← Chapters

တားမြစ်တေးသွား သံပြိုင်ရွတ်ဆိုခြင်း

Vol. 20 Ch. 287

တားမြစ်တေးသွား သံပြိုင်ရွတ်ဆိုခြင်း

Vol. 20 Ch. 287

Child of light (ကျန်းကုန်း)

Volume 10: Chapter 34 - Symphony of Chanting

ကျန်းဟူက..

“ငါက တိုက်ပွဲနတ်ဘုရား သံတမန်ပဲ..”

စွမ်းအားတွေ သူ့နောက်ကျောက ပွင့်ထွက်လာပြီး ထူးခြားတဲ့ သစ်ခွရောင် ပုံရိပ်ကြီးတစ်ခု ဖန်တီးလိုက်တယ်။ အဲ့ဒါ ကျန်းဟူ ရဲ့ တိုက်ပွဲနတ်ဘုရား အမွေခံပဲပေါ့ဗျာ။

ရှို့စစ်..

“ငါက ကောင်းကင်နတ်ဘုရား သံတမန်..”

ရှို့စစ်ကျောပြင်မှာ အဖြူရောင်ပုံစံတစ်ခု ပေါ်လာတယ်။ ယုံတမ်းစကားတွေထဲကအတိုင်း ဆိုပေမယ့် အဲ့မှာ ကောင်းကင်နတ်ဘုရားရဲ့ စွမ်းအားတွေ ပါနေတယ်ဆိုတာ ကျုပ်သိတာပေါ့။

ရှင်းအောင်း..

“ငါက အလင်းနတ်ဘုရား သံတမန်..”

သူ့ကျောဘက်မှာကျ အဝါရောင်ပုံစံတစ်ခုဗျ။

ကောင်းသဲ..

“ငါက လျှပ်စီးနတ်ဘုရား သံတမန်..”

သူ့ကျောမှာကျ အနီရောင်ပုံစံနဲ့။

တုန်းရီ..

“ငါက လေနတ်ဘုရား သံတမန်..”

သူ့ကျောမှာ အစိမ်းရောင်ရောင် လေးညှို့ဆွဲပြီးသား ပုံစံတစ်ခုပေါ်လာတယ်။

“ငါက အလင်းနတ်ဘုရား သံတမန်”

ကျုပ်နောက်ကျောမှာကျ ရွှေရောင်ပုံစံတစ်ခု ပေါ်လာတယ်။ ကြီးမားလွန်းလှတဲ့ အတောင်(၆)ခု အသာခတ်ရင်း အလင်းရောင်တွေ အဆက်မပြတ် စုစည်းနေလေရဲ့။

ကျုပ်တို့ကိုယ်စီမှာ နတ်ဘုရား အမွေခံတွေ ပေါ်လာတဲ့အခါ ကျုပ်တို့ (၆)ယောက်ထဲ မဟုတ်တော့ဘူး။ ဒီထူးခြားတဲ့ မြင်ကွင်းကပဲ ကျုပ်တို့အောက်က စစ်သားတွေအားလုံး အံ့ဩမင်သက်ပြီး တိုက်ပွဲတွေ ရပ်ကုန်ကြရော။

ကျုပ် ကျန်တဲ့သူတွေကို ခေါင်းညိတ်ပြလိုက်တယ်။ ပြီးတော့..

“နတ်ဘုရားတို့ ဘုရင်.. ကျုပ်တို့စွမ်းအားတွေအားလုံး တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ဖို့ အကန့်အသတ်မရှိ မြင့်မြတ်သော ကောင်းချီးများ ပေးတော်မူပါ။ ဒီလောကမှာ တရားမှုအတွက် ယုတ်ညံ့တဲ့ သတ္တဝါတွေိကု ချေမှုန်းဖို့၊ လောကကြီး ငြိမ်းချမ်းမှုနဲ့ သင့်မြတ်ရေး ဆောင်ကျဉ်းနိုင်ဖို့ အတွက် ‘တားမြစ်တေးသွား နိုးထခြင်း’”

