← Chapters

စျာပနပွဲ

Vol. 97 Ch. 1273

စျာပနပွဲ

Vol. 97 Ch. 1273

ဤရှေးဟောင်းဘီလူးကြီးသည် အေးဆေးစွာ ထိုင်နေ၏။ သူကား ခေါင်းလည်း မရှိ၊ လက်တစ်ဖက်လည်း ပြတ်ပြီး တစ်ကိုယ်လုံးတွင် ဒဏ်ရာများ ပြည့်နှက်နေသော်လည်း အသက်ရှိနေသေးသည့်အပြင် တန်ခိုးကြီးမားနေဆဲ ဖြစ်ချေသည်။

အန္တိမဟင်းလင်းပြင်ထဲ၌ ဖြန့်ကျက်ထားသော မဟာခြုံလွှမ်းအသိစိတ်အလျဉ် ကောင်းကင်ဘုံရှိနေသရွေ့ မဟာဧကရာဇ်သည် မည်သည့်နည်းနှင့်မျှ သေမည်မဟုတ်။

သူ၏အသံက ‌အေးစက်နေပြီး လှောင်ပြောင်သရော်နေသံ ပေါက်နေသည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါ့ကို ကတိပေးထားတာ မမေ့နဲ့ …. ငါ့ဘက်က ကတိပေးထားတဲ့အတိုင်း တည်ပြီးပြီ…. မင်း ထိုက်ချူမူလကျောက်တုံးကို ငါ့ဆီ ပေးတော့”

“ပြန်ပေးရင် အသက်ချမ်းသာပေးမယ်”

“မပေးရင် ဒီနေ့ပဲ မင်းရဲ့ စျာပနပွဲကို ကျင်းပရလိမ့်မယ်”

ချင်မူမှာ အနည်းငယ် အပြစ်ရှိသလို ခံစားသွားရသည်။ ထိုက်ချူမူလကျောက်တုံးကို မဟာဧကရာဇ် လာတောင်းလျှင် ဖြစ်လာနိုင်မည့် အခြေအနေမှန်သမျှအား ကြိုတင်စဉ်းစား၍ တန်ပြန်ဗျူဟာများ ပြင်ဆင်ခဲ့သော်လည်း ကမ္ဘာဦးခေတ်၏ ဤပြိုင်ဘက်ကင်းအရှင်သခင်နှင့် နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရသည့်အခါ ဒူးပင် ချောင်လာသလို ခံစားနေရသေးသည်။

“မဟာဧကရာဇ်၊ ကျုပ်တို့ သဘောတူညီချက်က ကောင်းကင်နတ်အရှင်ဟောင် ‌မဟာလေဟာနယ်ဆီ ဆင်းမလာအောင် တားပေးဖို့လေ… ခင်ဗျား လုပ်နိုင်ခဲ့လို့လား”

ချင်မူက မဟာဧကရာဇ် ခေါင်းပြတ်ခန္ဓာကိုယ်ကြီးဆီသို့ မော့ကြည့်လိုက်သည်။ သူက ကျယ်လောင်စွာ ပြော၏။ “ခင်ဗျား မလုပ်နိုင်ခဲ့ဘူး… ကောင်းကင်နတ်အရှင်ဟောင်က မဟာလေဟာနယ်ထဲမှာ ဘေးကင်းလုံခြုံနေတုန်းပဲ… သူက အဲ့မှာ သိပ်ပျော်နေတာ… ခင်ဗျားက သဘောတူထားတဲ့အတိုင်း ပြီးအောင် မလုပ်နိုင်ဘဲနဲ့ ဘယ်လိုသတ္တိမျိုးနဲ့ ထိုက်ချူမူလကျောက်တုံးကို တောင်းရဲရတာလဲ…”

