုယ်ထင်သာ ပြစမ်းပါ”

“ကောင်းကင်နတ်အရှင်မူ၊ ငါ ကိုယ်ထင်ပြနေတာ ကြာပါပြီ... မင်းပဲ သတိမထားမိတာ”

ခံ့ညားသောအသံတစ်သံ ထွက်လာသည့်အခါ ချင်မူမှာ သူ့အရှေ့ရှိ ဟင်းလင်းပြင်အနက်ပိုင်းထဲတွင် ထိုင်နေသော ဧရာမအရိပ်ကြီးကို မြင်သွားလေသည်။ ဟင်းလင်းပြင်ထဲတွင် ကြယ်အလင်းရောင် မရှိသောကြောင့် ထိုအရိပ်မှာ မသိသာခဲ့ခြင်းဖြစ်သည်။

တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားလှသော ထိုအရိပ်ကြီး၏ လည်တိုင်တွင်ကား.... ဦးခေါင်းကြီး ကင်းမဲ့နေလျက်။

ရုတ်တရက် ချင်မူ့ခြေထောက်များ တုန်ရီသွားပြီး ချင်မူမှာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ့ခြေထောက်အောက်တွင် အရိပ်မည်းကြီးတစ်ခု မြင်လိုက်ရပြီး လက်ဗွေရာများက တောင်တန်းများကဲ့သို့‌ ခွေရစ်ဆန့်တန်းနေကြောင်း မြင်လိုက်ရလေသည်။

ဤသည်ကား လက်ဝါးကြီး ဖြစ်၏။ မဟာဧကရာဇ်၏ တစ်ဖက်တည်း ကျန်ခဲ့သော လက်ဝါးကြီးပင်။

ချင်မူကား မဟာဧကရာဇ်၏ မျက်နှာတည့်တည့်ဆီသို့ မျှားခေါ်ခံခဲ့ရပြီး သူ့လက်ဝါးပြင်ထက်၌ လမ်းလျှောက်နေမိခဲ့ချေပြီ။

“ကောင်းကင်နတ်အရှင်မူ၊ အပေးအယူ လုပ်ချင်တာလား... ဘာအကြောင်း ပြောကြမလဲ” ခံ့ညားသော အသံကြီးသည် မဟာဧကရာဇ်၏ ခေါင်းပြတ်ခန္ဓာကိုယ်ကြီးဆီမှ ပျံ့လွင့်လာ၏။

All Chapters