ကျုပ်တို့နောက်က မြူမှုန်တွေ တစ်ပြိုင်နက်တည်း ထွက်လာတယ်။ အဲ့ဒါတွေ မိုးကုတ်စက်ဝိုင်ထိ ဦးတည်လှည့်ပတ်နေတဲ့ အလင်းတန်း(၆)ခု အလယ်မှာ ခနရပ်ပြီး ရုတ်တရက် တိုးဝင်သွားတယ်။ နတ်ဘုရား စွမ်းအား(၆)ခု အဲ့စွမ်းအားနဲ့ ပေါင်းစပ်သွားတယ်။ ဒီအချိန်မှာပဲ ကျုပ်အမြင်အာရုံတွေ လုံးဝ ဖြူဝင်းသွားသလို ခံစားလိုက်ရတယ်။

ထူးခြားတဲ့ မြင်ကွင်း တစ်ခု ပေါ်လာပြီ။ လူသားမျိုးနွယ်က မှော်ဆရာတွေ ဒုတိယအကြိမ် တိုက်ခိုက်ဖို့ ကောင်းကင်မှာ အလင်းတန်းတွေ တပုံကြီး လုပ်ထားပြီ။ မှော်ပညာရပ်တွေ လေထုထဲမှာ ရှိနေတုန်း ကျုပ်တို့ရဲ့ ဆွဲအားကောင်းပြီး ပြင်းထန်လွန်းတဲ့ အလင်းစွမ်းအားအောက်ကို လျှပ်စီးတွေလို လမ်းကြောင်းအတိုင်း ရောက်လာကြတယ်။ ဘယ်ဗေဒင်မှ သွားမမေးနဲ့ ဘယ်မှော်မန္တန်စွမ်းအားမှ လွတ်မသွားဘူးဗျ။

အလင်းတန်း(၆)ခု အရှိန်အဟုန်နဲ့ လှည့်ပတ်ပြီး ခမ်းနားလွန်းတဲ့ အလင်းတန်းတွေအဖြစ် ပြောင်းသွားတယ်။ ကျုပ်ရော ကျန်တဲ့သူတွေရော အသားအရေတွေ ဖြူလျော့လာပြီ။ သူတို့လဲ ခန္ဓာကိုယ်ကို စွမ်းအားသက်သက်နဲ့ ထိန်းထားရတာလေ။ အလင်းတန်းတွေ အဆက်မပြတ် ထုတ်လွှတ်နေတဲ့ ကောင်းကင်မှာ ရွှေရောင် ဆဋ္ဌဂံဝင်္ကပါခင်းဖို့ စုက္ကရေးကို သုံးပြီး ခန္ဓာကိုယ်ထဲစွမ်းအားတွေ ပေါင်းစပ်ဖို့ ခက်ခက်ခဲခဲ စုစည်းလိုက်ရတယ်။ ဒါ တားမြစ်တေးသွား နိုးထခြင်း မန္တန်ရဲ့ နောက်ဆုံးအဆင့်ပေါ့ဗျာ။

ကျုပ် စိတ်စွမ်းအားတွေသုံးပြီး အလင်းတန်းထဲကို မှော်ဝင်္ကပါ တွန်းပို့လိုက်တယ်။ စွမ်းအားတွေရဲ့ စုပ်ယူအားတွေ အရမ်းတိုးလာပြီး အပေါ်ကို ရုတ်တရက် ဆွဲသွားလိုက်တယ်။ တားမြစ်မန္တန် ပြီးသွားပြီလို့ ခံစားလိုက်ရတယ်။ ကျုပ်လဲ လက်ကျန်စွမ်းအားတွေသုံးပြီး အောက်ကို ဆွဲချလိုက်တယ်။ ကောင်းကင်နဲ့ မြေပြင်ကိုတောင် ဖျက်ဆီးပစ်နိုင်တဲ့ အစွမ်းရှိတဲ့ပုံနဲ့ ကျုပ်တို့ နောက်ကွယ်မှာ အင်းအားကြီး တစ်ခုရှိသလို ခံစားလိုက်ရတယ်။