မဟာဧကရာဇ်က အေးစက်စွာ တုံ့ပြန်သည်။ “ငါ ကောင်းကင်နတ်အရှင်ဟောင်ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်… သူ့ဒဏ်ရာတွေက နှစ်တစ်ရာကျော်တဲ့အထိ သက်သာလာမှာ မဟုတ်ဘူး… သူက အခု ဒုက္ခိတဖြစ်နေပြီ…. မဟာလေဟာနယ်မှာနေလို့ သူ့အတွက် ဘာမှ အသုံးမဝင်ဘူး… ရလဒ်က ဘာပဲဖြစ်ဖြစ် မင်းလိုချင်တာ ရသွားပြီးပြီပဲ… ငါ့ကို ထိုက်ချူမူလကျောက်တုံး ပေးတော့”

ချင်မူက နှာခေါင်းရှုံ့လိုက်သည်။ “သူ့ကို ဥကနေ မွေးဖွားလာတဲ့ ရှေးဟောင်းနတ်ဘုရားမ ထိုက်စုက ကယ်လိုက်တယ်လေဗျာ… ကောင်းကင်နန်းဆောင် ကိုးဆောင်အထိတောင် ပြန်တည်ဆောက်ထားပြီးပြီကို ဒုက္ခိတလို့ ပြောရဲသေးတယ်ပေါ့… ကတိလည်း မတည်ဘဲနဲ့များ..”

“မင်း အခု သေလို့ရပြီ”

မဟာဧကရာဇ်က စိတ်မပါစွာ ပြန်ချေပ၏။ “ထိုက်စုပေါ်လာတာက မတော်တဆမှုပဲ…. ငါ မင်းကို ကတိတည်ခဲ့ပေမယ့် မင်းကတော့ ကတိဖျက်နေပြီ… မင်းကို သတ်ပြီး အလောင်းကနေ ထိုက်ချူကျောက်တုံးကို နှုတ်ယူပစ်မယ်… ကောင်းကင်နတ်အရှင်ဟောင်နဲ့ တိုက်ခိုက်ရတာထက် အဆပေါင်းတစ်သောင်းလောက် ပိုလွယ်မှာပဲ”

ချင်မူက ကောင်းကင်နတ်အရှင်လင်၏ ဆံထိုးကို ဝှစ်ခနဲ ထုတ်လျက် ဟက်ခနဲ ရယ်လိုက်သည်။ “မဟာဧကရာဇ်၊ ကောင်းကင်နတ်အရှင်လင်ရဲ့ မပြောင်းလဲတဲ့ ဒြပ်ထု ကောင်းကင်နတ်သိုင်းက ခင်ဗျားကို တိုက်ခိုက်နိုင်တာ မမေ့နဲ့ဦးနော်… ကျုပ်နဲ့အတူ သေသွားချင်လို့လား”

“နှစ်ယောက်လုံး သေမယ်ပေါ့ … ဟားဟား… ကောင်းကင်နတ်အရှင်မူက မင်းက မင်းကိုယ်မင်းနဲ့ ကောင်းကင်နတ်အရှင်လင်ကို အထင်ကြီးလွန်းတယ်”

အသံတစ်သံသည် မဟာဧကရာဇ်၏ ရင်ဘတ်မှ ထွက်ပေါ်လာပြီး အေးအေးလူလူ ပြောသည်။ “မင်းရဲ့ အမြင်ကျဥ်းလေးမှာတော့ ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းက ငါ့ကို ထိန်းချုပ်နိုင်မယ်လို့ ထင်ကောင်းထင်နေမှာပဲ… မင်း ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို သင်ပြီးမှ ငါနဲ့ ညှိနှိုင်းလှည့်… ရှေးဟောင်းနတ်ဘုရားဥတစ်လုံးက ငါ့ကို အခုလို ပြန်ခံပြောဖို့ မြှောက်ပေးနေတာကို အဟုတ်မှတ်နေတာထင်တယ်…. မင်း မှားနေပြီ…”

ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ထရပ်၍ ချင်မူ့ကို လက်ဖဝါးထဲတွင် မြှောက်ထားသည်။ သူက ချင်နှင့်အတူ ထိုက်ရှီဥနှင့် ကောင်းကင်နတ်ဧကရီတို့ ညီမနှစ်ဖော်ကိုပါ သယ်ဆောင်လျက် အဆုံးမရှိသော အာကာသဟင်းလင်းပြင်ထဲတွင် ဖြတ်လျှောက်သွား၏။

“မင်း အမှားကြီး မှားနေပြီ”

“မင်းတင် မဟုတ်ဘူး... ကောင်းကင်နတ်အရှင်ယွင်နဲ့ ကောင်းကင်နတ်အရှင်လင်တို့လည်း မှားခဲ့ကြတယ်”

သူ၏ခြေလှမ်းများက ကြီးမားလွန်းသောကြောင့် သူ လမ်းလျှောက်ချိန်တွင် ကြယ်တာရာများ လှည့်ပတ်ခြင်းထက် အဆပေါင်းများစွာ လျင်မြန်၏။ သူ့ခြေထောက်အောက်ရှိ နေရာဟင်းလင်းပြင်မှာ အဆက်မပြတ် ပြိုကျနေကြသည်။ “ရှေးခေတ်တုန်းက သူရဲကောင်းတွေ ဘယ်‌ရောက်သွားပြီထင်လဲ… သူတို့အားလုံး အထင်မှားခဲ့ကြတယ် …ကောင်းကင်နတ်အရှင်ယွင်က သေသွားပြီ…. ကောင်းကင်နတ်အရှင်လင်ကလည်း သူ့ကောင်းကင်နတ်သိုင်းထဲမှာ ပိတ်မိနေတယ်…. ကောင်းကင်နတ်ဧကရာဇ် ထိုက်ချူကလည်း ငါ ခေါ်သွားတာခံခဲ့ရတယ် … သူ့ရဲ့လူဝင်စားကရော သတ္တိကောင်းနိုင်မယ်ထင်လား”

“ကောင်းကင်နတ်အရှင်ယွင် ငါ့ကို သတ်နိုင်ခဲ့မယ်များ မင်း ထင်နေတာလား.… ကောင်းကင်နတ်အရှင်လင်ရော ငါ့ကို သတ်နိုင်ခဲ့လား”

“သူတို့အားလုံး သေသွားပြီး ငါပဲ ကျန်ခဲ့တာ နှမြောစရာပဲ”

“ငါက မဟာခြုံလွှမ်း ကောင်းကင်ဘုံမှာ နေတာ…မင်းတို့အားလုံး ငါ့ကို သတ်ဖို့ အပြင်းအထန် ကြိုးစားခဲ့ကြပေမယ့် ငါ့ရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ထိခိုက်နိုင်ခဲ့တယ်… မင်းတို့လေးတွေ ငါ့ရဲ့အမြစ်ကို ထိခိုက်အောင် လုံးဝ မလုပ်နိုင်ဘူး”

“ငါက ကောင်းကင်နတ်အရှင်လင်ရဲ့ မပြောင်းလဲတဲ့ ဒြပ်ထု ကောင်းကင်နတ်သိုင်းကို ကြောက်နေတုန်းလို့ ထင်နေတာလား…. ငါက ကောင်းကင်နတ်ဧကရီတို့ ညီမအစ်မနှစ်ဖော်နဲ့ ဥလေးတစ်လုံးထဲက ရှေးဟောင်းနတ်ဘုရားတစ်ပါးကို ကြောက်မယ်လို့ ထင်တယ်ပေါ့”

သူ့တွင် ခေါင်းမရှိသော်လည်း ချင်မူသည် အေးစက်နေသော မျက်လုံးကြီးများ သူ့ကို စိုက်ကြည့်နေသလို ခံစားနေရ၏။ ၎င်းတို့က ထိုက်ရှီဥ၊ ကောင်းကင်နတ်ဧကရီနှင့် အရှင်မယွမ်မုတို့၏ ရုပ်ခန္ဓာကို စိုက်ကြည့်နေကြလေသည်။