အစောက အုံ့မှိုင်းနေတဲ့ တိမ်တွေကို ရောင်စုံတိမ်တွေအဖြစ် ပြောင်းသွားတဲ့ထိ အလင်း(၆)မျိုးက လုံးလုံးကို လွှမ်းမိုးသွားရော။

ကျုပ် ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း အစောင့်တပ်(၁၂)ယောက် ကောင်းကင်ကို တက်လာပြီး ကျုပ်တို့ကို စွမ်းအားဖြည့်ပေးဖို့ အစီအစဉ်အတိုင်း မဆိုင်းမတွ လုပ်လိုက်ကြတယ်။ ခယ်လွင်သောင်၊ ဝက်ဝံဘုရင်၊ မူကျီ၊ နတ်ဆိုးနဲ့ သားရဲမဟာမိတ်တပ်တွေ နောက်ဆုတ်သွားတာတောင် ကြာပြီ။ လက်ရှိ ကျုပ်မှာ စဉ်းစားချိန်မရဘဲ စီစဉ်ထားတဲ့အတိုင်းပဲ ဆက်လုပ်နေလိုက်တော့တယ်။

စုက္ကရေးကို လှည့်ရင်း ခန္ဓာကိုယ်ကို မြေပြင်နားအထိ ကပ်ပျံလိုက်တယ်။ ကျုပ်ခန္ဓာကိုယ်က လှုပ်ရှားနေပေမယ့် ကျုပ်စိတ်က တားမြစ်မန္တန်အပေါ်မှာပဲ ရှိနေတာ။ ကျုပ်လက်ရှိစွမ်းအားနဲ့ လုပ်နိုင်သလောက် အစွမ်းကုန် မြေပြင်ကို ပစ်ထုတ်ဖို့ ထိန်းချုပ်လိုက်တယ်။ တားမြစ်မန္တန်ရဲ့ စွမ်းအားက ထိန်းချုပ်ရတာ တကယ်ကို လွန်လွန်းတာဗျာ။ တခြား ဘာမှကို မလုပ်နိုင်တော့တာ။

တားမြစ်မန္တန်ရဲ့ ပိရမစ်လို စွမ်းအင်လုံးကြီး မြေပြင်ကို အရှိန်နဲ့ အောင်အောင်မြင်မြင် ဆင်းသွားတယ်။ ဒီစွမ်းအား ထိန်းချုပ်တာက မျက်စိတမှိတ်လောက်ပဲ ကြာတယ်ဆိုပေမယ့် ကျုပ်အတွက်တော့ ရာစုနှစ်နဲ့ချီပြီး ကြာသွားသလို ခံစားလိုက်ရတယ်။ ကျုပ်ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေဆို ချွေးတွေနဲ့ ရွှဲနေပြီ။ ကျုပ်ခန္ဓာကိုယ်က စွမ်းအားလဲ ကုန်လုနီးနီးသုံးပြီး ပြေးနိုင်လောက်အောင်တော့ ‌ထိန်းထားနိုင်သေးတယ်။

ကောင်းကင်မှာ ပုံမှန်အနေအထား ပြန်ရောက်လာတဲ့အခါ နေရောင်ခြည်ကိုလဲ တိမ်တွေနဲ့ ပြန်ဖုံးသွားပြီ။ ဘာမှ မဖြစ်ခဲ့သလိုမျိုး အေးချမ်းနေချက်တော့ဗျာ။ နှစ်ဖက်စလုံးက စစ်သည်တွေလဲ ငြိမ်နေကြပြီ။ အဲ့အချိန် ကာကွယ်ရေး အမှတ်(၁)တပ်ဖွဲ့ အသာလေး နောက်ဆုတ်သွားနေပြီ။

အစောင့်(၂)ယောက် ကျုပ်ခန္ဓာကိုယ်ထဲကို တိုက်ပွဲစိတ်ဝိညာဉ်တွေ အတိုင်းအဆမရှိ သွင်းပို့ပေးနေတယ်။ ကျုပ်ခန္ဓာကိုယ်ထဲက ရွှေအမြူတေတွေကို လျည့်ပတ်ပြီး ကိုယ်ပိုင်စွမ်းအားဖြစ်အောင် လုပ်လိုက်တယ်။ သူတို့ အကူအညီကြောင်း တခနတာ စိတ်အေးသွားရသေးတာပေါ့။ ကျုပ် သူတို့ကို ခေါင်းညိတ်ပြပြီး..