သူ၏အကြည့်တွင် လှောင်ပြောင်မှုတို့ဖြင့် ပြည့်နှက်နေသယောင်ပင်။

မဟာဧကရာဇ်ကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးကို ရင်ဆိုင်ရခြင်း၏ ဖိအားကား‌ ကြီးမားလွန်းလှသည်။

ချင်မူ့လက်ထဲရှိ ထိုက်ရှီဥက ခပ်တိုးတိုး ပြော၏။ “ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူရဲ့ လက်ထဲမှာ နှစ်ပေါင်းများစွာ ဖိနှိပ်ခံရဖူးတဲ့ ငါ့ အတွေ့အကြုံအရ သတိပေးလိုက်မယ်… ရှုံးတာကို လက်ခံလိုက်တော့”

ထိုက်ရှီက စိတ်ရင်းဖြင့် အကြံပေးသည်။ “ငါ သူ့ကို အနိုင်မယူနိုင်ဘူး… ငါ လုံးဝကို မနိုင်တာ… အရင်က ဘိုးဘေးနန်းတော်ရဲ့ ကျောက်တုံးတွင်းငါးတွင်းထဲက ဥတွေထဲက သုံးလုံးကို ဖန်ဆင်းရှင်တွေ တူးထုတ်သွားခဲ့ကြတယ်… ထိုက်ယီက ဟိုးကတည်းက လွတ်မြောက်သွားခဲ့ပြီး ထိုက်ကျိကတော့ ထွက်ပြေးဖို့ ကျောက်တုံးတွင်းအတုကို ဖန်တီးထားတယ် … ငါတို့ သူ့ကို အနိုင်ယူနိုင်ခဲ့ရင် ဖန်ဆင်းရှင်တွေ တူး‌ယူသွားတာ ခံရပါ့မလား…. ကောင်းကင်နတ်အရှင်မူ၊ မင်း ခဏလောက်လေးပဲ ငကြောက် လုပ်လိုက်ကွာ … နောက်မှ ကလဲ့စားပြန်ချေလို့ရတာပဲ”

ချင်မူက တခဏမျှ ရေရွတ်နေပြီး ပြောသည်။ “မဟာဧကရာဇ်၊ ခင်ဗျားနဲ့ ကျုပ်က တကယ်ကြီး ပြဿနာတက်သွားနိုင်တာနော်… ကျုပ်က ခင်ဗျားရဲ့ ရုပ်ခန္ဓာကို ဖျက်ဆီးနိုင်တယ်… ကောင်းကင်နတ်ဧကရီရဲ့ ညီမကလည်း ခင်ဗျားရဲ့ အသိစိတ်အလျဉ်ကို ဖျက်ဆီးနိုင်တယ်…. နောင်တော်ထိုက်ရှီကလည်း ကျုပ် ချန်ထားခဲ့တဲ့ ကောင်းကင်နတ်သိုင်းကို ခင်ဗျား လုံး၀ချိုးဖျက်လို့မရအောင် လုပ်ပေးနိုင်တယ်… ဒါပေါ့ ကျုပ်လည်း ခင်ဗျားလက်ထဲမှာ သေသွားလိမ့်မယ်… ဒါပေမဲ့ ကျုပ်တို့မှာ ဒုတိယမြောက် ရွေးချယ်စရာ ရှိသေးတယ်..”

ထိုက်ရှီက ခပ်တိုးတိုး လှမ်းပြောသည်။ “ငါ့ကို ဆွဲမထည့်နဲ့… မင်းကြောင့် ငါက ဒီနေရာကို ရောက်နေတာဟ…”

မဟာဧကရာဇ်က တုံ့ခနဲ ရပ်ကာ နှာခေါင်းရှုံ့လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းမှာ လုပ်နိုင်စွမ်းရှိတာ ငါ ၀န်ခံတယ်… ဥထဲက ဒီမိတ်ဆွေမှာလည်း လုပ်နိုင်စွမ်းရှိတာ ၀န်ခံတယ်… ဒါပေမဲ့ မင်းရဲ့ ဒုတိယရွေးချယ်စရာက ငါ့ကို စိတ်မကျေနပ်စေရင် ဒီရုပ်ခန္ဓာကို စတေးပြီး မင်းကို ‌နေရာမှာတင် သေသွားအောင် လုပ်ပေးမယ်”

ချင်မူမှာ သက်ပြင်းတစ်ချက် ခိုးချရင်း လေးနက်တည်ကြည်စွာ ပြောသည်။

“ကျုပ် ရထားတဲ့ ထိုက်ချူမူလကျောက်တုံးရဲ့ တစ်၀က်ကို ပေးမယ်.... ခင်ဗျားက ကောင်းကင်နတ်အရှင်ဟောင်ကို တစ်၀က်ပဲ တားပေးနိင်ခဲ့တာဆိုတော့ မျှတအောင် ကျုပ်လည်း တစ်၀က်ပဲ ပေးနိုင်တယ်..”

မဟာဧကရာဇ်က ‌နှာခေါင်းရှုံ့လိုက်သည်။

ချင်မူက အလျင်အမြန် ပြော၏။ “မဟာဧကရာဇ်၊ ကျုပ်ကို သတ်ဖို့လေးအတွက် သမိုင်းမှာ အသန်မာဆုံးရုပ်ခန္ဓာကို စတေးပစ်ဖို့ တန်ရဲ့လားဗျာ”

မဟာဧကရာဇ်က နှာခေါင်းရှုံ့လိုက်သည်။ “တန်တာပေါ့ဟ… ငါ့ရဲ့ မင်ဖန်းယွီရုပ်ခန္ဓာက မင်းကြောင့် ခိုင်ဧကရာဇ်ချင်ယဲ့ရဲ့ ဓားနဲ့ ဖျက်ဆီးခံလိုက်ရတယ်လေ…. ဒီတစ်ကြိမ်တော့ ‌ခေါင်းရော၊ လက်ရော ပြတ်သွားပြီ…. ငါက ဒီရုပ်ခန္ဓာကို မခွဲနိုင်ဘူး ထင်နေလား…. ဒီပျက်စီးနေတဲ့ ခန္ဓာကိုယ်ကြီး သုံးပြီး မင်းအသက်နဲ့ ထိုက်ချူမူလကျောက်တုံးကို ရလိုက်ရင် တန်တယ်ကွ”

ချင်မူက ကျယ်လောင်စွာ ရယ်လိုက်သည်။ “ခန္ဓာကိုယ်ကြီး မရှိတော့ရင် ထိုက်ချူမူလကျောက်တုံးကို ရလည်း ဘာထူးတော့မလဲဗျာ... ဒီလိုဆို ဘယ်လိုလဲ မဟာဧကရာဇ်... ကျွန်တော် ခင်ဗျားကို အခက်တွေ့အောင် မလုပ်တော့ပါဘူး... ကျွန်တော့်မျက်ခုံးနှစ်ဖက်ကြားက ထိုက်ချူမူလကျောက်တုံးရဲ့ လေးပုံသုံးပုံ ပေးမယ်လေ... ကျွန်တော်က တစ်ပုံပဲ ယူမယ်... ဒါပေမဲ့ အလဲအလှယ်အနေနဲ့ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ နှလုံးသားကိုတော့ ပေး”

မဟာဧကရာဇ်က တစ်ယောက်တည်း တတွတ်တွတ် ရွတ်ရင်း စဉ်းစားနေ၏။

ချင်မူသည် စပ်ဖြဲဖြဲ ပြုံးနေချေသည်။ “ခင်ဗျား ကောင်းကင်နတ်အရှင်ဟောင်ရဲ့ နှလုံးသားကို ထုတ်ယူသွားတာ ကျွန်တော့်မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ရတာနော်.... ခင်ဗျား အဲဒီနှလုံးသားကို မဖျက်စီးခဲ့ပါဘူး ဟုတ်တယ်မလား... ဒါပေမဲ့ အဲ့ဟာက ခင်ဗျားအတွက် သိပ်ကြီးလည်း အသုံးမဝင်ဘူးလေ... အဲဒါနဲ့ မူလကျောက်တုံးရဲ့ တစ်ပုံလေးကို လဲလှယ်လိုက်ရတာ ခင်ဗျားဘက်က မြတ်ပါသေးတယ်”