“ငါ အဆင်ပြေသွားပြီ။ ငါ့ကိုယ်ငါ ထိန်းနိုင်သွားပြီ..”

ဒီတော့မှ အစောင့် (၂)ယောက် ကျုပ်ဘေးကနေ အသာရံ ထားကြတော့တယ်။

တားမြစ်မန္တန်ရဲ့ စွမ်းအားကို မြင်ရအောင် ကျန်းဟူနဲ့ ကျန်တဲ့သူတွေဆီ သွားမလိုရှိသေး ရုတ်တရက် မြေပြင်က ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားလို့ နှလုံးခုံသံပါ မြန်သွားမိတယ်။ ‘တားမြစ်တေးသွား နိုးထခြင်း’ တားမြစ်မန္တန်တော့ သူ့အစွမ်းတွေ စပြပြီဗျို့။ မြေပြင်ကို ကြည့်ပြီး အထက်ကို ပျံတက်ရင်း သမိုင်းဝင် အခိုက်အတန့် ကို စောင့်ကြည့်နေလိုက်တယ်။ ဒါကြီးကို ကျုပ်တို့တွေ ပထမဆုံး သုံးဖူးတာလေ။ သုံးလိုက်တဲ့ ရလဒ် တကယ်သိချင်တာပေါ့။

မြေပြင်ကလဲ ပိုပိုပြီး ပြင်းပြင်းထန်ထန် လှုပ်လာလို့ ကမ္ဘာကြီးတစ်ခုလုံး ပုံမှန်မဟုတ်ဘဲ လှုပ်သွားတာပဲ။ ကျုပ်လဲ အသံကုန် အစွမ်းကုန်နဲ့..

“လူသားမျိုးနွယ်ရော နတ်ဆိုးနဲ့ သားရဲမျိုးနွယ် စစ်သည်တွေရော ချက်ချင်း နောက်ဆုတ်ကြပါ…”

ဒီအချိန် ဘယ်သူမှ သူတို့တပ်မှူးတွေအမိန့်ကို နားမထောင်နိုင်တော့ဘူး။ နတ်ဆိုးနဲ့ သားရဲမျုးနွယ် မဟာမိတ်တပ်တွေကတော့ ဗဟိုချက်နဲ့ ဝေးတော့ နည်းနည်း အဆင်ပြေသေးတယ်။ လူသားစစ်သည်တော်တွေ အတော်ကို ထိန်လန့်နေကြပေမယ့် ကျုပ်စကားနားထောင်ပြီး လျှပ်စီးခံတပ်ကို အစွမ်းကုန် ဆုတ်ပြေးသွားကြတယ်။

လျှပ်စီးခံတပ်တောင် မြေငလျှင်ကြောင့် ပြင်းပြင်းထန်ထန် ယိမ်းထိုးနေတုန်းပဲ။

မြေပြင်မှာ ကြီးကြီးမားမား စွမ်းအား အပြောင်းအလဲဖြစ်တာ ရုတ်တရက် ခံစားလိုက်ရတယ်။

“ဒါ မကောင်းတော့ဘူး..”

ကျုပ် ကျန်းဟူနဲ့ ကျန်တဲ့သူတွေကို လျှပ်စီးခံတပ်ဆီ ပျံပြေးဖို့ အလျှင်စလို ပြောလိုက်ရတော့တယ်။

============= (*^*)=============

အပိုင်း( ၂၈၈ )မျှော်

မူရင်းစာရေးသူ = ထန်ကျားစန်းရှောက်

ဘာသာပြန်သူ = ငတက်ပြား

All Chapters