မဟာဧကရာဇ်လည်း တွက်ချက်ကြည့်နေပြီးနောက် တဒိတ်ဒိတ် ခုန်နေသော နှလုံးကြီးတစ်ခုသည် ပျံထွက်လာ၏။ ၎င်းက ကောင်းကင်နတ်အရှင်ဟောင်၏ နတ်ဘုရားနှလုံးသားပင် ဖြစ်ချေသည်။

ချင်မူက တတိယမျက်လုံးကို ဖွင့်၍ မှော်စွမ်းအင်ကို လှည့်ပတ်လိုက်သည်။ ဆဋ္ဌဂံသဏ္ဍာန် ရှိသော သလင်းကျောက်တစ်လုံးသည် သူ၏မျက်ခုံးနှစ်ဖက်ကြားမှ ပျံထွက်လာ၏။

တခဏကြာသော် ချင်မူက လက်မြှောက်ကာ မူလကျောက်တုံးကို ဖမ်းဆုပ်လိုက်သည်။

မဟာဧကရာဇ်က ပြောသည်။ “မူလကျောက်တုံးကို ခွဲနိုင်တဲ့ စွမ်းအား မင်းမှာ မရှိဘူး... ငါ့ဆီ ပေး”

ချင်မူသည် သူ့ကို အဖက်မလုပ်ဘဲ ဓားဆွဲထုတ်လိုက်၏။ သူ၏ဓားက ထိုက်ချူမူလကျောက်တုံးကို ချွင်ခနဲ ခွဲလိုက်လေသည်။

မဟာဧကရာဇ် ရင်ထဲ ဒိန်းခနဲ ခုန်သွားသည်။

ချင်မူက ကျောက်တုံး၏ လေးပုံသုံးပုံကို မဟာဧကရာဇ်ဆီ ပေးပြီး ကျန်တစ်ပုံကို သိမ်းထားသည်။ သူက အသိစိတ်အလျဉ်ဖြင့် ကောင်းကင်နတ်အရှင်ဟောင်၏ နှလုံးသားကို သိမ်းကာ ပြောလေသည်။ “နှုတ်ဆက်ခဲ့ပါတယ်”

မဟာဧကရာဇ်သည် တဟားဟား အော်ရယ်ပြီးနောက် မူလကျောက်တုံးအား သူ၏လည်ပင်းငုတ်တိုပေါ် တင်လိုက်၏။ ပြိုင်ဘက်ကင်းလောက်အောင် သိပ်သည်းသော သူ၏အသိစိတ်အလျဉ် ပေါ်ထွက်လာကာ မူလကျောက်တုံးအား လှည့်ပတ်လိုက်သည်။ မူလကျောက်တုံးသည် မြင်ယောင်ဖန်ဆင်းနေသည့်အပြင် ချင်မူ ဤကျောက်တုံးအား ထိန်းချုပ်ခဲ့စဉ်ကထက် များစွာအားကောင်းသော စွမ်းအင်ပမာဏအား ဖြန့်ကျက်လိုက်၏။

မဟာဧကရာဇ်၏ ဦးခေါင်းကြီးကား အမှန်တကယ်ပင် လျင်မြန်စွာ ဖွဲ့တည်လာချေပြီ။

သူ၏အသန်မာဆုံး ရုပ်ခန္ဓာကား ဒဏ်ရာများမှ သက်သာပြီး ခေါင်းတစ်လုံးနှင့် လက်တစ်ဖက် ပြန်ပေါက်လာရန် ကြာတော့မည်မဟုတ်ပေ။

All Chapters